TEDx Youth@Yangon 2010 (သို့) Why Not!

ကျွန်တော် ၂၆-၁၂-၂၀၁၀ က UMFCCI မှာ ကျင်းပတဲ့ TEDx Youth@Yangon 2010 ဆိုတဲ့ ပွဲကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲလေးရှိတယ် ဆိုကတည်းက ကျွန်တော် အရမ်းကို စိတ်ဝင်စားမိပါတယ်။ ဘာကြောင့် စိတ်ဝင်စားရတာလဲဆိုရင် TED ကြောင့်ပါ။ TED ဆိုတာ nonprofit organization တစ်ခု ဖြစ်ပြီး Technology, Entertainment and Design ဆိုတဲ့ စကားလုံးသုံးလုံး အပေါ်မှာ အဓိကထားပြီး အိုင်ဒီယာတွေ ထုတ်ဖော် ပြောဆိုတဲ့ Event တွေကို ကမ႓ာအနှံ့မှာ ပြုလုပ်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော် TED ကို ရင်းနှီးနေတာက အဲဒီ TED Website က ဗီဒီယိုကလစ်တွေကြောင့်ပါ သူတို့တွေ ပြောကြဆိုကြတာတွေကို ကျွန်တော် အရမ်း သဘောကျမိပါတယ်။

ကိုထူးတေဇာဘလော့မှ ကူးယူဖော်ပြပါသည်

မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပဖြစ်မယ့် TED ပွဲဆိုတော့ ကျွန်တော် မလွတ်တမ်း သွားမယ်၊ နောက် Speaker တွေထဲမှာ ကိုမြင့်ကျော်သူနဲ့ ကိုငွေထွန်းတို့ ပါနေတဲ့အတွက် စိတ်ဝင်စားမှုတွေ ပိုပြီး တိုးလာမိပါတယ်။ ဒီလိုနဲ့ အချိန်မှီသွားမယ်ဆိုပြီး ထွက်လာတာ UMFCCI ဘယ်နားမှန်း မသိလို့ ရှာနေရင်း ကိုမြင့်ကျော်သူရဲ့ Presentation ကို နောက်ပိုင်းလေးပဲ မှီလိုက်ပါတော့တယ်။ စိတ်ထဲမှာ မချင့်မရဲ ဖြစ်မိပေမယ့် နောက်လူတွေ ရှိသေးတာပဲ ဆိုပြီး စိတ်သက်သာရာ ရသွားပါတယ်။ နေရာမှာထိုင် ကိုငွေထွန်းကို နှုတ်ဆက်၊ ပြီးတော့ အခမ်းအနား တစ်ခုလုံးကို လေ့လာကြည့်တော့ တော်တော်လေးကို အသေးစိတ် စီစဉ်ထားပါလား၊ TED ပွဲတွေရဲ့ ထုံးစံအတိုင်း Stage စင်ရယ် TEDx စာတမ်းရယ်၊ Projector တွေရယ်၊ တကယ့်ကို ပြည့်ပြည့်စုံစံ စီစဉ်ထားတဲ့အတွက် စိတ်ထဲမှာ စီစဉ်သူတွေကို ချီးကျူးနေမိပါတယ်။

ကိုယ်နဲ့ အသိတွေများ ရှိမလားဆိုပြီး ဘေး ဘယ်ညာကို ကြည့်မိတော့ Yangonese တို့ ကိုရောင်စိန်တို့ ကိုရင်သာဂိတို့ကို တွေ့ပါတယ်။ လူကတော့ နည်းတယ်လို့ စိတ်ထဲမှာ ထင်မိပေမယ့် Event တွေထဲမှာ အတိုင်းအတာတစ်ခုအထိ လူများတဲ့ ပွဲတစ်ပွဲ အဖြစ် စိတ်ထဲမှာ ကျေနပ်မိပါတယ်။ ဒါပေမယ့် တကယ်တန်း ဒီလိုပွဲမျိုးတွေမှာ လူငယ်တွေ အများကြီး ရှိနေသင့်ပါတယ်။ တကယ့်ကို အပြုသဘောဆောင်တဲ့ ပွဲတစ်ခုမှာ လူငယ်တွေ နည်းနေတာကိုတော့ စိတ်ထဲမှာ မချင့်မရဲ ဖြစ်မိပေမယ့် မသိလိုက်ကြလို့လဲ ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ လာတဲ့သူတွေ အနေနဲ့ တစ်ခုခုတော့ ရသွားမှာ သေချာတဲ့ ပွဲတစ်ပွဲ အဖြစ်တော့ TEDx Youth@Yangon ကို အသိအမှတ် ပြုမိကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ (အကျွေးအမွေး လေးလည်း ပါတယ်ဆိုတော့ ပိုပြီး စိုပြေသွားတာပေါ့ဗျာ။ ဟီးဟီး)

ကိုထူးတေဇာ ဘလော့မှ ကူးယူဖော်ပြပါသည် (Speaker များ – ကိုဇော်မင်းယု၊ မမေဇင်အောင်၊ Ma Zoncy)

Presenter တွေရဲ့  ပုံတွေကို အကုန်တင်ချင်ပေမယ့် ကိုမြင့်ကျော်သူရဲ့ ပုံကတော့ ကိုထူးတေဇာ ရိုက်တဲ့အထဲမှာ မပါတဲ့အတွက် မထည့်နိုင်တော့ ပါဘူး။ ကိုငွေထွန်းကတော့ နောက်တစ်ပုံမှာ ပါလာမှာဆိုတော့ ဒီနေရာမှာတော့ မပါပါဘူး။

ကျွန်တော် ရောက်တဲ့အချိန်မှာ ကိုမြင့်ကျော်သူရဲ့ Presentation ပြီးသွားလို့ TED Event တစ်ခုထဲက ဗီဒီယိုကလစ်တစ်ခုကို ဖွင့်ပြပါတယ်။ နာမည်က Adora Savitak တဲ့၊ ခေါင်းစဉ်က What adults can learn from kids ပါတဲ့။ လူတွေကလည်း အများကြီး နားထောင်လို့ အဲဒီ Adora Savitak ဆိုတဲ့ ချာတိတ်မလေးက အလွန်ဆုံးရှိလှ ၁၀ နှစ် ၁၂ နှစ်လောက်ပဲ ရှိဦးမယ်ထင်ပါတယ်။ ကျွန်တော် သေသေချာချာ မခန့်မှန်းတတ်ပါ။ စကားပြောသွားတာတော့ တကယ့်ကို Confidence အပြည့် စာရွက်ကို တစ်ခါတလေ လှန်ကြည့်တာကလွဲလို့ ဒီအတိုင်း အလွတ် ပြောသွားပါတယ်။ အင်္ဂလိပ် စကားပြောဟန်ကလည်း အမေရိကန် စတိုင်အပြည့်၊ အိုင်ဒီယာကလည်း ကောင်းဆိုတော့ လူကြီးတွေတောင် တစ်ဝါးဝါး တဟားဟား ပွဲကျအောင် ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ Adora Savitak ပြောသွားတဲ့ အကြောင်းအရာတွေကို ဒီနေရာမှာ ဖောက်သည် ချချင်ပေမယ့် တကယ့် Speaker တွေအတွက် နေရာပေးရမှာဆိုတော့ ချန်ခဲ့ပါ့မယ်။

အဲဒီနောက်မှာ Ma Zoncy က ပြောပါတယ်။ Performance Artist တစ်ယောက်ရဲ့ ခံစားချက်ပြင်းထန်တဲ့ Presentation မှာ အနည်းငယ် စိုးရွံ့မှုတွေနဲ့။ သူမရဲ့ ငယ်စဉ်ဘဝမှာ အလွန်ဆင်းရဲခဲ့ကြောင်း၊ မိခင် ဖခင်တွေရဲ့ ပြဿနာတွေကြောင့် အခက်အခဲမျိုးစုံ ဖြတ်ကျော်ခဲ့ရကြောင်း၊ ကွန်ပျူတာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ကြောင်း၊ နောက်ပိုင်းမှာ ပန်းချီပညာဖက်ကို လေ့လာခဲ့ကြောင်၊ အဲဒီနောက်ပိုင်း Performance Artist တစ်ယောက် ဖြစ်လာခဲ့ကြောင်း စီကာစဉ်ကာ ပြောသွားပါတယ်။ ကျွန်တော် Ma Zoncy ရဲ့ Presentation မှာ ပြသွားတဲ့ ပန်းချီတွေနဲ့ Performance တွေကို Projector ရဲ့ မှိုင်ဖျော့ဖျော့ မျက်နှာပြင်မှာ အသေချာ ကြည့်မိပါတယ်။ မောင်နှစ်မတွေနဲ့ ပတ်သက်တဲ့ ပန်းချီကား တစ်ချပ်ရဲ့ လက်ရာကို ကျွန်တော် စပြီးသတိထားမိပါတယ်။ အဲဒီနောက်ပိုင်းမှာ Ma Zoncy ရဲ့ Performance တွေ။ မိမိကိုယ်ကို လေးစားဖို့၊ ယုံကြည်ဖို့ အဲဒီလို ယုံကြည်ပြီဆိုရင် အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ပြီလို့ ပြောသွားပါတယ်။ ကျွန်တော် စိတ်ထဲမှာလည်း မိမိကိုယ် မိမိ ယုံကြည်မှုနဲ့ ပတ်သက်ပြီး ခံစားချက်တွေ တူတဲ့သူဆိုတော့ လှိုက်လှုက်လဲလဲ ထောက်ခံမိပါတယ်။

နောက်တော့ ဦးဇော်မင်းယု၊ သူကတော့ နိုင်ငံတကာက Client တွေနဲ့ ချိတ်ဆက် အလုပ်လုပ်နေသူ ပီပီ၊ စမတ်လည်း အင်မတန်ကျပါတယ်။ အဲဒီအပြင် Presentation လုပ်တဲ့နေရာမှာ Photographer နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို စိတ်ဝင်စားအောင် အချိန်တိတိကျကျ ပြောဆို သွားပါတယ်။ Professional Photographer တစ်ယောက်ဆိုတာ ဓာတ်ပုံကို မရိုက်ဘူး၊ ဓာတ်ပုံကို လုပ်ယူတာလို့ ပြောသွား တာလေးကို မှတ်သားမိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စကား ပြောတတ်ဖို့ လိုကြောင်း၊ သူဆိုရင် ပြင်သစ်စကားကိုပါ ကောင်းကောင်း ပြောနိုင်ကြောင်း၊ အချိန်ကို လေးစားသင့်ကြောင်း စသည်ဖြင့် ပြောသွားပါတယ်။ ဦးဇော်မင်းယု ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တစ်ပုံခြင်းစီ စလိုက်ထိုးပြရင်း ဒီဓာတ်ပုံကိုတော့ ဘယ်နှစ်ရက်ရိုက်ခဲ့ရကြောင်း၊ ဒီဓာတ်ပုံကိုတော့ ဘယ်လို ရိုက်ခဲ့ရကြောင်း စသည်ဖြင့် ပြောသွားပါတယ်။ ကျွန်တော် ဦးဇော်မင်းယုရဲ့ ဓာတ်ပုံတွေကို ကြည့်ရင်း မြင်ယောင်လာတာက Time တို့ Newsweek တို့က ဓာတ်ပုံတွေပါ။ အော် ဒီလို ဓာတ်ပုံတွေကို ဒီလိုရိုက်ရတာပါလား ဆိုပြီး စိ်တ်ထဲမှာ မှတ်သားမိပါတယ်။

ဦးဇော်မင်းယု ပြောပြီးသွားတဲ့ နောက်ပိုင်းမှာ Tea Break ပေးပါတယ်။ အဲဒီအချိန်ကျမှ ကိုငွေထွန်းတို့နဲ့ စကားတွေ ပြောနေရင်း ကိုရာဗီနဲ့ ကိုထူးတေဇာ ပေါက်ချလာပါတယ်။ Tea Break က စကားတွေ ပြောကောင်းနေတာနဲ့ အချိန် အတော်ကြာသွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ စကားပြောကောင်းတာ စကားစမပြတ်တော့ အခမ်းအနားပြန်စမယ်လို့ နှစ်ကြိမ်တောင် သတိပေးယူရတဲ့ အထိပါပဲ။

အခမ်းအနားပြန်စတော့ အရင်းဆုံး ပြောသူက မမေဇင်အောင်တဲ့။ လက်နှစ်ဖက်လုံး မရှိပါဘူး။ ဒါပေမယ့် သူ့ကိုယ်သူ မိတ်ဆက်တော့ Web Designer တဲ့။ ကျွန်တော် အရမ်းကို စိတ်ဝင်စား သွားမိပါတယ်။ Disable နဲ့ Non-disable ကို Physically ရုပ်ပိုင်းဆိုင်ရာနဲ့ ခွဲခြားတာ သဘောမတူကြောင်း၊ သူ့ရဲ့ စွမ်းဆောင်ရည် အပေါ်မှာသာ အဓိကထား အကဲဖြတ်သင့်ကြောင်း၊ Non-disable ဖြစ်နေပါစေ၊ စွမ်းဆောင်ရည် တွေသာ မရှိရင် Disable နဲ့ အတူတူသာ ဖြစ်ကြောင်း လောကကြီးကို ခါးစောင်းတင်ပြီး ထီမထင်၊ ဘွာမခတ်တဲ့ မမေဇင်အောင်ရဲ့ သတ္တိကို လေးစားမိပါတယ်။

ကိုထူးတေဇာ ဘလော့မှ ကူးယူဖော်ပြပါသည်။

မမေဇင်အောင်က သူ့ရဲ့ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့တယ်၊ ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရတယ်၊ အလုပ်ကို ဘယ်လောက်အထိ လုပ်ချင်ခဲ့တယ် စသည်ဖြစ့် ပြောသွားတာကို နားထောင်ရင် ကျွန်တော် စိတ်ထဲမှာ သနားတဲ့ တစ်စက်ကလေးမှ မဖြစ်ပေါ်မိပဲ၊ သူလိုကိုယ်လို နည်းပညာ သမား တစ်ယောက် အဖြစ် ခံစားနားလည်နေပါတယ်။ တကယ်တော့ သူမဟာ Disable မဟုတ်ပါဘူး။ သူလိုကိုယ်လို လူသားတစ်ယောက်ပါ။ သူ့ဆရာ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကိုလည်း ပြောပြသွားပါတယ်။ ငါတို့က မင်းတို့ကို အလုပ်ခန့်တယ်ဆိုတာ သနားလို့ မဟုတ်ဘူး၊ တကယ့် အရည်းအချင်း ပေါ်မှာ မူတည်ပြီး ခန့်ထားတာတဲ့။ လောကကြီးမှ တစ်ချို့နေရာတွေမှာ သနားဖို့ လိုသလို တစ်ချို့နေရာတွေမှာ သနားတာ မကောင်းပါဘူးလို့ စိတ်ထဲမှာလည်း တွေးတော့မိပါတယ်။

အဲဒီနောက်တော့ ကုလားကြီးတစ်ယောက်ရဲ့ Video ကို ထိုးပြပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် အကြီးအကျယ် ရွာလည်ပါတယ်။ သူပြောတဲ့ English အသံထွက်ကို ကျွန်တော် နားလည်ဖို့ မနည်းကြိုစားရပါတယ်။ ဒါပေမယ့် သူပြောတာတွေ သေသေချာချာ အာရုံစိုက်မိတော့ ကျေးလက်ဒေ သတွေရဲ့ ပညာရေးအကြောင်း၊ သူတို့ အိန္ဒိယနိုင်ငံမှာ ကျေးလက်ဒေသတွေအတွက် ကွန်ပျူတာတွေ တပ်ဆင်ပေးပြီး ရရှိလာတဲ့ အကျိုးဆက်တွေ၊ စမ်းသပ်မှုတွေကို ပြောသွားတာပါလားလို့ သတိထားမိလာပါတယ်။ မြို့ကြီးပြကြီးနဲ့ ဝေးလေလေ၊ ပညာရေးနဲ့ ဝေးလေလေဆိုတဲ့ သဘောကို အဓိက တင်ပြသွားပြီး Remote Area လို့ခေါ်တဲ့ တောကြိုအုံကြားတွေမှာ ပညာရေးနဲ့ နည်းပညာတွေကို အရင်ဆုံး စပြီးမိတ်ဆက်ပေးသင့်ကြောင်း တင်ပြ သွားပါတယ်။ ကျွန်တော် မှတ်မိနေတဲ့ ပြကွက်တစ်ခုရှိပါတယ်။ ကျေးရွာတစ်ခုမှာ အများသုံး ကွန်ပျူတာ တစ်လုံး ချထားပေးပါတယ်။ Touch Pad ကလွဲလို့ ဘာမှမပါပါဘူး။ အစပိုင်းတော့ ကျောင်းကထွက်ထားတဲ့ ကလေးတစ်ယောက် လာကိုင်ပါတယ်၊ အစတော့ စမ်းကြည့်တာပါ၊ နောက်တော့ စိတ်ဝင်စားလာပြီး ကွန်ပျူတာနားက မခွာတော့ပါဘူး၊ အဲဒါကို ဗီဒီယို မှတ်တမ်းနဲ့ အချိန်ပြည့် ရိုက်ပြီး မှတ်တမ်းယူထားပါတယ်။ အစပိုင်းမှာ ကလေးတွေ တစ်ယောက်စ နှစ်ယောက်စသာ ကွန်ပျူတာကို လာကိုင်ကြပေမယ့် နောက်ပိုင်းမှာ တန်းစီယူရတဲ့ အထိပါပဲ။

ကျွန်တော်တို့ဆီမှာရော အဲဒီလို ကွန်ပျူတာတွေ ရွာတွေမှာ သွားထားလို့ မဖြစ်နိုင်ဘူးလား၊ တကယ့်ကို အကျိုးများတဲ့ ကိစ္စပဲလို့ ကျွန်တော် စိတ်ထဲမှာ တွေးမိပါတယ်။ အဲဒီလို ကျေးလက်ဒေသတွေမှာ ကွန်ပျူတာတွေ သုံးနိုင်အောင် လှူဒါန်းကြတဲ့ အဖွဲ့အစည်းတွေ ကျွန်တော်တို့မှာ မရှိသေးတာကို သတိထားမိပါတယ်။ တစ်နေ့နေ့ အဆင်ပြေရင် အဲဒီလို အစီအစဉ်မျိုးတွေ အကောင်အထည်ဖော်ချင်တဲ့ စိတ်တွေ ဖြစ်လာပါတယ်။ တကယ်တန်း လက်တွေ့ အမြင်အရ စဉ်းစားကြည့်မယ်ဆိုရင်လည်း မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းနဲ့သာ ဆောင်ရွက်မယ်ဆိုရင် ကျေးလက်ဒေသတွေမှာ Electronic စာကြည့်ခန်း၊ Public Computer တွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ကျွန်တော် ဟိုးအရင်က ရေးဖူးတဲ့ အွန်လိုင်းပညာရေး ဆိုတဲ့ ဆောင်းပါးလေးကိုလည်း သတိရမိပါတယ်။

ကိုထူးတေဇာ ဘလော့မှ ကူးယူဖော်ပြပါသည်

အဲဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုငွေထွန်းရဲ့ အလှည့်ပါ။ ကုလားကြီးပြီးတော့ တရုတ်ကြီး တစ်ယောက်ပေါ့ ဆိုပြီး စင်ပေါ် တက်သွားပါတယ်။ ကိုငွေထွန်းရဲ့ Mac Book Air ကို ပြင်ဆင်နေတဲ့ အချိန်မှာ ခုချိန်မှာ It’s never too early to learn computer ကွန်ပျူတာသင်ဖို့ စောသေးတယ်ဆိုတာ ဘယ်တော့မှ မရှိဘူးဆိုပြီး Presentation ကို စဖွင့်ပါတယ်။ ကိုငွေထွန်းပြောတဲ့ အကြောင်းအရာက Myanmar Operating System ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ဆိုတဲ့ ခေါင်းစဉ်ပါ။ Localization ကို အားသန်သူ ပီပီ၊ OS ကို မြန်မာမှုပြုဖို့ အသေးစိတ် ဆွေးနွေးတင်ပြသွားပါတယ်။ ကျွန်တော်စိတ်ထဲမှာ ငါ ဘာများ ကူညီနိုင်မလဲလို့ တွေးမိတော့ မြန်မာ့ ဓလေ့နဲ့ ကိုက်ညီတဲ့ Icon လေးတွေ ရေးဆွဲဖို့ ဖိတ်ခေါ်ပေးမယ်၊ ပြိုင်ပွဲလေးတွေကို Myanmar Tutorials က တစ်ဆင့် ကျင်းပပေးမယ်လို့ စိတ်ကူးမိပါတယ်။ Myanmar Tutorials ကို Myanmar Operating System အတွက် မီဒီယာတစ်ခု အနေနဲ့ ကူညီပေးမယ်လို့ စိတ်ကူးမိပါတယ်။ ကိုငွေထွန်းက Myanmar OS ရဲ့ Due Date ကိုပါ တစ်ခါတည်း ပြောသွားပါတယ်။ 11-11-11 အားလုံး တစ်တွေပဲ စုံတဲ့ နေ့မှာ ထုတ်မှာပါပဲ။ နာမည်ကိုလည်း မြန်မာပြည်ရဲ့ Standard (စံ)တွေ အများဆုံးသတ်မှတ်ခဲ့တဲ့ သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ သာလွန်လို့ ပေးထားတဲ့ အကြောင်း ပြောသွားပါတယ်။

ကျွန်တော်လည်း ကိုငွေထွန်း Presentation ပြီးတဲ့အချိန်မှာ အချိန်မရတော့တာကြောင့် အိမ်ကို ပြန်ခဲ့ရပါတယ်။ အပြန်လမ်းမှာတော့ TEDx Youth@Yangon ကို စီစဉ်ပေးတဲ့ YMAA (Young Myanmar Abroad Association) နဲ့ MAI (Myanmar Airway International) တို့ကိုကျေးဇူးတင်မိသလို ပွဲကို အကွက်ကျကျ စီစဉ်ပေးတဲ့ လူပုဂ္ဂိုလ် အားလုံးကို ကျေးဇူးတင်နေမိပါတယ်။ လူတွေ အထူးသဖြင့် လူငယ်တွေ ဒီထက် များသင့်တဲ့ နေရာမှာ မများတာကိုတော့ အားမလို အားမရ ဖြစ်မိပေမယ့် လာတဲ့သူသူတို့ အကျိုးကျေးဇူးတွေ ရရှိသွားစေတဲ့ TEDx Event ကို အမှတ်တရ ရှိနေမိပါတယ်။ နောက်နှစ်တွေလည်း မြင်ချင်ပါတယ် TEDx ရေလို့ နှုတ်ဆက်ရင်း ကျွန်တော်စာလည်း အတော်ရှည်သွားပြီ ဖြစ်လို့ ရပ်ပါရစေတော့။ အားလုံး ကျေးဇူးတင်ပါတယ်။

Facebook comments:

6 Responses

  1. kyawminlwin says:

    :( အဲဒီပွဲကို တော်တော် သွားချင်တာဗျာ အခြေအနေမပေးလို့ အခြေအနေမပေးဆို အနော်တို့ Companyရဲ့ ဘောစ့် ဦးမြတ်သူဝင်း ကလည်းလာတာကိုဗျ….. ဟီး….. ဘောစ့်နဲ့ တိုးမှာစိုးလို့ မလာတာ အခုတော့ ရတောင့်ရခဲ ပွဲတစ်ပွဲကို ဆုံးရှုံ;လိုက်ရတယ်ဗျာ……:(

  2. Elektro Eves says:

    မသိခဲ့ဘူး။ သိခဲ့ရင် ကျိန်းသေပေါက်လာမှာ။ Event အကြောင်း မိတ်ဆွေတွေကို ဝေမျှပေးခဲ့ဖြစ်မှာလဲ ကျိန်းသေတယ်။

    သာလွန် OS ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

    နောက်တစ်ခါတော့ မလွဲစေဖို့ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ပါတယ်…

  3. barnay says:

    ကျေးဇူးပဲဗျာ ခုလို ပွဲတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရလို့ နောက် ဘာပွဲလဲဆိုတာပါ တစ်ခါ သိလိုက်ပြန်ပါတယ် နောက် ဘာဖြစ်လာအုံးမယ်ဆိုပြီး ညွန်းသွားပြန်သေးတယ်
    မြန်မာ က ထုတ်မဲ့ သာလွန်OS ကိုလည်း စောင့်မျှော်နေပါတယ် …

  4. mydaydream says:

    ဟုတ်တယ် လူသိအောင် ကောင်း​ကောင်း မလုပ်နိုင်လိုက်တာ တော်တော်ဆိုးသွားတယ်။ ပြီးတော့ ဖွင့်ပြတဲ့ ဗီဒီယိုကရော စာတမ်းထိုးတာကလည်း အဆင်မပြေတော့ လူတွေထပြန်ကုန်တယ်။ မရှိရှိတဲ့ ကောင်းကွက်လေးတွေကို ဖော်ထုတ်ပြီး စာကောင်းကောင်းလေး ရေးပေးတဲ့ ကိုသီဟကို အများကြီး ကျေးဇူးတင်ပါတယ်။

  5. [...] သူဘလော့မှာတင်ထားတာရှိပါတယ်။ myanmartutorials.com မှာရေးထားတာလည်းရှိပါတယ်။ [...]

  6. [...] had the chance to read up some blog posts about it. Thanks to Ko Thi Ha for a complete post. I can’t put my laziness aside so that I haven’t accomplished the post event tasks till [...]

Leave a comment


*