ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို အင်တာနက်တွင် ရှာသောအခါ
ဒီ ဘာသာပြန်ဆောင်းပါးကို Popular News ဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ အဓိက ဘာသာပြန်ရခြင်း ရည်ရွယ်ချက်ကတော့ အင်တာနက်မှာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရှာဖွေကြတဲ့နေရာမှာ အထောက်အကူ ပြုနိုင်စေရန် ဖြစ်ပါတယ်။ တကယ့်ကို ပြည့်ပြည့်စုံစုံ ရေးပေးထားတဲ့ အတွက် သေသေချာချာ ဘာသာပြန်ထားရခြင်း ဖြစ်ပါတယ်။
လူပေါင်း များစွာတို့သည် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ ရှာဖွေရာတွင် အင်တာနက်ကို အဓိကထား အသုံးပြုလာ ကြသည်။ နေထိုင် မကောင်းသည့် အခါ၊ ဆေးအကြောင်း သိချင်သည့် အခါ၊ သူတို့ ခံစားနေရတော့ ရောဂါ ဝေဒနာများ၏ လက္ခဏာများကို လေ့လာ စမ်းစစ်ချင် သည့်အခါ စသည်တို့တွင် အင်တာနက်ကို အသုံးပြုကြသည်။ ရောဂါလက္ခဏာများကို အင်တာနက်တွင် ခဏခဏရှာပြီး အစိုးရိမ်ကြီး နေသူများကို ခေါ်တွင်သော “ဆိုက်ဘာ အဖြစ်သည်းသူများ (cyberchondriacs)” ဆိုသည့် စကားတစ်လုံးပင် ပေါ်လာပြီ ဖြစ်သည်။
ကျန်းမာရေးစနစ် ပြောင်းလဲမှုများအား စောင့်ကြည့် လေ့လာနေသော ဗဟိုဌာန တစ်ခု၏ စစ်တမ်းကောက်ယူမှု တစ်ခုတွင် ဖော်ပြထားသော အချက်အလက် များအရ အမေရိကန်နိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ ရှာဖွေရန် အင်တာနက်ကို အဓိကထား အသုံးပြုသူ အရေအတွက်သည် ၂၀၀၁ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အခြား မဂ္ဂဇင်း၊ သတင်းစာ၊ အပေါင်းအသင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးတော်စပ်သူများ ထံမှ ကျန်းမာရေး သတင်းအချက်အလက်များ ရှာဖွေတတ်သူများ၏ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် အလွန်မြန်ဆန်သော နှုန်းထားနှင့် တိုးပွားလာနေကြောင်း သိနိုင်သည်။
ထိုကဲ့သို့ အသုံးပြုသူ များပြားလာသောကြောင့် ယင်းကဲ့သို့သော သတင်း အချက်အလက်များသည် ယုံကြည်စိတ်ချရမှု အတိုင်းအတာ မည်မျှ ရှိပါသနည်း၊ မိမိဘဝနှင့် ဆိုင်သော ကျန်းမာရေး ကိစ္စများတွင် ၄င်းတို့အပေါ်ပုံ၍ အလောင်းအစား ပြုသင့်ပါသလား စသည့် မေးခွန်းများ ပေါ်ထွက် လာကြသည်။
ဂက်ဖင် ဆေးကျောင်း၏ လူစီ အမ် ဒါလင်း ဇီဝဆေးပညာဆိုင်ရာ စာကြည့်တိုက်မှ အွန်လိုင်း စာကြည့်တိုက်မှူး နှစ်ဦးသည် လူအများအား အွန်လိုင်း ပေါ်ရှိ ဆရာတု ဆရာယောင်များ၊ အခမဲ့လိုလိုနှင့် လူနာ၏ ရောဂါကို အသုံးချကာ ငွေရှာနေသော ဝက်ဆိုက်များ၏ ရန်မှ လွတ်ရန် လိုအပ်သော ကျန်းမာရေးဆိုင်ရာ အသိပညာများ မြှင့်တင်ပေးနိုင်ဖို့ ကြိုးပမ်းနေကြသည်။
ကယ်လီဟမ်သည် ဆေးဖက်ဆိုင်ရာ စာကြည့်တိုက်များ ကွန်ယက်အဖွဲ့၏ စာကြည့်တိုက်မှူးတစ်ဦး ဖြစ်ပြီး ရစ်ကီ အိုဂါဝါသည် ဇီဝဆေးပညာဆိုင်ရာ စာကြည့်တိုက်၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူ တစ်ဦးဖြစ်သည်။ ကျန်းမာရေး သတင်းအချက်အလက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အကယ်ဒမီ၏ ဝါရင့်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ အိုဂါဝါသည် ဆေးပညာဆိုင်ရာ စာကြည့်တိုက်မှူးအဖြစ် (၉)နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ဆေးပညာဆိုင်ရာ သတင်းအချက်အလက်များကို လူအများ ရှာဖွေနိုင်ရန် အကောင်းဆုံး နည်းစနစ်များကို ဖော်ထုတ် တင်ပြနေသူလည်း ဖြစ်သည်။
အဆိုပါ စာကြည့်တိုက်မှူးနှစ်ဦးသည် စားသုံးသူများအတွက် အသုံးဝင်သော အချက်အလက်များနှင့် အင်တာနက်တွင် ရရှိနိုင်သော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ၏ အကောင်းဆုံး အရင်းအမြစ် များကို ချာလီရမ်း စာကြည့်တိုက်နှင့် ယူစီအယ်အေ စာကြည့်တိုက်တို့ ပူးပေါင်း စီစဉ် ကျင်းပသော တွေ့ဆုံပွဲ တစ်ခုတွင် ဖော်ထုတ် တင်ပြခဲ့ကြပါသည်။
စတင်ရမည့် အကောင်းဆုံးနေရာ
အင်တာနက်တွင် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ ရှာဖွေတော့မည် ဆိုလျှင် တိကျသေချာမှု၊ ဆေးပညာဆိုင်ရာ အတည်ပြုချက်ရှိမှု၊ လူနာအခြေအနေ၊ ဆေး၊ ကုထုံးတိုနှင့် ပတ်သက်သော သတင်း အချက်အလက်များ၏ ယုံကြည် စိတ်ချရမှုများကို အရင်လေ့လာရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပြီး အစပြုသင့်သည့် နေရာသည် MedlinePlus (www.medlineplus.gov) ဆိုသည့် နေရာဖြစ်သည်။ အစိုးရအဖွဲ့အစည်း တစ်ခု၏ ဝက်ဆိုက်ဖြစ်ပြီး ကမ႓ာ့အကြီးဆုံး ဆေးပညာဆိုင်ရာ စာကြည့်တိုက်ဖြစ်သော အမျိုးသားဆေးပညာ စာကြည့်တိုက်မှ အချက်အလက်များကို စုစည်းပေးထားသော ဆိုက်တစ်ခုဖြစ်သည်။
“MedlinePlus ကတော့ အကောင်းတကာ့ အကောင်းဆုံး အရင်းအမြစ်တွေ စုပေးထားတဲ့ နေရာဖြစ်ပါတယ်” လို့ ဟမ်ကပြောပါသည်။ “အမျိုးသား ဆေးပညာ စာကြည့်တိုက်ဆိုတာ ဆေးပညာဆိုင်ရာ အချက်အလက်တွေ စုထားပေးရုံတင် မကပါဘူး။ အခြား စာကြည့်တိုက်ကောင်း တွေလိုပဲ မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေ ရှာဖွေတဲ့နေရာမှာလည်း အလွယ်ကူဆုံးရှာလို့ရအောင် ဖန်တီးပေးထားပါတယ်”
သို့သော် ကျန်းမာရေး စောင့်ရှောက်မှုကို လက်တွေ့ လုပ်ဆောင်နေရသော ဆရာဝန်၊ ဆရာမများအတွက် တည်ဆောက် ပေးထားသည့် အချက်အလက် ဘဏ်များနှင့် နှိုင်းယှဉ်လျှင် မပြည့်စုံနိုင်ကြောင်း သူမက ဆက်ပြောပါသည်။ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များနှင့် ပတ်သက်လျှင် နာမည်ကျော်ကြား လူသိများသော WebMD (www.webmd.com) နှင့် မတူသည့်အချက်သည် MedlinePlus တွင် ကြော်ငြာများ မထည့် သွင်းခြင်းနှင့် ပိုက်ဆံရှာသည့် ဆိုက်မဟုတ်ခြင်း ဖြစ်သည်။
“WebMD မှာ ပါတဲ့ အချက်အလက်တွေက အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့် အချက်အလက်တွေဟာ သိပ်ပြီး အားရစရာမကောင်း သလို၊ တစ်ခါတစ်လေမှာ up-to-date (အပြောင်းအလဲတွေ ရှိလာရင် အချိန်နဲ့အမျှ ပြင်ဆင် ဖြည့်စွတ်တာမျိုး) မဖြစ်ပါဘူး” လို့ ဟမ်က မှတ်ချက်ပေးသည်။ WebMD သည် စပွန်စာကဏ္ဍကိုလည်း ထည့်သွင်းထားသည်။ ဆေးကုမ္ပဏီများ၏ ဆေးကြော်ငြာများ စသည်တို့ကို လက်ခံသည်။
“အဲဒီကဏ္ဍမှာ ပါချင်တဲ့သူတွေက စပွန်စာပေးလိုက်ရင် ပါလို့ရနေတယ်” ဟု အိုဂါဝါက ဖြည့်စွတ် ပြောကြား ပါသည်။ ကြောငြာများ၊ စပွန်စာများကြောင့် ဘက်လိုက်မှုများ၊ စားသုံးသူများအနေနှင့် ထင်ရောင်ထင်မှား ဖြစ်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို စာကြည့်တိုက်မှူး နှစ်ဦးက နှစ်သက်ပုံမရချေ။
ဟမ်က MedlinePlus ၏ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကဏ္ဍများကို ဆက်လက်ပြောပြသည်။
- MedlinePlus တွင် ခေါင်းစဉ်ပေါင်း ရ၅၀ ကျော် စုစည်းပေးထားသည်။ စာဖတ်သူများအနေနှင့် ရောဂါများ၏ အသေးစိတ် အချက်အလက်များ၊ အခြေအနေများ၊ ရောဂါရှာဖွေစမ်းသပ်ပုံ အဆင့်ဆင့်များ၊ ရောဂါ လက္ခဏာများ စသည်တို့ကို ရှာဖွေနိုင်သလို ကျန်းမာရေးနှင့်ဆိုင်သော လင်မယာ ကွာရှင်း ပြတ်စဲခြင်း စတဲ့ လူမှုရေးပြဿနာများ၊ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသော ပြဿနာများနှင့် ပတ်သက်လျှင်လည်း ရှာဖွေဖတ်ရှု နိုင်ပါသည်။ “ကျန်းမားရေးဆိုင်ရာ ခေါင်းစဉ်တွေ ကတော့ MedlinePlus ရဲ့ အဓိကအကျဆုံး ကဏ္ဍတွေပါ” လို့ ဟမ်က ပြောသည်။
ဥပမာ – အကယ်၍ သင့်မှာ ဆီးချိုရောဂါ အခံရှိပြီး ခြေထောက်ပိုင်းဆိုင်ရင် ပြဿနာတစ်ခု ဖြစ်လာသည့်အခါ diabetic foot ဟု ရိုက်ထည့်ပြီး Health Topics ကဏ္ဍတွင် ရှာဖွေနိုင်သည်။ အချက်အလက်များကို စာလုံး အလိုက် စီစဉ်ပေးထားသည်။ ရှာ၍တွေ့သောအခါ ကလစ်ခေါက်လိုက်လျှင် ရောဂါ၏ ခြုံငုံသုံးသပ်ချက်၊ ကုသမည့်အခါ ရွေးချယ်နိုင်သည့် နည်းလမ်းများ၊ ကာကွယ် တားဆီးပုံများ၊ မိမိရောဂါကို ချက်ချင်း စမ်းစစ်နိုင်သော လက်တွေ့ နည်းလမ်းများ၊ ပုံဖော်ရေးဆွဲထားသော ပုံများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ နှင့် ဂျာနယ်များတွင် ရောဂါနှင့် ပတ်သက်၍ ဖော်ပြဖူးသော ဆောင်းပါးများ၏ လင့်များ စသည်တို့ကို တွေ့ရမည် ဖြစ်သည်။ အကယ်၍ သင့်အနေနှင့် သင့်အနီးအနား ပတ်ဝန်းကျင်ရှိ ရောဂါနှင့် ပတ်သက်သော အထူးကုကို ရှာဖွေလိုပါက ရှာဖွေနိုင်သော ကဏ္ဍတစ်ခုပါဝင်ပြီး ဆက်သွယ်ရမည့် အချက်အလက်များနှင့်တကွ ဖော်ပြပေးမည် ဖြစ်သည်။ ထို့ပြင့် သင့်အနေနှင့် ဆက်စပ်နေသော အချက်အလက်များကို ရှာဖွေချင်သည့်အခါ အလွယ်တကူ ရှာဖွေနိုင်အောင်လည်း စီစဉ်ပေးထားသည်။ အခန်း အများစု၏ အချက်အလက်များကို စပိန်ဘာသာစကား အပါအဝင် ဘာသာစကား သုံးမျိုးနှင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားသည်။
- ပင်မ စာမျက်နှာရှိ “ဆေးနှင့် ဖြည့်စွတ်စာများ” ကဏ္ဍတွင် သင့်အနေဖြင့် ဆေးအမျိုးအစား အလိုက်၊ ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမှတ်တံဆိပ်အလိုက် အက္ခရာ အစီအစဉ်အတိုင်း ကြည့်နိုင်သလို ဆေးဖက်ဝင် အပင်များနှင့် ဖြည့်စွတ်စာများကိုလည်း အက္ခရာ အစီအစဉ်အလိုက် ကြည့်နိုင်မည် ဖြစ်သည်။
အကယ်၍ သင့်အနေနှင့် ဝယ်ယူရရှိနိုင်သည့် ပစ္စည်းမဟုတ်သော “ginko biloba (ကမ႓ာဦးပင်)” နှင့် ပတ်သက်၍ သိချင်သည့်အခါ ကမ႓ာဦးပင်နှင့် ပတ်သက်သော အချက်အလက်များအပြင် သိပ္ပံနည်းပညာဆိုင်ရာ တွေ့ရှိချက်များ၊ အသုံးပြုပုံများကိုပါ တွေ့နိုင်မည်ဖြစ်သည်။ ထို့ပြင် ကမ႓ာဦးပင်ကို အသုံးပြုထားသော ရောင်းအားအကောင်းဆုံး ဆေးများကိုလည်း ရှာနိုင်မည်ဖြစ်သည်။ မည်ကဲ့သို့သော အကြောင်းအရာ အတွက်မဆို သင်အသုံးပြုမည့် ဆေးများကိုလည်း သိပ္ပံနည်းကျ အထောက်အထားများကို အခြေခံပြီး အဆင့် သတ်မှတ်ပေးထားဦးမည် ဖြစ်သည်။ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်သည့် ပမာဏ၊ ဆေး၏ တန်ပြန် အကျိုးသက်ရောက်မှုများ၊ သင့်လျော်မှန်ကန်သော ဆေးသောက်နည်းများ စသည်ဖြင့် သိနိုင်ဦးမည် ဖြစ်သည်။
ဥပမာ – သင့်အနေဖြင့် ကမ႓ာဦးပင်သည် dementia (ဦးနှောက် ထိခိုက်မှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု) ကဲ့သိုသော ရောဂါများအတွက် အကျိုးသက်ရောက်မှု ရှိမရှိ သိလိုပါက ရှာဖွေမည်ဆိုလျှင် ကမ႓ာဦးပင်ကို အဆင့် “အေ” သတ်မှတ် ပေးထားကြောင်း တွေ့ရမည်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် အစောပိုင်း တွေ့ရှိချက်များအရ ကမ႓ာဦးပင်သည် အယ်ဇိုင်းမား ရောဂါနှင့် ဦးနှောက်ဆဲလ်များ သေဆုံးမှုကြောင့် ဖြတ်တတ်သော စိတ်ဖောက်ပြန်မှု များအတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေကြောင်း တွေ့ရှိချက်ကြောင့် ဖြစ်သည်။ သိုသော် အခြားဆေးများ၊ ကုထုံးများနှင့် ပေါင်းစပ်ကုသဖို့ လိုကြောင်းလည်း သိရမည်ဖြစ်သည်။ အမျိုးသမီးများ ပုံမှန် ဓမ္မတာ မလာသောကြောင့် စိတ်ခံစားဆိုင်ရာ ပြဿနာများ၊ စိတ်ရှုပ်ထွေးမှုများနှင့် အိပ်မပျော် စားမဝင်ဖြစ်မှုများ အတွက် ကမ႓ာဦးပင်က အထောက်အကူပေးနိုင်သည် ဆိုသော သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိချက် အနည်းအကျဉ်းသာရှိသည့် အချက်အလက်များအား အဆင့် “ဒီ” သာ သတ်မှတ် ထားကြောင်း တွေ့နိုင်မည်ဖြစ်သည်။
- ဆေးပညာဆိုင်ရာ အခြားအချက်အလက်များနှင့် ပတ်သက်လျှင် ပြည့်ပြည့်စုံစုံ ဖော်ပြပေးနိုင်သလို၊ ပုံမှန်ကု သနည်းများမှ ခွဲထွက်ထားသော ကုသနည်းများ၊ ဆေးများနှင့် ပတ်သက်လျှင်လည်း အခန်းအလိုက် ရှာဖွေနိုင်မည်ဖြစ်သည်။
- ဆေးရုံ၊ သမားတော်၊ သွားဆရာဝန်၊ လက်သည်နှင့် အခြား ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများကို ရှာဖွေချင် သူများအတွက်လည်း လမ်းညွှန်များ ထည့်ပေးထားသည်။ “ကယ်လီဖိုးနီယားမှာ ဘယ်ဆရာဝန် ကတော့ ဘယ်လို မသမာမှုကြောင့် အရေးယူခံရဖူးတယ် ဆိုတာတွေ ကိုတောင် တွေ့နိုင်ပါတယ်” ဟု ဟမ်က အကြံပြုပါသည်။
- သင့်အနေဖြင့် သုတေသနတွေ့ရှိချက်များ၊ စမ်းသပ်မှုများနှင့် ပတ်သက်သော ပူပူနွေးနွေး သတင်းများ၏ လင့်များကိုလည်း စုစည်း ဖော်ပြထားကြောင်း တွေ့ရဦးမည် ဖြစ်သည်။ “ရုပ်မြင်သံကြားမှာ သင်တွေ့နေရတဲ့ သတင်းတွေ၊ သတင်းစာတွေမှာ သင်ဖတ်နေရတဲ့ သတင်းတွေ ပေါ့” ဟု ဟမ်က ပြောပါသည်။ ပင်မစာမျက်နှာ ရှိ အခြားအခန်းများတွင် စလိုက်ရှိုးများ၊ ခွဲစိတ် ဆရာဝန်များမှ နောက်ခံပြောပြပေးနေသော ခွဲစိတ်ပုံအဆင့်ဆင့် ဗွီဒီယိုဖိုင်များ စသည့် ဆရာဝန်များက သင့်ကို ညွှန်ကြား နိုင်သည်များကို လေ့လာနိုင်မည် ဖြစ်သည်။
ဂရုစိုက်ရမည့် ခြေလှမ်းများ
အကယ်၍ သင့်အနေနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို အင်တာနက်တွင် ရေဆုံးမြေဆုံး ရှာတော့မည်ဆိုလျှင်
- ဝက်ဆိုက်များ နောက်ကွယ်တွင် အထောက်အပံ့ပေးထားသော သူများက မည်သူနည်း၊
- ဝက်ဆိုက်ကို တည်ထောင်ထားသူများသည် မည်သူဖြစ်သနည်း၊
- အဆိုပါ ဝက်ဆိုက်သည် ဘက်လိုက်မှု ရှိ/မရှိ၊
- အဆိုပါ ဝက်ဆိုက်များတွင် ဖော်ပြထားသော အချက်အလက်များ၏ ရင်းမြစ်များသည် မည်သည့်နေရာများ ဖြစ်သနည်း၊
- အဆိုပါ ဝက်ဆိုက်ကို မည်သည့်အချိန်က နောက်ဆုံး လိုအပ်ချက်များ ဖြည့်ခဲ့သနည်း၊ အချိန်နှင့်အမျှ ပြောင်းလဲနေသော အချက်အလက်များအပေါ် မည်ကဲ့သို့ တုန့်ပြန်ဆောင်ရွက်သနည်း
စသည့် အချက်များကို အရင် သိအောင် လုပ်သင့်ကြောင်း အိုဂါဝါက ပြောပါသည်။
“နာမည်ကျော် ဂုဏ်သတင်းမွှေးတဲ့ ဝက်ဆိုက်တွေဟာ ဘယ်သူက ဦးဆောင် လည်ပတ်နေတယ်၊ ဘယ်အဖွဲ့အစည်းက ကမကထပြုတယ် ဆိုတာတွေကို လွယ်လွယ်ကူကူ သိနိုင်အောင် စီစဉ်ပေးထား ကြပါတယ်၊ နာမည်မကြီးတဲ့ ဆိုက်တွေကတော့ ဘယ်သူရေးတယ်ဆိုတာ ဘယ်သူ လုပ်တယ်ဆိုတာကို ရှာရခက်တတ်ပါတယ်” ဟု အိုဂါဝါက ပြောပါသည်။ အကယ်၍ သင့်အနေနှင့် သံသယရှိပါက Alexa (www.alexa.com) ဟု အမည်ရသော ရှာဖွေရေးအင်ဂျင်တွင် မိမိသိချင်သည့် ဆိုက်လိပ်စာကို ရိုက်ထည့်ပြီး မည်သူ တည်ထောင်ထားကြောင်း၊ မည်သူက စပွန်ဆာ ပေးထားကြောင်း စသည်တို့ကို ရှာဖွေနိုင်မည် ဖြစ်သည်။
စားသုံးသူများ အနေနှင့် ၄င်းတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဂရုစိုက်ဖို့ လိုကြောင်း သူမက ဆက်ပြောပါသည်။ “အထူးသဖြင့် လူနာအနေနဲ့ ကျန်းမာရေး အခြေအနေတွေကို အွန်လိုင်းမှ တစ်ဆင့် ပြောကြတဲ့အခါ အဲဒီ အချက်အလက်တွေ ဆိုတာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ဖြစ်ပြီး အခြားသူတွေ မသိသင့်တဲ့ သိဖို့ မလိုတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အဲဒီတော့ နားထောင်တဲ့ သူအနေနဲ့ တစ်ခြားကို မပေါက်ကြားဖို့ တာဝန်ယူဖို့ လိုပါတယ်။ သင့်အနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ စျေးကွက်ရှာဖွေရေးတွေမှာ သားကောင် ဖြစ်မသွားဖို့ ဂရုစိုက်ရပါ့မယ်၊ ဥပမာ – ဆေးကြော်ငြာ တွေအတွက် သင့်ရောဂါ အခြေအနေတွေကို အသုံးချခံရတာ မျိုးတွေ မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်”။ ပုဂ္ဂိုလ်ရေးသုံး အီးမေးလ် လိပ်စာများကို မပေးမိပါစေနှင့်။ အခြား အထွေထွေသုံး အီးမေးလ် လိပ်စာများကိုသာ ပေးသင့်ကြောင်း သူမက အကြံပြုပါသည်။
ဆရာဝန်နှင့် အကောင်းဆုံး စကားပြောနည်း
အင်တာနက် ဝက်ဆိုက်များတွင် ရှာဖွေတွေ့ရှိသော အချက်အလက်များသည် လူနာ အနေနှင့် တကယ့် ဆရာဝန်နှင့် စကားပြောသည့်အခါ အဆင်ပြေ ချောမွေ့စေရန် အကူအညီ ပေးသင့်ကြောင်း အိုဂါဝါက ဆက်လက် အကြံပြုပါသည်။ လူနာများအနေနှင့် ဆရာဝန်က မေးလာနိုင်သော မေးခွန်းများကို အင်တာနက် ဝက်ဆိုက်များမှ တစ်ဆင့် သိရှိပြီး ကြိုတင် စီစဉ်လာနိုင်အောင် စီစဉ်ပေးထားဖို့ လိုမည်ဖြစ်သည်။ ထိုသို့ စီစဉ်ထားခြင်း အားဖြင့် ကုသမှုတွင် ထိရောက်မှု ပိုရှိပြီး၊ အမှားအယွင်းနည်း နိုင်သမျှ နည်းအောင် လျော့ချနိုင်မည် ဖြစ်သည်။
ကျန်းမာရေး စောင့်ရှောက်မှု သုတေသနနှင့် အရည်အသွေးဆိုင်ရာ အေဂျင်စီ (AHRQ) (ahrq.gov/consumer) တွင် ကျန်းမာရေး စီမံချက်၊ ဆရာဝန် နှင့် ဆေးခန်းများကို ရွေးချယ်ရာတွင် အထောက်အကူ ပြုနိုင်သော အကြောင်းပြချက် ခိုင်လုံသည့် သတင်းအချက်အလက်များကို တွေ့နိုင်မည် ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် အိုဂါဝါနှင့် ဟမ်တို့သည် ဇီဝဆေးပညာဆိုင်ရာ စာကြည့်တိုက်ကို လူအများ အသုံးပြုနိုင်အောင် ဖွင့်ထားပြီး ဖြစ်ကြောင်း၊ သို့သော်လည်း သတင်းအချက်အလက် အများစုကို လက်ရှိကျောင်းသားများ၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက်သာ ကန့်သတ်ထားဆဲ ဖြစ်ကြောင်း ပြောပါသည်။ အကယ်၍ သင့်အနေဖြင့် ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းလိုပါက သူတို့အနေနှင့် အမှန်ကန်ဆုံး အရင်းအမြစ်များကို ညွှန်ပြပေးနိုင်ကြောင်း ပြောပါသည်။ တောင်ပုံရာပုံ သတင်း အချက်အလက်များသည် “ကျန်းမာရေးဆိုင်ရာ အထောက်အပ့ံပေးသူတွေနဲ့ စကားပြောတဲ့အခါ အဆင့်ပေါင်း စုံကသင့်ကို ပြောနိုင်အောင်၊ ထိထိရောက်ရောက် ဆွေးနွေးနိုင်အောင် ကူညီပါလိမ့်မယ်” ဟု အိုဂါဝါက ပြောပါသည်။
Reference : Finding your way to reliable health info on the Web
Facebook comments:



