နည်းပညာ လေ့လာသင်ယူခြင်းဆိုင်ရာ အတွေးများ

ကျွန်တော်တို့ နည်းပညာ သမားတွေဟာ အမြဲတမ်း လေ့လာသင်ယူနေရလေ့ရှိပါတယ်။ အဲဒီလို လေ့လာ သင်ယူနေကြတဲ့ နေရာမှာ ကျွန်တော့်အနေနဲ့ အပိုင်းနှစ်ပိုင်း ခွဲပြီးမြင်ပါတယ်။ ပထမတစ်ပိုင်းကတော့ Step by Step လို့ခေါ်တဲ့ အဆင့်တစ်ဆင့်ခြင်းစီ သင်သွားရမယ့် အပိုင်းနဲ့ ဒုတိယပိုင်းကတော့ တဖြည်းဖြည်းခြင်း အသိပညာတွေကို ချဲ့ကားသွားရမယ့် အပိုင်းပါ။

လေ့လာသင်ယူမှု ပုံစံနှစ်မျိုး

ပထမတစ်ပိုင်းဖြစ်တဲ့ Step by Step ကို ဥပမာပေးရမယ်ဆိုရင် HTML & CSS လေ့လာသင်ယူတယ်၊ အဲဒီနောက်မှာ တဆင့်တက်ပြီး JavaScript စတာတွေကို သင်ယူတယ် စသည်ဖြင့် တစ်ဆင့်ခြင်းစီ သင်ယူ လေ့လာသွားရတဲ့ ပုံစံပါ။ အဲဒီအပိုင်းမှာတောင် အချိန်နဲ့ အမျှ အပြောင်းအလဲတွေ ဖြစ်လာတာနဲ့အညီ အလိုက်သင့် လိုက်ပါ ပြောင်းလဲနိုင်စွမ်းရှိဖို့ လိုပါတယ်။ HTML5 & CSS3 ဆိုတာ ထွက်လာရင် အဲဒီ ထွက်လာတဲ့ အသစ်ကို ရှေ့ဆက်လေ့လာရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို သင်တာကို Renew လုပ်တယ်လို့ ခေါ်နိုင်မယ်ထင်ပါတယ်။

ဒုတိယပိုင်းကတော့ ကိုယ့်ရဲ့ အသိပညာတွေကို တစ်ဆင့်ခြင်း တိုးတိုးချဲ့သွားရတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ အစပိုင်းမှာ သီအိုရီတွေ ဖြစ်နေတတ်တဲ့အတွက် အင်မတန် ပျင်းဖို့ ကောင်းနေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သီအိုရီတွေက အသက်ဝင်လာပြီး လက်တွေ့လုပ်ငန်းခွင်နဲ့ အစပ်အဟပ် တည့်လာပါတယ်။ အဲဒီအခါမှာ သီအိုရီဆိုတာ ပျင်းစရာကောင်းတဲ့ စာအုပ်ကြီးတွေထဲက စာကြောင်းတွေ မဟုတ်တော့ပဲ အပြင်မှာ တကယ့်ကို လက်တွေ့ အသုံးချရမှာပါလားဆိုတာ တွေ့လာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပိုင်းတွေက သမားဆို အိုမှ ဆိုသလို လေ့လာမှု၊​ ကြိုးစားအားထုတ်မှု၊​ အတွေ့အကြုံစတာတွေ ပေါင်းစပ်မှ ဖြစ်လာတာမျိုးပါ။

ဒီလို ​လေ့လာမှုတွေမှာ အပိုင်းတွေက နှစ်ပိုင်းကွဲနေသလို လေ့လာသူ​​​တွေ အနေနဲ့လဲ တစ်ဖက်တည်းကို အားသန် တတ်ကြပါတယ်။ အများအားဖြင့်တော့ ကျွန်တော် ပြောတဲ့ ပထမပိုင်းကိုပဲ အဓိက အားသန် သွားလေ့ရှိပါတယ်။ အဲဒီလို အားသန်သွားတဲ့အခါ How ဆိုတဲ့ ချဉ်းကပ်ပုံစံနောက်ကို ရောက်သထက် ရောက်သွားပြီး Why ဆိုတဲ့ အိုင်ဒီယာတွေ အဓိကထွက်ပေါ်ရာ နေရာကို မချဉ်းကပ်မိတော့ပါဘူး။ ဒါကြောင့် နည်းပညာသမားမှန်ရင် နှစ်ဖက်မျှအောင် သင်ယူဖို့ အင်မတန် အရေးကြီးပါတယ်။

ဆရာများရဲ့ အခန်းကဏ္ဍ

အဲဒီလို သင်ကြတဲ့ နေရာမှာလဲ ဆရာတွေ အနေနဲ့ တပည့်တွေကို ပေးတဲ့ နေရာမှာ ပေးတတ်ဖို့ လိုပါတယ်။ ပထမတစ်ပိုင်းဖြစ်တဲ့ Step by Step အပိုင်းမှာ ဆရာတွေရဲ့ အခန်းကဏ္ဍက အတိုင်းအတာ တစ်ခုအထိ လျော့ချထားနိုင်ပါတယ်။ ကျောင်းသားတွေ ဖြစ်လာတဲ့ အခက်အခဲတွေကို ကူဖြေရှင်းပေး၊​ ဒီလိုသွား၊ ဒီလိုလုပ်ဆို သလိုနဲ့ ဖြစ်နိုင်ပါတယ်။ သူ့ Flow နဲ့ သူမျောသွားတာကို တည့်ပေးရုံပါပဲ။

ဒါပေမယ့် သီအိုရီပိုင်းတွေကို သင်တဲ့နေရာမှာတော့ ဆရာတွေရဲ့ အခန်းကဏ္ဍက တော်တော့်ကို အရေးပါတဲ့ အနေအထားမှာ ရောက်လာပါတယ်။ ဆရာကိုယ်တိုင် လက်တွေ့ နဲ့ သီအိုရီကို ပေါင်းဆပ် နားလည်ထားဖို့ လိုသလို သီအိုရီရဲ့ သဘောကို တစ်သားတည်းကျအောင် နားလည်ထားဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် စာအုပ်ဖတ်ပြနေတာနဲ့ ဘာမှ မခြား​တော့ပါဘူး။ ဒီတော့ ကျောင်းသားတွေကလဲ ပျင်းလာ။ နောက်ဆုံး လိုင်းတားပြီး ကျက်ခိုင်းတဲ့ အဆင့်ရောက်သွားပါတော့တယ်။

ကျွန်တော် မနေ့က ဇာတ်ကားတစ်ကား ကြည့်ဖြစ်ပါတယ်။ အဲဒီကားနာမည်က Easy A ဆိုတဲ့ကားပါ။ အဲဒီကားလေးက အတော်လေးကို ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အမေရိကန် ယဉ်ကျေးမှုအရ စကားလုံး အသုံးအနှုန်းတွေ မယဉ်ပါးနိုင်ပေမယ့် ပေးသွားတဲ့ အိုင်ဒီယာလေးက အင်မတန်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော် ပြောချင်တာက အဲဒီကားထဲက အဓိက မင်းသမီး အကြောင်း မဟုတ်ပါဘူး။ အဲဒီကားမှာပါတဲ့ မင်းသမီးရဲ့ အင်မတန် နှစ်သက်တဲ့ ဆရာအကြောင်းပါ။ ဆရာက ဂန္တဝင် ဝတ္ထုကြီးတွေ သင်တဲ့ဆရာပါ။ ဒီမှာသာဆို ပျင်းစရာ ကောင်းလိုက်မဲ့ ဖြစ်ခြင်းဗျာ။ ဒါပေမယ့် ဆရာ စာသင်တဲ့ ပုံစံက သင်းတယ် ခင်ဗျ။ သူသင်နေတဲ့ ဂန္တဝင်ကြီးတွေကို ဒီအတိုင်းမသင်ဘူး။ တပည့်တစ်ယောက်ကို ထပြီး လူမည်း ရက်ပါတွေ ပါးစပ်ဆိုင်းတီးလို တီးခိုင်းပါတယ်။ သူကတော့ ဝတ္ထုထဲက စာသားတွေကို ရက်ပါတွေလို ရွတ်ပြသွားပါတယ်။ အဲဒီပြကွက်လေးက ဘယ်လောက်မှ မကြာပေမယ့် ဆရာရဲ့ ဟာသဉာဏ် ကျောင်းသားတွေကို ဆွဲဆောင်နိုင်စွမ်းတွေ အများကြီး ထုပ်ပြသွားပါတယ်။

ကျောင်းသားတွေရဲ့ မျက်နှာတွေကိုလဲ အသေအချာကို ရိုက်ပြသွားပါတယ်။ အရမ်းကို စိတ်ဝင်စားပြီး နားထောင် နေကြတာပါ။ ကျွန်တော်ကတော့ အတွေးတွေ ဆန့်မိပါတယ်။ မင်းသမီးက သူအနှစ်သက်ဆုံး ဆရာပါလို့ ပြောသွားပါတယ်။ အော်ဒါကြောင့် နှစ်သက်တာပါလားဆိုတာ သတိထားမိပါတယ်။ အဲဒီလို ပျင်းစရာကောင်း တာတွေကို မပျင်းအောင် သင်ပါမှ ဒုတိယလမ်းကြောင်းပေါ် ဆွဲတင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီလို လမ်းကြောင်းပေါ်ရောက်မှသာ Step by Step သင်ယူမှုက ထွက်လာတဲ့ ရလဒ်ရယ်၊ တဖြည်းဖြည်းချင်း ချဲ့ကားသင်ယူရမယ့် သီအိုရီသဘောတွေဟာ တစ်ချိန်မှာ တစ်သားတည်းကျ ပေါင်းစပ်မိပြီး အိုင်ဒီယာ အသစ်တွေနဲ့ နည်းပညာ ထုတ်ကုန်သစ်တွေ ထွက်လာနိုင်မယ်လို့ ကျွန်တော် မြင်ပါတယ်။

Self-Learner

ဒါကတော့ တစ်ပိုင်းပါ။ ကိုယ်တိုင် လေ့လာသူများ အနေနဲ့လဲ တဖက်စောင်းနင်း ဖြစ်မသွားဖို့ အင်မတန် အရေးကြီးပါတယ်။ နည်းပညာ သမားတစ်ယောက် အနေနဲ့ ဘယ်လောက်အထိ နည်းပညာ ပိုင်းမှာ တော်နေပါစေ။ Information ဆိုတဲ့ အောက်ခြေပိုင်းကို မပိုင်ရင် အိုင်ဒီယာ အသစ်တွေကို လှမ်းကိုင်နိုင်မှာ မဟုတ်ပါဘူး။ သူများတွေ လုပ်ထားတဲ့ အသစ်သစ်တွေကို တစ်ခုပြီးတစ်ခု လေ့လာရင်း ဟပ်ထိုးဆွဲ မောလာနိုင်ပါတယ်။

တစ်ခါတလေမှာ သီအိုရီတွေဆိုတာ စာအုပ်ကြီးတွေက တိုက်ရိုက်သင်ရတာမျိုးရှိသလို၊​လုပ်ငန်း အတွေ့အကြုံတွေ ကနေ အမြင်ရှိရှိ သင်ယူရတာမျိုးလဲ ရှိပါတယ်။ ဒီနေရာမှာ ဥပမာပေးရရင် ကိုထူးမြင့်နောင်ကို ပေးရပါမယ်။ သူ့အနေနဲ့ Management ဘာသာရပ်တွေ၊​ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို စာအုပ်ကြီးတွေထဲက သင်ထားတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူပြောသွားတာတွေ ကြည့်လိုက်ရင် အင်မတန် လက်တွေ့ဆန်ပြီး တစ်ခါတည်း လိုက်ပါ အသုံးချလို့ရတဲ့ သီအိုရီ အမြင်တွေ ဖြစ်နေတတ်ပါတယ်။

အိုင်ဒီယာ ရှေ့ထား လေ့လာရေးသမား

တစ်ခါတစ်လေမှာ သင်ယူတယ်ဆိုတာလဲ အိုင်ဒီယာကို ရှေ့က ပြေထားမှ သင်ရတာ ဖီလင်လာသလို ပေါက်ပေါက် မြောက်မြောက်လဲ ရှိတတ်ပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် ငါတော့ ဒီနေရာလေးမှာ ဒါမျိုးလေးထည့်ချင်တယ် ဘယ်လိုလုပ်ရမလဲ၊​ ဆရာတွေကို မေးမယ်၊​အင်တာနက်မှာ ရှာမယ် စသည်ဖြင့် သင်ယူနိုင်ပါတယ်။ အဲဒီလို အိုင်ဒီယာ ရှေ့သွားထားတာ ဖြစ်တဲ့အတွက်လဲ သင်ရတဲ့အခါမှာ အင်မတန်မှ စိတ်ပါလက်ပါ ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို အိုင်ဒီယာ ရှေ့သွားသင်ယူတဲ့ နေရာမှာလဲ ဗဟုသုတ နည်းပါးတဲ့အခါ နည်းပညာရဲ့ လမ်းကြောင်းတွေကို နားမလည်တဲ့အခါ ကိုယ်ထင် ကုတင် ရေွှနန်း ဆိုသလို ကိုယ့်ဟာနဲ့ကို ဟုတ်နေပြီး ကျေနပ်နေတတ်ပါတယ်။ တကယ်တန်း အလုပ်ဖြစ်လာတဲ့ အိုင်ဒီယာကို ချပြတဲ့အခါမှာတော့ ဘယ်လိုမှ အလုပ်ဖြစ်အောင် လုပ်မရတဲ့အခါ စိတ်ဓာတ်ကျစရာတွေ ဖြစ်လာနိုင်ပါတယ်။

အခြားတွေးမိသည်များ

နည်းပညာသမားတွေ သင်ယူလေ့လာတဲ့ နေရာမှာ အခြားတွေးမိတာလေးတွေကို ပြောရမယ်ဆိုရင်

(၁) ​စနစ်ကျရပါမယ်

စနစ်ကျဖို့ကို အမှတ်စဉ် (၁)​ အနေနဲ့ ပေးချင်ပါတယ်။ စနစ်ကျဖို့ ဆိုတဲ့ နေရာမှာ သင်ယူတဲ့ နည်းလမ်းလဲ စနစ်ကျဖို့ လိုသလို၊​ သင်ယူတဲ့ လမ်းကျောင်းလဲ စနစ်ကျဖို့ လိုပါတယ်။ လမ်းကျောင်းမမှန်ရင်တော့ လိုရာ ခရီးကို ရောက်မှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိကြတာ များပါတယ်။ ဒါပေမယ့် သင်ယူတဲ့ နည်းလမ်း စနစ်ကျဖို့တော့ အားနည်းကျတာ တွေ့ရပါတယ်။ မှတ်မှတ်သားသား မရှိ၊​ စုဆောင်ထားတဲ့ Resources တွေကိုလဲ ထားချင်သလို ထားတတ်ကြပြီး လိုချင်တဲ့အခါမှ အသည်းအသန်ပြန် ရှာတတ်ကြပါတယ်။ တကယ့်ကို စနစ်ကျတဲ့ Filing System တွေ မှတ်တမ်းတွေ ထားထားမယ်ဆိုရင် ခဏခဏ အွန်လိုင်းတက်ပြီး ဒေါင်းနေရတာမျိုး မဖြစ်တော့ပဲ လိုချင်တဲ့အခါမှာလဲ အလွယ်တကူ ရှာလို့ တွေမှာ ဖြစ်ပါတယ်။

အဲဒီလို စုဆောင်းတဲ့ နေရာမှာလဲ သာမန် ဖိုဒါခွဲရုံလောက် အနေနဲ့ မထားသင့် မှတ်ချက် အကျဉ်းလေးတွေ ရေးပြီး မှတ်သားထားသင့်ပါတယ်။ အဲဒီလို မှတ်သားထားမှသာ နောက်တစ်ချိန်လိုတဲ့အခါ အလွယ်တကူ ပြန်ရှာနိုင်မှာ ဖြစ်ပါတယ်။

(၂) ဆက်စပ်စဉ်းစားတတ်ရပါမယ်

တကယ်တန်းတော့ နည်းပညာမှ အဆက်အစပ်မရှိတာ တစ်ခုမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်။ အဲဒီလို အကုန် ချိတ်ဆက် ဆက်စပ်နေတဲ့ နည်းပညာကို မဆိုင်သလို တစ်ပိုင်းဆီခွဲသင်ပြီး ဆက်စပ် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိရင် လိုရာခရီးလဲ​ပေါက်နိုင်မယ် မဟုတ်ဘူးလို့ ကျွန်တော် မြင်ပါတယ်။

ကျွန်တော့်ကို တစ်ခါက တပည့်တစ်ယောက် ပြောဘူးပါတယ်။ ကျွန်တော် ASP.NET သင်နေတာ PHP ပြောင်းသင်လို့ ဖြစ်ပါ့မလားလို့ မေးလာပါတယ်။ သူရေးနေတာတွေ လေ့လာကြည့်တော့ တကယ့်ကို ဒီဟာလာရင် ဒီဟာလုပ်၊​ဟိုဟာလာရင် ဟိုဟာလုပ်ဆိုပြီး မှတ်သားထားတဲ့ ပုံရပါတယ်။ အဲဒီတော့ ကျွန်တော်လဲ မင်း အဲဒီလို ပြောင်းချင်ရင် အရင်ဆုံး ASP.NET ဆိုတာကြီးကို ခဏမေ့ထားပြီး မင်းဘာလုပ်နေတာလဲဆိုတာတွေ၊​ ဘာကြောင့်လုပ်ရတယ် ဆိုတာတွေကို အရင်စဉ်းစားကြည့်လို့ ပြောဖြစ်ပါတယ်။ တကယ်တန်းတော့ ဟိုမှာလဲ အချက်အလက်တွေကို သူ့နည်း သူ့ဟန်နဲ့ ဖတ်တာ ဖြစ်သလို၊​ဒီမှာလဲ အချက်အလက်ဖတ်တာမှ တစ်ပါး အခြားမရှိပါ။ အဲဒီလို သ​ဘောတရားတူ ဆက်စပ်နေတာကို ဒီနေရာမှာ မတွေးတတ်ရင်တော့ အထူးသဖြင့် အသေမှတ်တဲ့ ပုံစံနဲ့ဆိုရင် နည်းပညာသမား အတွက် အဆင်မပြေနိုင်ဘူးလို့ ကျွန်တော် မြင်ပါတယ်။

တစ်ခြားအချက်တွေကတော့ ကျွန်တော်ရေးပြီး ဖြစ်လို့ ထပ်မရေးတော့ပါဘူး။ ဒီဆောင်းပါးကတော့ ထပ်တွေးမိတာလေးတွေ ရေးတာပါ။ ကျွန်တော်ရေးတာတွေမှာ ထောက်ပြစရာတွေ ရှိရင်လဲ ​ထောက်ပြ ဝေဖန်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ ….

Facebook comments:

One Response

  1. ဝင်းဗလမင်း says:

    ကောင်းပါတယ်ခင်ဗျာ နောက်ထပ်လည်းရေးပေးပါဦး အားပေးနေပါတယ်

Leave a comment


*