End User များအတွက် Myanmar Unicode
ယခုနှစ်ဆန်းပိုင်းမှစ၍ Myanmar Unicode သို့တော်တော်များများ ပြောင်းသုံးကုန်ပြီ ဖြစ်သည်။ တချို့လဲ ပြောင်းပြီး မသုံးဖြစ်ကြသေးပါ။ အဓိက အခက်အခဲမှာ font download လုပ်ရတဲ့ အခက်အခဲ မဟုတ်ပါ။ Font တွေက free download လုပ်လို့ရသလို၊ download လုပ်ဖို့ file size ကသေးတယ်ဆိုတော့ connection မကောင်းရင်တောင် ၁ မိနစ်အတွင်း download ဆွဲလို့ရသည်။ ပြီးတော့ တခါတည်းတန်းပြီး install လုပ်၊ browser မှာတန်းပေါ်တော့ အလွန်အဆင်ပြေသည် (Browser တောင် restart ချဖို့မလို)။ အဓိက ပြသနာမှာ Myanmar Unicode Phobia ရောဂါဖြစ်သည်။ ZawGyi စနစ်သည် စက်ထဲတွင် ရှိနေပြီး ဖြစ်သည်။ Myanmar Unicode ကိုသုံးဖို့ system အသစ်ထည့်ရခြင်းမှာ ဘယ်လောက် လွယ်ကူတယ်ဆိုသော်လဲ အလုပ်ကတော့ အလုပ်တခုဖြစ်သည်။ ထို့ကြောင့် ရှိပြီး ZawGyi ထက်ပိုကောင်းမှသာ အလုပ်ရှုပ်ခံ ထည့်ရတာ အဓိပ္ပါယ်ရှိမည်။ Myanmar Unicode ပညာရှင်များပြောသော Searching တွေ sorting တွေဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်၊ တိုင်းရင်းသား ဘာသာ မရတော့လဲ ဘာမှမဖြစ်၊ သုံးချင်သူတွေ သူတို့ font သူတို့ထည့်သုံးလိမ့်မည်၊ ကိုယ်မှ သုံးနေတာ မဟုတ်တာ၊ ဗမာစာနဲ့ အင်္ဂလိပ်စာရ တော်ရောပေါ့။ Standard ဖြစ်တာ မဖြစ်တာလဲ၊ ကိုယ်နဲ့မဆိုင်။ ဒါက ပညာရှင်တွေ အလုပ်သက်သက် ဖြစ်သည်။
ဒါဆို ဘာကြောင့် Myanmar Unicode ကို ပြောင်းသုံးမည်နည်း။ Myanmar Unicode စနစ်ကို end-user level (စာစီစာရိုက်) တွေမှာ သုံးခြင်းဖြင့် ကိုယ့်အတွက် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေကို အောက်မှာ ဖော်ပြလိုက်ရပါတယ်။
််် စက်ဝိုင်းများ
Myanmar Unicode မှာပါတဲ့ စက်ဝိုင်းတွေကို အထင်မသေးပါနဲ့။ တကယ် စာရိုက်တဲ့နေရမှာ အတော်အထောက်အကူ ပြုပါတယ်။ အရင် ZawGyi တုန်းက အသတ်တွေ၊ တချောင်းငှင်တွေ နှစ်ခါသုံးခါ ရိုက်မိရင် ဘယ်လိုမှ မသိနိုင်ပါဘူး။ ဘာလို့ဆို သူတို့က ထပ်ထပ်နေတော့၊ ဘယ်နှစ်လုံး ရိုက်မိမှန်းမသိ၊ ပြန်ဖျက်ရတာလဲ ဘယ်နှစ်လုံး ပြန်ဖျက်ရမှန်းမသိ၊ တော်တော် ရှုပ်ပါတယ်။ မဖျက်ဘဲ ထားပြန်ရင်လဲ မဲမဲကြီးတွေ ဖြစ်နေပြီး တော်တော် ကြည့်ရဆိုးပါတယ်။ Myanmar Unicode မှာ အသတ်နှစ်ခါ ်် ရိုက်မိရင် ဝလုံးနဲ့ပြပါတယ်။ အမှားကို ချက်ချင်းမြင်ပြီး ချက်ချင်း ပြင်နိုင်ပါတယ်။ ဒါကြောင့် Myanmar Unicode သုံခြင်းဖြင့် ဗမာစာ ရေးရတဲ့ စိတ်ရှုပ်စရာတွေ နဲသွားပါမယ်။ နောက်ပြီး ZawGyi မှာ ြျှုူ် တွေဒီအတိုင်းပြချင်ရင် ပြလို့ကို မရပါဘူး။ တခုနဲ့တခု ထပ်ပြီးနေတော့တာပါဘဲ။ ဒီလို အက်ခရာတခုချင်း ရိုက်မရတာ တကယ်တော့ သိပ်အဓိပ္ပါယ်မရှိပါဘူး။ အသုံးပြုသူတွေ အနေနဲ့ ရေးချင်ရေးနိုင်အောင် ခွင့်ပြုထားသင့်ပါတယ်။ ဒီမှာတော့ အက်ခရာ နေရမှာတောင် ဝလုံး အစက်လေးတွေတောင် ပြထားတော့ အရမ်းကို အဆင်ပြေပါတယ်။
Limited Spell Checker
ဉလေးကို ဥ နဲ့လွဲလွဲပြီး အစဉ်တစိုက် ရေးခဲ့ပါသလား? ဟုတ်ပါတယ်၊ ကျွန်တော်လဲ အရင်က ဒီလိုဘဲ ရေးလာတာပါ။ ခု Myanmar Unicode ပြောင်းသုံးလိုက်တော့ သူက ရေးခွင့်ကို မပေးပါဘူး။ စလုံးရေး ဥသတ်ဆို “စဥ်” ဆိုပြီးပြပါတယ်။ စလုံးရေး ညလေးသတ် ဆိုမှ “စဉ်” လို့ အမှန်ပြပါတယ်။ ကဲ၊ ဘယ်လောက် မိုက်သလဲ။ ဉလေးမှ မဟုတ်ပါဘူး၊ Myanmar Unicode မှာ ရေးထုံးမမှန်ရင် ဒီလို ဝလုံးတွေနဲ့ ပြပါတယ်။
- ကြိး (လုံးကြီးတင်နဲ့ဆို မှား) -> ကြီး (လုံးကြီးတင်စံခတ်မှ အမှန်) ၊
- ဥာဏ် (ဥရေးချာဆို မှား) -> ဉာဏ် (ဉလေးမှ အမှန်)၊
- ေဝ (သုညနှင့်ပေါင်းလျှင် မှား) -> ဝေ (ဝလုံးနဲ့မှ အမှန်)၊
စသည်ဖြင့် ပြပေးတော့ ကိုယ့်အမှားကို ချက်ချင်းသိ ချက်ချင်းပြင်နိုင်တာပေါ့။ အရင်က ကိုယ်ဒီလိုရေးရင် မှားမှန်းကို မသိခဲ့တာတွေ Myanmar Unicode ပြောင်းသုံးတော့မှ အမှားတွေမှန်းသိလာ ခဲ့ရပါတယ်။ ဒီတော့ Myanmar Unicode ကိုပြောင်းသုံးကြည့်ပါ၊ သင့်ရဲ့ရေးထုံး သတ်ပုံတွေ ပိုမှန်လာတာကို တွေ့ရပါလိမ့်မယ်။
Automatic Character Shaping
ဗမာစာရေးရင် စိတ်ပျက်စရာ အကောင်းဆုံး အချက်တစ်ခုပါ။ နငယ် ၁ချောင်းငင် နု ရေးဖို့ နငယ်ကို Shift ဖိနှိပ်ဖို့ မေ့သွားပါသလား၊ ZawGyi မှာဆို ပြန်ဖျက်ပြီး ပြန်ရေးရပြီ။ ဗမာစာတွေ စာပိုဒ်လိုက် ရေးဖူးရင် ဒီလို ပြန်ပြန်ဖျက်နေရတဲ့ ဒုက္ခတွေ သိမှာပါ။ ရပင်းတွေ ရရစ်တွေဆိုလဲ ဒီအတိုင်းပါဘဲ။ ရရစ်အကြီးအသေး ခွဲခွဲရေးရတာ တင်မကဘူး၊ တခါတလေ လုံးကြီးတင်ထားဖို့ အပေါက် ဖောက်ရမလား၊ မဖောက်ရဘူးလား ဆိုတာပါ ထည့်စဉ်းစားနေရတော့ ရေးရတာ တော်တော် ခရီးမတွင်ပါဘူး။ မှားရင် ပြန်ဖျက်၊ ပြန်ပြင် ရေးရပါသေးတယ်။ ဒီလိုသေချာ မစဉ်းစားဘဲ ရေးချင်သလို ရေးပြန်ရင်လဲ စာကကြည့်လို့ မလှပါဘူး။ လုံးကြီးတင် ပါတာကို ရရစ်မှာ အဖောက်မဖောက်မိရင်လဲ ကြည့်ရ ဆိုးပါသေးတယ်။
Myanmar Unicode ပြောင်းသုံးလိုက်တာနဲ့ ဒီဒုက္ခတွေ လုံးဝကို ကင်းဝေး သွားပါတော့တယ်။ ရရစ်အသေးလား အကြီးလား စဉ်းစားစရာ လိုကို မလိုတော့လို့၊ စာရေးနှုန်းက သိသိသာသာကို တိုးတက်လာမှာ သေချာပါတယ်။ ရရစ်ကို လုံးကြီးတင်လိုက်ရင်၊ သူ့ဟာသူ အပေါက် ဖောက်သွားပါတယ်။ ဘယ်လောက် မိုက်သလဲ။ ဒါကြောင့် ဥပမာ ကိုယ်ကစာစီစာရိုက် လုပ်ငန်းလုပ်တယ်၊ Unicode နဲ့မဆိုင်ဘူးဆိုတာ မှန်တော့ မှန်ပါတယ်။ ဒါပေမဲ့ Myanmar Unicode သုံးလို့မှ typing ပိုမြန်မယ်ဆိုရင် (standard ဟုတ်တာမဟုတ်တာ အပထား) ပြောင်းမသုံး သင့်ပေဘူးလား။
Pretty Character Shaping
ZawGyi မှာရိုက်မရတာတွေ ရှိတယ်၊ ဥပမာ “မြှောက်စား” လို့ရေးချင်ရင် “မြောက်စား” လို့ဘဲ ရေးလို့ရတယ်၊ ဟထိုးထည့်ရေးရင် တော်တော် ရုပ်ဆိုးတာ။ Myanmar Unicode သုံးရင် စာလုံးတွေက သူ့ဘာသာသူ shape လုပ်နေတော့ တချို့ ZawGyi မှာ မဖြစ်နိုင်တာ၊ မလှတာတွေ အကုန် လှကုန်ပြီ။ ဥပမာ၊ “လျှင်” လို့ရေးရင် ဟထိုးက လျှောလျှောလေး design ပြောင်းသွားတယ်။ “ရုပ်ရှင်” ဆိုရင်လဲ “ရု” မှာရကောက်က ပိုတိုပေးထားတယ်။ ဒါတွေက ဟိုရှေးကတည်းက ရှိတဲ့ ဗမာစာရေးထုံးတွေပါ။ အရင်တုန်းက computer ပေါ်မှာပုံဖော်လို့ မရဘဲ၊ ခုမှရတာပါ။ ဒါကြောင့် စကားကြီး စကားကျယ်ပြောရရင်၊ ရှေးမူလဲ ထိမ်းသိမ်းရာ ရောက်တာပေါ့။ ကိုယ့်အတွက်တော့ ဒီလိုစကားလုံး လှလှလေးတွေနဲ့ စာရေးရတာ ပိုမမိုက်ပေဘူးလား?
Multiple Font Faces
ဒါကတော့ အလှအပမက်တဲ့သူတွေ အတွက် သက်သက်ပါ။ အရင်တုန်းက Win တို့၊ CE တို့သုံးခဲ့တာကို မှတ်မိမှာပါ။ Word ထဲမှာ စိတ်ကြိုတ် font face ရွေးပြီးမှ ရေးခဲ့တာပါ။ ZawGyi ခေတ်ရောက်တော့ font face ဆို လုံးတုံးတုံး ZawGyi တမျိုးဘဲ ရပါတယ်။ ဒါကြောင့် Web သမားတွေလောက်ဘဲ ZawGyi ပြောင်းသုံးပြီး၊ တချို့ Win ဘဲ သုံးနေပါသေးတယ်။ ခုတော့ Myanmar Unicode မှာ font face တွေ အများကြီးသုံးလို့ ရနေပါပြီ။ နောက်လဲ ထပ်ထွက်ဖို့ ရှိပါတယ်။ ZawGyi တုန်းက font face တစ်မျိုးထဲမို့ မသုံးဘဲ Win ဘဲ လက်ဆွဲ လုပ်ခဲ့သူတွေတောင် Myanmar Unicode ပြောင်းသုံးဖို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ Font face လဲ မျိုးစုံရတယ်၊ English နဲ့ဗမာတင်မက တခြား တိုင်းရင်းသာစာတွေပါ ရိုက်လို့ရတယ်ဆိုတာ၊ computerized Myanmarsar မှာခုမှ ရတာဖြစ်ပါတယ်။
ဒါကြောင့် Myanmar Unicode ပြောင်းသုံးဖို့ ဘာလို့ လက်တွန့်နေပါသေးလဲ။ Standard ကိစ္စတွေ၊ sorting/searching တွေ၊ နောက် Internet ပေါ်က standard တိုက်ပွဲတွေကို မေ့လိုက်ပါ။ Myanmar Unicode ပြောင်းသုံးလို့ ကိုယ့်အတွက် အကျိုးကျေးဇူးတွေ တပုံကြီးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က Unicode ပြောင်းသုံးရင် ကိုယ့် သူငယ်ချင်းတွေ ဖတ်မရမှာ စိုးရိမ်နေမဲ့အစား ခုနကပြောထားတဲ့ Unicode အကျိုးကျေးဇူးတွေကို ကိုယ့်သူငယ်ချင်းတွေပါ ပြောပြပြီး သူတို့ကိုပါ Myanmar Unicode သုံးအောင် ဆွယ်လိုက်ကြရအောင်။
Facebook comments:



nice post thanks bro
ကျနော်တို့လို ကွန်ပျူတာကျွမ်းကျင်သူများမဟုတ်သူတွေအတွက် ဗဟုသုတအများကြီးရပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
သိချင်တာလေး နဲနဲမေးပါရစေ ko myintkyawthu ခင်ဗျား။
မြန်မာကျူတိုရီရယ်၀က်ဆိုက်ကြီး …. ယူနီကုတ် ပြောင်းထားတာကတကြောင်း ကျနော်ကိုယ်တိုင် အလုပ်တွေ ရှုပ်နေတာက တကြောင်း ဒီမှာစာမရေးမရေးဖြစ်တာ ကြာပါပြီ။ ၀င်တဲ့ ပတ်စ်၀က်တောင် မေ့ကုန်ပါပြီ။
အခု ယူနီကုတ်နဲ့ရေးတတ်အောင် ကြိုးစားနေပါတယ်။ လက်ရှိတော့ NHM လေးနဲ့ရေးကြည့်နေတာပါ။
စာရေးရာတွင် အဆင်ပြေပါသော်လည်း ရောထားပြီးသားစာကြောင်းများအတွင်းတွင် cursor လေးချလို့ ကြားဖြတ်အနေဖြင့်စာဖြည့်သည့်အခါတွင် တချက်တချက် (အမြဲတော့ မဖြစ်ပါ ၊ ခဏခဏတော့ ဖြစ်တယ်)
ကိုယ်ဖြည့်သောစာများ၏နောက်တွင်ရှိသောစာများ ပျက်သွားခြင်း(သို့) အမျိုးအမည်မသိသော စာများအဖြစ်သို့ပြောင်းသွားခြင်းများ ခဏခဏ ကြုံတွေ့ရပါသည်။ တခါတလေ undo လုပ်လို့မရလို့ စာပြန်ရိုက်ရသည့်အခါများလဲ ရှိပါသည်။
အဲ့ဒါဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာလေးနဲ့ ဘယ်လိုပြင်ဆင်သတိထားရမယ်ဆိုတာလေး သိချင်ပါတယ်။
နောက်တခုတော့ folder name / file name တွေကို ယူနီကုတ်နဲ့ မြန်မာလိုနာမည်ပေးလို့ရပါသလား။ ကျနော်ပေးကြည့်တော့ လေးဒေါင့်တုန်းတွေချည်းဖြစ်နေလို့ ။
ခင်မင်လေးစားလျက်
Thura Naing