ဘာကြောင့် စီးပွားရေး လုပ်ငန်းတွေ ပျက်သုဉ်းသွားရတာလဲ
ဘာကြောင့် လုပ်ငန်းတွေ ရှုံးရတာလဲ၊ ပျက်သုဉ်း သွားရတာလဲ။ အခြေခံ အကျဆုံး ပြောရရင် အဓိက အကြောင်းရင်းက လုပ်ငန်းရှင်တွေက သူတို့ လုပ်ငန်းသစ်တခုကို မစခင် ဘာကြောင့် လုပ်ငန်းတွေ ပျက်သွားရလဲ ဆိုတာကို သေသေချာချာ မလေ့လာခဲ့ကြလို့ပါပဲ။ အဲဒီအတွက် နားလည်ဖို့ ရှောင်ဖို့ အခြေခံကျတဲ့ အဖြစ်များတတ်တဲ့ စီးပွားပျက်ရခြင်း အကြောင်းရင်းတွေကို ရှင်းပြထားပါတယ်။ ဒီနေရာမှာ ကျွန်တော် အသေးစား လုပ်ငန်းတွေကို အဓိက ဦးတည်ပြီးတော့ပဲ ပြောထားပါတယ်။
၁။ တိကျသည့် အစီအစဉ် မရှိခြင်း (Lack of Planning)
လုပ်ငန်းရှင် အတော်များများဟာ ဘာတွေကို လုပ်မယ်၊ ဘယ်လို လုပ်မယ်၊ စတဲ့ အစီအစဉ်တွေကို အရင် ချမှတ်ကြတာထက် သူတို့ စိတ်ကူးတွေ အိပ်မက်တွေကို အဓိကထားပြီး စီးပွားရေး နယ်ပယ်ထဲကို ခြေစုံပစ် ၀င်တတ်ကြပါတယ်။ အဲဒါ အဓိက အမှားတစ်ခုပါ။ စီးပွားရေး လုပ်ငန်းတစ်ခု စထောင်တော့မယ်လို့ စိတ်ကူး လိုက်ကတည်းက လက်တွေ့ မစရသေးခင် စဉ်းစားရပါမယ်။ ဘာလုပ်ငန်း လုပ်မယ်၊ ဘယ်လိုလုပ်မယ်၊ ငွေဘယ်လောက် ထည့်မယ်၊ နောက်အခြေခံ Plan တွေ ချထားရပါမယ်။ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းတိုင်းကို ကြည့်ကြည့်ပါ။ သူတို့မှာ တိကျတဲ့ Plan တစ်ခု ရှိနေတတ်တာကို တွေ့ရပါလိမ့်မယ်။ အကယ်၍ လုပ်ငန်းကိုတော့ စပြီးပြီ။ Plan က ဘာမှန်း မသိသေးဘူး ဆိုရင်တော့ ခုချက်ချင်း အမြန်ဆုံး စဉ်းစား ပုံစံချသင့်ပါတယ်။
၂။ အရင်းအနှီးငွေ အလုံအလောက်မရှိခြင်း (Inadequate Funding)
နောက်ထပ် အဓိကကျတဲ့ တချက်ကတော့ လုံလောက်တဲ့ ရင်းနှီးမြှပ်နှံငွေမရှိခြင်းပါ။ လုပ်ငန်းတခုမှာ အရေးကြီးဆုံးနဲ့ အခက်ခဲဆုံး အချိန်က လုပ်ငန်း စတင် တည်ထောင်စ အချိန်ပါ။ လူသိနည်းဦးမယ်၊ ၀င်ငွေနည်းမယ်၊ အမြတ်ကို အချိန်ကာလ တစ်ခုအတွင်း မျှော်ကိုးလို့ မရသေးပါဘူး။ အဲဒီအချိန်ရဲ့ ဒဏ်ကို ခံနိုင်မယ့် ငွေကြေး တစ်ရပ်ရှိနေဖို့ အရမ်းကို အရေးကြီးပါတယ်။ ငွေကြေး မလုံလောက်တဲ့အခါ လုပ်ငန်းကို မတိုးချဲ့နိုင်ဘူး၊ မတိုးချဲ့နိုင်ရင် လုပ်ငန်းကို အခြေခံ အဆင့်ကထက် ပိုတိုးတက်အောင် မလုပ်နိုင်တော့ အဲဒီလုပ်ငန်းက လုံးချာလည် လိုက်ရင်း ကျရှုံး သွားတတ်ပါတယ်။ အဲဒီအတွက် လုပ်ငန်းတခု စတည်ထောင်တော့မယ် ဆိုရင် ဒီလုပ်ငန်းတခုကို စတင်ရင်းနှီးဖို့ ငွေဘယ်လောက် လိုမယ် ဘယ်အချိန်မှ ငွေပြန်ပေါ်မယ် ဆိုတာကို သိထားဖို့ခန့်မှန်းတတ်ဖို့ လိုပါတယ်။ အလောတကြီး မလုပ်ပါနဲ့။ လုံလောက်တဲ့ ရင်းနှီးငွေ တစ်ခုရအောင် အရင် စောင့်လိုက်ပါဦး။
၃။ လူသိများအောင် မလုပ်နိုင်ခြင်း (Bad Marketing)
အကောင်းဆုံး ကုန်ပစ္စည်းတခုကို အသင့်တော်ဆုံး စျေးတခုနဲ့ရောင်းပေးနိုင်တဲ့ လုပ်ငန်းတခုကို သင်ထောင်ချင် ထောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလုပ်ငန်း ရှိနေမှန်း ဘယ်သူမှ မသိကြဘူး ဆိုရင်တော့ ဘယ်လောက်ပဲ ကောင်းအောင် ကုန်တွေ ထုတ်နေနေ Service တွေ ပေးနေနေ အဲဒီလုပ်ငန်းတခုက ကျရှုံး သွားမှာပါပဲ။ ကုန်ရောင်းတဲ့ လုပ်ငန်းပဲဖြစ်ဖြစ်၊ Service ပေးတဲ့ လုပ်ငန်းပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် တစ်ခုပဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်းကို အောင်မြင်စေချင်တယ် နောက်ကိုယ်လည်း လုပ်နိုင်တဲ့ ကိုယ်မျှော်မှန်းတဲ့ နေရာတခုကို ရောက်ဖို့ဆိုရင် ဒီလုပ်ငန်းရှိနေမှန်း လူတွေသိဖို့ လိုပါတယ်။ အကယ်လို့ ကိုယ်က မလုပ်တတ်ဘူးလား လုပ်တတ်တဲ့ သူတယောက်ရဲ့ အကူအညီကို ယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းတစ်ခု ရပ်တည်ဖို့အရေး Marketing က အရမ်း အရေးကြီးလို့ပါ။
၄။ စိတ်ချရတဲ့ ကုန်ကြမ်း Source မရှိခြင်း (Unreliable Suppliers)
အရှင်းဆုံး အယူအဆ တစ်ခုပြောပြပါမယ်။ သင့်ဆီမှာ မရှိတာကို သင်ရောင်းချင်လို့ မရပါဘူး။ ဟုတ်ပါတယ်၊ အရောင်းအဝယ် လုပ်တဲ့သူတွေ၊ ကုန်ကြမ်းကို ကုန်ချောပြောင်းပြီး ရောင်းတဲ့သူတွေ အနေနဲ့ ကိုယ့်ဆီမှာမှ လုံလောက်တဲ့၊ အရည်အသွေး ပြည့်မီတဲ့ ကုန်မရှိရင် ဘာမှ ရောင်းလို့ မရပါဘူး ကိုယ့်ဆီမှာမှ မရှိတာကို ဘာသွား ရောင်းမှာလဲ။ အဲဒီအတွက် ကိုယ့်လက်ထဲမှာ လုံလောက်တဲ့ ကုန် အရေအတွက်က ရှိကို ရှိနေရပါမယ်။ နောက် စိတ်ချရတဲ့ လိုတဲ့အချိန်မှာ လိုတဲ့ကုန်ကို အချိန် အတိုင်းအတာ တစ်ခုအတွင်း ရောက်အောင် ပို့ပေးနိုင်မယ့် ရောင်းလက်ရှိရပါမယ်။ မရှိဘူးလား ထို်င်တွေဝေပြီး “အင်း တနေ့တော့ ကောင်းလာနိုင် ကောင်းပါရဲ့” လို့ မျှော်မနေပါနဲ့။ ကိုယ့်လုပ်ငန်း ပျက်တာကိို မမြင်ချင်ရင် စိတ်ချရမယ့် နောက်ထပ် Source တခု ရောင်းလက် တစ်ခုကို မြန်မြန် ထရှာလိုက်ပါ။
၅။ မျှတတဲ့ ၀န်ထမ်းအင်အားမရှိခြင်း (Staffing imbalances)
လုပ်ငန်းတိုင်းမှာ ၀န်ထမ်းတွေက အရေးပါတဲ့ နေရာမှာ ရှိသလို အလုပ်သမားစရိတ် ကလည်း ပုံမှန်အားဖြင့် အဓိကနဲ့ အကြီးမားဆုံး စရိတ်တွေထဲက တစ်ခုပါပဲ။ လုပ်ငန်းတိုင်းမှာ လုံလောက်တဲ့ မျှတတဲ့ ၀န်ထမ်း အရေအတွက် ရှိနေရပါမယ်။ ၀န်ထမ်းတွေ များလွန်းရင်လည်း မလိုအပ်တဲ့ ၀န်ထမ်းတွေကို လခပေးနေရတဲ့ အတွက် လုပ်ငန်းအတွက် ၀န်ပိပါတယ်။ လိုအပ်တာထက် နည်းနေပြန်ရင်လည်း ရှိနေတဲ့ ၀န်ထမ်းတွေမှာ အလုပ် ၀န်ပိတဲ့ အတွက် အလုပ်တွေ နှောင့်နှေးမယ် ရေရှည်မှာ လုပ်အား ကျလာမယ်။ တကယ့်ကို တိကျတဲ့ မျှတတဲ့ ၀န်ထမ်း အရေအတွက်ဆိုတာ သတ်မှတ်ရတော့ ခက်ပါတယ်။ ဒါပေမယ့် ကိုယ့်လုပ်ငန်းက ဘယ်လို နေတယ် လူဘယ်လောက် လိုတယ် ဆိုတာကို ကောင်းကောင်းကြီး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ သိထားဖို့ လိုပါလိမ့်မယ်။
၆။ ရောင်းအားနည်းခြင်း (Ineffective Sales Performance)
လုပ်ငန်းတိုင်းရဲ့ အဓိက ဦးတည်ချက်က ကုန်ပစ္စည်းကိုပဲ ဖြစ်ဖြစ် Service ကိုပဲ ဖြစ်ဖြစ် ရောင်းဖို့ပါ။ လုပ်ငန်းတခု အောင်မြင်ဖို့ ရောင်းအား ကောင်းကောင်း ရှိဖို့ လိုပါတယ်။ ရောင်းအား နည်းနေတယ်လား၊ အဲဒါဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ သေတွင်းကို မျက်စောင်း လှမ်းထိုးနေပြီလို့ သိထားလိုက်ပါ။ ကျွမ်းကျင်တဲ့ အရောင်း စာရေးခန့်ပါ၊ ကိုယ့်ပစ္စည်းကို ဘယ်လို ရောင်းရင် ပိုရောင်းရမလဲ ဆိုတာ အမြဲ ဆင်ခြင်ပါ။ ရောင်းရမှ ငွေရမယ် ငွေရမှ အဲဒီငွေကို သုံးပြီး လိုအပ်တဲ့ ကုန်တွေ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကို ပြန်ဝယ်ပြီး ဒီထက် ပိုပိုပြီး အောင်မြင်အောင် ကြိုးစားနိုင်မှာပါ။
(Business Failure – Why Business Fail? ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်)
Facebook comments:









ကျေးဇူးတင်တယ်ဗျာ…
စီးပွားရေး အကြောင်းဆိုတာ စီးပွားရေးသမားမှ မဟုတ်ပါဘူး Web Developer, Designer တွေလည်း သိကို သိထားသင့်ပါတယ်။ ဒါမှ ကိုယ့်ကို အလုပ်လာအပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ Business Function တွေနဲ့ Target တွေကို Web Technology တွေသုံးပြီး ဘယ်လို အောင်မြင်အောင် ကူညီပေးရမလဲဆိုတာ ပိုနားလည်နိုင်တာပေါ့။
နောက်လည်း အခုလို ဆောင်းပါးတွေ ဆက်ရေးပေးပါဦး။ စီးပွားရေးဆိုတာ အားလုံးအတွက် အရေးကြီးပါတယ်။
ဟုတ်ကဲ့ ကြိုးစားပါ့မယ် ကိုအဲဗားလန်းနာရေ။ တကယ်တော့ Technical သမားနဲ့ Admin သမားနဲ့ဆိုတာ ကျွန်းကိုင်းမှ ကိုင်းကျွန်းမှီ ဆိုသလိုပါပဲ တယောက်နဲ့ တယောက် အပြန်အလှန် လိုအပ်နေတာပါ။
တော်တော်ကောင်းတဲ့ post လေးပါ။ အခုမှတွေ့မိပါတယ်။