ကျွန်တော်တို့ ရှက်တတ်ဖို့ အရင်လုပ်ရပါဦးမည်
ကျွန်တော့် သူငယ်ချင်းတစ်ယောက် အပြောကို ပြန်ဖောက်သည်ချချင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းက ယိုးဒယားကို သွားလည်တော့ အဲဒီက ယိုးဒယားနိုင်ငံသား တစ်ယောက်နဲ့ စကားပြောရင်း မေးဖြစ်တဲ့ အကြောင်းပါ။ သူတို့ဆီမှာ နည်းပညာဆိုင်ရာ Software တွေနဲ့ ပတ်သက်ပြီး ခိုးကူးခွေတွေ ရှိမရှိ ကျွန်တော့် သူငယ်ချင်းက မေးတော့ တစ်ဖက်က ယပက်လက်က ရှိတယ်လို့ ဖြေပါတယ်။ မသုံးဘူးလားဆိုတော့ သုံးပါတယ်လို့ တိုးတိုးလေး ပြောပါတယ်။ အဲဒါနဲ့ ဘာဖြစ်လို့ တိုးတိုးပြောရတာလဲ ဆိုတော့ ရှက်စရာကောင်းလို့တဲ့။
အဲဒီ အဖြစ်အပျက်လေးက ဘာမှ သိပ်ထူးတဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်စရာရှိပါတယ်။ ကျွန်တော့် သူငယ်ချင်းဆီက အဲဒီအဖြစ်အပျက်ကို ကြားတယ်ဆိုတာနဲ့ ကျွန်တော်လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့် ဖြစ်ပါတယ်။ မင်းရော အဲဒီလို ခိုးကူးထားတဲ့ Software သုံးရတာ ရှက်လားလို့။ အဲဒီလို မေးခွန်းတွေ မေးပြီး ကိုယ့်စိတ်ထဲကို ပြန်ကြည့်မိတော့ တစွန်းတစလေးမှ ရှက်စိတ် ရှိမနေတာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော် တစ်ခြားသူငယ်ချင်းတွေကို မေးဖြစ်ပါတယ်။ ရှက်လားလို့။ ဘယ်သူမှ ရှက်ရကောင်းမှန်း မသိတော့ပါဘူး။
ကျွန်တော်တို့ အစတုန်းကတော့ မဝယ်နိုင်လို့ သုံးကြတာပါ။ အဲဒီလို သုံးကြရင်း မုန့်လုံးစက္ကူ ကပ်လာလိုက်တာ မဝယ်နိုင်လို့ ခိုးကူးသုံး၊ ခိုးကူးသုံးတော့ စျေးကွက်မရှိ၊ စျေးကွက်မရှိတော့ မဝယ်နိုင် စသည်ဖြင့် ဂျာအေး သူ့ အမေရိုက်နေခဲ့ပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ ရှက်ရ ကောင်းမှန်း လုံးဝ မသိကြတော့ပါဘူး။ အဲဒီအပြင် ပုံမှန် ယဉ်ကျေးမှူတစ်ခုလို ဖြစ်နေပါပြီ။ စက်ဝယ်ရင် Software တွေ အလကားရတယ်ဆိုတာ လူတိုင်း လက်ခံနေတဲ့ ကျွဲဖြစ်သွားတဲ့ ဤ ဖြစ်နေပါပြီ။ ကျွန်တော်တို့ လုံးဝ (လုံးဝ) မရှက်ကြတော့ပါဘူး။
ကျွန်တော့်သူငယ်ချင်းလဲ ယပက်လက်က တစ်ယောက်က ရှက်တယ်ဆိုတော့ နည်းနည်း စိတ်ဝင်စား သွားပါတယ်။ ဘာဖြစ်လို့ ရှက်ရတာလဲလို့ ဆက်မေးဖြစ်ပါတယ်။ အဲဒီတော့ သူပြောပြတာက ရှင်းရှင်းလေးပါ။ Intellectual Property ဆိုတဲ့ စကားလုံး နှစ်လုံးပါ။ သူတို့က အဖမ်းခံရမှာ စိုးလို့ မဟုတ်ပါဘူး။ Pirate သုံးရမှာ ရှက်လို့ပါ။ Intellectual Property ကို လေးစားတန်ဖိုးထားတတ်လို့ပါ။
တကယ်တန်း Software တစ်ခု ဖြစ်လာဖို့ ဆိုတာ မလွယ်ပါဘူး။ အဖွဲ့အစည်းအကြီးကြီးမှာ လူပေါင်း မြောက်များစွာ ရေးကြရသလို၊ အဖွဲ့အသေးလေးနဲ့ ရေးမယ်ဆိုရင်လဲ၊ နေ့ပေါင်း ညပေါင်း ဦးနှောက်ပေါင်း မြောက်များစွာ ရင်းနှီးပြီးမှ ဖြစ်ပေါ်လာတာတွေပါ။ ကျွန်တော့် အထင်အရတော့ တူသော အကျိုးပေးတဲ့ သဘောအရ တီထွင်ဖန်တီးမှု ဦးနှောက်တွေကို ခိုးရင် ကျွန်တော်တို့ ပြန်ရမယ့် အကျိုးဆက်က ဦးနှောက်တွေ ချို့တဲ့တာပါပဲ။ အင်မတန် ရှက်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်တယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိသာနိုင်ပါတယ်။ သူများ ပစ္စည်းခိုးတာထက်ကို ပိုပြီး ကြီးမားတဲ့ အပြစ်ရှိပါတယ်။ ရှက်စရာ ပိုကောင်းပါတယ်။
ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ဒီစာကိုရေးနေစဉ်မှာပဲ တကယ့်ကို ရင်ထဲ အသည်းထဲကနေ လှိုက်လှုက်လှဲလှဲ မရှက်မိသေးပါဘူး။ လိပ်ပြာ မလုံတာလောက်တော့ ခံစားမိပါတယ်။ ဒါဟာ တကယ်တော့ မလုံလောက်သေးပါဘူး။ တကယ့်ကို ရှက်စရာ အဖြစ် အလိုလို ခံစား သိရှိလာအောင် လေ့ကျင့်ဖို့ လိုနေပါတယ်။
ကျွန်တော်တို့ အဲဒီလို ခိုးကူးခွေလို့ ပြောလိုက်တာနဲ့ မဝယ်နိုင်လို့ဆိုတာ တွဲပါလာပါတယ်။ အဲဒီနေရာမှာလဲ မဝယ်နိုင်တဲ့ သူတွေ လေ့လာနိုင်စေဖို့ Microsoft လိုကတောင် Express Edition တွေ ထုတ်ပါတယ်။ အဲဒီလိုတွေကနေ လေ့လာလို့ရပါတယ်။ အဲဒီအပြင် ဝယ်လိုအားများလာတာနဲ့အမျှ Localized Price တွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် Kaspersky Internet Security ကို အွန်လိုင်းက ဝယ်မယ်ဆိုရင် အနည်းဆုံး ၇၉ ဒေါ်လာလောက် ပေးရပါတယ်။ ဒါပေမယ့် အပြင်မှာ သွားဝယ်တဲ့အခါ ၂သောင်းလောက်နဲ့ ရပါတယ်။ တစ်နှစ်စာကို နှစ်သောင်းဆိုတော့ တစ်လကို ဘယ်လောက်မှ မကျတော့ပါဘူး။
အဲဒီလိုပဲ ဗီယက်နမ်နိုင်ငံမှာလဲ Microsoft OS တွေအတွက် Localized Price တွေ သတ်မှတ် ပေးထားပါတယ်။ ပုံမှန် စျေးနဲ့ ဘာမှကို မဆိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒီလို ဝယ်လိုအားအပေါ် မူတည်ပြီး ပြည်တွင်းစျေးတွေနဲ့ ရောင်းဖို့ဆိုတာ ခိုးသုံးနေတဲ့ အလေ့အထနဲ့တော့ ဘယ်တော့မှ ဖြစ်လာမယ် မထင်ပါဘူး။
ကိုဇော်ထွဋ်နဲ့ အင်တာဗျူးတော့ ကိုဇော်ထွဋ်ပြောတာ မှတ်မိပါသေးတယ်။ အဲဒီလို ခိုးသုံးနေကြမယ်ဆိုရင် ဘယ်တော့မှ ပြည်တွင်းမှာရှိတဲ့ Software စျေးကွက် နလန်ထူလာမှာ မဟုတ်ဘူးလို့ ကိုဇော်ထွဋ်က ပြောပါတယ်။ ဟုတ်ပါတယ်။ ပြည်ပက စျေးအကြီးစား Software တွေကို တစ်ထောင် လောက်နဲ့ ဝယ်လို့ ရနေမှတော့ ပြည်တွင်းက Software ကို တစ်သိန်းပေးပြီး ဘယ်သူမှ မဝယ်လိုပါဘူး။ အဲဒီအတွက် ပြည်တွင်းက တီထွင်ဖန်တီးလိုသူတွေအတွက် Incentive (မက်လုံး)မရှိတော့ပါဘူး။ ဒီတော့ ရှုံးမှာကို ဘယ်သူမှ အပင်ပန်းခံထွင် မနေတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့အတွက် အကြီးအကျယ်ဆုံး ထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် တီထွင်ဖန်တီးမှုဆိုတဲ့ အညောင့်လေးက ဘယ်တော့မှ ပေါက်မှမဟုတ်တော့ပါဘူး။ တကယ်တန်း Software Package တွေ၊ Device Package တွေ တီထွင်ထုတ်လုပ်သူတွေ အနေနဲ့တောင် အဓိက အကျဆုံး ပြဿနာက ခိုးသုံးမှာကို ကြောက်တာ ဖြစ်မယ်ထင်ပါတယ်။ အဲဒီအတွက် နည်းလမ်းမျိုးစုံသုံးပြီး ကာကွယ် နေကြရပါတယ်။
ကျွန်တော်ကတော့ အဲဒီလို ခိုးသုံးတာကို ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ရှက်လာအောင် အရင်လုပ်ရဦးမယ်လို့ ထင်ပါတယ်။ အဲဒီနောက်မှာ ရှက်တတ်လာပါပြီဆိုရင် ဝယ်တတ်လာအောင် လုပ်ရပါဦးမယ်။ အဲဒီလို ဝယ်တတ်လာမှ တီထွင်ဖန်တီးမှုဆိုတဲ့ အပင်လေး အညောင့် ထွက်လာနိုင်ပါတယ်။
အဲဒီအတွက် ရှက်တတ်အောင် ဘယ်လိုလုပ်ရမလဲ။ ရှက်တတ်လာအောင် အရင် ပြောရမယ် ထင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် အခန်းမှာ၊ ကျွန်တော် စာသင်ခန်းမှ အောက်မှာ ရေးထားတဲ့ စာတွေ ကပ်ထားချင်ပါတယ်။ အဲဒီစာတွေကတော့
’‘ သင် မသိလိုက် မသိဘာသာ သူခိုး အဖြစ်ခံမလား၊ သင်သူခိုး ဖြစ်နေပြီဆိုတာ သိပါသလား ’’
’’ သင့်ဘဝ၊ သင့် သံသရာမှာ အကြံတုံး၊ ဉာဏ်တုံး၊ လူထိုင်း လူန ဖြစ်ချင်ရင် ခိုးကူးများများ သုံးပါ ’’
’’ သင်က ခိုးကူးတာ သုံးနေရင်၊ သင့်တီထွင်သမျှလဲ ခိုးကူးခံရမှာ သေချာတယ်’’
‘‘အခြေခံအကျဆုံး ငါးပါးသီလ လုံချင်ရင် ခိုးကူးမသုံးပါနဲ့’’
ကျွန်တော် စဉ်းစားမိသလောက် ရေးထားတာပါ။ အဲဒီလိုပဲ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာလဲ ထည့်သွင်း ရေးသား သတိပေးသင့်ပါတယ်။ ဒါတောင် ကျွန်တော်တို့ ရှက်တတ်လာအောင် ဘယ်လောက် အချိန်ယူရဦးမယ် မသိပါဘူး။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ရှက်တတ်အောင် ကြိုးစားမယ် ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့် တပည့်တွေကိုလဲ ရှက်တတ်လာအောင် သင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။
အားလုံးကို ခင်မင်လေးစားလျှက် …
သီဟ (Myanmar Links)
Facebook comments:





အကို သီဟရေ .. စိတ်မရှိပါနဲ့ .. ဒီဆောင်းပါးရဲ့ Title ကို ” ကျွန်တော်တို့ ရှက်တတ်ဖို့လည်း လုပ်ရပါဦးမည်” လို့ ပြောင်းလိုက်ပါလား။
ဒီလိုဆောင်းပါးမျိုးကို ဖတ်ရတာ တော်တော်လေး Knowledges တွေ ရပါတယ်။ ကျေးဇူးတင်ပါတယ်။
[...] ရှက်တတ်ဖို့ လုပ်ရဦးမယ် ဆိုပြီး မြန်မာကျူတိုရီရယ်မှာ [...]
[...] [...]
Nice Post !
In my opinion, we must force to use Freeware and Open Source Product !
For Example, Don’t use Microsoft Office, Use Open Office instead.
Same Quality ! Different Price !
Although it is just my suggestion, I welcome all friends to see http://www.minnaing.info/my-free-desktop/ !
တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမဲ့ Adobe လိုမျိုး Software တွေကိုတော့ ခက်ရှက်ရှက်နဲ့ပဲ သုံးရအုံးမှာပေါ့။
ကိုသီဟပြောတဲ့ Ignorance ဆိုတဲ့အဆင့်ကို ကွန်ပြူတာသုံးတဲ့သူတော်တော်များရောက်နေတာတွေ့ရပါတယ်.. ဒါကလဲ တနည်းအားဖြင့်တော့ စိတ်ညစ်စရာအတော်ကောင်းပါတယ်… ဂျာအေးသူ့အမေရိုက်တယ်ဆိုတာထက် ထပ်ပြီးနားလည်အောင် မကြိုးစားတော့တဲ့သူများလာလို့ပါ… copyright law ဆိုတာကို awareness raising အရင်လုပ်ရမယ်ထင်တယ်..
really…this submit article post very good….!!!
I Like this….
နိုင်ငံဖွဲ့ဖြိုးဖို့နှင့်
လူတစ်ယောက်ရဲ့အလုပ်ကိုတန်ဖိုးထားတတ်လာဖို့
အချိန်နှင့်တာန်းဖို့းသိဖို့အရင်လိုအပ်ပါတယ် ကိုသီဟ
ဝင်းဒိုးကိုတောင်မှ ခိိုးသုံးနေကြတော့တခြားဆော့ဝဲယာတော့
ပြောမနေနဲ့တော့…ဝင်ငွေကောင်းတဲ့သူများ နှင့် ဝင်ငွေမျှတာခဲ့ရင်
ဒီကိစ္စတွေ ပျောက်နိုင်ပါတယ်…
တန်ဖိုးတော့ထားပါတယ်..ပညာရှင်မှန်းတော့နားလည်ပါတယ်
ဒါပေမဲ့ငွေက နားမလည်တော့ ခိုးရတယ် ပညာရှင်တွေ ဒပလိုပါတွေကို
တော့ အားဏာတာပေါ့အကို ကိုသီဟ
ကောင်းတဲ့ idea လေးပါ။လေးစာပါတယ်။ကျွန်တော်တို့ မြန်မာတွေ တိုးတက် ကြဦးမှာပါ။
ကျေးဇူးတင်ပါတယ်
ခိုးတာဘာမှားလို ့လဲ ပိုင်ဆိုင်မူ ့တွေ လက်ဝါးကြီး အုပ်ထားရင်တော ့ မတရားဘူးလေ
သူသိသူတက်လုပ်ပြီးဆရာကြီးတွေ ချယ်လှယ်နေရင် ရတဲ့ နည်း နဲ ့ ဆန် ့ကျင်လာတဲ ့ အခါ
ပါ၀င်လာတက်တယ်လေ …လောကကြီးရဲ ့တရားပေါ ့။။။။။။
ကမ္ဘာ ဦးထဲကနော်……….