Website ရေးတော့မယ်ဆိုလျှင် (၂)
ဒီအပိုင်းကတော့ Website ရေးတော့မယ်ဆိုလျှင် ရဲ့ ဒုတိယပိုင်း ဖြစ်ပါတယ်။ အရင်အပိုင်းမှာတော့ လေ့လာခြင်းနဲ့ စီမံကိန်းချခြင်း ဆိုတဲ့ အပိုင်း နှစ်ပိုင်းကို ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီမှာ ဖတ်နိုင်ပါတယ်။ ခု ရှေ့ဆက်ပြီး ဒီဇိုင်းချခြင်း၊ Coding ရေးခြင်း၊ အင်တာနက်ပေါ် လွင့်တင်ခြင်း နဲ့ ထိန်းသိမ်းခြင်း အပိုင်းတွေကို ဆက်ရေးမှာပဲ ဖြစ်ပါတယ်။
(၃) ဒီဇိုင်းချခြင်း
ဒီအပိုင်းကတော့ Web Designers တိုင်း အပေါ်က အဆင့်နှစ်ဆင့်ကို ကျော်ပြီး တန်းလုပ်တတ်ကြတဲ့ အပိုင်း ဖြစ်ပါတယ်။ လေ့လာခြင်း အပိုင်းနဲ့ စီမံကိန်းချခြင်း ဆိုတဲ့ အပိုင်းတွေကို ကျော်ပြီး ဒီဇိုင်းချဖို့ စိတ်အားထက်သန်ကြတာ ထုံးစံပါပါ။ ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့ နေရာကလည်း ဒီနေရာမှ စတာဆိုတော့ အပေါ်နှစ်ဆင့်ကို ကျော်သွားတာ မဆန်းပါဘူး။ ဒါပေမယ့် ဒီဇိုင်းဆိုတာ တီထွင်ဖန်းတီးနိုင်မှု တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒီဇိုင်းတွေ ဘယ်လောက် ပြန်လန်နေပါစေ၊ အသုံးမဝင်ရင် Client အတွက် အဆင်မပြေရင် အလကားပါပဲ။ ဒါကြောင့် ကိုယ့်အနေနဲ့ အားလုံး အဆင်ပြေတဲ့ Website တစ်ခု ဖြစ်ဖို့ အပေါ်က အဆင့်တွေ ကျော်လို့ မဖြစ်ပါဘူး။
ကိုယ့်အနေနဲ့ လေ့လာခြင်းနဲ့ စီမံကိန်းချခြင်း အပိုင်းတွေမှာ စနစ်တကျ လုပ်လာတာနဲ့ အမျှ အချက်အလက် ပြည့်စုံလာတာနဲ့အမျှ ဒီဇိုင်းချခြင်းအဆင့်မှာ လွယ်ကူသထက် လွယ်ကူလာစေပါတယ်။ ကိုယ့်အနေနဲ့ ဘာတွေလုပ်ရမယ်၊ Client က ဘာကို လိုချင်တယ်ဆိုတာ ကောင်းကောင်း သိနေတဲ့အတွက် ဒီဇိုင်းချတဲ့အခါ စိတ်ကို လွတ်လွတ်လပ်လပ် ထားပြီး ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီဇိုင်းချရင်း ပြန်စဉ်းစားနေရပါလိမ့်မယ်။ Client ကို ပြန်မေးနေရပါလိမ့်မယ်။ ကိုယ့် ဒီဇိုင်းဆွဲတဲ့ လုပ်ငန်းမှာ အများကြီး အနှောက်အယှက် ဖြစ်စေပါတယ်။
အပေါ်က အဆင့်နှစ်ဆင့်လည်း ပြီးပြီ။ ကိုယ့်အနေနဲ့ စိတ်ချလက်ချ ဒီဇိုင်းချနိုင်ပြီ ဆိုပါတော့။ ဒီနေရာမှာလည်း သတိထားစရာက ရှိလာပါပြီ။ ဒီဇိုင်နာ တော်တော်များများက Home Page ကိုပဲ အာရုံကျ တတ်ကြပါတယ်။ ဒီတော့ Home Page ကိုပဲ အသည်းအသန် ဆွဲနေတတ်ပြီး အခြား နောက်က Page တွေ Sub Page တွေအတွက် မေ့နေတတ် ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ သတိထားရမှာက Website Design ဆွဲတယ်ဆိုတာ Home Page တစ်ခုတည်း ဆွဲရမှာ မဟုတ်ဘူးဆိုတာ ပါပဲ။ ဒါပေမယ့် Home Page ကို အခြေခံလိုက်ရင် နောက်က Sub Page တွေ ဆွဲရတာ လွယ်သွားတာတော့ သေချာပါတယ်။ ခုခေတ်မှာ Website Design ဆွဲမယ်ဆိုရင်တော့ mobile version ဒါမှမဟုတ် iPad Version ပါ တစ်ပါတည်း ဆွဲရဖို့များပါတယ်။ အဲဒီအတွက်လည်း ထည့်သွင်းစဉ်းစားရပါမယ်။
ဒီဇိုင်းချမယ်ဆိုတော့ ထုံးစံအတိုင်း Photoshop လေးဖွင့်၊ Layout တွေချ၊ ပုံတွေဖြတ်၊ Pixel ကောင်းအောင်လုပ်၊ မြန်မာနိုင်ငံက ဝင်ဖို့လိုမယ် ဆိုရင်တော့ Size ကို သေးနိုင်သမျှသေး၊ Repeat လုပ်သင့်တာလုပ်၊ အပေါ့ဆုံးဖြစ်အောင် စီစဉ်၊ Slice တွေဖြတ် စသည်ဖြင့် အသေးစိတ် စီစဉ်ရပါတော့မယ်။ ဒီလို ဒီဇိုင်းချပြီ ဆိုရင်တော့ တစ်နေကုန် နေ့မအိပ် ညမအိပ် လုပ်ဖို့ သေချာနေပါပြီ။ ကိုယ်ဓာတ်ကျတဲ့ ကိစ္စဆိုတော့ Client အနေနဲ့လည်း သူ့ Website ကို အစွမ်းကုန်ကြိုးစား ပေးနေတယ် ဆိုတာ သိတဲ့အတွက် အပြုံးပန်းတွေ ဝေလို့ပေါ့။
ဒီဇိုင်းချတဲ့နေရာမှာ စဉ်းစားစရာ အချက်တစ်ခု ရှိပါသေးတယ်။ တကယ့် Clients ရဲ့ အချက်အလက်တွေကို အသုံးချပြီး ဒီဇိုင်းဆွဲမှာလား ဒါမှမဟုတ် Lorem Ipsum လို နမူနာ စာသားတွေနဲ့ ဒီဇိုင်းချမှာလား။ အကောင်းဆုံးကတော့ Client ရဲ့ တကယ့် အချက်အလက်တွေနဲ့ ပုံစံချတာ အကောင်းဆုံးပါပဲ။ တကယ့် အစစ်အမှန်သုံးမယ့် Data တွေ ဓာတ်ပုံတွေနဲ့ ပုံဖော်တဲ့အတွက် ပိုပြီး ပြည့်ပြည့်စုံစုံ စဉ်းစားပြီးသား ဖြစ်သွားစေပါတယ်။ နမူနာ စာတွေနဲ့ဆိုရင် နေရာအထားအသို၊ နေရာအကျဉ်းအကျယ် စတာတွေ အတွက် ပြဿနာတွေ တက်လာနိုင်ပါတယ်။
ဒီဇိုင်းချနေတဲ့ အဆင့်မှာလည်း Feedback တွေ ယူနေဖို့ လိုပါတယ်။ ကိုယ့်နဲ့အတူ လက်တွေ့ အကောင်အထည် ဖော်နေတဲ့သူတွေဆီက ဖြစ်ဖြစ်၊ ဒါမှမဟုတ် Concept Feedback လို ဆိုက်တွေမှာ ဖြစ်ဖြစ်၊ Client ဆီကပဲ ဖြစ်ဖြစ် Feedback တွေ ယူနေဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက Client ဆီကယူတဲ့အခါ သူတို့ အနေနဲ့ Complete Figure (အလုံးစုံ ပုံပေါ်သွားတဲ့အဆင့်) ကို မရောက်သေးတဲ့အတွက် Initial Requirement သဘောတူညီချက်တွေနဲ့ မကိုက်တာတွေ တက်လာနိုင်ပါတယ်။ မြန်မာတွေအတွက် ဆိုရင်တော့ မပြီးခင် ဗမာမမြင်စေနဲ့ ဆိုတဲ့အတိုင်း တတ်နိုင်သမျှ Complete Figure တွေသာ ပြဖို့ တိုက်တွန်း ချင်ပါတယ်။ Web Design အကြောင်း၊ Website အကြောင်းကို နားမလည်တဲ့ Client အတွက်ဆိုရင် ပိုဆိုးပါတယ်။ တစ်ဝတ်တစ်ပျက် သွားပြရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်ပါတယ်။ အဲဒီအပြင် Client ရဲ့ ကျေနပ်မှုကို ဒီနေရာမှကတည်းက သေချာအောင် ရယူထားဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် အစိတ်စိတ် အမွှာမွှာ ဒီဇိုင်းကို ခွဲခြမ်းစိတ်ဖြာပြီးမှ ပြန်ပြင်ရရင် ဆယ်ဆလောက် ပိုခက်သွားတတ်ပါတယ်။ Main Page တင်မကပဲ Sub Page တွေအတွက်ပါ တစ်ခါတည်း သဘောတူညီချက် ရယူထားဖို့ လိုပါတယ်။
ကိုယ့်အနေနဲ့ ဒီဇိုင်းအဆင့်ဆိုတာ ဒီနေရာမှာတင် ရပ်နေမှာ မဟုတ်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။ ရှေ့ဆက်ပြီး ဆွဲထားတဲ့ ဒီဇိုင်းကို အစိတ်စိတ်အမွှာ ခွဲခြမ်းစိတ်ဖြာပြီး Website တစ်ခုအဖြစ် ပုံပေါ်လာအောင် ဆက်သွားရမှာ ဖြစ်ပါတယ်။ ဒီတော့ Coding ရေးတဲ့အခါမှာ အခက်အခဲ မဖြစ်အောင် သေသေချာချာ စီစဉ်ပေးသွားဖို့ လိုပါတယ်။ Printed Media အတွက် မဟုတ်တာကြောင့် သဘောတရားခြင်း မတူတာကို ဂရုစိုက်ရပါမယ်။ Printed Media အတွက် ဆိုက်ကြီး ချင်သလောက်ကြီး Print ထုပ်လိုက်ရင် ပြီးပေမယ့် Web Design ကတော့ ဒီထက်ပိုပါတယ်။ Web Design Concept ဆိုတာ Printed Design Concept နဲ့ ဒီဇိုင်းထုတ်တာခြင်း တူပေမယ့် တစ်ချို့နေရာတွေမှာ သဘောတရားလုံးလုံး ဆန့်ကျင်နေတာတွေ ရှိပါတယ်။ (အဲဒီအတွက်လည်း နောက်ထပ် ဆောင်းပါး ရေးဖို့ ရှိပါတယ်) ဥပမာ တစ်ခုပြောရရင် Printed Media မှာ ဆိုက်ကြီးလေ Resolution ကောင်းလေလို့ တွေးနိုင်ပေမယ့် Web Design မှာတော့ ဆိုက်သေးရမယ်၊ Resolution ကောင်းရမယ်ဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် တစ်ခြား မတူညီတဲ့ အမြင်တွေလည်း အများကြီး ရှိပါသေးတယ်။ နောက်ထပ် ဆောင်းပါးမှ ဆက်ရေး ပါတော့မယ်။
Coding ရေးခြင်း
ကဲ ဒီဇိုင်းလည်း အချောသတ်ရပြီ၊ Client ရဲ့ စိတ်ကျေနပ်မှုလည်း ရပြီ။ Coding အတွက် လွယ်ကူအောင် ပြင်ဆင်ထားတဲ့ Site Design လည်းရပြီဆိုရင် ရှေ့ဆက်ရမှာက Coding ရေးတဲ့ အပိုင်းပေါ့။ ကိုယ့်အနေနဲ့ Tools တွေ ဘာတွေပဲ သုံးသုံး၊ ပြောရရင် Joomla ပဲ သုံးသုံး WordPress ပဲ သုံးသုံး Drupal ပဲ သုံးသုံး ထိပ်ဆုံးက စရမှာ HTML & CSS ပါပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ကိုယ်က WordPress ကို သုံးမယ်ဆိုရင် WordPress ကို အသင့်သုံးလို့ လွယ်ကူမယ့် HTML & CSS ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ အခြေခံ တူတတ်ကြပါတယ်။ Joomla အတွက် HTML & CSS၊ WordPress အတွက် HTML & CSS တော်တော် များများ တူပါတယ်။
အခြေခံ Template တစ်ခုနဲ့စပါ
Website Design ရေးဆွဲသူများ အနေနဲ့ လိုအပ်တဲ့ Resources တွေဖြစ်တဲ့ HTML & CSS Base Template တွေ၊ Icon တွေ၊ အခြားလိုအပ်တဲ့ Graphic တွေ စသည်ဖြင့် စုဆောင်းထားပြီးသား ဖြစ်နေပါလိမ့်မယ်။ အဲဒီလို စုဆောင်းထားမှလည်း နေရာတကာ အစက ပြန်စနေရတဲ့ ဒုက္ခ ငြိမ်းစေမှာ ဖြစ်ပါတယ်။ အခြေခံ Template တစ်ခုနဲ့ စပါဆိုတာလည်း ကိုယ်စုဆောင်းထားတဲ့ အခြေခံ HTML & CSS Base Template တွေမှာ ကိုယ့် Project နဲ့ အကိုက်ဆုံး တစ်ခုကို ရွေးချယ်ပြီး စပါလို့ ဆိုလိုပါတယ်။ ဒီနေရာမှာ Base Template ဆိုတာကို နားလည်အောင် ပြောရရင် ပုံစံမျိုးစုံချထားတဲ့ အထဲမှာ ဘာပုံမှမပါ၊ နမူနာပုံစံတွေကို ဆိုလိုပါတယ်။ နမူနာ Frame တွေပေါ့။
အဲဒီလို နမူနာ Frame တွေ ဘယ်နားမှာ ရနိုင်မလဲ။ ဒါကတော့ ကိုယ့်ဘာသာ စုဆောင်းရမှာပါ။ Free ရတဲ့ HTML & CSS Template တွေ အများကြီးရှိပါတယ်။ မတူညီတဲ့ Frame ပုံစံတွေကို ရွေးချယ်ပြီး အရေခွံချွတ်ထားဖို့ လိုပါတယ်။ အရေခွံချွတ်တယ်ဆိုတာ အထဲမှာ ရှိတဲ့ ပုံတွေကို ထုတ်ပစ်ပြီး နမူနာ စာသား အနည်းငယ်နဲ့ ပြန်လည် ပုံဖော်ထားတဲ့ ပုံစံကို ဆိုလိုပါတယ်။ ဖြစ်နိုင်ရင် Documentation ပါ တစ်ခါတည်း လုပ်ထားဖို့ လိုပါတယ်။ ဘယ် DIV က Height & Width ဘယ်လောက် စသည်ဖြင့် အသေးစိတ် အချက်အလက်တွေ ရေးထားသင့်ပါတယ်။ ဒါမှ ကိုယ်ပြန်သုံးချင်တဲ့အခါမှာ အလွယ်တကူ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို Base Template တွေ ဘယ်လောက်များများ ရှိဖို့လိုလဲ။ ဒါကတော့ မပြောတတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းမျိုးစုံ ရှိနေတဲ့နေရာမှာ ဒီဇိုင်းမျိုးစုံ ပြောင်းလဲ ဖွဲ့စည်းနေတဲ့ အချိန်မှာ ပြောရခက်ပါတယ်။ တတ်နိုင်သမျှ များများ စုထားလေ Project လုပ်တဲ့အခါမှာ မြန်မြန်လုပ်နိုင်လေ ဖြစ်ပါတယ်။
အခြေခံ Base Template တွေထဲမှာ 960.gs လို Grid တွေသုံးလို့လည်း ရပါတယ်။ ကိုယ့်အတွက် အချိန်ကုန် သက်သာစေသလို Development Process အတွက်လည်း အများကြီး အထောက်အကူပြုနိုင်စွမ်း ရှိပါတယ်။ အဲဒီအပြင် CSS Reset လိုမျိုး ဖိုင်တွေလည်း တစ်ခါတည်း ထည့်ထားသင့်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ Template ရေးတဲ့နေရာမှာ Naming System (အမည်ပေးစနစ်) ကို သေသေချာချာ လုပ်ဖို့ပါ။ လိုအပ်တဲ့ Meta Tag တွေ ထည့်ဖို့လိုသလို id တွေ class တွေကို နာမည်ပေးတဲ့ နေရာမှာလည်း စနစ်တကျ ပေးဖို့ လိုပါတယ်။ အဖွဲ့လိုက် လုက်ရတဲ့အခါ ပိုပြီး စနစ်ကျဖို့ လိုပါတယ်။ ဒါမှ နောက်က လိုက်လုပ်တဲ့ သူအနေနဲ့ ဘယ်ဟာက ဘာအတွက်ဆို သိနိုင်မှာ ဖြစ်ပါတယ်။
ပင်မ စာမျက်နှာနှင့် စာမျက်နှာခွဲများကို ပုံစံချပါ
အပေါ်မှာ ဆွဲခဲ့ Frame အတွင်းမှာ ကိုယ်အမှန်တကယ် ရေးဆွဲထားတဲ့ ဒီဇိုင်းအတိုင်း Web မှာ ပေါ်အောင် ပုံစံချတာကို ဆိုလိုပါတယ်။ လိုအပ်တဲ့ ပုံတွေ တွဲစပ်ပေးရပါမယ်။ ပုံတွေကို လိုသလို တည်းဖြတ်ရပါမယ်။ slice လုပ်ရပါမယ်။ ပုံတွေကို အသေးဆုံး သုံးသင့်တဲ့ နေရာမှာ သုံးပြီး အပေါ့ဆုံး အမြန်ဆုံးဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။
တကယ့်အမှန် တကယ်မှာ ပေါ်မယ့် စာသားတွေ ပုံတွေ Menu တွေ Button တွေ ထည့်ရပါမယ်။ အဲဒီလို ထည့်တဲ့နေရာမှာလည်း အတတ်နိုင်ဆုံး Semantic ဖြစ်အောင် Web Standard နဲ့ ကိုက်အောင် ရေးသား ထည့်သွင်းရပါမယ်။ နာမည်ပေးတဲ့ နေရာမှာလည်း ဖြစ်သလိုမပေးပဲ သင့်တော်ရာ သင့်တော် စနစ်တစ်ခု ချပြီး ပေးဖို့ လိုုပါတယ်။
Tableless Design ဆိုပြီး DIV သုံးဖို့ မလိုတဲ့ နေရာတွေမှာ DIV တွေပဲ လိမ့်သုံးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ သူ့နေရာနဲ့သူ သင့်တော်သလို သုံးပါ။ ဘယ်နေရာမှာ ဘယ်လိုသုံးသင့်သလဲ ဆိုတာကတော့ ကိုယ့်ရဲ့အတွေ့အကြံုပေါ် မူတည်ပါတယ်။ အားနည်းချက်တွေ အားသာချက်တွေကို စာဖတ်ခြင်း အားဖြင့်သော်လည်းကောင်း အတွေ့အကြံုအားဖြင့် သော်လည်းကောင်း ရှာဖွေထားဖို့ လိုပါတယ်။ ဒီနေရာမှာ ဒီလိုသုံးလိုက်တယ်၊ ပိုပြီးမြန်တယ်၊ ပိုပြီး ကြည့်ကောင်းတယ်၊ ဘယ် Browser နဲ့မဆို အဆင်ပြေတယ် ဆိုရင် ကိုယ့် Work ရဲ့ စိတ်ကျေနပ်မှု အဆင့်တစ်ခုကို ရနိုင်ပါတယ်။
စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်း
ကိုယ်လိုချင်တဲ့ Web Design တစ်ခုတော့ အကြမ်းရလာပြီ။ ဒါဆိုရင် မပြီးသေးပါဘူး။ Validate Process တွေကို ဖြတ်သန်းရပါဦးမယ်။ ကိုယ်ရေးထားတာ တွေက မှန်ရဲ့လား Web Standard နဲ့ ကိုက်ရဲ့လားဆိုတာ စစ်ဖို့ လိုပါသေးတယ်။ အဲဒီအတွက် W3C က Validation Tool တွေကို သုံးနိုင်ပါတယ်။
အဲဒီအပြင် Browser တိုင်းမှာ အလုပ်လုပ်ရဲ့လား မှန်ရဲ့လားဆိုတာကိုလည်း စစ်ဖို့ လိုပါတယ်။ အဲဒီအတွက် Browsershots လိုဟာမျိုးတွေ သုံးနိုင်ပါတယ်။ Firebug နဲ့ YSlow စတာတွေ သုံးပြီး မှန်ရဲ့လား၊ မြန်ရဲ့လား စတာတွေ စစ်နိုင်ပါတယ်။
စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်း ဆိုတဲ့အပိုင်းမှာ တစ်ခါတည်း ထည့်ဖို့ စဉ်းစားသင့်တာက Google Analytics ပါ။ Google Analytics ကို ထည့်ထားခြင်း အားဖြင့် ကိုယ့် Site ကို Tracking လုပ်လို့ ရနိုင်ပါတယ်။ ဘယ်နေရာက ဝင်ကြည့်တယ်၊ ဘယ်လောက် ဝင်ကြည့်တယ် စသည်ဖြင့် အမြဲတမ်း သိနေနိုင်မှာ ဖြစ်ပါတယ်။
အခြားဆောင်ရွက်သင့်သည်များ
ဒီအပိုင်းကတော့ ခုခေတ်ရဲ့ ရေစီးကြောင်းနဲ့ ဆိုင်ပါတယ်။ HTML & CSS Template တစ်ခုဆွဲပြီးရင် Website မှာ တင်ဆိုတာမျိုး Static တွေနဲ့ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် WordPress Customization, Joomla Customization, FRAMEWORK, API စသည်ဖြင့် ထပ်ပေါင်းပေးမှသာ အဆင်ပြေပါလိမ့်မယ်။ အနည်းဆုံး WordPress နဲ့ ပေါင်းပေးရပါမယ်။ Facebook နဲ့ ချိတ်ပေးရပါမယ်။ Twitter နဲ့ ချိတ်ပေး ရပါမယ်။ အဲဒီအပြင် ဖိုရမ်လိုရင် ဖိုရမ်နဲ့ တွဲပေးရပါမယ်။ Q&A လိုချင်ရင် Q&A ထည့်ပေးရပါမယ်။ မိုဘိုင်းအတွက် သီးသန့် ရေးပေးဆိုရင်လည်း ရေးပေးဖို့ လိုဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားဆောင်ရွက်သင့်သည်များ ဆိုတဲ့ အပိုင်းကို ထည့်ထားရခြင်း ဖြစ်ပါတယ်။ ဒီအဆင့်အတွက် Skill ကတော့ မြင့်သွားပြီလို့ ဆိုနိုင်ပါတယ်။ သူနေရာနဲ့သူ skill တွေ လိုလာပါတယ်။
အင်တာနက်ပေါ် လွင့်တင်ခြင်း
ဒီနေရာကတော့ Web Design သမားတိုင်း အဖြစ်ချင်ဆုံး အဆင့်ပဲ ဖြစ်ပါတယ်။ အားလုံး ပြင်ဆင်ပြီးပြီ၊ အသင့်လည်း ဖြစ်နေပြီဆိုရင်တော့ Website အနေနဲ့ လွင့်တင်ဖို့ပဲ ကျန်တော့တာပေါ့။ Local Environment မှာ အစွမ်းကုန် စမ်းသပ် အောင်မြင်ပြီးပြီ၊ အမှားအယွင်းလည်း ကင်းနေပြီဆိုရင် Website အနေနဲ့ တင်လို့ရပြီပေါ့။
ဒါပေမယ့် ဘယ်လောက် Perfect ဖြစ်တယ် ဆိုပါစေ၊ အစမ်းကာလရှိဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်မမြင်နိုင်တဲ့ အမှားတွေ Bug တွေ ကျန်နေနိုင်သေးတယ် ဆိုတာ သတိပြုပါ။ အချိန်အတိုင်းအတာ ကာလတစ်ခုအထိ စမ်းသပ်အဆင့်နဲ့ Run ထားဖို့ လိုပါတယ်။ လိုအပ်လာတဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ စမ်းသပ်ဆိုတဲ့ အဆင့်ကို Website အသုံးပြုသူတွေ အနေနဲ့ ကြောက်ရွံ့တတ်ကြတာ သတိပြုဖို့ လိုပါတယ်။ သူတို့အချက်အလက်တွေကို ပေးရတော့မယ့်အခါ ကိုယ့်အနေနဲ့ စမ်းသပ်အဆင့်ဆိုရင် ပေးရမှာ လက်တွန့် နေတတ်ပါတယ်။ ဒါကြောင့် စမ်းသပ်ဆိုတဲ့ အဆင့်ကို သေသေချာချာ စဉ်းစားပြီးမှ သုံးဖို့ လိုပါတယ်။
ထိန်းသိမ်းခြင်း
ဟိုးအပေါ်ဖက် စီမံကိန်းချခြင်း အဆင့်မှာ ခု လွင့်တင်လိုက်မယ့် Website ကို ဘယ်သူထိန်းသိမ်းမှာလဲ ဆိုတာ မေးဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ထိန်းသိမ်းမယ်ဆိုရင်တော့ စနစ်တကျ လွဲပြောင်းပေးဖို့ လိုမှာ ဖြစ်သလို လိုအပ်သလို ကူညီဆောင်ရွက်ပေးဖို့ လိုနေသေးတယ် ဆိုတာ မမေ့ပါနဲ့။ ဒါမှမဟုတ် ကိုယ့်ကိုပဲ ရှေ့ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ ငှားရမ်းလာရင်တော့ ကိုယ်ကိုယ်တိုင် ထိန်းသိမ်းပေးရမှာပေါ့။
အလွဲအပြောင်းကာလ၊ တစ်နည်းပြောရရင် ကိုယ်ရေးထားတဲ့ Project ကို Client ကို လွဲပေးတဲ့အချိန်ကလည်း အင်မတန် အရေးကြီးပါတယ်။ Client အနေနဲ့ ဆိုက်အကြောင်း ဘာမှ သိမှမဟုတ်ပါဘူး။ အဲဒီအတွက် Guideline တွေ ချပေးဖို့ သင်ပေးဖို့ လိုပါတယ်။ Website တစ်ခုကို အောင်မြင်အောင် ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကိုလဲ အကြံပြုဆွေးနွေး ပေးဖို့ လိုပါတယ်။ တကယ်တော့ Website က ခုမှစတာပါ ရှေ့ဆက်ပြီး အောင်မြင်အောင် ထိန်းသိမ်းသွားဖို့ ဆိုတာလည်း စာတစ်တန် ပေတစ်ဖွဲ့ရေးရဦးမယ့် ကိစ္စဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
A 6-Step General Process for Producing a Website ကို မှီငြမ်းရေးသားပါသည်။
Facebook comments:








ကျေးဇူးပါပဲဗျာ။
(၁)ကော(၂)ကော လေ.လာသွားပါတယ်။
တကယ်ကျေးဇူးတင်ပါတယ်
I got alot of knowledge from this post. Thank you so much.