ပြောင်းလဲသင့်နေပြီ ဖြစ်သော ကျွန်တော်တို့၏ အမြင်များ

ဒီဆောင်းပါးက ကိုစေတန်ရေးထားတဲ့ ချဉ်းကပ်ခြင်းဆိုတဲ ဆောင်းပါးကို ဖတ်ကြည့်ပြီး ရေးချင်စိတ်တွေ ပေါ်လာတာနဲ့ ရေးလိုက်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အဲဒီအပြင် ကျွန်တော်အရင်တုန်းက ရေးဖူးတဲ့ ကျွန်တော်တို့ အခြေခံအဆင့်က ဘာကြောင့် မတက်နိုင်တာလဲ ဆိုတဲ့ ဆောင်းပါးတွေရဲ့ အဆက်လို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း Positive Thinking အမြင်ဖက်က ချဉ်းကပ်မှာ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ပြောင်းလဲသင့်နေပြီ ဖြစ်သော ကျွန်တော်တို့၏ အမြင်များ လို့ခေါင်းစဉ်ပေးထားပါတယ်။ ကျွန်တော် တစ်ဦး တစ်ယောက်တည်းရဲ့ အမြင်တွေ ဖြစ်တဲ့ အတွက် အမှားအယွင်း အတိမ်းအစောင်း ရှိမယ်ဆိုရင် ထောက်ပြဝေဖန်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ဘယ်လို အမြင်တွေကို အမြန်ဆုံး ပြောင်းလဲသင့်နေပြီလဲ။

(၁) ကွန်ပျူတာလား ဖြည်းဖြည်းပေါ့

ဒီအပိုင်းကတော့ မိဘတွေကို အဓိကထား ပြောချင်တာပါ။ ကလေးကို ဆယ်တန်းအောင်မှ ကွန်ပျူတာ ကိုင်ခိုင်းမယ်၊ ကွန်ပျူတာလား ဖြည်းဖြည်းပေါ့၊ သူက ကွန်ပျူတာနဲ့ ထူးချွန်မှန်း မသိ၊ မထူးချွန်မှန်းမသိ၊ ကွန်ပျူကိုင်နေရင် စာသင်စာဖတ် ပျက်မှာပေါ့ စတဲ့ အမြင်တွေကို ပြောင်းလဲ သင့်နေပါပြီ။ အမြန်ဆုံး ပြောင်းလဲသင့်နေပါပြီ။ ကျွန်တော်အဓိက ထားပြောချင်တာက တတ်နိုင်တဲ့ မိဘတွေပါ။ ကွန်ပျူတာကို ဝယ်ပေးဖို့ တတ်နိုင်တဲ့ မိဘတွေကို ဆိုလိုပါတယ်။ တစ်ဖက်မှာလည်း ​စာသင်ကျောင်းတွေပါ။ ကွန်ပျူတာကို ဝယ်မသုံးနိုင်တဲ့ ကလေးတွေ အနေနဲ့ ကျောင်းက ကွန်ပျူတာတွေကို အဓိကထား အသုံးပြုစေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ ကွန်ပျူတာကို ပျက်မှာစိုးတဲ့အတွက် မကိုင်ခိုင်းပဲ မော်ဒယ် အောက်သွားမယ့် အစား၊ ကလေးတွေ အားလုံး ကွန်ပျူတာ ကိုင်နိုင်တဲ့ အဆင့်ကို ဖန်တီးသင့်ပါတယ်။

တကယ်တော့ ကွန်ပျူတာဆိုတာ လူတိုင်းတတ်ထားသင့်တဲ့ အရာပါ။ တကယ်တန်း နည်းပညာကို သိတဲ့ နည်းပညာကို အကျွမ်းတဝင်ရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ဆိုတာ အခြေခံအကျဆုံးက ကွန်ပျူတာ ကိုင်တာပါပဲ။ ကလေးကို ကွန်ပျူတာ သင်ပေးစရာမလိုပါဘူး။ ကိုင်ခိုင်းတာနဲ့တင် သူတို့ ကိုင်လို့ အဆင်ပြေစေမယ့် နည်းလမ်းတွေ  ထည့်သွင်းပေးထားတာနဲ့တင် ကွန်ပျူတာကို သင်စရာမလိုပဲ တတ်သွားတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော် ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ သင့်ကလေးကို ကွန်ပျူတာနဲ့ ဘယ်လို မိတ်ဆက်မလဲ (၁) နဲ့ (၂) ပါ။ အဲဒီမှာ ကျွန်တော် အပြည့်အစုံ ရေးထားပါတယ်။

အဲဒီတော့ မိဘတွေ အနေနဲ့ စောဒက တက်လာစရာ အကြောင်းတွေ ရှိပါတယ်။ တကယ်တန်း ပြောရရင် ကျွန်တော့်ရဲ့ လူကြီးဖတ်စာထဲက ကျွန်တော့်မိတ်ဆွေကြီး ရှုထောင့်ပေါင်းစုံက ဆွေးနွေးသွားဖူးပါတယ်။ သူပထမဉီးဆုံး ပြောတဲ့အချက်က ကျွန်တော့် သားသမီးက ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကြောင်း မပြုရင် ကွန်ပျူတာသင်ပေးစရာ လိုလို့လား ဆိုတဲ့ အချက်ပါ။ အဲဒီတော့ ကျွန်တော်လည်း သူ့ကို ပြန်မေးဖြစ်ပါတယ်။ ဒါဆို ခင်ဗျား နိုင်ငံတကာကိုကြည့်၊ အဝေးကြီး မကြည့်နဲ့ဉီးဗျာ။ အိမ်နီးချင်း နိုင်ငံတွေကိုကြည့် ကွန်ပျူတာမသုံးတဲ့သူရှိလား၊ ဆရာဝန်လည်း ကွန်ပျူတာ သုံးတာပဲ။ အင်ဂျင်နီယာလည်း ကွန်ပျူတာ သုံးတာပဲ။ ဘယ်သူများကွန်ပျူတာနဲ့ လွတ်တယ်လို့ ခင်ဗျား ကြားဖူးလဲဆိုတော့။ မိတ်ဆွေကြီးက ဟုတ်သားဟု မှတ်ချက်ချပါတယ်။ တကယ်တော့ ကွန်ပျူတာဆိုတာ လူတွေ ပြောပြောနေတဲ့ သတင်းအချက်အလက် နည်းပညာခောတ်ကြီးမှာ Digital Divide ဆိုပြီး အဓိက ခွဲခြားထားတဲ့ တံတိုင်းကြီး တစ်ခုပါ။ နိုင်ငံတွေ တိုးတက်ချင်တယ်ဆိုရင် အဲဒီတံတိုင်းကို ဖြိုကို ဖြိုရပါမယ်။

ဒါကြောင့် ကွန်ပျူတာလား ဖြည်းဖြည်းပေါ့ဆိုတဲ့ သင့်ရဲ့ အမြင်ကို ပြောင်းလဲလိုက်ပါ။ ခုချက်ချင်း တတ်နိုင်တဲ့သူတွေက ကလေးကို ကွန်ပျူတာ ဝယ်ပေးလိုက်ပါ။ မတတ်နိုင်သူတွေအတွက် ကွန်ပျူတာတွေ သုံးနိုင်အောင် လှူဒါန်းကြပါ။ ကျောင်းတွေမှာ ကွန်ပျူတာတွေကို ဖုန်အတက်ခံ၊ မော်ဒယ်အောက်ခံပြီး မထားကြပါနဲ့။ ကွန်ပျူတာ လှူလိုက်တယ် ဆိုရင်လည်း တစ်ခါလှူတာနဲ့ ပြီးပြီလို့ သဘောမထားပဲ အကြိမ်ကြိမ် လှူနိုင်အောင် ကြိုးစားကြပါ။ အဲဒီလို လုပ်လိုက်မှသာ ဟတ်ထိုးဆွဲအောင် လိုက်ရမယ့် နည်းပညာခေတ်မှာ အမောမဖောက်ရုံ အဆင့်ကို တက်လှမ်းနိုင်မယ်လို့ ဆိုချင်ပါတယ်။

(၂) စာစီတတ်ရုံ၊ ကွန်ပျူတာ ဖွင့်တတ်၊ ပိတ်တတ်ရုံဆို တော်ပြီပေါ့

ဒီလို အတွေးမျိုးက ကျွန်တော်တို့ ကွန်ပျူတာဆိုတာကို စကိုင်တဲ့အချိန် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းက အမြစ်တွယ်လာတာပါ။ ကွန်ပျူတာ သင်မယ်ဆိုရင် စာစီတတ်ရုံ၊ စက်အဖွင့်အပိတ် လုပ်တတ်ရုံနဲ့ လုံလောက်ပြီလို့ ခုထက်ထိ မိဘတွေ မြင်နေဆဲပါ။ တစ်ချို့ မိဘတွေဆိုရင် သူတို့ ကလေး အဲဒီလောက် တတ်ပြီဆိုတာနဲ့ သူတို့ ကလေးကို ကွန်ပျူတာ ပညာရှင်ကြီးဖြစ်ပြီလို့ ထင်နေတတ် ပါသေးတယ်။

တကယ်တော့ ကွန်ပျူတာ အခြေခံအဆင့်ဆိုတာ စာစီတတ်ရုံ၊ စာရိုက်တတ်ရုံဆိုတဲ့ အမြင်ဟာ သတင်းအချက်အလက် နည်းပညာ အမြန်လမ်းမလို့ ပြောလို့ရတဲ့ အပြန်အလှန်အလွယ်တကူ ချိတ်ဆက်နိုင်တဲ့ အင်တာနက် နည်းပညာခေတ်ကြီးမှာ ဒိတ်အောက်သွားခဲ့တာ အတော်ကြာခဲ့ပါပြီ။ တစ်ချို့မိဘတွေ အနေနဲ့ အဲဒီလို ဒိတ်အောက်သွားတဲ့ အနေအထားကို ရိုးရိုးသားသား မသိကြတာ ဖြစ်ပေမယ့် တစ်ချို့တွေကတော့ မသိချင်ရောင် ဆောင်နေတာ၊ ဘာမှအရေးမကြီးပါဘူးလို့ ပစ်ထားတာ တွေ့နေရပါတယ်။

အဲဒီတော့ ခုခေတ်မှာ ကွန်ပျူတာ အခြေခံအဆင့်ဆိုတာ ဘာလဲ။ ဘယ်လောက် တတ်ရမှာလဲလို့ မေးလာမယ်ဆိုရင် ကျွန်တော့်အမြင်အရ ခုခေတ်မှာ ကွန်ပျူတာ အခြေခံအဆင့်ဆိုတာ Netizen လို့ ခေါ်လို့ရတဲ့ အဆင့်လို့ ပြောချင်ပါတယ်။ နက်တီဇင်ဆိုတာ ဘာလဲဆိုတာကို ရှင်းပြရမယ် ဆိုရင်၊ ပထဝီကန့်သတ်ချက်မရှိ ကွန်ယက်ဖွဲ့ချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးအတွင်းမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ ကမ္ဘာ့နိုင်ငံသားပါ။ အွန်လိုင်းမှာ ကောင်းမွန်စွာ ကျင်လည်နိုင်သလို၊ မြန်မာဆိုရင်လည်း မြန်မာဆိုတဲ့ ဓလေ့စရိုက် မပျက်စေပဲ၊ အွန်လိုင်း ကွန်ယက်ထဲမှာ ရပ်တည်နိုင်တဲ့၊ ဘယ်သူနဲ့မဆို အလွယ်တကူ ပေါင်းသင်းဆက်ဆံနိုင်တဲ့ Technology Know-how ဆိုတဲ့ အဆင့်ကို ဆိုလိုပါတယ်။ စာစီတတ်ရုံနဲ့ မလုံလောက်ပါဘူး။ အင်တာနက် သုံးတတ်ရပါမယ်။ အင်တာနက်သုံးတတ်ရုံနဲ့ မလုံလောက်ပါဘူး။ အင်တာနက်ကို မိမိသက်ဆိုင်ရာ နယ်ပယ်အလိုက် အကျိုးရှိစွာ အသုံးချတတ်ရပါမယ်။ အကျိုးရှိစွာ အသုံးချတတ်ရုံနဲ့ မလုံလောက်ပါဘူး။ ကွန်ယက်အတွင်းမှာ အကောင်းဆုံး ချိတ်ဆက် ဝင်ဆန့် နိုင်ရပါမယ်။ ဝင်ဆန့်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရပါမယ်။ အဲဒီအဆင့်ရောက်မှသာ ကွန်ပျူတာ အခြေခံအဆင့် တတ်ပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီတော့ ကိုယ့်သားသမီးကို နက်တီဇင်ဖြစ်ဖို့ ဘယ်လို ထိန်ကျောင်းရမလဲ။ အဲဒီလို အနေအထားရောက်လာပြီ ဆိုရင် နှစ်ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက မိဘတွေရဲ့ အပိုင်းဖြစ်ပြီး တစ်ပိုင်းကတော့ သင်တန်းတွေရဲ့ အပိုင်းပါ။ ခုချိန်မှာ မိဘအများစုဟာ အွန်လိုင်းကွန်ယက်၊ အွန်လိုင်း အဖွဲ့အစည်းဆိုတဲ့ နေရာတွေနဲ့ အလှမ်းဝေးနေတတ်ပါတယ်။ သူတို့ကိုယ်တိုင် Web 2.0 ဆိုတဲ့ အခြေအနေကို မသိပဲ အင်တာနက်ဆိုတာ ပုံမှန် တယ်လီဖုန်းလို စျေးသက်သာတဲ့ ဆက်သွယ်ရေး နည်းပညာ တစ်ခုအဖြစ်သာ သိရှိကြတာ များပါတယ်။ အဲဒီအတွက် သူတို့သားသမီးတွေကို နက်တီဇင်ဖြစ်အောင် လုပ်ပေးဖို့ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ သင်တန်းတွေ အနေနဲ့တော့ နက်တီဇင်ဖြစ်အောင် တွန်းအားပေးနိုင် လမ်းညွှန်ပေးနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ ပထမ သင်တန်းတွင်း Community၊ အဲဒီက တစ်ဆင့် Online Community နောက်ဆုံးမှာ နက်တီဇင် ဖြစ်တဲ့အထိ တွန်းပို့ပေးသင့်ပါတယ်။ အဲဒီနေရာမှာ နက်တီဇင်ဆိုတာ သင်ပေးလို့ မရပါဘူး။ လမ်းညွှန်ပေးလို့သာ ရပါတယ်။ လူတစ်ယောက် နက်တီဇင်ဖြစ်တယ် မဖြစ်ဘူးဆိုတာ လက်တွေ့ အင်တာနက်သုံးလား မသုံးဘူးလားဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေတဲ့ အတွက်ပါ။ ဒါကြောင့် နည်းပညာနဲ့ ပတ်သက်ရင်လည်း နည်းပညာနဲ့ ပတ်သက်တဲ့ Community တွေအကြောင်း သင်ပေးပြီး ရဲရဲ တင်းတင်းပါဝင်စေဖို့ လမ်းညွှန်ပေးသင့်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ အခြေခံ အဆင့်ဆိုရင် စာစီတတ်ရုံ၊ ကွန်ပျူတာ ဖွင့်တတ်ရုံ ပိတ်တတ်ရုံနဲ့ လုံလောက်ပြီ ဆိုတဲ့ အမြင်ကို ပြောင်းလဲသင့်ပါတယ်။

(၃) အင်္ဂလိပ်စာလားဖြည်းဖြည်းပေါ့

ဒါကလည်း ခုချိန်ထိ ရှိနေဆဲပါ။ တကယ်တော့ ကျွန်တော်ပြောစရာ မလိုတဲ့ အမြင်ပါ။ လူတိုင်း သိနေပါပြီ။ အင်္ဂလိပ်စာတတ်ဖို့ လိုတယ်ဆိုတာ။ မိဘတွေ ကိုယ်တိုင်လည်း အင်္ဂလိပ်စာကို သူတို့သားသမီးတွေ တတ်ဖို့လိုကြောင်း ကောင်းကောင်း သိကြပါတယ်။ ဒါပေမယ့် အဲဒီလို သိကြပေမယ့်လဲ သူတို့သားသမီးတွေကို တွန်းအားပေးတဲ့ နေရာမှာတော့ အမှားအယွင်းတွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။ ဘယ်လိုမျိုး အမှားတွေလဲဆိုရင် အင်္ဂလိပ်စာကို နိုင်ငံခြားသွားခါနီးမှ သုံးလပြတ်သင်တန်းလို သင်တန်းတွေ တက်ခိုင်းတာပါ။ ပြောရရင် လိုတော့မှ အသည်း အသန် လုပ်တာပါ။

တကယ်တန်း ပြောရရင် ကွန်ပျူတာနဲ့ အင်္ဂလိပ်စာမှာ ကွန်ပျူတာ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ကွန်ပျူတာ အခြေခံအဆင့် တတ်ဖို့ကမှ လွယ်ပါသေးတယ်။ အင်္ဂလိပ်စာ အခြေခံအဆင့် တတ်ဖို့ ပိုခက်ပါတယ်။ ကွန်ပျူတာ အခြေခံအဆင့်ကို တစ်နှစ်နဲ့သင်ရင် အင်္ဂလိပ်စာ အခြေခံအဆင့်က အနည်းဆုံး သုံးဆ၊ အဲဒီတော့ သုံးနှစ်ပေါ့။ အဲဒီလောက် သင်မှသာ လူရိုသေရှင်ရိုသေ၊ ဖတ်နိုင်ရုံအဆင့်၊ အနည်းငယ်ရေး တတ်ရုံအဆင့်၊ အနည်းငယ် နားထောင်တတ်တဲ့ အဆင့် ရောက်ပါတယ်။ ဒါတောင် နေ့ညမလပ် ကြိုးစားလာမှသာ တတ်မှာပါ။ လုပ်လိုက် မလုပ်လိုက် ပြတ်တောင်း ပြတ်တောင်းဆိုရင် တတ်မှာ မဟုတ်ပါဘူး။ အဲဒီလောက်တောင် ကြိုးစားအားထုတ်ရတာမျိုးကို သုံးလလေးလနဲ့ ငါ့သားကြီးတော့ အင်္ဂလိပ်လို ပြောတတ်ပြီ၊ ငါ့သမီးကြီးတော့ အင်္ဂလိပ်စာမှာ ဆရာမကြီး ဖြစ်ပြီလို့ ထင်နေကြတာ ကျွန်တော် တွေ့နေရပါတယ်။

တကယ်တန်းပြောရရင် အရှည်ကြီးပါ။ ငယ်ငယ်ကတည်းက ကလေးကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးအောင် အင်္ဂလိပ်လို ဖတ်တတ်အောင်၊ အင်္ဂလိပ်စာကို ပြောတတ်အောင်၊ ရေးတတ်အောင် သင်ပေးဖို့ လိုပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ကျွန်တော့်တို့တွေ ကြီးလာလေ အင်္ဂလိပ်စာ သင်ရခက်လေပါပဲ။ ပြောရရင် First Language ဖြစ်တဲ့ မြန်မာစာ တစ်ဆင့်ခံ နေတာကြောင့်ပါ။ အင်္ဂလိပ်လို တိုက်ရိုက်စဉ်းစား အင်္ဂလိပ်လို တိုက်ရိုက်တွေးတဲ့ အဆင့်ကို ချဉ်းကပ်ရခက်တဲ့အတွက် တော်တော် ဒုက္ခရောက်ရပါတယ်။ တကယ်တန်း ပြောနိုင်တဲ့ အဆင့်ဟာ အဲဒီလို တွေကတည်းက I’m ready to do that, I’m really have an idea about that. Err, I need to fix these things. Wow! it’s a really huge problem. စသည်ဖြင့် အင်္ဂလိပ်လို တိုက်ရိုက် တွေးနိုင်မှသာ တိုက်ရိုက် ပြောနိုင်ပါတယ်။ (ဒါက ကျွန်တော့် အယူအဆပါ ကျွန်တော် လေ့ကျင့်လာတဲ့ ပုံစံပါ) English as a Second Language ဆိုတာ တကယ်တန်း လုပ်ကြည့်တဲ့အခါ နှစ်ဆ၊ နှစ်ဆ ပိုပင်ပန်းပါတယ်။ First Language အနေနဲ့ သင်ရင် ဘာမှမဟုတ် ပေမယ့် Second Language ဖြစ်တဲ့အတွက် အင်္ဂလိပ်စာ တစ်ခုတည်း တတ်လို့ မရတော့ပါဘူး။ မြန်မာစာလည်း တတ်ဖို့၊ ဖတ်ဖို့ လိုလာပါတယ်။ ဒါကြောင့် အချိန်တွေ ပိုကြာရပါတယ်။ အဲဒီတော့ဗျာ အဲဒီလောက်အကြာကြီး သင်ရမှာကို သုံးလပြတ်၊ လေးလပြတ်နဲ့ အင်္ဂလိပ်စာလုပ်ရင်ရတာပဲ အင်္ဂလိပ်စာလား ဖြည်းဖြည်းပေါ့ဆိုတဲ့ အမြင်ကို မြန်မြန်ပြင်သင့်နေပါပြီ။

(၄) နည်းပညာဆိုင်ရာ အတွေ့အကြုံဆိုတာ အလုပ်ဝင်လုပ်မှ ရတာပါ

ဒါကတော့ ကျွန်တော်နဲ့ ပြောဖြစ်တဲ့ ညီငယ်ညီမငယ်တွေ မှတ်ယူထားကြတဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော် ပုံလေးတစ်ခုကို ပြန်ညွှန်းချင်ပါတယ်။ အဲဒီပုံတွေကို ကျွန်တော် အနက်ရောင်အခန်းဆက်ကကြိုးဆိုတဲ့ Article တွေမှာ အသုံးပြုခဲ့ဖူးပါတယ်။

အပေါ်မှာ ပြထားတဲ့ ပုံကိုကြည့်ပါ။ ဒါက လွန်ခဲ့တဲ့ ငါးနှစ်ကနေ ဆယ်နှစ်အတွင်းက Information Ecosystem ပါ။ Ecosystem ကို နားလည်အောင် ပြောရမယ်ဆိုရင် အချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံနေကြတဲ့ လူမှုအဖွဲ့အစည်း ဖြစ်စဉ်ကြီးကို ဆိုလိုပါတယ်။ သတင်းအချက်အလက် (Information) ဆိုတော့ သတင်းအချက်အလက် နည်းပညာအပေါ်မှာ အခြေပြုထားတဲ့ လူမှုအဖွဲ့အစည်းပေါ့။ လွန်ခဲ့တဲ့ ငါးနှစ်နဲ့ ဆယ်နှစ်အတွင်းက Ecosystem ကို လေ့လာကြည့်မယ် ဆိုရင် The public လို့ခေါတဲ့ အောက်ခြေမှာ လူတွေ အများကြီး ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီကနေ ဟိုးအပေါ်ဆုံး အဆင့်ကို ရောက်တဲ့ အခါမှာ လူအနည်းငယ်ပဲ ရှိပါတော့တယ်။ Small number of creators ပေါ့။ အဲဒီနေရာကို လူနည်းစုပဲ တက်လှမ်းနိုင်ကြပါတယ်။ သူကတော့ Software Development တို့ Mobile Development တို့စတဲ့ Information Industry အပေါ်မှာ မူတည်ပြီး ရေးဆွဲထားတာပါ။ စီးဆင်းတဲ့ ပုံစံကလည်း အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ပုံစံပါ။ အဲဒီ လူနည်းစုက ဖန်တီးလိုက်တဲ့ နည်းပညာ ထုတ်ကုန်တွေဟာ Publisher(ထုတ်လုပ်သူ) တွေဆီရောက်ပါတယ်။ အဲဒီကတစ်ဆင့် Distributors (ဖြန့်ချိသူ) Network (ကွန်ယက်)တွေကို ရောက်ပါတယ်။ အဲဒီကနေ တစ်ဆင့် လက်လီအရောင်းဆိုင်၊ အမှန်တကယ် ထုတ်လွင့်သူတွေဆီ ရောက်ပါတယ်။ နောက်ဆုံးကျမှ လူထုဆီရောက်ပါတယ်။ အဲဒီလို ကြားမှာ အဆင့်ဆင့် ဖြစ်နေတဲ့အတွက် ရလာတဲ့ အမြတ်ဝေစုကလည်း အပေါ်ပိုင်းရောက်လေ နည်းလေပါပဲ။ တကယ်တန်း တီထွင်သူဆီရောက်တဲ့အချိန်မှာ ဘယ်လောက်မှ မကျန်တော့ပါဘူး။

အဲဒီလို Industry မှာတုန်းက အဲဒီ Ecosystem မှာ တကယ်တန်း ထိပ်ကိုရောက်ဖို့ အင်မတန်ခက်ပါတယ်။ အလုပ်အတွေ့အကြုံ ဆိုတာကလည်း Industry ထဲကို ရောက်မှ ရနိုင်တာမျိုးပါ။ ဒါကြောင့် အဲဒီလို Ecosystem မှာဆိုရင် နည်းပညာ အတွေ့အကြုံဆိုတာ အလုပ်ဝင်လုပ်မှ တကယ့် Industry မှာ အလုပ်လုပ်ဖူးမှာ ရနိုင်တာမျိုးဖြစ်နေပါတယ်။ အဲဒီလို Industry တွေမှာ အသားကျခဲ့တဲ့ အမြင်အဖြစ် ရပ်တည်ခဲ့တာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံလို IT Industry သေးငယ်တဲ့ အနေအထားမှာ အလုပ်လုပ်မှ အတွေ့အကြုံရမယ်ဆိုရင် ပြဿနာ တက်ပါပြီ။ အလုပ်လုပ်ခွင့်မရှိလို့ အတွေ့အကြုံမရ၊ အတွေ့အကြုံမရှိလို့ အလုပ်မရ မုန့်လုံးစက္ကူကပ် ပါတော့မယ်။ ဒါဟာ Human Resources ကို တိုက်ရိုက် ထိခိုက် စေပါတယ်။ ကဲ နောက်တစ်ပုံ ကြည့်ရအောင်

အပေါ်မှာ ပြထားတဲ့ ပုံကိုကြည့်ပါ။ ဒီတစ်ပုံကတော့ အခုလက်ရှိ Information Ecosystem ပါ။ အောက်မှာ Public ပါ။ ဒီတစ်ကြိမ်မှာ စီးဆင်းတဲ့ ပုံစံကလည်း တစ်ဖက်တည်း မဟုတ်တော့ပဲ အပြန်အလှန်တိုက်ရိုက် စီးဆင်းပါတယ်။ Creator နဲ့ Public ကြားမှာ ရှိနေတဲ့ကြားခံဆိုလို့ Internet ဆိုတဲ့ Hub of distribution ပါ။ နောက် Creator ရော Public ပါ အသုံးပြုကြတဲ့ ကြားခံ ကလည်း တူပါတယ်။ Creator ကလည်း သူ့ကိုယ်ပိုင် PC ကနေ တစ်ဆင့် Public ကို ဖြန့်ဝေကြသလို Public ကလည်း သူတို့  ကိုယ်ပိုင် PCs, TV, Mobiles စတာတွေကနေ တဆင့် ရယူကြပါတယ်။ အဲဒီအပြင် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကြည့်ရင်လည်း အောက်မှာ ရင်းနှီးရတာ ဘယ်လောက်မှ မရှိပေမယ့် အပေါ်ကို ရောက်တဲ့အခါမှာ Percentage အများကြီး မလျော့သွားတာ တွေ့ရပါလိမ့်မယ်။ အဲဒီလို ထုတ်လုပ်ဖြန့်ချီမှု ပုံစံကို Apple ရဲ့ iOS Application တွေမှာ အများကြီး တွေ့နိုင်ပါတယ်။ ထုတ်လုပ်ဖန်တီးလိုက်တဲ့ Creator က ၇၀% အကျိုးအမြတ်ရရှိပြီး Apple ကတော့ ၃၀% ပဲယူပါတယ်။ တစ်ခြား နေရာ တွေမှာလည်း အဲဒီလိုမျိုးပုံစံတွေ အများကြီး ရှိလာနေပြီ ဖြစ်ပါတယ်။

အဲဒီလို Ecosystem မှာ ဘာတွေဖြစ်လာသလဲ။ ကျွန်တော်တို့ အတွက် ဘယ်လို အခွင့်အလမ်းတွေ ယူဆောင်လာသလဲ၊ လေ့လာကြည့်ရအောင်။ ပထမဉီးဆုံး မြင်သာထင်သာတဲ့ အခွင့်အလမ်းကတော့ ရင်းနှီးမြှတ်နှံမှု လိုအပ်ချက် အရမ်းနည်းသွားတာပါပဲ။ သင့်အနေနဲ့ ခုချိန်မှာ ကွန်ပျူ တစ်လုံးသာရှိ Web Apps ရေးမလား၊ Mobile Apps ရေးမလား။ ဘယ်လောက်မှ မကုန်ကျတဲ့ အနေအထားနဲ့ ရေးလို့ရလာ နေပါတယ်။ အဲဒီအပြင် နောက်ထပ် အားသာချက်၊ IT Industry ကိုယ်တိုင်က အရင်လို အဖွဲ့အစည်း အကြီးကြီးတွေအပေါ်မှာ ဗဟိုပြုထားတာ မဟုတ်တော့ပဲ လူတစ်ဉီးခြင်းစီ၊ Creator တစ်ဉီးခြင်းစီအပေါ်မှာ ဗဟိုပြုလာပါတယ်။ Publisher တွေ မရှိဘူးလား။ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေက အရင်လို တန်ခိုးဩဇာ ကြီးမားကြတာ မဟုတ်တော့ပါဘူး။ စိတ်ကြိုက် Publisher ကိုရွေးချယ်၊ စိတ်ကြိုက် ပလက်ဖောင်းကို ရွေးချယ်ပြီး၊ ကိုယ်စိတ်ကြိုက် အိုင်ဒီယာကို ပုံဖော်လို့ ရလာပါတယ်။ ကဲ ဒီလိုဆို နည်းပညာ အတွေ့အကြုံအတွက် အလုပ်ဝင်လုပ်မှ ဆိုရင်  ဘယ်မှာလဲ Industry၊ အဝေးကြီး သွားရှာ မနေပါနဲ့။ သင့်ရှေ့မှာ ချထားတဲ့ ကွန်ပျူတာ ကိုယ်တိုင်က Industry ဖြစ်နေတာပါ။ ဒါကို အရိုးစွဲလာတဲ့ အမြင်တွေနဲ့ Industry ကို လိုက်ရှာမယ်ဆိုရင် စိတ်ပုတီး လည်ပင်းချိတ်ပြီး လိုက်ရှာနေတဲ့ ကျွန်တော့် အဖွားလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နည်းပညာ အတွေ့အကြုံဆိုတာ IT Industry တွေထဲ ဝင်မှရတာပါကွာဆိုတဲ့ အမြင်ကို မြောင်းထဲ လွတ်ပစ်လိုက်ပါတော့။ မိမိရဲ့ ကိုယ်ပိုင် Industry ကနေ ကိုယ်ပိုင် အိုင်ဒီယာတွေ ကို အသုံးချပြီး Global Level Plain Field ထဲမှာ ဝင်နွဲလိုက်စမ်းပါ။ လူငယ်တွေ အနေနဲ့ လူကြီးတွေကို ရဲရဲဝင့်ဝင့် ပြောလိုက်ပါ။ ကျွန်တော်တို့ Industry က အခု ကျွန်တော် ကိုင်နေတဲ့ ကွန်ပျူတာပဲလို့။

(၅) ကော်ပိုရိတ် လုပ်ငန်းကြီးတွေအတွက် လုပ်မှ အိုင်တီဆိုတာ စီးပွားဖြစ်တာပါကွာ

ဒီအမြင်ကို ကိုထူးမြင့်နောင် ထောက်ပြတဲ့ အချက်ကနေ ရရှိလာတာပါ။ အဲဒီအတွက် ကိုထူးမြင့်နောင်ကို အထူး ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပညာတတ်လုပ်ငန်းရှင်ဆိုတဲ့ ဆောင်းပါးမှာ ကော်ပိုရိတ်လောင်းရိပ် အောက်က ရုန်းထွက်ဖို့ ဆိုပြီး ရေးခဲ့ဘူးပါတယ်။ ဒါပေမယ့် ကိုထူးမြင့်နောင်လို ပြတ်သားတဲ့ အမြင်တစ်ခုကို မရနိုင်ခဲ့ပါဘူး။ ကော်ပိုရိတ်တွေအတွက် ထုတ်ကုန်တွေကို အဓိက လေ့လာခဲ့ရပြီး၊ အဓိက လုပ်ကိုင်ခဲ့သူ ဖြစ်တာနဲ့ အညီ ကော်ပိုရိတ် အတွေး၊ ကော်ပိုရိတ်အမြင်၊ ကော်ပိုရိတ် အစွဲ မကျွတ်ခဲ့ပါဘူး။ အဲဒီအစွဲကို ပထမဉီးဆုံး ချွတ်ပေးခဲ့သူက ကိုထူးမြင့်နောင်ပါပဲ။

ကော်ပိုရိတ် အစွဲဆိုတာ ဘာလဲ။ အဲဒါကို နားလည်အောင် ပြောရရင် ကော်ပိုရိတ် လုပ်ငန်းကြီးတွေအတွက် IT Product တွေ ကြီးကြီးရေး၊ ကြီးကြီးရတဲ့ လမ်းစဉ်ပါ။ တကယ်လည်း မက်လောက်စရာပါ။ တစ်ခုလောက်သာ ပွပေါက်တိုး၊ ဘိုးဘိုးအောင် မမယ့်ကိန်းဆိုက်မယ့် အနေအထားပါ။ ဒါပေမယ့် တကယ်တန်းတိုးကြည့်ပါ။ ကော်ပိုရိတ်ဆိုတာ သူတော်အချင်းချင်း သတင်းလွေ့လွေ့ ကော်ပိုရိတ်ကိုသာ ယုံမှတ် ပုံအပ်ပါတယ်။ ခုမှစတဲ့ ပေါက်စကို ယုံမှတ်ပုံအပ်လေ့ မရှိပါဘူး။ ဒါကြောင့် တိုးကားတိုး၏မရ။ သွားရည်ကျတာသာ အဖတ်တင်တယ်ဆိုတဲ့ အဖြစ်တွေ များလာပါတယ်။ တကယ့်ကို နည်းပါးလွန်းတဲ့ ကော်ပိုရိတ် Market မှာ သူ့နေရာနဲ့သူ ပြည့်နေပြီ ဖြစ်ပါတယ်။

တကယ်တန်း ဖြစ်သင့်တာက ကိုထူးမြင့်နောင်ပြောသလို Consumer Market (စားသုံးသူ စျေးကွက်)ကို အခြေပြုသင့်ပါတယ်။ အဲဒီလို အခြေပြုတဲ့နေရာမှာလည်း အိုင်ဒီယာကောင်းရင် ကောင်းသလို Asian Consumer အဲဒီက တစ်ဆင့် Global Consumer အဆင့်အထိ သွားလို့ရနိုင်ပါတယ်။ ကျွန်တော်အပေါ်က အချက်မှာလည်း ပြောခဲ့ပြီးပါပြီ။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်လို့ ဆိုနိုင်တဲ့ အနေအထားပါ။ ဟာကွာ ပြောတော့လွယ်လိုက်တာ၊ အဲဒီအတွက် အိုင်ဒီယာကို ဘယ်လိုရှာမလဲ။ ကျွန်တော် ရိုးရိုးလေး တွေးကြည့်တာတောင် အများကြီးရှိနေပါတယ်။ မတွေးလို့ မရှိသေးတာ၊ မလုပ်လို့ မရှိသေးတာလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ကိုစေတန်တို့ လုပ်သွားတဲ့ Ornagai Dictionary လိုမျိုးတွေ၊ နောက် ကိုအောင်စည်သူ လုပ်ထားတဲ့ iPhone Game တွေ အဲဒီအပြင် ကိုမြင့်ကျော်သူရဲ့ Total Game Play Studio တွေက သက်သေ ကောင်းကောင်း ပြလို့ရပါတယ်။ ဒါကြောင့်မို့ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲ ဖြစ်ဖြစ်၊ အတွေ့အကြုံအတွက်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ်ပိုင်စီးပွားရေးပဲ ဖြစ်ဖြစ် Consumer အခြေပြုထုတ်ကုန်တွေ ထုတ်လို့ရပါတယ်။ စမ်းသပ်လို့ရပါတယ်။ စီးပွားဖြစ်အောင် လုပ်လို့ရပါတယ်။ မင်းကလည်းကွာ။ ခိုးကူးကြမှာပေါ့။ ဒါဆိုရင်တော့ ကိုထူးမြင့်နောင်လို ခိုးမကူးတဲ့ နည်းစနစ်တစ်ခုကို ဖန်တီးပြီး ရောင်းပါလို့ ဆိုချင်ပါတယ်။ ဒီတော့ဗျာ ကော်ပိုရိတ်လုပ်ငန်းကြီးတွေအတွက် လုပ်မှ အိုင်တီဆိုတာ စီးပွားဖြစ်တာပါကွာ ဆိုတဲ့ အမြင်ကို ခုချက်ချင်း ပြောင်းလဲ ပစ်သင့်ပါတယ်။

ဆက်ပါဉီးမယ် …

Facebook comments:

11 Responses

  1. kyawminlwin says:

    [[ကဲ ဒီလိုဆို နည်းပညာ အတွေ့အကြုံအတွက် အလုပ်ဝင်လုပ်မှ ဆိုရင် ဘယ်မှာလဲ Industry၊ အဝေးကြီး သွားရှာ မနေပါနဲ့။ သင့်ရှေ့မှာ ချထားတဲ့ ကွန်ပျူတာ ကိုယ်တိုင်က Industry ဖြစ်နေတာပါ။ ဒါကို အရိုးစွဲလာတဲ့ အမြင်တွေနဲ့ Industry ကို လိုက်ရှာမယ်ဆိုရင် စိတ်ပုတီး လည်ပင်းချိတ်ပြီး လိုက်ရှာနေတဲ့ ကျွန်တော့် အဖွားလို ဖြစ်နေပါလိမ့်မယ်။ ]]
    Perfect Bro !
    Now I understand what can I do.

  2. Goo Goo says:

    အရမ်းကောင်းတဲ့ ပို့စ်ပဲဗျာ.. ဒီလိုပြောင်းလဲသင့်နေတာ ကြာပါပီ.. ကျွန်တော်ကိုယ်တိုင်လဲ အပေါ်က ၄ မျိုးကို အမြင်ပြောင်းခဲ့တာ ကြာပီ ဆိုပေမယ့်.. နံပါတ် ၅ အချက်ကိုတော့ အခု ဒီစာဖတ်ပီးမှပဲ သေချာ အစွဲကျွတ်သွားတော့တယ်… ကျေးဇူးပါ ကိုသီဟနဲ့ ကိုထူးမြင့်နောင်ရေ… :)

  3. Ngwe Tun says:

    ကိုသီဟ
    အထက်က အချက် ၄ချက်လုံး ကိုယ်ရေးကိုယ်တာ အမြင်များအတွက် ကျွန်တော် ထောက်ခံပါတယ်။

    နောက်ဆုံးအချက် ၅ ကတော့ အမြဲတမ်းမမှန်ဘူးဗျ။ ကိုယ့်ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အား၊ လုပ်ဆောင်နိုင်မှု၊ စျေးကွက်နေရာရမှုနှင့် ဝန်ဆောင်မှုတွေပေါ်မှာ ထည့်တွက်ရတာဗျ။

    http://www.microsoft.com/investor/reports/ar09/10k_fr_not_21.html

    အဲဒီမှာကြည့်
    Revenue Operating Income (loss) Net Balance
    Client $ 14,414 Mil $ 10,435 Mil $ 3979 Mil
    Server $ 14,135 Mil $ 5,047 Mil $ 9088 Mil

    ကဲ နောကျဆုံးအကြိုးအမွတျကိုကွညျ့ ဘယျကိုသှားသငျ့သလဲ ဆိုတာ။

    Corporate ကို တစ်ချိန်ရောက်ရင် အဆင်သင့်ရင် သွားကို သွားရမှာ။ အမြဲတမ်း ဆုပ်ကိုင် ထားစရာမလိုဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး နည်းဗျူဟာကို ချရမှာ။ Consumer Market မကောင်းဘူး မလုပ်ရဘူးလို့ မပြောဘူး။ သူမှာလည်း အကျိုးအပြစ်နဲ့ဗျ။

    Oracle ဆိုတာကြားဖူးလား။ ကျွန်တော်တို့ ကွန်ပျူတာထဲမှာ သူ့ပရိုဂရမ်တွေ တွေ့မိလား? ခင်ဗျားသူငယ်ချင်း ကွန်ပျူတာထဲမှာ Oracle ပရိုဂရမ်တွေ တွေ့မိလား? MySQL, Java နဲ့ Open Office ကလွဲရင်ပေါ့ဗျာ။ ကမ္ဘာ အဆင့် အချမ်းသာဆုံး အမှတ် ၃ က Oracle က Larry Ellison ဗျ။

    ကျားက တစ်နေ့လုံး အိပ်နေတာဗျ၊ ညနေကျမှ တစ်နေ့လုံး အစာရှာလာတဲ့ သမင်ကို စားလိုက်ပုံဘဲ။ ခင်ဗျား ကျားဖြစ်အောင် အရင်လုပ်။

    • THIHA says:

      ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားမှာတော့ ကော်ပိုရိတ် ဘီဇနက်တွေဖက်ကို ကျွန်တော်တို့ ချဉ်းကပ်ဖို့ အင်မတန် မလွယ်ပါဘူး။ တကယ်တန်း Corporate Market မှာဆိုရင် ပြည်တွင်းမှာ ကျားဖြစ်ဖို့ မလွယ်ပါဘူး။ Oracle အနေနဲ့က နိုင်ငံတကာမှာ ရှိတဲ့ Corporation ကြီးတွေကို အုပ်မိတဲ့အတွက် အဆင်ပြေနိုင်ပေမယ့် ကျွန်တော်တို့ အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ကော်ပိုရေးရှင်း တစ်ခုကိုတော့ အုပ်မိဖို့ မလွယ်ပါဘူး။ အဲဒီလို မအုပ်မိတိုင်းသာ ရှေ့ဆက်နေမယ် ဆိုရင် အချိန်ကုန် လူပန်းတာပဲ ကျန်မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
      ဒါပေမယ့် Consumer အခြေပြု Market အတွက်ကတော့ ပြည်တွင်း အနေအထားမှာ ခက်နေဆဲပါပဲ။ ဒါပေမယ့် အိုင်ဒီယာ ကောင်းကောင်းနဲ့ Web Apps တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင် အွန်လိုင်း Market ကို အလွယ်တကူ တက်လှမ်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

  4. cmmung says:

    i agree with ko ngwe tun

    “ကျားက တစ်နေ့လုံး အိပ်နေတာဗျ၊ ညနေကျမှ တစ်နေ့လုံး အစာရှာလာတဲ့ သမင်ကို စားလိုက်ပုံဘဲ။ ခင်ဗျား ကျားဖြစ်အောင် အရင်လုပ်။”

  5. saturngod says:

    သူငယ်တန်းကနေ Third year ထိ နှစ်ပေါင်း ၁၄ နှစ်လောက်ထိ သင်လာတာ ဘာလို့ စကားပြောတောင် ကောင်းကောင်းမပြောတတ်တာလဲ ? နောက်ပြီး ဘာလို့ အင်္ဂလိပ်စာ ဖတ်ဖို့ကြောက်နေတာလဲ။ ကိုယ့်အလှည့်တုန်းကလို စဉ်းစားမိသေးတယ်။

    အဲတုန်းက BC စသွားတာ။ အဘွားကြီးက English လိုတွေ ပြောရင် ဘာတွေ ပြောမှန်းမသိ။ အဲတုန်းက အဲဒီ အဘွားကြီးကို မုန်းပါ့။ သူရိှနေရင် စာအုပ်သွားမအပ်တော့ဘူး။ စာအုပ်လည်း မငှားဘူး။ ဝေ့လည် ဝေ့လည်နဲ့ နေပြီး အဘွားကြီး မရိှတော့မှ အပ်တာတို့ ငှားတာတုိ့ လုပ်ရဲတယ်။ တကယ်တော့ မရဲတာ။ နားမလည်တာ မဟုတ်ဘူး။ သူပြောတာတွေကို နားလည်ပေမယ့် ပြန်ပြောဖို့ စကားလုံးစီနေတာက တော်တော်ကြာတယ်။ တနည်းပြောရင်ဗျာ Second Language ဖြစ်နေတာကြောင့်လည်းပါတယ်။ စာအုပ်ဖတ်တာကတော့ ငယ်ငယ်ကတည်းက မပျင်းခဲ့တော့ သိပ်အခက်အခဲ မရိှဘူး။ ဒါပေမယ့် တကယ့် အရေးအသားကောင်းပါတယဆိုတဲ့ စာအုပ်တွေတော့ ဖတ်ရမှာ အတော်ပျင်းသား။ ၁၀ တန်းအောင်ပြီး နောက်ပိုင်း BC မှာ စာအုပ်တွေ ငှားဖတ်တော့လည်း Computer စာအုပ်တွေပဲ။ ဝတ္ထုဆိုလို့ ဖတ်ဖူးတာ ၃ အုပ်လောက်ပဲရိှတယ်။ ၂ နှစ်အတွင်းမှာ ၃ အုပ်လောက်ပဲ ပြီးအောင် ဖတ်ဖူးတယ်ဆိုတာ စဉ်းစားကြည့်ရင် ရယ်တော့ ရယ်ရသား။ Computer စာအုပ်တွေက အသစ်လည်း မလာ ဖတ်ချင်တဲ့စာအုပ်တွေ ကုန်သွားတာနဲ့ ဆက်မငှားဖြစ်တော့ဘူး။

    စဉ်းစားကြည့်လုိက်ရင် ကျွန်တော် ဒါတွေ လုပ်သင့်တယ်ဆိုတာ အဲတုန်းက မသိတာ။ ဒါတွေ လုပ်ရမယ်ဆိုတာကို မသိတာတွေကြောင့် နောက်ကျကုန်ရတာ။ နောင်တတော့ မရပါဘူး။ နောင်တ ရစရာလည်း မရိှပါဘူးလေ။ သို့ပေမယ့် ဒါလုပ်လို့ ပြောမယ့် အစား ဒါတွေ လုပ်ရင် ဘာတွေထူးလာမလဲဆိုတာကို စဉ်းစားတတ်ဖုိ့ လိုလာပြီ။ ဒါတွေ လုပ်လိုက်ရင် ရလာမယ့် ကောင်းကျုိး ဆိုးကျုိးကို ကျွန်တော်တုိ့တွေ စဉ်းစားတတ်တဲ့ ဉာဏ်လုိလာပြီ။

    ကျွန်တော် တက္ကသိုလ်သာ တက်နေတယ် အများကြီး မစဉ်းစားဖြစ်ဘူး။ ဝါသနာပါတဲ့ ကာတွန်း စာအုပ်တွေပဲ ဖတ်နေတယ်။ အခုလည်း မထူးပါဘူးလေ။ ကောင်းပေ့ဆိုတဲ့ ဝတ္ထုထက် Getting Real လိုမျုိး စာအုပ် Smashing က စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ်။ :D

  6. wai lin says:

    I don’t know where to write for fonts problems, So, plz let me write it here. I read this site almost every days using my iphone but since you guys change the fonts system, i can’t read it anymore. could u guys plz make sure it can read it on apple devices even it doesn’t have the fonts. thanks
    Keep Rolling.

    • Thiha says:

      Thanks for letting me know that. I will fix that problem as soon as possible. I’m now disabling the iPhone theme for temporary and will be back soon. Please use the original theme for a while. Thanks.

  7. Thanks ,KO Thiha..
    Thus really great
    We should really need to change our idea…….

Leave a comment


*