အနက်ရောင် အခန်းဆက် ကကြိုး၊ The future of mobile application development
ကျွန်တော့်ရဲ့ ပို့စ် (၁၀၀)မြောက် ဆောင်းပါးကို ထူးထူးခြားခြား ဖြစ်အောင် တင်ဆက်ချင်ပါတယ်။ ကျွန်တော့် ဆောင်းပါးရဲ့ ခေါင်းစဉ်ကို အငဲရဲ့ ကျွန်တော် အကြိုက်ဆုံးတွေထဲက သီချင်း တစ်ပုဒ်ဖြစ်တဲ့ အနက်ရောင် အခန်းဆက် ကကြိုးဆိုပြီး နာမည်ပေးထားပါတယ်။ ဒုတိယခေါင်းစဉ်ကတော့ The Future of Mobile Development ပါ။ Future လို့ ခေါင်းစဉ် တပ်ထားပေမယ့် တကယ်တန်း ကျွန်တော် ရေးတဲ့အခါမှာ ယခင်က အခြေအနေ၊ ယခု အခြေအနေ၊ နောင်ဖြစ်လာနိုင်မယ့် အခြေအနေ စသည်ဖြင့် ကာလသုံးပါးလုံးကို သုံးသပ်တင်ပြသွားမှာ ဖြစ်သလို မြန်မာနိုင်ငံက Startups တွေ အနေနဲ့ပါ ဘယ်လို လုပ်ကိုင်ဆောင်ရွက်လို့ ရနို်မယ်ဆိုတဲ့ အချက်တွေ အားလုံးကို လက်လှမ်း မှီသလောက် တင်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော် ခေါင်းစဉ်ကို အရင်ရှင်းပါ့မယ်။ အနက်ရောင်ဆိုတာ ကျွန်တော်အကြိုက်ဆုံး Mobile တွေရဲ့ အရောင်ပါ။ iPhone ဆိုရင် အနက် ရောင်ပဲ ကြိုက်သလို အခြားဖုန်းတွေကိုလဲ အနက်ရောင်ပဲ ကြိုက်ပါတယ်။ အဲဒီလို အနက်ရောင်တွေရဲ့ အခန်းတွေ ဆက်နေမယ့် ကကြိုးတွေကို ရေးရတော့မယ် ဆိုတော့ အနက်ရောင် အခန်းဆက် ကကြိုးလို့ ကိုကြီးအငဲရဲ့ သီချင်းစာသားကို ယူသုံးလိုက်တာပါ။ ကျွန်တော် ရေးမယ့် အကြောင်းအရာက Past, Present and Future of Mobile Application Development ပါ။ ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော်မှာ စာဖတ်ထားတဲ့ အမြင်ပဲ ရှိပါတယ်။ လက်တွေ့ အမြင်မရှိပါဘူး။ ဒါကြောင့် လိုအပ်ချက်တွေ ရှိနေမှာဖြစ်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေ ရှိလာရင်လည်း ဝေဖန်ပေးကြပါ။ နောက် တကယ့် လက်တွေ့ Mobile Application Development လုပ်နေတဲ့သူတွေ အနေနဲ့လည်း အတွေ့အကြုံတွေ ဝေမျှပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဇာတ်ကွက်တစ်ခုရဲ့ အစ
တကယ်တော့ Mobile Application Development ဆိုတာ အစကတည်းက ရှိခဲ့တဲ့ ဇာတ်ကွက်ပါ။ Native Application တွေအနေနဲ့ ရှိနေခဲ့တာ ကြာပါပြီ။ Nokia ရဲ့ Symbiam-based Phones တွေကတော့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပေါ့။ အဲဒီလို ငြိမ့်ငြိမ့်လေး စီးမျောနေတဲ့ သံစဉ်တွေထဲကို သံစဉ်အသစ် ကကွက်အသစ် တွေနဲ့ ဝင်လာတဲ့ အနက်ရောင် အခန်းဆက်အစက ဖော်ဖော်ဝါရီ ၂၀၀၈ လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီမှာ Apple Inc. က iPhone SDK လို့ အမည်ရတဲ့ Software Developer Kit ကို Third-party developers တွေ အနေနဲ့ iOS အတွက် Native Application တွေ ရေးလို့ရအောင် ဖွင့်ပေးခဲ့ပါတယ်။ အဲဒီလို ဖွင့်ပေးခဲ့တဲ့ ဇာတ်ကွက်ကတော့ Mobile Application Development တွေအတွက် အခန်းဆက်ကကြိုး အသစ်တစ်ခုကို စတင် ဖန်တီး လိုက်တာပါပဲ။
အဲဒီတော့ ကျွန်တော်တို့အနေနဲ့ iPhone ဆိုတဲ့ နှုးညံ့မှု၊ ညက်ညောမှု၊ သေသပ်မှု၊ အထိအတွေ့ စသည်ဖြင့် အာရုံတွေကို ဖမ်းစားနိုင်တဲ့ မင်းသမီးလေးကို ဖန်တီးလိုက်တဲ့ Apple အကြောင်း အရင်ပြောဖို့ လိုပါလိမ့်မယ်။ Apple ဆိုတာနဲ့ iPod ဆိုတဲ့ မင်းသမီးလေးနဲ့ ဖမ်းစားခဲ့တာကို သတိရကြပါလိမ့်မယ်။ တကယ့်ကို iPod Fever လို့ ခေါ်ရအောင် စွဲဆောင်နိုင်ခဲ့တယ်။ လူတိုင်းရဲ့ Life-style ထဲကို ပေါင်းထည့် နိုင်ခဲ့ပါတယ်။ iPod မရှှိရင် ခေတ်မမှီတော့ဘူးလို့ ထင်ရလောက်အောင် အဖက်ဖက်က ပြည့်ပြည့်စုံစုံ စီစဉ်ထားခဲ့ပါတယ်။

iPod နဲ့အတူ iTunes ဆိုတာလည်း တစ်ပါတည်း ခေတ်စားလာခဲ့သလို မူလအစ ရည်ရွယ်ချက်ဖြစ်တဲ့ Entertainment အပြင် အခြား မျက်နှာစာတွေ ဖြစ်တဲ့ Education, News စတဲ့ နေရာတွေမှာလည်း ကွပ်လပ်မရှိအောင် ပြည့်စုံလာခဲ့ပါတယ်။ Podcast မှာဆိုရင်လည်း Audio တင်မက Video Podcast တွေပါ ဖြည့်စည်းပေး နိုင်လာပါတယ်။ ဒီတော့ ဘယ်သတင်းဋ္ဌာနမဆို ကြည့်လိုက် iTunes နဲ့ ချိတ်ထားတယ်။ ဘယ် Podcast မဆိုကြည့်လိုက် iTunes နဲ့ ချိတ်ထားတယ်။ ဒီတော့ iTunes ဆိုတာ အနက်ရောင် မင်းသမီးလေးတွေ ကမ႓ာပေါ်မှာ ရှိနေတဲ့ လူသန်းပေါင်းများစွာကို ပုံစံမျိုးစုံ၊ ကကွက်မျိုးစုံ ကပြအသုံးတော် ခံနိုင်စေဖို့ အဓိက ထိန်းချုပ်တဲ့ ပင်မဗဟိုကြီး ဖြစ်လာပါတော့တယ်။
iPod ဆိုတဲ့ မင်းသမီးလေးကြောင့် iTunes ဆိုတဲ့ ခမ်းနားထည်ဝါလှတဲ့ ဇာတ်စင်ကြီးဖြစ်လာခဲ့တယ် ဆိုပေမယ့် iPod ဆိုတဲ့ မင်းသမီးတွေကတော့ တစ်လက်ပြီး တစ်လက် ပြောင်းလဲလာခဲ့ပါတယ်။ နှုးညံ့တဲ့ အထိအတွေ့တွေကို ပေးစွမ်းနိုင်စွမ်း ချောမွတ်၊ လှပ၊ သေသပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ မင်းသမီးတွေ တစ်လက်ပြီး တစ်လက် ထွက်လာကြသလို တကိုယ်ချင်းစီ စိတ်ကြိုက် ကပြအသုံးတော်ခံခိုင်းလို့ ရတယ်။ စိတ်တိုင်းကျ ကိုင်တွယ် ထိတွေ့ခွင့်ရတယ် ဆိုတော့ ဒီအနက်ရောင် မင်းသမီးလေးတွေ ကလည်း ကြိုတင် အော်ဒါတွေ ပြည့်နှက် နေအောင် အရောင်းစွံခဲ့ပါတယ်။

ဇာတ်စင်ကြီးမှာ ချိတ်ဆက်ထားတဲ့ တစ်ကမ႓ာလုံးမှာ ရှိတဲ့ iPod ပရိတ်သတ်တွေရဲ့ အရေအတွက်ကို နေ့စဉ်ရေတွက်နေတဲ့ သူကတော့ တစ်ခါက ဆေးရုံတက်တာတောင် စျေးကွက်မှာ အနည်းငယ်ကျဆင်း သွားရတဲ့အထိ သြဇာကြီးမားလှတဲ့ စတိဂျော့ဆိုတဲ့ အဖိုးကြီးပါ။ (အဲဒီ အချိန်တုန်းက သူဆေးရုံမတက် ရသေးဘူးထင်ပါတယ်) ဟုတ်တယ်လေ။ သူ့အနေနဲ့ ကြည့်စရာ ဒီ ကိန်းဂဏန်းတွေပဲလေ။ အဲဒီကိန်းဂဏန်းများလေ သူ့အတွက် အဆင်ပြေလေပဲကို။ သူလက်ထဲမှာ နောက်ထပ် မင်းသမီးလေး တစ်ပါးရှိနေတာကိုး။ အဲဒီ မင်းသမီလေးကို သူ့အနေနဲ့ သူလိုချင်တဲ့ ကိန်းဂဏန်း ရောက်မှ ထွက်ကခိုင်းမယ်လေ။ တော်ရုံပရိတ်သတ်နဲ့တော့ သူထွက် မကခိုင်းလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်လို တစ်နေရာတည်းကို ကိုင်တွယ် ထိတွေ့ပွတ်သပ်နိုင်တာမှ မဟုတ်တာ၊ ဒီတစ်ခါ ထွက်ကခိုင်းမယ့် မင်းသမီးက မျက်နှာပြင်တစ်ခုလုံး ထိတွေ ပွတ်သပ်နိုင်မယ်လေ။ အဲဒီအပြင် လူတစ်ကာ မရှိမဖြစ်၊ လူတိုင်းသုံးနေတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ မိုဘိုင်းဆက်သွယ်ရေး ဖက်မှာလည်း ကပြမှာဆိုတော့ တော်ရုံပရိတ်သတ်နဲ့ ဘယ်ချပြမလဲဗျနော …

ဒီလိုနဲ့ 2007 ခုနှစ် Janary 9 မှာ နောက်ထပ် ကပြအသုံးတော်ခံမယ့် iPhone ဆိုတဲ့ မင်းသမီးလေးကို ချပြခဲ့ပါတယ်။ နဂိုကတည်းက အထိအတွေ့ မှာ သာယာနေတဲ့ iPod ပရိတ်သတ်ကြီးကတော့ အထိအတွေ့ကို ဒီထက်ပိုပြီး ပေးစွမ်းနိုင်တဲ့၊ အဲဒီအပြင် ကိုယ်တွေ နေ့စဉ်သုံးနေရတဲ့ မိုဘိုင်းဆက် သွယ်ရေးမှာပါ အသုံးတော်ခံမယ် ဆိုတော့ မဝယ်နိုင်ရင်နေ ထိတွေ့ကြည့်ရရင် တော်ပါပြီ ဆိုတာ တစ်မျိုး၊ မရောင်းသေးဘူး ရောင်းတာနဲ့ ကျွန်တော့်ကို အရင်ပေးပါဆိုတာ တစ်မျိုး၊ ကိုယ်ပိုင် iPhone လေးကို လူရှေ့သူရှေ့မှာ ထိတွေ့ပြ ကိုယ်တွယ်ပွတ်သပ် ပြနဲ့ လူတွေ iPone Fever ဆိုတဲ့ ရောဂါ အသစ်တိုး လာပါတော့တယ်။ အဲဒီကြားထဲ Telecommunication ပိုင်း စိတ်မပါဘူး။ ဒီအတိုင်းသုံးချင်တယ် ဆိုသူတွေ အတွက်လည်း iPod Touch ဆိုတဲ့ မင်းသမီးလေးတွေကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ၊ ၅ ရက်နေ့မှာ ချပြလိုက်တော့ လူကြီး လူငယ်မရွေး ပွတ်မယ်၊ ပွတ်မယ် ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ရေးတာ တစ်မျိုးတော့ မထင်လိုက်ပါနဲ့ iPhone နဲ့ iPod Touch တွေမှာ ပါလာတဲ့ Multi-touch ဆိုတဲ့ Feature အသစ်ကို ပြောတာပါ။ အရင်ကို လက်တစ်ချောင်းတည်း ပွတ်ရတာမဟုတ်တော့ပဲ လက်ငါးချောင်းနဲ့ မကျေနပ်ရင် လက်နှစ်ဖက်လုံး ပါ ပွတ်လို့ရတဲ့ Multi-touch ဆိုတဲ့ Feature မို့ ပွတ်တယ်လို့ သုံးလိုက်တာပါ။ ဘိုးဘိုးလည်း ပွတ်၊ ဖွားဖွားလည်း ပွတ်၊ ကလေးလေး ပွတ်၊ အပျိုလေးလည်း ပွတ်၊ လူပျိုလေးလည်း ပွတ် ဆိုပြီး Big Bag သီချင်းကို ပြောင်းဆိုရတော့ မလောက်အောင် ပွတ်ကြပါတော့တယ်။

ဒါပေမယ့် အခုထွက်လာတဲ့ iPhone ဆိုတဲ့ မင်းသမီလေးရယ်၊ iPod Touch ဆိုတဲ့ မင်းသမီးလေးမှာပါ မြုတ်ထားတဲ့ ကကွက်ဆန်းတွေ ပါလာခဲ့တယ် ဆိုတာ အဲဒီအချိန်က မသိခဲ့ကြပါဘူး။ ထုံးစံအတိုင်း iTunes ဆိုတဲ့ ပြီးပြည့်စုံလှတဲ့ ဇာတ်စဉ်ကြီးရဲ့ စီစဉ်ညွှန်ကြားမှု အောက်မှာ မိန့်မိန့်ကြီးပြံုးပြီး သဘောကျနေခဲ့ ကြတာပေါ့။ တကယ်တော့ အဲဒီ iPhone, iPod Touch တွေ စထွက်ကတည်းက ဇာတ်ကွက် အသစ်တွေ မြုတ်ကွက်တွေ ပါလာခဲ့ပြီးသားပါ။ ပိရိသေသပ်တဲ့ တီးလုံးတွေ၊ တေးသွားတွေ ကြားထဲမှာ နှုးညံ့တဲ့ အမိန့်တော်ကို နာခံနေကြတာကြောင့် လူတစ်ချို့ တစ်လေက လွဲလို့ (တကယ်တော့ Apple iPhone Developer တွေလောက်သာ ရှိပါတယ်) နောက်ထပ် အနက်ရောင် အခန်းဆက် ကကြိုးတွေကို မသိခဲ့ကြပါဘူး။

ဖေဖော်ဝါရီ ၂၀၀၈၊ အဲဒီလက အဲဒီ အနက်ရောင် မင်းသမီလေးတွေရဲ့ မြုတ်ကွက်ကို စတင်သိခွင့်ရတဲ့ လပါပဲ။ ခုမှ ဇာတ်ရည် တစ်ပတ်လည်ပါတော့ မယ်။ iPhone SDK ဆိုတဲ့ iTunes ဆိုတဲ့ ဇာတ်စင်ကြီးပေါ်မှာ ကပြ အသုံးတော်ခံမယ့် မင်းသမီးလေးတွေကို ကိုယ်တိုင် ပါဝင် အမိန့်ပေးနိုင်မယ့် အစီအစဉ်ပေါ့။ စပေးလိုက်တုန်းကတော့ ဝေဖန်သံတွေ ညံထွက်လာပါတယ်။ Mac မရှိရင် မင်းသမီးလေးတွေကို ခိုင်းခွင့် မရှိတော့ ပွဲဆူပြီပေါ့ မတရားဘူး။ မဖြစ်သင့်ဘူး။ စီစီကို ညံလာပါတော့တယ်။ ဒါပေမယ့် မင်းသမီးလေးတွေကို နောက်ကွယ်ကနေ ဖန်တီးသူ စတိကြီးကတော့ သူ့ရဲ့ နောက်ထပ် ဇာတ်ပို့တွေ ဖြစ်တဲ့ Mac တွေကိုလည်း အစွံထုတ်ချင်တယ်လေ။ ဒီတော့ iPhone SDK လား။ Mac ဝယ်ပေါ့။ မဝယ်ဘူးလား။ မရေးနဲ့ပေါ့။ အဲဒီလို ပုံစံမျိုး ချိုးထားပါတယ်။ အဲဒီမှာ ကိုယ်ပိုင်ဇာတ်ရုံထောင် လိုသူတွေ ဖြစ်တဲ့ Google လို ကုမ္ပဏီတွေက အမြင်ကပ်လာ ကြတာပေါ့။ မင်းက ဘာမို့လဲ။ ငါတို့လည်း လုပ်နိုင်တယ်ဆိုပြီး နောက်ထပ် ဇာတ်ကွက် အသစ်တွေ ဖန်တီးလာရာကနေ တစ်ပွဲတည်းကြည့် နေရတဲ့ ပရိတ်သတ်တွေ အနေနဲ့ ပွဲတွေ အများကြီး ရွေးချယ်ကြည့်ရှုခွင့်တွေ ရလာဖို့ ဖြစ်လာပါတော့တယ်။
Facebook comments:



ဆက်ရေးပါအုံးဗျ.. တို့လို့တန်းလန်း.. ဘာမှတောင် မစသေးဘူး..
အဲဒီလို တို့လို့တန်းလန်း လုပ်တာ အကျင့်ပါနေပြီ ….
Congrats! Erotic 100th post of Ko Thiha.
Thanks, Erotic post for erotic iphone and sexy ipad.
Intro ရိုက်တာနဲ့ ပဲ တစ်ပိုင်းပြီးသွားတယ်။
Korea ကားတွေ ထက် ဆိုးနေပါလား။
တစ်နေ့မှ နှစ်နာရီလောက်ပဲ ရေးချိန်ရတာဆိုတော့ ကိုရီးယားကားလို ဖြစ်သွားတယ်ဗျို့ … တောင်းပန်ပါတယ် …
ဒါရိုက်တာရေ ၊ ပရိသတ်က မင်းသမီးချည်း ကရင် မကြိုက်ဘူးဗျ။
နောက်ထပ်ရေးရင် ၊ နှစ်ပါးသွားလေးလုပ်ဗျာ။
ကောင်းခန်းရောက်မှ ရပ်သွားတယ်။
ဆက်ရေးပါအုံးနော် စောင့်နေပါတယ်။ 
မြန်မာ မှာ ဖုန်း နဲ့ အရေးပေါ်သတင်း (မိုးလေဝသလိုမျိုး) ပို့ရင် ရော ကော်နက်ရှင် အဆင်ပြေလောက်လားမသိဘူးနော်။ ဘာ နည်းပညာကို သုံးရင်ရမလဲ မသိဘူးနော်။ ကျေးဇူးပြုပြီးနဲနဲလောက်ခေါင်းစားပေးကြပါအုံးနော်။ ကျေးဇူးတင်ပါတယ်။
ဟုတ် ဆက်ရေးနေပါတယ်ခင်ဗျ … မြန်မာမှာ ဖုန်းနဲ့ ဈေးကွက်အချက်အလက်တွေ ပို့တာ ကျွန်တော် ကြားဖူးတယ် ခင်ဗျ။ နောက် မိုးလေဝသ သတင်းကိုလည်း အလိုအလျှောက် Message ပို့ပေးတာလည်း ကြားဖူးတယ် …
အော် ဟုတ်ကျေးဇူးတင်ပါတယ် ကိုသီဟ
[...] အနက်ရောင် အခန်းဆက် ကကြိုး၊ The future of mobile appl… [...]
[...] အနက်ရောင် အခန်းဆက် ကကြိုး၊ The Future of Mobile Appl… [...]
[...] အနက်ရောင် အခန်းဆက် ကကြိုး၊ The future of mobile appl… [...]