MYiD Camp (Hosting ရွေးချယ်ခြင်း အပိုင်း) အပိုင်း (၂)

အရင် အပိုင်းမှာတော့ Website တွေ ဘာကြောင့် ပျက်ရသလဲဆိုတဲ့ အပိုင်းကို ပြောခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော် ပြောတဲ့ Topic ခေါင်းစဉ် ဖြစ်တဲ့ How to run site successfully ဆိုတဲ့ အပိုင်း ရောက်မှာ ဖြစ်ပါတယ်။ (ဒီမှာတော့ အချိန်အကန့်အသတ်နဲ့ ပြောတာမဟုတ်ပဲ၊ ရေးမှာဆိုတော့ ပြည့်စုံအောင် ရေးသွားပါ့မယ်၊ တကယ်တော့ ခေါင်းစဉ် တစ်ခုခြင်းစီမှာတင် ဆောင်းပါး တစ်ပုဒ်လောက် ရေးရမယ့် သဘောရှိပါတယ်) ကျွန်တော့် အတွေ့အကြုံအရ Website တစ်ခုကို အောင်အောင်မြင်မြင် လည်ပတ်နိုင်ဖို့ လိုအပ်ချက်တွေ အနေနဲ့

  1. Hosting ကို မှန်မှန်ကန်ကန် ရွေးချယ်မယ်
  2. Tools ကို မှန်မှန်ကန်ကန် ရွေးချယ်မယ်
  3. စဉ်ဆက်မပြတ် တင်ဆက်မယ်
  4. Content ကောင်းအောင် လုပ်မယ်
  5. လူသိများအောင် လုပ်မယ်
  6. SEO ဖြစ်အောင် လုပ်မယ်
  7. Social Network, Twitter စတာတွေနဲ့ ချိတ်ဆက်မယ်
  8. အသုံးပြုသူတွေနဲ့ အမြဲထိတွေ့မယ်
  9. အခါအားလျှော်စွာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမယ်
  10. လုံခြံုရေးဆိုင်ရာ Features တွေ ထည့်သွင်းမယ်
  11. ပူးပေါင်းဆောင်ရွက်မယ်

Hosting ကို မှန်မှန်ကန်ကန်ရွေးချယ်မယ်

Choose Hosting

Hosting ကို ရွေးချယ်တဲ့ နေရာမှာ Free Hosting တွေကို ရွေးချယ်တဲ့ အပိုင်းကို အရင်ဆုံး ပြောချင်ပါတယ်။ Free Hosting တွေဆိုတာ အလကားရတယ် ဆိုတဲ့အတိုင်း လူတိုင်း ဖိသုံးနေတဲ့အတွက် အရမ်း Crowded ဖြစ်နေတတ်ပါတယ်။ အဲဒီအပြင် အခြား Supporting ပိုင်းတွေမှာလည်း ဘာမှ ရေရေရာရာ ပေးမထားပါဘူး။ အဲဒီအပြင် အခြား ကန့်သတ်ချက်တွေကလည်း အပုံအပင် ရှိနေပါသေးတယ်။ Cache လုပ်ခွင့်မရှိတာ Bandwidth နည်းတာ၊ Space နည်းတာ စသည်ဖြင့် စိတ်ပျက်စရာ ကောင်းလောက်အောင် ပြဿနာတွေ ရှိနေပါတယ်၊ အဲဒီလို Free Host တွေကို သုံးမယ့်အစား Free Platform တွေကို သုံးတာ ပိုပြီး သင့်တော်ပါတယ်။ ဥပမာ – blogspot လို wordpress.org လို နေရာတွေပေါ့။ အဲဒီလို နေရာတွေမှာ သုံးတဲ့အတွက် အားသာချက်ကတော့ Exportable ဖြစ်တာပါ။ ကိုယ့်အနေနဲ့ Free Platform ကနေ ကိုယ်ပိုင် Hosting ကို ပြောင်းလိုတဲ့အခါ အလွယ်တကူ ပြောင်းလို့ရနိုင်ပါတယ်။ အဲဒီလို ပြောင်းလို့ ရွေ့လို့ လွယ်တဲ့ အချက်ကို အဓိကထားပြီး Free Platform တွေကို ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ခုက ကိုယ်ပိုင် Hosting တွေ ဝယ်တော့မယ်ဆိုရင် ဆိုတဲ့ အပိုင်းကို ပြောချင်ပါတယ်။ ဘယ် Hosting ကို သွားကြည့်ကြည့် Unlimited (အကန့်အသတ်မရှိ) ဆိုတဲ့ စကားလုံးကို ထိပ်ဆုံးက တွေ့ရမှာ ဖြစ်ပါတယ်။ Unlimited Bandwidth, Unlimited Space, Unlimited, … ဆိုတာတွေ ပြူးနေအောင် တွေ့ရမှာ ဖြစ်ပါတယ်။ Unlimited Bandwidth တွေ၊ Unlimited Space တွေ၊ Unlimited User တွေ၊ Unlimited Database တွေ စသည်ဖြင့် ဘာကြောင့် ပေးနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။ တကယ်တော့ Hosting တစ်ခုခြင်းစီမှာ လေးနှစ် ငါးနှစ် Run တာတောင်မှ Space 50G မရှိတာတွေ၊ Bandwidth 20G မရှိတာတွေ အများကြီးပါ။ တကယ်တန်း Unlimited Domain ဆိုပေမယ့် ဘယ်သူမှ အများကြီး မလုပ်နိုင်ကြပါဘူး။ Unlimited Database ဆိုတဲ့ နေရာမှာလည်း အတူတူပါပဲ။ ဘယ်သူမှ အများကြီး မဆောက်နိုင်ပါဘူး။ ဆောက်နိုင်တယ် ထားဦး။ Space တွေ အများကြီး ယူမသုံးနိုင်ပါဘူး။

သေသေချာချာ လေ့လာကြည့်ပါ။ အဲဒီ Unlimited တွေထဲမှာ Unlimited CPU တို့ Unlimited Memory တို့ မပါတာပါပဲ။ အဲဒီတော့ CPU Usage ကျော်တာနဲ့ ဆိုက်ကို ရပ်ပစ်တာ၊ Memory Usage ကျော်တာနဲ့ ဆိုက်ကို ပိတ်ပစ်တာတွေ ဖြစ်လာပါတော့တယ်။ တကယ်တော့ အဲဒီလို အခြေအနေတွေအတွက် သူတို့ရဲ့ Terms and Conditions တွေ ရေးထားပြီးသား ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ အရိုးစွဲနေတဲ့ အလေ့အကျင့်တွေအရ Terms and Conditions တွေဆိုရင် တစ်ခါတည်း Agree လုပ်တဲ့အကျင့် ရှိနေပါတယ်။ အဲဒီတော့ Hosting ဝယ်မယ်ဆိုရင်လည်း Terms and Conditions ကို မဖတ်ပဲ ဝယ်တတ် ကြပါတယ်။ ကျွန်တော်တို့မှာ CPU Usage ကျော်လို့ဆိုပြီး ဆိုက်အပိတ်ခံရတဲ့ အတွေ့အကြံုတွေ ရှိခဲ့ဖူးပါတယ်။ လုံးဝကို ပိုက်ဆံ ပြန်မရပါဘူး။ ဒီတော့ Hosting ဝယ်မယ်ဆိုရင် Terms and Conditions ကို သေသေချာချာ ဖတ်ပါလို့ ဆိုချင်ပါတယ်။

Cheapest Hosting

အရေးအကြီးဆုံးနဲ့ လူတိုင်း သည်းခြေကြိုက် တစ်ခုကတော့ စျေးသက်သာတာပါ။ Hosting တွေ ဝယ်တဲ့အခါ စျေးသက်သာတာကို ရှာတတ်ကြပါတယ်။ စျေးသက်သာတဲ့ Hosting တွေရဲ့ နောက်ကွယ်မှာ သူလို ကိုယ်လိုတွေ များနေမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ တကယ်တန်း ကိုယ်သုံးရမယ့် Hosting ကလည်း Shared Hosting ဖြစ်ပါတယ်။ အဲဒီတော့ လူတွေအများကြီးနဲ့ Share ပြီး သုံးနေရတယ်လို့ မှတ်ထားဖို့ လိုပါတယ်။ အဲဒီအတွက် စျေးသက်သာ တာနဲ့အမျှ ဟိုဟာ သုံးမရ၊ ဒီဟာ သုံးမရဆိုတဲ့ ပြဿနာတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် Hosting ဝယ်တဲ့ နေရာမှာ စျေးသက်သာတာကို မကြည့်ပဲ ကျွန်တော် နောက်ပိုင်းမှာ ပြောမဲ့ အချက်တွေ အပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

အဲဒီ Hosting တွေမှာ Shared Hosting, Grid Hosting, Cloud Hosting, VPS Hosting နဲ့ Dedicated Hosting ဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။ Shared Hosting ကတော့ စျေးအပေါဆုံးပါ။ ကျန်တာတွေကတော့ သူထက် စျေးများတာတွေပါပဲ။ အဲဒီ အကြောင်းတွေကို ကျွန်တော့်အနေနဲ့ Hosting ရွေးမယ်၊ ချစ်ဝဲလည် ဆိုပြီး ရေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ အသေးစိတ် ဖတ်နိုင်ပါတယ်။ ဒါပေမယ့် Grid Hosting အကြောင်းရယ်၊ Cloud Hosting အကြောင်းကတော့ မပါသေးပါဘူး။ Grid တို့ Cloud တို့ဆိုတာကလည်း Professional Level ကြမှ လိုမှာ ဖြစ်တဲ့အတွက် ဒီအပိုင်းမှာ မပြောတော့ပါဘူး။ ကဲ ရှေ့ဆက်ပြီး Hosting ရွေးမယ်ဆိုရင် ဘာတွေ သိထားဖို့လိုမလဲ ဆိုတဲ့အပိုင်းကို ရှေ့ဆက်ကြရအောင်၊ Hosting တစ်ခု ရွေးတော့မယ်ဆိုရင် ဒါတွေ သိအောင်လုပ်ပါ။

  1. Storage ပမာဏ ဘယ်လောက်အထိ ပေးလဲ
  2. တစ်လကို Bandwidth ဘယ်လောက် သုံးခွင့်ရှိလဲ
  3. Domain တွေ Sub-Domain တွေ ဘယ်လောက်အထိ သုံးခွင့်ပေးလဲ
  4. Email Account ဘယ်လောက်အထိ ရလဲ၊ Google Apps နဲ့ တွဲလို့ရလား၊ IMAP တို့ POP တို့ သုံးလို့ရလား
  5. Database သုံးလို့ရလား
  6. Framework တွေ သုံးလို့ရလား၊ Joomla, WordPress စတာတွေကို လွယ်လွယ် သွင်းလို့ရအောင် စီစဉ်ထားလား
  7. Mobile App တွေ အနေနဲ့ Hosting ကို လှမ်း Control လုပ်လို့ရလား
  8. Technical Support ကောင်းလား
  9. Shell Access ရလား
  10. .htaccess files ကို သုံးလို့ရလား
  11. Cron Jobs လို့ခေါ်တဲ့ အချိန်သတ်မှတ်ပြီး သူ့အလိုအလျှောက်လုပ်ချင်တာ လုပ်ခိုင်းထားလို့ရလား
  12. Language Support ဘာတွေပေးလဲ၊ (PHP, ROR, Python စသည်ဖြင့်)
  13. Free Adwords (Google ရဲ့ အွန်လိုင်း ကြော်ငြာ) ပေးလား
  14. Site Backup ကို ဘယ်လိုလုပ်ပေးလဲ
  15. ဘယ် OS ကို သုံးထားလဲ၊ (Linux လား၊ Windows Server လား)
  16. အခြား အပိုဆောင်း Applications တွေ ဘာတွေထည့်ပေးထားလဲ
  17. Up-to-date ဖြစ်ရဲ့လား
  18. ကြားထဲမှာ အပြတ်အတောက်မရှိ လည်ပတ်နိုင်လား
  19. Free Domain ပေးလား

အဲဒီအပေါ်က အချက်တွေကို အသေးစိတ် လေ့လာပြီး Hosting တစ်ခုချင်းစီ နှိုုင်းယှဉ်ကြည့်ပါ။ အကောင်းဆုံးထဲက စျေးအသက်သာဆုံးကို ရွေးပါလို့ ပြောလိုပါတယ်။

ဆက်ပါဦးမယ် …

Facebook comments:

6 Responses

  1. BluE ViRuZ says:

    ကျွန်တော်လည်း shared unlimited hosting တစ်ခုသုံးနေပါတယ်။ သူတို့ပြောတော့ unlimited ဆိုတော့ ကျွန်တော်လည်း sites တွေတင်တော့တာပေါ့။ နောက်တော့မှ cpu usage ကျော်တယ်ဆိုပြီး first warning ပေးပါတယ်။ warning 3 ခါကျော်ရင် account ကိုပိတ်ပစ်မယ်ပြောပါတယ်။ သူတို့ site က feature တွေထဲမှာ cpu limit နဲ့ memory limit ဆိုတာမျိုးထည့်ရေးထားတာ မတွေ့ပါဘူး။ နောက်တော်တော်များများ shared hosting တွေရဲ့ feature တွေမှာလည်း ထည့်မရေးကြပါဘူး။ ထည့်မရေးတဲ့အပြင် တော်ရုံလူတွေ ရှာတွေ့မယ့်နေရာတွေ (FAQ) တွေမှာတောင် ရှာလို့မတွေ့ပါဘူး။ ဘာလို့ အဲလိုလုပ်ကြတယ်ဆိုတာတော့ ကျွန်တော့အထင်ပြောရရင် လူလည်ကျတာပါ။ ဒါကြောင့် hosting ရွေးဖို့အတွက် အတော်ကို ဒုက္ခရောက်ပါတယ်။ သူတို့ရေးထားတဲ့ feature တွေကအကုန်လိုလို တူနေပါတယ်။ တကယ်အဲဒီ့အတိုင်း ဟုတ်မဟုတ်က မယုံကြည်ရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ခုလက်ရှိ hosting ကသက်တမ်းကုန်တော့မှာတောင် ဘယ်ကိုပြောင်းရမလဲမသိဖြစ်နေပါတယ်။ ကျွန်တော်ခုတင်ထားတာက lunapage မှာပါ။ support ကတော့ညံ့တယ်ပြောရမယ်။ live chat လည်းမရှိပါဘူး။ ticket တစ်ခုတင်ရင် အနည်းဆုံး ၁ ရက်စောင့်ရပါတယ်။ စိတ်ကတော့ တော်တော်ကုန်နေတာပါ။ ဒါကြောင့် နောက် post တွေမှာ ကိုယ့်တွေ့ hosting ကောင်းလေးတွေ ထည့်ရေးပေးဖို့ တောင်းဆိုချင်ပါတယ်။

    ခု post အတွက်လည်းကျေးဇူးတင်ပါတယ်။

    • Thiha says:

      ကျွန်တော်ကတော့ DreamHost ကို ညွှန်းချင်ပါတယ်။ အစက ကျွန်တော်လည်း Lunarpages မှာပါ။ နောက်တော့ Dreamhost ကိုပြောင်းလိုက်ပါတယ်။ Support လည်း အင်မတန်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအပြင် Script တော်တော်များများ Run နိုင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ Database Size 110MB နဲ့ သုံးတာတောင် Process Kill လောက်သာ လုပ်ပြီး ဘာ Warning မှ မလာပါဘူး။ အဲဒီအပြင် Private Server ဖက် ပြောင်းချင်ရင်လည်း လွယ်လွယ်ပြောင်းလို့ရပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ အတွေ့အကြုံပေါ် မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ …

      • BluE ViRuZ says:

        ဟုတ်ကဲ့။ ခုလို လမ်းညွှန်ပေးတာ တော်တော်ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်း ဘာရွေးရမှန်းမသိဘူးဖြစ်နေတာ။ ဘာရွေးရမယ်ဆိုတာထက် ဘာကိုယုံရမယ်မသိတာ ဆိုပိုမှန်မယ်။ ကျွန်တော်လည်း သက်တမ်းမကုန်ခင်လေး ပြောင်းဖို့အတွက် လိုက်လေ့လာနေရတာ။ ခုလက်ရှိ တွေ့ထားတာလေးတွေက justhost ရယ်၊ hostgator ရယ်၊ dreamhost ရယ်ပါ။ ခု ကိုသီဟ က dreamhost ညွှန်းတာကြောင့် ကျွန်တော် dreamhost ကိုသေချာလေ့လာလိုက်ဦးမယ်။

        ကျေးဇူးအထူးပါဗျာ….

  2. Dear Ko Thiha,

    Please continue about ‘Grid Hosting’ and ‘Cloud Hosting’.Thanks a lot for this article.
    Could you give me your phone no please?I want to ask you about server.

    I need to know about server urgent.

    Many thanks,
    Kyaw.

  3. laminphyu says:

    hosting တစ်ခုကနေ နောက်တစ်ခု ကို ဘယ်လိုပြောင်း ရလည်း သိချင်ပါတယ် ခင်ဗျာ…ကျွန်တော် site ကို် free hosting ကနေ ပြောင်းချင်တာပါ ..အခု 000webhost မှာ တင်ထားပါတယ်..ကျေးဇူးပြု၍ဖြေပေးပါခင်ဗျာ

Leave a comment


*