ကျောက်နံရံကို ခေါင်းတိုက်မည့် သူများ

ကျွန်တော် မြန်မာ engineer forum ရဲ့ တစ်နှစ်ပြည့် ဂျာနယ်မှာ ရေးခဲ့ဘူးတဲ့ ဆောင်းပါးလေးပါ။ ဒီမှာလဲ ဝေမျှချင်လို့ပါ။ နွေရာသီ ရောက်ပြီဆိုရင် မြန်မာပြည်က လူတိုင်းရဲ ့ စိတ်ထဲမှာ အပင်ကလည်းမရှိ မီးကလည်းမလာနဲ့ ရေကလည်းမသေချာ ဒီနွေကိုဖြတ်သန်းဖို့ ရင်မောနေကြပြီး အမြဲ ပြောနေကြ ပြစ်တင် စကားသံတွေ နေရာတိုင်းမှာ ပဲ့တင်နေတာ ဆယ်စုနှစ်တောင် မကတော့ပါဘူး။ လူအများစု သတိ မထားမိတာက လူတိုင်း မှာလည်း တာဝန်ရှိတယ် ဆိုတာပါပဲ။

အဓိက ကတော့ တိုင်းပြည်ရဲ့တိုးတက်မှု နည်းတာကြာင့် လူငယ်တွေအတွက် တိုးတက်မယ့် အခွင့်အလမ််း၊ တိုးတက်မှုနဲ့ အညီ ထိုက်တန်တဲ့ ခံစားခွင်ရ့ရှိဖို့ စသဖြင့့်် အများကြီး လုပ်ဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် အလုပ်ခွင်ထဲမှာ ကိုယ်နှင့် သက်ဆိုင်သော ပညာရပ်နှင့် အညီ ထိုက်တန်သော နေရာ ရနေသည့် လူလတ်ပိုင်း ဝန်းကျင် လူငယ်တွေမှာ ပိုပြီး တာဝန်ရှိသလို ပိုပြီးလည်း ထိရောက် စေနိုင်တဲ့ အကျိုးပြုမှုတွေ ဖြစ်ပါ်စေရန် လုပ်ဆောင် သင့်ပါတယ်။ ကိုယ်နောက်က မျိုးဆက် လူငယ်ပိုင်းတွေရဲ့ လိုအပ်ချက်တွေကို နားလည်ခံစား လမ်းညွှန် ကူညီပေးနိုင်သလို အထက်ပိုင်း လူကြီးတွေ ဆီက ပညာယူရင်းနဲ့ တစ်ပြိုင်တည်း လူငယ်တွေရဲ့ လိုအပ်မှု လေးတွေကိုလည်း ကူညီပေး နိုင်အောင် တိုက်တွန်း နိုင်ပါတယ်။

ဒီလိုလုပ််ခဲ့မယ် ဆိုရင်တောင် နောက်မျိုးဆက် တစ်ခုအထိ အနည်းဆုံး အချိန်ပေးပါမှ လမ်းကြောင်း တစ်ခုပေါ် အခြေချ မိမှာပါ။ ပြီးမှ ရှေ့ကို ဆက်လျှောက် ကြရမှာပါ။ အခုဆို နေရာ အတော်များများမှာ ကိုယ့်နေရာနဲ့ ကိုယ် တည်မြဲဖို့ တိုးတက်ဖို့ပဲ အာရုံစိုက်နေပြီး ကိုယ့်လူမျိုး၊ နောက်မျိုးဆက် သစ်များအတွက် sharing လုပ်ဖို့၊ တွဲခေါ်ဖို့ဆိုတာ မရှိသလောက် ဖြစ်လာပါပြီ။ အဲဒီလို ရှိတယ် ဆိုရင်တောင် ကိုယ်နဲ့ အမျိုးမကင်း ကျေးဇူးမကင်း တာမျိုး လောက်ပါပဲ။ တစ်ချို့ကတော့ လုပ်ချင်ပါတယ်။ ဒါပေမယ့် လုပ်တဲ့သူတွေ နည်းနေတော့ လုပ်လဲ မထူးပါဘူးပေါ့။ ဒါလဲ ဆင်ခြေပေးနည်း တစ်မျိုးပါ။

မှတ်မှတ်ရရ သူငယ်ချင်း စီးပွားရေးသမား တစ်ယောက်နဲ့ အဲဒီအကြောင်း ပြောဖြစ်တုန်းက သူက လက်ခံပါတယ်။ ဒါပေမယ့် သူ့ကို လူတစ်ယောက်က မေးဖူး တယ်တဲ့။ လူ အယောက် 100 ရှိတဲ့အထဲမှာ 90 ကရူးပြီး 10ယောက်ကမရူးတဲ့ အခြေအနေမှာ ရူးတဲ့ 90 က ကျန်တဲ့ 10 ယောက်ကို အရူးပါလို့ ဝိုင်းပြောရင် ကောင်းတဲ့ 10 ယောက်က အလိုက်သင့် အရူးသိုင်း ကရမှာပါပဲတဲ့။ ဒါက စီးပွားရေးပိုင်း၊ policy ပိုင်းမှာတော့ ပတ်သက်ချင် ပတ်သက် ပါလိမ့်မယ်။ တတ်နိုင်သရွေ့ sharing လုပ်တာ လက်တွဲခေါ်တဲ့ နေရာတွေမှာ တော့မဆိုင်ပါဘူး။

တစ်ကယ်တမ်း သာဆိုရင် အဲဒီလိုလူမျိုးတွေ ဟာပြောခဲ့တဲ့ “လုပ်ချင်ပါတယ်.. ဒါပေမယ့် လုပ်တဲ့သူတွေ နည်းနေတော့ လုပ်လဲ မထူးပါဘူးပေါ့” ဆိုပြီး ဆင်ခြေပေးနေတဲ့ လူမျိုးတွေပါ။ ကိုကိုယ်တိုင်က လူကောင်းဖြစ်ရဲ့သားနဲ့ အများရူးတာကို လိုက်ပြီး ရောချနေတာဟာ သူကိုယ်တိုင်က ကိုယ်ကျိုး ကြည့်ပြီး 91 ယောက်မြောက် အရူးစာရင်း ဝင်နေတာပါ။ ကျွန်တော်လည်း သူငယ်ချင်းကို အခုပြောခဲ့သလို ပြန်ရှင်းပြပြီး ဆရာဖေမြင့်ရဲ့ chicken soup ဘာသာပြန် စာအုပ်ထဲက real story လေး တစ်ခု အကြောင်း ပြောပြလိုက်ပါတယ်။

ဒီလိုပါ…

သူတို့ နိုင်ငံမှာ ပင်လယ်ကမ်းခြေ ရေတက် ပြီးပြန်ကျတဲ့အခါ ကြယ်ငါးလေးတွေ တင်ကျန်နေလေ့ရှိပါတယ်။ နောက် ရေမတက်မခြင်း တရွေ့ရွေ့ နဲ့ပဲ သေကြရပါတယ်။ ပင်လယ်ကမ်းခြေ တစ်လျှောက် ဆိုတော့ အကောင် သန်းချီရှိပါတယ်။ တနေ့ လူတစ်ယောက် လမ်းလျှောက်ရင်း ကမ်းခြေမှာ လူတစ်ယောက် ကြယ်ငါးတွေ လိုက်ကောက်ပြီး ပင်လယ်ထဲ ပြန်ပစ်နေတာ တွေ့ပါတယ်။

ဒါနဲ့ပဲ လူတစ်ယောက်က “ဟေ့လူ …ဒီလောက်သန်းနဲ့ ချီရှိတဲ့အကောင်တွေကို ကယ်ဖို့ ခင်ဗျား တစ်ယောက်တည်းနဲ့ ဘာထူးမှာလဲ” လို့ မေးပါတယ်။

ဘာပြန်ပြောလဲ ဆိုတော့ “ဟုတ်ပါတယ် အကုန်လုံး အတွက်တော့ မထူးဘူးဗျ” ပြောပြီးတော့ ကြယ်ငါး တစ်ကောင်ကို ကိုင်ပြီး ပင်လယ်ထဲ ပြစ်လိုက်ရင်း “လောလောဆယ်တော့ ဒီတစ်ကောင်အတွက် တော့ထူးသွားပြီတဲ့”

ကဲကျွန်တော်တို့ရော တစ်ကောင် ထူးသွားလည်း တန်ဖိုးရှိတဲ့ အရာမျိုးလေးတွေ မလုပ်သင့်ဘူးလား။ ကျွန်တော့် အတွေ့အကြုံအရ အများစုက နေရာရဖို့ သေသေချာချာ တွဲခေါ်ခံရတာမျိုးတွေ မရခဲ့ပဲ ကိုယ့်အား ကိုယ်ကိုးပြီး တက်လာရတာ များတော့ ပြန်ပြီး လက်တွဲ တာမျိုးလုပ်ဖို့ သတိမထား မိကြဘူး။ ကိုယ်က အဲဒီလို လက်တွဲ ခေါ်ခံရဘူးရင် သူများကိုလည်း ကူညီဖို့ စိတ်ဝင်စားကြမှာပါ။ ဒါကြောင့် ကိုယ့်တုန်းက မရပေမယ့် ကိုယ်ကစပြီး တွဲခေါ်ဖို့ သူတို့ကလည်း အခြားသူများကို ပြန်တွဲခေါ်ဖို့  ပညာပေးဖို့ လိုပါမယ်။ ဒါမှ တစ်ယောက်တစ်လက်နဲ့ တိုင်းပြည်အတွက် ရှေ့ဆက်နိုင်မယ်လို့ ထင်ပါတယ် …

Facebook comments:

7 Responses

  1. Thiha says:

    တစ်ယောက်တော့ ထူးသွားပြီ … အဲဒီတစ်ယောက်က ဘီဂိတ်လို ဆိုရင် တစ်ခါတည်း ကိစ္စပြီးသွားနိုင်ပါတယ်။ အဲဒီလို လက်ဆင့်ကမ်းခေါ်လေ့ ရှိတဲ့ အလေ့အထ ပျောက်နေတာ ကြာပြီဗျ .. ခုလို ရေးပြီး သတိပေးတာ ကျေးဇူးပါခင်ဗျ

  2. jumper says:

    I like this…… This is short …but …….very sharp…..!

  3. SYKO says:

    ရေးသွားတာ အကုန် မိုက်တယ်။ ကြိုက်တယ်။
    ရေးသွားတာရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ပါတယ်။
    ဒါပေမယ့် ကျွန်တော်ပြောမှာက နည်းနည်းတော့ မဆိုင်ပါဘူး။

    ဒုတိယ စာပိုဒ်က ပထမစာကြောင်းလေးက ပျင်းတဲ့သူတွေကို ပိုပျင်းပြီး ၊ ဆင်ခြေပေးဖို့ စာလေးဖြစ်နေတယ်။

    >>>အဓိက ကတော့ တိုင်းပြည်ရဲ့တိုးတက်မှု နည်းတာကြာင့် လူငယ်တွေအတွက် တိုးတက်မယ့် အခွင့်အလမ်း၊ တိုးတက်မှုနဲ့ အညီ ထိုက်တန်တဲ့ ခံစားခွင်ရ့ရှိဖို့ စသဖြင့် အများကြီး လုပ်ဖို့ လိုအပ်နေပါတယ်။<<<

    တိုင်းပြည်တိုးတက်မှုနည်းတာ ၊ အကြီးပိုင်းတွေကြောင့်။ မှန်ပါတယ်။
    ဒါပေမယ့် ပြည်သူတွေ အားလုံးရဲ့ စိတ်ဓါတ်ကြောင့်လည်း ပါပါတယ်။ ဥပမာ။ ဂျပန် ၊ တောင်ကိုရီးယား။

    ဆောင်းပါးလေးရဲ့ ခေါင်းစဉ်က “ကျောက်နံရံကို ခေါင်းတိုက်မည့် သူများ”
    တိုက်သင့်ပါတယ်။ ဒီနံရံကြီးကြောင့် မပွင့်ဘူးဆိုတာမျိုးမဟုတ်ဘဲ။ ဒီနံရံကြီးက ကျောက်ကောဟုတ်ရဲ့လားဆိုတာ အရင်စမ်းသင့်တယ်။ ကျောက်ဟုတ်ရင်တောင် မပွင့်မချင်းတိုက်သင့်တယ်။ ကဲ အယောက် ၁၀ဝ ဝိုင်းတိုက်။ ၁၀၀ဝ ၊ ၁၀၀၀၀ဝ ၊ ၁၀၀၀၀၀၀၀၀ဝ ဗျာ။ အားလုံးဝိုင်းတိုက်ရင် ပွင့်မှာဘဲ။ (ခေါင်းကွဲမှာပေါ့လို့ စကားမကပ်ရ)

    ဒါမှမဟုတ် နောက်တစ်နည်း…

    “ဒီကျောက်နံရံကြီးကြောင့် ငါတို့သွားမရဘူးကွာ။ ခေါင်းနဲ့ တိုက်လည်း ခေါင်းဘဲကွဲမှာ ပွင့်မှာ မဟုတ်ပါဘူး” ဆိုပြီးတော့ အဲဒီ့ နံရံရှေ့ထိုင်ပြီး လက်မှိုင်ချနေရင်တော့ ဘာမှမဖြစ်လာပါ။
    ကျောက်နံရံက ဒီရှေ့တင်ဘဲလား။ ဂူပေါက်တွေဘာတွေ ရှိသေးလား။ ဂူပေါက်ကကော ဘယ်အချိန်အပိုင်းအခြားတွေမှာ ပွင့်မှာလဲ (မီးလာ/မလာ ကိုဆိုလိုသည်)။ အဲဒီ့ပွင့်မယ့်အချိန်လေးနဲနဲလေးမှာ တိုးမထွက်နိုင်ဘူးလား။ တခြားလမ်းတွေကကော မသွားနိုင်ဘူးလား။

    ဒါကြောင့် ဒါဖြစ်နေတယ်။ ဒါကြောင့် မလုပ်နိုင်ပါဘူးဆိုတာက လုံးဝကို လက်မခံနိုင်စရာပါ။

    “အကျိုးရှိလို့ အကြောင်းဖြစ်တယ်။ အဲဒီ့ဖြစ်တဲ့အကြောင်းက မကောင်းရင် နောက်ထပ် ဘယ်အကျိုးကနေ အကြောင်းကောင်းအောင် လုပ်မလဲ။” ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်ကတော့ စဉ်းစားပါတယ်။

    Topic ရည်ရွယ်ချက်ကို ပြန်သွားရရင်..
    အပေါ်မှာ ကျွန်တော် ပြောသလို အကြောင်းပြချက်တွေ ပေးမနေဘဲ ချွန်အောင် လုပ်သွားတဲ့သူတွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိပြီးဖြစ်မှာပါ။ သူတို့တွေအနေနဲ့လည်း လက်ဆင့်ကမ်းကြပါတယ်။ အထူးသဖြင့် Forum တွေမှာ အတွေ့များပါတယ်။ ဒါပေမယ့် ခက်တာက ကမ်းတဲ့လက်ကို ၊ နံရံကာထားလို့ ကိုင်မရဘူးဆိုတာမျိုး။ ကမ်းတဲ့လက်ကို ပုတ်ချတာမျိုးတွေလည်း အများကြီးရှိပါတယ်။ ကြာတော့ ကမ်းထားတဲ့သူတွေက မကမ်းချင်တော့ပါဘူး။ (လက်ရှိ Forum များတွင် ဖြစ်နေသည့် အခြေအနေ)
    ကို သီဟ ပြောသွားတဲ့ အဲဒီ့ အလေ့အထ ပျောက်သွားတယ်ဆိုတာကို ၊ ကျွန်တော် သုံးသပ်မိသလောက်ပါ။

    အဲဒီ့လို မကမ်းချင်တော့ ၊ အစ်ကို ပြောသွားတဲ့ ဆီကို ပြန်ရောက်သွားပါတယ်။ “လုပ်ချင်ပါတယ်.. ဒါပေမယ့် လုပ်တဲ့သူတွေ နည်းနေတော့ လုပ်လဲ မထူးပါဘူးပေါ့” ဆိုတဲ့ဆီပေါ့။
    အဲဒီ့တော့ မုန့်လုံးစက္ကူလာကပ်ပါပြီ။

    အဓိကကတော့ ဒီဘက်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့လို လူငယ်တွေပါ။ ကျွန်တော်တို့က ကြိုးစားရပါမယ်။ အခက်အခဲရှိရင် အဲအခက်အခဲကို ကျော်ကြည့်။ ကျော်မရရင် ပတ်သွား။ ပတ်မရရင် ကျင်းတူး။ :) နည်းမျိုးစုံနဲ့ ဇွဲမလျှော့သင့်ပါဘူး။

    ပြီးတော့ လက်ကမ်းတဲ့သူတွေအနေနဲ့လည်း ပြန်ပြီး လက်ကမ်းကြပါလို့ တိုက်တွန်းလိုပါတယ်။ အသေးစိတ် ၊ အနီးကပ်မဟုတ်တောင် ၊ ဆောင်းပါးလေးတွေ ရေးထားခြင်းဟာ တစ်ချိန်မှာ နံရံကျော်နေတဲ့သူတစ်ယောက်က အဲဒီ့လှေခါးလေးတွေ့ရင် လိုက်ပြီး တက်လာလို့ရပါတယ်… လို့ ပြောရင်း ဒီမှာ ရပ်ဦးမယ်ဗျာ…

    “နိုင်ငံကြောင့်ဆိုတဲ့ ဆင်ခြေဟာ လူဖျင်းတွေဘဲ ပေးတတ်ကြတာပါ။ အဲဒီ့မကောင်းတဲ့နိုင်ငံကို ကောင်းတဲ့နိုင်ငံဖြစ်အောင် လုပ်ပေးရမှာ လူတော်တွေရဲ့ တာဝန်မို့ ၊ ဆင်ခြေမပေးနေဘဲ မကောင်းတဲ့နိုင်ငံကို ကောင်းတဲ့နိုင်ငံဖြစ်အောင် လုပ်ကြပါ။”

    စာကြွင်း။ ။ ကျွန်တော်လည်း အသက် ၁၈ လူငယ်တစ်ယောက်မို့ ၊ အဲဒီ့ ဝန်းကျင် အသိဉာဏ် အတွေ့အကြုံနဲ့သာ ရေးသားထားတာ ဖြစ်ပါတယ်။ လိုအပ်ချက်လေးတွေလည်း ရှိနိုင်ပါတယ်။ :)

  4. SYKO says:

    ကို waiphyo ရဲ့ စာသားလေး ၊ အခုခေတ် ဆင်ခြေပေးနေတဲ့ လူငယ်တိုင်း သတိထားသင့်ပါတယ်။
    >>ကိုယ့်အလှည့်မှာ မရပေမယ့် နောက်မျိုးဆက်သစ်တွေအတွက် ပညာဝေမျှခြင်းဆိုတဲ့ လှေကားထစ်လေးတွေ ဖန်တီးကြရအောင်လား…..<<

    ပညာမျှဝေခြင်း ဆိုတာတွေ မရခဲ့တဲ့ ၊
    ကိုယ့်ရဲ့ အစ်ကိုတွေကတောင် ၊
    အခုချိန်မှာ ပညာမျှဝေခြင်း ဆိုတာ ပြန်လုပ်နိုင်နေပြီ ဆိုရင် ၊
    ပညာမျှဝေခြင်း ဆိုတာ ကို
    ရနေရဲ့သားနဲ့ လူငယ်တွေက
    ဘာကြောင့် ပိုပြီးမြန်မြန်ဆန်ဆန် မလေ့လာနိုင်ရမှာလဲဗျာ။

    ဆင်ခြေတွေ ပေးမနေဘဲ ၊ ခုဘဲ လုပ်စရာရှိတာကို လုပ်လို့ရသလောက်လေး လုပ်ကြပါတော့…

  5. waiphyo says:

    ဟုတ်ကဲ့ပါ…အခုလို ဝင်ရောက် ဆွေးနွေးပေးတာတွေဟာ ကျွန်တော် ပြောတာတွေထက်တောင် ပိုပြည့်စုံနေပါတယ်..
    မဖြစ်ဖြစ်တဲ့နည်းနဲ့ …ဝေမျှ တွဲခေါ်ဖို့ကြိူးစားကြသင့်သလို..အခုညီငယ်ပြောတဲ့ ယူမယ့်သူတွေ ဘက်ကလဲ မရရအောင်
    ယူပြီး အကျိုးရှိအောင် အသုံးချမယ်ဆိုရင်…ဉာဏ်ပညာတွေနဲ့ တိုင်းပြည်တိုးတက်အောင် အသေအချာ လုပ်နိုင်မယ်လို့
    အမြဲယုံကြည်နေပါတယ်ဗျာ….

  6. ဟုတ်တယ်ဗျာ။ အစ်ကိုရေးထားတာကိုဖတ်လိုက်မှ။ ဒါကတကယ်ဖြစ်နေတာဗျ။
    reason တွေပဲများနေကြတယ်။

  7. ဟုတ် .. ဆိုင်ကယ်ဦးထုပ်ဆောင်းလိုက်ဦးမယ် .. တကယ်တိုက်မယ်ဆိုရင်တောင် …

    လိုအပ်နေတဲ့ ထောက်ပြမှုကို ကျေးဇူးတင်ပါကြောင်း …

    ရင်နင့်အောင်

Leave a comment


*