အနက်ရောင် အခန်းဆက် ကကြိုး အပိုင်း (၂)

အခုမှ စဖတ်မယ့် သူတွေအတွက် ပထမပိုင်းကို ပြန်ညွှန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ အပိုင်းတုန်းက Mobile Application Development ပိုင်းတွေရဲ့ ဇာတ်ကွက်အစကို ပြန်ဖော်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာ ရှိလာပါတယ်။ ဘာဖြစ်လို့ iPhone တို့ iPod Touch တို့နဲ့မှ ဒီလိုဇာတ်ကွက်တွေက ပြန်စလာသလဲ။ တစ်ခြားဖုန်းတွေကရော ဒါမျိုးတွေ ဘာဖြစ်လို့ မစွမ်းဆောင်နိုင်ခဲ့ ရတာလဲ။ အဲဒီအတွက် အကောင်းဆုံး အဖြေတစ်ခု ပေးနိုင်ပါတယ်။ အဲဒါ အဖြေကတော့ ကျန်တဲ့ဖုန်းတွေက Apple လို ဇာတ်စင် တစ်ခုတည်းမှာ စုစည်းထားနိုင်စွမ်း မရှိလို့ပါပဲ။ တစ်ခြား ကိရိယာတွေ အနေနဲ့ ရောင်းအားမှာ iPhone တို့ iPod Touch တို့ကို ယှဉ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် စုစည်းမှု အားမှာတော့ Apple ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

ဒါကလည်း Apple ရဲ့ စျေးကွက်ကို Innovative ကျကျ စီစဉ်ဆောင်ရွက်မှုကြောင့်လို့ ဆိုရပါမယ်။ သူများတွေ စျေးကွက်ကို ဖွင့်နိုင်သထက်ဖွင့်ဖို့ ဖြန့်သထက်ဖြန့် ကြိုးစားနေတဲ့ အချိန်မှာ Apple ကတော့ တစ်နေရာတည်းမှာ စုထားဖို့ ကြိုးစား ခဲ့ပါတယ်။ ကဲ … ဒီလောက်တောင် မွှန်းနေတာ Apple ရဲ့ အနက်ရောင် မင်းသမီးလေးတွေ ကပြ အသုံးတော်ခံနေတဲ့ ဇာတ်စင်ကြီး ဖြစ်တဲ့ iTunes ကို လေ့လာကြည့်ရအောင်။

တကယ်တော့ iTunes ဆိုတာကို ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေ မရင်းနှီးကြပါဘူး။ အင်တာနက် ကဖေးမှာ သွားသုံးမယ်ဆိုရင်လည်း iTunes ကို အသင့် ထည့်မပေးထားပါဘူး။ ခုမှ ထည့်မယ် ဆိုတော့လည်း Download ချတဲ့အချိန် အင်မတန်ကုန်ပါတယ်။ ဒါကြောင့် ကိုရီးယားကြည့်သလို ဖြစ်နေသူများအတွက်လည်း ကြိုတင် တောင်းပန်ပါတယ် ခင်ဗျာ။ ခု ဒီအခန်းကလည်း အင်ထရိုပဲ ရှိဦးမှာပါခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်တွင်းက လူတွေအနေနဲ့ iTunes ကို မရင်းနှီး ကြတာ တစ်ကြောင်း iTunes ကို ကျော်သွားရင်လည်း Mobile Application Development ပိုင်းမှာ ဇာတ်ရည်မလည်တော့မှာ စိုးတာ တစ်ကြောင်း စတဲ့ အကြောင်းကြောင်း တွေကြောင့်ပါ ခင်ဗျ :D

ဇာတ်အခင်းအကျင်းကို လေ့လာခြင်း

သင့်အနေနဲ့ iPhone တစ်လုံး သွားဝယ်လိုက်ပါ။ ဒါမှမဟုတ် iPod တစ်လုံး သွားဝယ်လိုက်ပါ။ သင်ဝယ်လာတဲ့ iPhone တို့ iPod တို့ကို ကွန်ပျူတာနဲ့ ချိတ်ဆက်မယ်၊ အဲဒီ iPhone တို့ iPod တို့ရဲ့ အထဲကို သီချင်းတွေ သွင်းမယ် ဆိုပါစို့။ သင့်အနေနဲ့ သင့်စက်ထဲမှာ iTunes မထည့်ပဲနဲ့ လုံးဝ ချိတ်ဆက်လို့ ရမှာမဟုတ်သလို သီချင်း တစ်ပုဒ်မှလည်း ထည့်လို့ရမှာ မဟုတ်ပါဘူး။ အနက်ရောင် မင်းသမီးလေးတွေက ဇာတ်စင်ကြီး မရှိရင် မကဘူး၊ စိတ်ကောက် နေတတ်တယ်လေ။ ဒီတော့ အနက်ရောင် မင်းသမီးလေးတွေ အလိုကျ ဇာတ်စင်ကြီးကို သင့်စက်ထဲ Download ချပြီး ထည့်ပေးလိုက်ရ ပါရောလားဗျာ။

ဒီနေရာမှာကတည်းက အခြား ကိရိယာတွေနဲ့ တစ်ပုံကြီး ကွာသွားပါတော့တယ်။ တစ်ခြားကိရိယာတွေ အနေနဲ့ OS ကို USB နဲ့ ဖြစ်ဖြစ် ချိတ်ပြီး သီချင်းတွေ သွင်းလို့ ရနေတဲ့အချိန်မှာ သူကတော့ iTunes က တစ်ဆင့်ပဲ သွင်းလို့ရပါတယ်။ ဗိုင်းရပ်(စ်)တွေ အန္တရာယ်ကလည်း ကင်းရှင်းသွားသလို သီးသန့် Platform တစ်ခုကိုလည်း ဖန်တီးပြီးသား ဖြစ်သွားစေပါတယ်။ သန်းပေါင်း များစွာသော iPhone၊ iPod၊ iPod Touch အားလုံးကို တစ်နေရာတည်းမှာ စုစည်းပြီးသား ဖြစ်သွားစေပါတယ်။

အစပိုင်းတုန်းကတော့ iTunes ဆိုရင် သီချင်းတွေ ရောင်းတဲ့ဖက်မှာ လူသိများပါတယ်။ iTunes ဆိုတာ သီချင်းရောင်းတဲ့ နေရာပါကွာလို့ သိလိုက်ရင် ခုချိန်မှာ တက်တက် စင်အောင် လွဲသွားပါလိမ့်မယ်။ iTunes ဆိုတဲ့ ဇာတ်စင်ကြီးမှာ တေးသွားတွေသာ မကတော့ပဲ တစ်ခြား ဇာတ်ကွက်ပေါင်း များစွာကို ပေါင်းထည့် ထားပြီးသား ဖြစ်နေလို့ပါပဲ။ iTunes ကို လေ့လာကြည့်ရအောင်

iTunes ကို Google မှာ Search လုပ်လိုက်ရင် အောက်မှပြထားတဲ့ အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။

ကမ႓ာ့အကောင်းဆုံး Digital Music Player ၊ #1 Music Store စသည်ဖြင့် ဖော်ပြထားတော့ အများစု အနေနဲ့ iTunes ကို သီချင်းနားထောင် စရာ သီချင်းထည့်တဲ့နေရာ စသည်ဖြင့် ဒီလောက်ပဲ သိတာ မဆန်းပါဘူး။ ဒါပေမယ့် Apple အနေနဲ့က အနက်ရောင် မင်းသမီးလေးတွေကို တေးသွားလေးတွေ ဘန်းပြပြီး တစ်ခြား မျက်နှာစာပေါင်းစုံကို တိတ်တိတ်ကလေး ဝင်ရောက်ဖို့ စတိဆိုတဲ့ အဖိုးကြီးက ညွှန်ကြား ထားခဲ့ပါတယ်။ ဘယ်လို နေရာတွေလဲ လေ့လာကြည့်ရအောင်

တစ်ခုခြင်းစီ ကျွန်တော် ရှင်းပြပါ့မယ်။

  • Musicဒီအပိုင်းကတော့ iTunes ရဲ့ မူလအစလို့ ဆိုလို့ရမယ် ထင်ပါတယ်။ သီချင်းတွေ တစ်ပုဒ်ကို ၁.၂၉ ဒေါ်လာနဲ့ ဝယ်ပြီး နားဆင် နိုင်ပါတယ်။ သီချင်းနဲ့ အတူ သီချင်း စာသားတွေ၊ ဓာတ်ပုံတွေ၊ အပိုဆောင်းတွေ အများကြီးနဲ့ စီစဉ် ပေးထားပါတယ်။
  • Movies – ဒီကဏ္ဍကတော့ ဗီဒီယိုကားတွေ ဝယ်ယူ ငှားရမ်းကြည့်ရှုလို့ ရတဲ့အပိုင်းပါ။ နောက်ဆုံးထွက်တဲ့ အခွေတွေကို ဝယ်ကြည့်တာပဲ ဖြစ်ဖြစ် ငှားကြည့်တာပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
  • TV Shows – ဒီအပိုင်းကတော့ နာမည်ကြီး တီဗွီအစီအစဉ်တွေ ကြည့်လို့ရတဲ့ နေရာဖြစ်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ TV အစီအစဉ်တွေရဲ့ Episodes တွေကို Download ချပြီး ကြည့်လို့ရပါတယ်။ ထူးခြားတာ တစ်ခုက မကြည့်ရ သေးတာတွေပါ ပြန်ကြည့်လို့ ရတာပါပဲ။
  • Podcasts -  ဒါကတော့ Radio အစီအစဉ်တွေနဲ့ တူသလို TV Shows နဲ့လည်း ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် သူက အခမဲ့ပါ။ အဲဒီနေရာမှာ အသုံးဝင်တာတွေ အများကြီးရှိပါတယ်။
  • App Store – ဒါကတော့ တကယ့် Apple ရဲ့ Mobile Application Development Movement ပါပဲ။ ဒီအကြောင်းကို နောက်ပိုင်းမှာ အသေးစိတ်ပြောမှာ ဆိုတော့ ဒီနေရာမှာ ဒီလောက်ပဲ ပြောပါ့မယ်။
  • iTunesU -  ဒီကဏ္ဍက iTunesU ပါ U ဆိုတာက University လို့ အမည်ရပါတယ်။ နာမည်ကြီး တက္ကသိုလ်တွေပါ အဲဒီအစီအစဉ်မှာ ပါဝင်ကြတာ တွေ့ရပါတယ်။
  • Audio Books – အသံထွက် စာအုပ်တွေပေါ့။ စာအုပ်တွေကို စာတွေအတိုင်း မဖတ်လိုသူတွေအတွက် စီစဉ်ပေးထားတဲ့ အသံထွက် စာအုပ်တွေပါ။ ဒါလည်း ဝယ်လို့ရတယ်ပေါ့။
  • iTunes Gift – ဒါကတော့ လက်ဆောင်ပေးတဲ့ အစီအစဉ်ပါ။ iTunes ထဲက ဘယ်ဟာမဆို လက်ဆောင်ပေးလို့ရတဲ့ အစီအစဉ် ဆိုပါတော့။

ဒါက iTunes မှာပါတဲ့ ကဏ္ဍတွေပါ။ Entertainment, Education စသည်ဖြင့် နေရာစုံမှာ ဒေါင့်စေ့အကွက်စေ့ နေရာယူထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြီးပြည့်စုံလှတဲ့ ဇာတ်စင်ကြီးကို အနက်ရောင် နတ်သမီးလေး တွေကလည်း အခစားဝင်ရသလို၊ အခြား Computer တွေ Mac တွေလည်း အခစား ဝင်ကြရပါတယ်။ တကယ်တော့ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ iPhone, iPod စတာတွေဟာ ဇာတ်စင်ကြီးကို အခစားမဝင်ရင် ကိုယ့်ကို ကောင်းကောင်း ကပြအသုံးတော် ခံတော့မှာ မဟုတ်ပါဘူး။ အဲဒီလို သန်းပေါင်း များစွာသော အနက်ရောင် မင်းသမီးလေးတွေဟာ iTunes ဆိုတဲ့ ဇာတ်စင်ကြီးကို ပုံမှန် အခစားဝင် ကြရပါတယ်။ အဲဒီလို အနက်ရောင် မင်းသမီလေးတွေ အခစား ဝင်တာနဲ့အတူ သူတို့ရဲ့ အရှင်သခင်တွေ ဖြစ်တဲ့ အနက်ရောင် မင်းသမီးလေးတွေ ပိုင်ရှင်တွေကလည်း လိုက်ပါ အခစား ဝင်ကြရပါတော့တယ်။ အခစား မဝင်လို့ကလည်း မဖြစ်ဘူးလေ။ ကိုယ်တွေက အနက်ရောင် မင်းသမီးလေးတွေရဲ့ အထိအတွေ့မှာ သာယာနေမိတာကိုး။

Apple App Stores ၏ ဇာတ်ကွက်များ

ခုလောက်ဆို Apple ရဲ့ Application Store ကို Focus လုပ်လို့ ရပြီထင်ပါတယ်။ ဖေဖော်ဝါရီ ၂၀၀၈ မှာ iPhone SDK ကို Third Party Developer တွေအတွက် ချပေးခဲ့တယ်လို့ ပထမဆောင်းပါးမှာ ကတည်းက ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို iPhone SDK ကို မထုပ်ပေးခင်က အခြေအနေနဲ့ ထုပ်ပေးပြီးတဲ့ အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရအောင်။ iPhone SDK ကို Third Party တွေကို ချမပြခင်တုန်းက Application ပေါင်း ၅၅၀ ပဲရှိပါတယ်။ iPhone SDK ကို ချပြီးတဲ့ ခြောက်လမပြည့်ခင်မှာ iPhone App ပေါင်း ၁၀၀၀၀ ကျော်ကို ရောက်သွားပါတယ်။ အောက်မှာ ပေးထားတဲ့ Statistics ကတော့ ၂၀၁၀ ဇွန်လ ၂၄ ရက်နေ့က ကောက်ယူထားတာပါ။

iPhone App Statistics at 2010-06-24

Count of Active Applications

  • Total Active Apps (currently available for download) – 221,534
  • Total Inactive Apps (no longer available for download) – 38,273
  • Total Apps Seen in US App Store – 259,807
  • Number of Active Publishers in the US App Store – 43,376

Count of Application Submissions

  • This Month (Games): 2106 (88 / day)
  • This Month (Non-Games): 13,608 (567 / day)
  • This Month (Total): 15,714 (655 / day)

Application Price Distribution

  • Current Average App Price: $3.16
  • Current Average Game Price: $1.36
  • Current Average Overall Price: $2.89

Application Category Distribution

Most Popular Categories

  • Books (39,506 active)
  • Games (32,602 active)
  • Entertainment (25,521 active)
  • Education (17,029 active)
  • Travel (14,394 active)

အဲဒီ စာရင်းဇယားတွေကို ကြည့်မယ်ဆိုရင် Application တွေဟာ တစ်လကို ပျဉ်းမျှ ရ၅၀၀ ကျော်လောက် တက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ နေ့စဉ်အနေနဲ့ ကြည့်မယ်ဆိုရင် တစ်နေ့ကို ပျဉ်းမျှ ၂၅၀ လောက် တင်နေကြပါတယ်။

Statistics တွေအပိုင်းကို လေ့လာပြီးရင် iPhone App Store မှာ ရှိတဲ့ Categories တွေ ဖက်ကို လေ့လာ ကြည့်ရအောင်

  1. Books
  2. Business
  3. Education
  4. Entertainment
  5. Finance
  6. Games
  7. Health & Fitness
  8. Lifestyle
  9. Medical
  10. Music
  11. Navigation
  12. News
  13. Photography
  14. Productivity
  15. Reference
  16. Social Networking
  17. Sports
  18. Travel
  19. Utilities
  20. Weather

Categories ပေါင်း ၂၀ အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဘာလိုသေးလဲလို့ ဆိုရလောက်အောင် ပြည့်စုံနေပါတယ်။ နယ်ပယ်စုံ ကဏ္ဍစုံ ဖွင့်လှစ်ထားတဲ့ အတွက် Third Party တွေအနေနဲ့ ကြိုက်တဲ့နေရာ ကြိုက်တဲ့ ကဏ္ဍမှာ ဝင်ပြီး Apple ရဲ့ အနက်ရောင် နတ်သမီးလေးတွေကို စီစဉ်ညွှန်ကြားလို့ ရလာပါတယ်။

ပြောင်းလဲလာသော Information Ecosystem

Apple ရဲ့ App Store ကို ခဏထားပြီး Mobile Device, Personal Computing , media နဲ့ internet ဆိုတဲ့ ဖိုခနောက်ဆိုင် လေးခုရဲ့ ဆက်စပ်မှု အပြောင်းအလဲတွေ ကိုလည်း လေ့လာကြည့်ရအောင်။ ဒါကတော့ နတ်သမီးတွေ ခိုင်းချင်တဲ့သူတွေ ဖက်ကို ချဉ်းကပ်ကြည့်တာပါ။ Third Party Developer တွေ ဖက်က ချဉ်းကပ်ကြည့်တာပေါ့။ တကယ်တော့ ဒီ Ecosystem ကြီးဟာ Computer လောကကြီး တစ်ခုလုံးနဲ့ ဆိုင်ပါတယ်။

အပေါ်မှာ ပြထားတဲ့ ပုံကတော့ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကစလို့ နှစ်အတော်များများအထိ အကျုံးဝင်ပါတယ်။ တီထွင်ဖန်တီးသူတွေက နည်းနည်းပဲ ရှိမယ်။ အဲဒီလို တီထွင်ဖန်းတီးသူ နည်းနည်းက ထုတ်လိုက်တဲ့ ထုတ်ကုန်တွေကို Publishers တွေကို ဖြတ်မယ်၊ Distributors တွေ ကွန်ယက်တွေက တစ်ဆင့် Retailers တွေ Broadcast stations စတာတွေကနေ Public ကို စီဆင်းသွားပါလိမ့်မယ်။ ငွေရေး ကြေးရေး အပိုင်းကို ကြည့်မယ်ဆိုရင် Public ဆီက ရလာတဲ့ ငွေကြေးဟာ Retailers တွေနေရာမှာ တစ်ဆင့် လျော့နည်း သွားပါတယ်။ အဲဒီလိုပါပဲ Distributors တွေဆီမှာလည်း တစ်ဆင့် လျော့ပါတယ်။ အဲဒီလို အဆင့်ဆင့် လျော့သွားလိုက်တာ Creater (0r) Developer တွေ လက်ထဲ မှာတော့ ဘယ်လောက်မှ မကျန်တော့ပါဘူး။

အပေါ်မှာ ပြထားတဲ့ Ecosystem ကတော့ ယခုလက်ရှိ Ecosystem လို့ ပြောရမှာ ဖြစ်ပါတယ်။ Anyone Can Create ပါ။ မည်သူမဆို ဖန်တီးနိုင်ပါတယ်။ PCs တွေ Mobile Devices တွေကို သုံးပြီး ဖန်တီးကြတယ်။ အပေါ်မှာတုန်းကလို ကြားခံတွေ ဖြစ်တဲ့ Publisher တို့ Distributors တို့ Retailers တို့ တစ်ခုမှ မရှိတော့ပဲ Internet ကိုယ်တိုင်က ဖြန့်ချီရေး ဗဟို ဖြစ်လာပါတယ်။ အဲဒီကနေ တစ်ဆင့် PCs တွေ TVs တွေ Mobiles စတာတွေကနေ တစ်ဆင့် Public ကို တိုက်ရိုက် ဖြန့်ဝေကြပါတယ်။  နောက် Return ဖက်က ကြည့်မယ်ဆိုရင်လည်း Public ဆီက ရလာတဲ့ ငွေကြေးဟာ ကြားမှာ အနည်းငယ်လျော့တာက လွဲလို့ သိပ်မကွာတဲ့ ငွေကြေးပမာဏကို Creator (or) Developer တွေ ရရှိ ခံစား ရပါတယ်။

အဲဒီလို Ecosystem အပြောင်းအလဲဟာလည်း Mobile Application Development တွေအနေနဲ့ သီးသန့် Industry အရာကနေ လျော့ကျ လာခဲ့ပါတယ်။ လွယ်လွယ်နားလည် အောင်ပြောရရင်တော့ Mobile Application တွေကို Mobile Industry တွေကသာ ရေးနေရာကနေ Apple လို Third Party တွေ အတွက် SDK ချပေးသလိုမျိုး တွေ ဖြစ်လာခဲ့ပါတယ်။

Mobile Developer တစ်ယောက်၏ အိပ်မက်များ

ပြောင်းလဲလာတဲ့ Ecosystem တွေအပြင် အခြား သွားရည်ကျစရာ အကြောင်းတွေကလည်း အများကြီး ရှိပါသေးတယ်။ 30 million လောက် ရောင်းလိုက်ရပြီတို့၊ Application ပေါင်း 200,000 တို့၊ 800 millions download တို့ စတာတွေကလည်း စွဲဆောင်မှု အပြည့်ပါပဲ။

သင့်အနေနဲ့ iPhone ဆိုတဲ့ မင်းသမီးလေးရဲ့ အထိအတွေ့ကို သာယာနေတယ် ဆိုပါစို့။ သင်ကိုယ်တိုင်ကလည်း Application Developer တစ်ယောက် ဖြစ်နေတယ် ဆိုရင် သင်ပိုင်ဆိုင်တဲ့ iPhone ကို ဇာတ်စင်ကြီးမှာ ဇာတ်ကွက် အသစ်တွေ တင်ပြီး ခိုင်းချင်လာမှာ သေချာပါတယ်။ သင်ကိုယ်တိုင်ကတော့ Mac Lover တစ်ယောက် ဖြစ်နေဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Mac Lover ဖြစ်မှ Mac ကို ကိုင်ထားမှ iPhone Application Developer ဖြစ်နိုင်တာကိုးခင်ဗျ။ Mac lover တစ်ယောက်မဟုတ်ပဲ ခုမှ iPhone Developer လုပ်မယ်ဆိုရင်တော့ သင့်အနေနဲ့ MacBook တစ်လုံးစာလောက် သင့် ရင်းနှီးမြှတ်နှံမှုထဲ ထည့်ရ ပါလိမ့်မယ်။

iPhone Developer တစ်ယောက် ဖြစ်လာဖို့ သင့်အနေနဲ့ အဆင့် ရှစ်ဆင့်လုပ်ဖို့ လိုပါတယ်တဲ့။

အဆင့် (၁) – Mac ရှိလား။ မရှိရင် ဝယ်လိုက်ပါ။ (အင်း ပြောရတာ လွယ်လိုက်တာ၊ Mac Mini ဆိုရင်တောင် အနည်းဆုံး LCD ပါ အပါအဝင် ရှစ်သိန်း အနည်းဆုံး ရှိပါတယ်။)

အဆင့် (၂)iPhone Developer Site ကနေ SDK Download ချပါ။

အဆင့် (၃) – Objective C ဆိုတဲ့ iPhone Development ရဲ့ Primary Programming Language ကို လေ့လာပါ။ ဒါကတော့ Developer တစ်ယောက်အနေနဲ့ မခက်ပါဘူးနော့။

အဆင့် (၄) – တစ်ခုခုစရေးပါ။ အပေါ်မှာ ကျွန်တော်ပြထားတဲ့ Category တွေထဲက ကြိုက်တာ တစ်ခုစရေးပါ။ ဒါပေမယ့် ဒီနေရာမှာတော့ iPhone မကိုင်ဖူးပဲ၊ iPod Touch မကိုင်ဖူးပဲ ရေးမယ်ဆိုရင်တော့ လေထဲမှာ တိုက်အိမ်ဆောက်နေသလို ဖြစ်နေပါလိမ့်မယ်။ ဒီတော့ မထူးပါဘူး။ iPhone လေး တစ်လုံးပါ ဝယ်လိုက်ဗျာ။ (အဲ … iPhone 3Gs ပေါ့ စျေးနှုန်းကတော့ (၈)သိန်းကျော်ပါ။)

အဆင့် (၅)iPhone Developer Program(Official Developer) Site မှာ မှတ်ပုံတင်ပါ။ အဲဒီအတွက် ၉၉ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။ Apple ရဲ့ Terms and Conditions တွေကိုလည်း တစ်ခါတည်း သဘောတူရမယ် ဆိုတာ မမေ့ပါနဲ့။ ၃၀/၇၀ အချိုးကို လက်ခံရပါမယ်။ ကိုယ့် Application ကိုရောင်းရရင် Apple က 30% ယူမယ်၊ ကိုယ်က 70%။ (မဆိုးဘူးလို့ ထင်ရတာပဲ)

အဆင့် (၆) – ကိုယ့် Application ကို iPhone App Store မှာ တင်ဖို့ ပြင်ဆင်ပါ။

အဆင့် (၇) – Application ကို Apple Application Store မှာ တင်ပါ။

အဆင့် (၈) – နောက်ကနေ လိုက်ပြင်ပေတော့၊ အခက်အခဲတွေ ဖြေရှင်းပေတော့။ အရောင်းမြှင့်တင်ပေတော့။ အသက်ရှင် တင်ကျန်ရစ်အောင် လုပ်ပေတော့။

ဆိုတဲ့ အဆင့် ရှစ်ဆင့်ပါ။ အဲဒီအဆင့် ရှစ်ဆင့်လုံးကို Developer Team ဖွဲ့ပြီးပဲ ကစ်ကစ်၊ တစ်ဦးခြင်း တစ်ယောက်ခြင်းစီပဲ ကစ်ကစ် ရတယ်လေ။ ကိုယ်တွေရဲ့ အိပ်မက်ထဲမှာတော့ 800 million downlaod ထဲမှာ 0.1% ထဲ ပါသွားရင် ပွပြီ၊ ထောပြီ စသည်ဖြင့် စိတ်ကူးယဉ်လို့ ရပါပြီ။ ဒါပေမယ့် ကျွန်တော် အခုပြောတာ အိပ်မက်တွေနော် တကယ့် လက်တွေ့မှာတွေ့ကြုံရတဲ့ အခက်အခဲတွေ မလာသေးပါဘူး။ ခုချိန်မှာ အနက်ရောင် နတ်သမီးလေးတွေရဲ့ အထိအတွေ့မှာ သာယာနေသူတွေအတွက် အဆိုးဖက်တွေ မပြောလိုသေးပါဘူး။

အပိုင်း (၃) သို့ …

Facebook comments:

5 Responses

  1. mgpyone says:

    iTune နဲ့ Sync လုုပ်ထားတဲ့ iPod/Phone တစ်လုုံးဟာ နောက် iTunes Library တစ်ခုုနဲ့ ထပ်ပြီး Sync လုုပ်လိုု့မရပါဖူး.. ဒီစက်မှာ uninstall လုုပ် install ပြန်လုုပ်.. အရင် Library တွေ မရှိတော့ရင် ကိုု်ယ့် iPod/Phone ထဲကဟာတွေကိုု Delete နောက် .. resync ပြန်လုုပ်.. =(

    iPhone 3GS နဲ့မဟုုတ်လည်း ရေးလိုု့တော့ ရပါတယ်.. iPod Touch တစ်လုုံး $200 ပေါ့ =( Developer Policies တွေကလည်း suck >.<

    • Thiha says:

      ဟုတ်ပဗျာ၊ အဲဒါလည်း စိတ်ပျက်ဖို့ တော်တော်ကောင်းတယ်

  2. [...] အနက်ရောင် အခန်းဆက် ကကြိုး အပိုင်း (၂) [...]

  3. [...] အနက်ရောင် အခန်းဆက် ကကြိုး အပိုင်း (၂) [...]

  4. [...] အပိုင်း (၂) သို့ … Articles « PREVIOUS – သတင်းအချက်အလက် နည်းပညာ အမြန်လမ်းမနှင့် ကားရောင်စုံများ ကျောက်နံရံကို ခေါင်းတိုက်မည့် သူများ – NEXT » [...]

Leave a comment


*