Tablet Computer တစ်လုံး ဝယ်မယ်ဆိုရင် ဘာတွေ သိဖို့ လိုမလဲ
၂၀၁၀ ခုနှစ်ကတော့ Tablet တစ်ခေတ် ဆန်းသစ်ချိန်လို့ ဆိုရမယ် ထင်ပါတယ်။ Apple က iPad နဲ့ စလိုက်တဲ့ Tablet စျေးကွက်မှာ ခုဆိုရင် Android OS သုံး Tablet တို့၊ BlackBerry Tablet တို့ စသည်ဖြင့် တစ်ခုပြီး တစ်ခု စျေးကွက်ထဲ ဝင်လာနေပါပြီ။ သိပ်မကြာခင် အချိန်အတွင်းမှာ Netbook တွေနေရာမှာ အစားထိုးမယ့် Tablet တွေ ပေါ်လာ ပါတော့မယ်။ အဖိုးကြီးလည်း Pad၊ အဖွားကြီးလည်း Tab၊ မွေးကင်းစ အာဗြဲလေးလည်း blet ဆိုသလို ဖြစ်လာဖို့ တာစူနေပါပြီ။ အရင် Netbook တွေတုန်းက စျေးသက်သာတယ် ဆိုပေမယ့် လူတိုင်း ကိုင်နိုင်တဲ့ အနေအထား မရှိပါဘူး။ Tablet တွေမှာတော့ JXD, SYH တို့လိုတွေကပါ နောက်တစ်ချိန်မှာ ထုတ်လာနိုင်တဲ့ အနေအထားဆိုတော့ လူတိုင်း ကိုင်နိုင်မယ် အနေအထား ရောက်လာနိုင်ပါတယ်။ ဒီတော့ Tablet Computer တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲ လေ့လာကြည့်ရအောင် …
The World is Flat! တောမတ်ဖရိမင်းရဲ့ စာအုပ်ခေါင်းစဉ်ပါ။ စာရေးဆရာကတော့ အားလုံး ညီတူမျှတူ အခွင့်အရေးတွေ ရှိနေပြီဆိုတဲ့ သဘော ကမ႓ာကြီးရဲ့ ဘယ်နေရာ ဘယ်ဒေသမှာ နေထိုင်သူ ဖြစ်ပါစေ၊ Level Plain Field ထဲမှာ ဝင်ကစားလို့ ရပြီ ဆိုတဲ့သဘော ရေးခဲ့တာပါ။ ခုလည်း The World is Flat (ကမ႓ာပြားပြီ) ပါပဲ။ ဟုတ်တယ်လေ။ နေရာတကာ Tablet ပြားပြားလေးတွေ ခေတ်စားလာမှတော့ The World is Flat ပေါ့။
Netbook တွေတုန်းကတော့ သေးတယ်၊ ပေါ့တယ်၊ ဘက်ထရီသက်တမ်း အကြာကြီးခံတယ် ဆိုပေမယ့် Flat မဖြစ်ပဲ Fold လုပ်ပြီး ခေါက်သိမ်း နေရပါသေးတယ်။ ခု ထွက်လာတဲ့ Tablet တွေကတော့ ပေါ့တယ်၊ ပါးတယ်၊ လက်နဲ့ ကိုင်ပြီး စာအုပ်ဖတ်သလို ဖတ်လို့ရတယ်၊ အဲဒီအပြင် Apple ပထမဦးဆုံး လူတွေကို ဖမ်းစားဆွဲဆောင်ခဲ့တဲ့ အထိအတွေ့မှာ သာယာမှု အပြည့်ပေးနိုင်တဲ့ Muilti Touch နည်းပညာပါ ပါလာမှာဆိုတော့ လွတ်ကောင်းပေါ့ဗျာ။
Tablet တွေရဲ့ အခြား စွမ်းဆောင်ရည်တွေလည်း ရှိပါသေးတယ်။ Wi Fi သုံးပြီး အင်တာနက် ကြည့်လို့ရတယ်ဗျာ။ e-mail စစ်လို့ရတယ်ဗျာ။ ဂိမ်းဆော့လို့ရတယ်ဗျာ။ စမတ်ဖုန်းတွေထက် စာရိုက်ရတာ ပိုအဆင်ပြေတယ်ဗျာ။ ဗီဒီယို ကြည့်လို့ရတယ်ဗျာ။ သီချင်း နားထောင်လို့ရတယ်ဗျာ။ စာအုပ် ဖတ်လို့ရတယ်ဗျာ။ မှတ်စုထုတ်လို့ ရတယ်ဗျာ။ ကဲ တစ်ကိုယ်ရည်သုံး အတွက် ဘာလိုသေးလဲ။ အဲဒီအပြင် ခုနောက်ပိုင်း ရွေးချယ်စရာတွေကလည်း များလာပါတယ်။ Apple တို့ Black Berry တို့ သုံးမယ်ဆိုရင် iPad နဲ့ Black Berry Playbook က လွဲလို့ တစ်ခြား ရွေးချယ်စရာ မရှိပေမဲ့ Android OS အတွက်ဆိုရင်တော့ ရွေးချယ်စရာတွေ များလာပြီ ဖြစ်ပါတယ်။ Samsung Galaxy Tab, aPad, SMC, Acer, EEEPad, LG, ZTE စသည်ဖြည့် အများကြီး ထွက်လာဖို့ ရှိနေပါတယ်။ ဒီလောက် ရွေးချယ် စရာတွေ များလာပြီ ဆိုတော့ ခေါင်းခေါက်ရွေးလို့ ရပြီပေါ့။ (ပိုက်ဆံရှိဖို့တော့ လိုတာပေါ့နော်) ဘယ်လို ရွေးကြမလဲ လေ့လာကြည့်ရအောင်။
Screen (မျက်နှာပြင် အရွယ်အစား)
မျက်နှာပြင် အရွယ်အစားကတော့ အဓိကအကျဆုံး စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Tablet တွေမှာ မျက်နှာပြင်အရွယ်အစား ၅ လက်မ၊ ရ လက်မ၊ ၉.၇ လက်မ၊ ၁၀.၁ လက်မ ဆိုပြီး မျိုးစုံ ရှိနေပါပြီ။ Tablet ဖန်သားပြင် ပေါ်မှာတင် စာတွေကို ရိုက်ထည့်ရမှာဆိုတော့ လက်မဝက်ဆိုတဲ့ အရွယ်အစားကလည်း စကားပြော ပါတယ်။ စမတ်ဖုန်း သုံးနေကြ သူတွေ အတွက် Tablet တွေက စာရိုက်တဲ့နေရာမှာ ပိုပြီး အဆင်ပြေလာမှာ သေချာပါတယ်။ သယ်ရလွယ်ပြီး ဖုန်းသာသာ အရွယ်အစားကို လိုချင်တယ်ဆိုရင်တော့ ၅ လက်မ အရွယ်ကို ရွေးချယ်ကြပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ တစ်ချို့တွေကတော့ ကြားအရွယ်လို့ ဆိုလို့ရမယ့် ရ လက်မကို ကြိုက်ကြ ပါလိမ့်မယ်။ တစ်ချို့တွေကတော့ စာရိုက်ရလည်း အဆင်ပြေအောင်၊ ခန့်ခန့် ငြားငြားလည်း ရှိအောင် ၉.၇ လက်မ၊ ၁၀.၁ လက်မတွေကို ရွေးချယ်ပါလိမ့်မယ်။ မျက်နှာပြင် အရွယ်အစားအပေါ် မူတည်ပြီး အလေးချိန်၊ ကုန်ကျစရိတ်လည်း တိုးလာပါလိမ့်မယ်။
မျက်နှာပြင် အရွယ်အစားနဲ့ ပတ်သက်ပြီး တစ်ခြား ကြည့်ရမယ့် အချက်က Dot Per Inch လို့ ခေါ်တဲ့ Resolution ပါ။ Pixel အချိုးအစား ပိုများလေ၊ ပိုကြည်လေ၊ ပိုထင်ရှားလေ ဖြစ်လာနိုင်ပြီး စာရိုက်တဲ့အခါ စာလုံးတွေ ပြတ်သားအောင် ကူညီပေးတာမျိုး ဗီဒီယိုကြည့်တဲ့အခါမှာ ပိုပြီး ကြည်လင်စေတာမျိုးတွေ ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ တစ်ခြား Resolution အပြင် ကြည့်ရမယ့် အချက်တစ်ခုကတော့ Contrast နဲ့ Brightness ဘယ်လိုရှိလဲ၊ Color Depth ဘယ်လောက်ထိ ရနိုင်မလဲဆိုတာတွေပါ။ Resolution ဘယ်လောက်ကောင်းကောင်း Color Depth နည်းနေရင် Contrast နဲ့ Brightness မကောင်းရင် အဆင်မပြေပါဘူး။
နောက် အရေးပါတဲ့ အချက်တစ်ခု အနေနဲ့ Touch စနစ်ကောင်းမွန်မှု ရှိမရှိ စစ်ဆေးတဲ့အပိုင်းမှာ ကိုယ်တစ်ချက် Touch လုပ်တိုင်း Response ဘယ်လိုလာသလဲ၊ ဘယ်လောက်မြန်သလဲ တိုင်းတာဖို့ လိုပါတယ်။ အဲဒီအပြင် ဘယ်လောက်အထိ Sensitive ဖြစ်ပြီး တုန့်ပြန်နိုင်လဲ၊ ကိုယ့်တစ်ချက် ထိလိုက်တာနဲ့ ချက်ချင်းတုန့်ပြန် နိုင်ရဲ့လား စသည်ဖြင့် အသေးစိတ် စစ်ဆေးကြည့်ဖို့ လိုပါတယ်။ အမြန်ဆုံးနဲ့ Sensitive အဖြစ်ဆုံး တုန့်ပြန်နိုင်တဲ့ Tablet ကို အကောင်းဆုံးလို့ ယေဘူယျ အားဖြင့် သတ်မှတ်နိုင်ပါတယ်။ Glossary Screen လို့ ခေါ်တဲ့ ပိုပြီး တောက်ပမှုရှိတဲ့ မျက်နှာပြင်တွေနဲ့ Tablet တွေကို ဝယ်မယ်ဆိုရင် နေရောင်အောက်မှာ ကြည့်တဲ့အခါ အလင်းပြန်မှု အားပိုများမယ်ဆိုတာလဲ သိထားဖို့ လိုပါတယ်။
Wireless Connections (ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှု)
Tablet တိုင်းမှာ Wi Fi တော့ အနည်းဆုံး ပါမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ 3G ကွန်ယက်ပါ သုံးချင်တယ်ဆိုရင်လည်း ရွေးချယ်လို့ ရနိုင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ Wi Fi မှာ 802.11 b/g နဲ့ 802.11n ဆိုပြီး နှစ်မျိုးရှိပါတယ်။ 802.11 b/g ကတော့ သာမန် ရိုးရိုး ကွန်ပျူတာ အသုံးအတွက် အဆင်ပြေ လုံလောက်ပေမယ့် ဒီထက်ပိုပြီး Media-streaming တွေအတွက် ဆိုရင်တော့ 802.11n ကို ရွေးချယ်သင့့်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ဗျာ 802.11 b/g နဲ့တင် လုံလောက်နေပါပြီ။
3G Cell Connection ရတဲ့ Tablet တွေ ဝယ်မယ်ဆိုရင်လည်း အဲဒီကွန်ယက်ရှိဦးမှ မရှိလို့ကတော့ စျေးပိုပေး လိုက်ရတာက လွဲလို့ ဘာမှထူးမှာ မဟုတ်ပါဘူး။ iPad ကို 3G အနေနဲ့ AT&T က ရနိုင်ပြီး Samsung Galaxy Tab ကိုတော့ Sprint က 3G အနေနဲ့ အထောက်အပံ့ ပေးပါတယ်။ Data Plan အနေနဲ့ ပိုက်ဆံလည်း ထပ်ပေးရမယ် ထင်ပါတယ်။
နောက်ထပ် စဉ်းစားနိုင်တဲ့ အချက်တစ်ခုကတော့ GPS ရလားပေါ့။ iPad 3G မှာပဲ ဖြစ်ဖြစ်၊ Samsung Galaxy Tab မှာပဲ ဖြစ်ဖြစ် GPS ကို စပါယ်ရှယ် သုံးလို့ရအောင် စီစဉ်ထားတာ တွေ့ရပါတယ်။ တစ်ခြားစဉ်းစားရမယ့် အပိုင်းတွေကတော့ BlueTooth ရလားပေါ့။ BlueTooth ရတယ်ဆိုမှာ အချက်အလက်တွေ ဖလှယ်တဲ့အခါမှာ ဖြစ်ဖြစ် BlueTooth Headset လေးသုံးပြီး စကားပြောတာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။
OS and Apps
OS၊ Apps တွေနဲ့ ပါတ်သက်ပြီး လောလောဆယ် အဓိက ရွေးချယ်စရာ ဆိုလို့ Apple iOS အုပ်စုနဲ့ Google Android အုပ်စု နှစ်စုပေါ့။ တစ်ခုချင်းစီမှာ အားနည်းချက် အားသာချက်တွေ ရှိနေပါတယ်။
Apple iOS အနေနဲ့ App Store မှာ အံ့သြစရာ ကောင်းလောက်တဲ့ ပမာဏနဲ့ Apps တွေ အပုံအပင်ရှိနေပါတယ်။ Hardware နဲ့ Software ပေါင်းစပ်မှုကလည်း အင်မတန် သေသပ်လှပါတယ်။ ခက်တာက Flash မရပါဘူး။ Web သုံးရတဲ့ နေရာမှာလည်း အနည်းငယ် အကန့်အသတ်တွေ ရှိနေပါတယ်။ နောက် ရွေးချယ်စရာကလည်း Apple မှ တစ်ပါး အခြားမရှိပါဘူး။
Google Android ကတော့ အဲဒီလိုမဟုတ်ပါဘူး။ Brand စုံရှိနေပါတယ်။ စျေးနှုန်းလည်း သက်သာတာတွေ ရှိသလို စျေးကြီးတာတွေလည်း ရှိပါတယ်။ Android OS က iOS လို အရမ်း သေသပ်ပြည့်စုံတာမျိုး မဟုတ်ပါဘူး။ နဂိုကတည်းက Android ဆိုတာ Smart Phone တွေအတွက် ရည်ရွယ်ထားပြီး Tablet တွေအတွက် သေသေချာချာ တိတိကျကျ မထွက်သေးပါဘူး။ Apps တွေကတော့ တောင်ပုံရာပုံပါပဲ။ Quality Control ပိုင်းမှာတော့ Apple လို တစ်ပုံစံတည်း မဟုတ်ပဲ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်စမ်း ဆိုသလိုပါ။ Quality အရမ်းကောင်းတာတွေ ရှိသလို ညံ့တာတွေလည်း ရှိပါတယ်။
Storage (သိမ်းဆည်းနိုင်မှု ပမာဏ)
သိမ်းဆည်းနိုင်မှု ပမာဏနဲ့ ပတ်သက်ရင်တော့ ရလေလိုလေ အိုတစ္ဆေဆိုသလို ဖြစ်ကြတာများပါတယ်။ 1TB တောင် ပြည့်အောင် ထည့်ကြတာဆိုတော့ 2G က စပြီး 64G လောက်သာ ရှိတဲ့ Tablet တွေတော့ ပြောမနေပါနဲ့တော့ဗျာ။ ဒါပေမယ့် အဲဒီနေရာမှာ စုဆောင်းနိုင်တဲ့ ပမာဏအပေါ်မူတည်ပြီး Tablet တွေက စျေးနှုန်း သတ်မှတ်လေ့ရှိပါတယ်။ ဒါလည်း ဆွဲဆောင်နည်း တစ်မျိုးပါပဲ။ လူတွေ ရလေလိုလေ ဆိုတဲ့ အပေါ်မှာ အသုံးချပြီး မြူဆွယ်ထားတာပါ။ Tablet ဆိုတာ ကွန်ပျူတာ မဟုတ်ပါဘူး။ ဒါကြောင့် မလိုတာတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး သိမ်းထားလို့ရပါတယ်။ အဲဒီလို မဟုတ်ရင်လည်း တစ်ခြား External Storage တစ်ခုခုနဲ့ သိမ်းထားလို့ရပါသေးတယ်။ ဒါပေမယ့် လူအတော်တော် များများကတော့ တစ်ခါတည်း ထည့်ထားရတာ ပိုကြိုက်တတ်ကြပါတယ်။ အဲဒီအပြင် SD နဲ့ microSD တွေ တပ်လို့ ရရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ အဲဒီအပြင် Tablet တွေမှာ သုံးတဲ့ Flash-based RAM တွေက 1GB တိုးတာနဲ့ စျေးကတိုးလာပါတယ်။ ဒါကြောင့် 16GB နဲ့ 64GB က စျေးတွေ ကွာနေတာပါ။ များများသိမ်းတာ လိုချင်တယ်၊ စျေးလည်း တတ်နိုင်တယ်ဆိုရင် 64GB လောက် ဝယ်မှာ ဖြစ်ပြီး၊ သုံးရရင်တော်ပြီ မလိုတာတွေ ကွန်ပျူတာထဲ သိမ်းမယ်၊ စျေးလည်း သက်သာချင်တယ် ဆိုရင်တော့ 8G ဒါမှမဟုတ် သူ့ထက် နည်းတာ ဝယ်နိုင်ပါတယ်။
Inputs and Outputs
Tablet တွေက အင်မတန် ပါးလွှာတဲ့ Device တွေ ဖြစ်ပါတယ်။ ဒါကြောင့်အများအားဖြင့် 3.5mm Headphone Jack နဲ့ USB Port သာ ပါတတ်ပါတယ်။ Apple ဆို ပိုဆိုးပါတယ်။ USB Port တောင် မပါပါဘူး။ iPod Connector နဲ့သာ ချိတ်ဆက်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
တချို့ Tablet တွေမှာတော့ HDMI Ports တွေပါလာနိုင်ပါတယ်။ အဲဒီလို ပါလာရင်တော့ Video တွေ Photos တွေကို တီဗွီနဲ့ ချိတ်ကြည့်လို့ရပြီပေါ့။ အကယ်၍ ကိုယ်က Tablet ကို Desktop နေရာမှာ အစားထိုးပြီး သုံးတော့မှာလား အဲဒီလို ဆိုရင်တော့ HDMI Port တွေပါတာ ပိုပြီး အဆင်ပြေပါလိမ့်မယ်။
အကယ်၍ Tablet တွေမှာ ကိုယ်လိုသလောက် Port တွေ ပါမလာဘူးဆိုရင်တော့ တခြား Adapter တွေ ရှိလား၊ အထောက်အပံ့ ပေးနိုင်မလား လေ့လာကြည့်ဖို့ လိုပါမယ်။ အဲဒီလို Adapter တွေ သုံးပြီးလည်း VGA Out လို Port တွေ သုံးလို့ရနိုင်ပါတယ်။
Speakers (အသံထွက်စနစ်)
Tablet ကိုင်တဲ့သူတွေ အတော်များများကတော့ Head Phone ကို သုံးပြီး နားထောင်ရတာ ပိုပြီး နှစ်သက်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ Tablet က Speakers ကနေ နားထောင်ရတာမျိုးလည်း လိုချင် လိုနိုင်ပါတယ်။ အဲဒီလို လိုမယ်ဆိုရင် Tablet မှာ Speaker တွေ ပါလား၊ အသံကောင်းလား စသည်ဖြင့် စမ်းသပ်နို်င်ပါတယ်။ ဒါပေမယ့် SoundBox နဲ့ Head Phone နဲ့ နားထောင်ရသလောက်တော့ အဆင်ပြေမယ် မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
Camera
နေရာတကာ ကင်မရာပါမှဆိုတဲ့ အနေအထားဆိုတော့ Tablet မှာလည်း ကင်မရာပါလား ကြည့်ရွေးနိုင်ပါတယ်။ Tablet လို Screen ကျယ်ကျယ်မှာ ဓာတ်ပုံ တည်းဖြတ်ရတာတော့ အဆင်ပြေမယ် ထင်ပါတယ်။ ကင်မရာပါလား၊ ကင်မရာက ဘယ်လောက် MegaPixel လဲ စသည်ဖြင့် လေ့လာနိုင်ပါတယ်။ Samsung Galaxy Tab မှာဆိုရင် Front Camera ရော Back Camera ပါ ပါပါတယ်။ iPad မှာတော့ ကင်မရာ ပါမလာပါဘူး။
Battery
ဒါလည်း အလွန်အင်မတန် အရေးပါပါတယ်။ ဘက်ထရီသက်တမ်း ဘယ်လောက်ခံမလဲဆိုတာ လေ့လာဖို့ လိုပါမယ်။ နောက် အစားထိုးလို့ ရနိုင်မလားပေါ့။ ဒါပေမယ့် Tablet အတော်များများမှာ Replace Battery ပုံစံမျိုးမဟုတ်ဘဲ Packed Battery တွေ ဖြစ်ဖို့များပါတယ်။ ဒီတော့ ထုံးစံအတိုင်း အချိန်ကြာလာတာနဲ့ အမျှ အသုံးခံတဲ့ အချိန် လျော့လျော့လာတဲ့ ဒါဏ်ကို ခံရဖို့များပါတယ်။
Tablet ဆိုတာ PC တွေကို အစားထိုးမယ့် အရာမဟုတ်သေးပါဘူး
ခုချိန်မှာ Tablet တွေဆိုတာ နောက်အနာဂတ် PC တွေရဲ့ မျိုးဆက်တွေ ဖြစ်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် PC တွေကို အစားထိုး နိုင်လောက်အောင်တော့ မဖြစ်နိုင်သေးပါဘူး။ စာဖတ်လို့ရမယ်၊ ဗီဒီယိုကြည့်လို့ရမယ်၊ အင်တာနက် သုံးနိုင်မယ်၊ သီချင်း နားထောင်နိုင်မယ်၊ စသည်ဖြင့် နေ့စဉ်လုပ်နေကျ အလုပ်တွေ နေရာမှာ အစားထိုးဖြည့်ဆည်း ပေးတာပဲ ဖြစ်နိုင်ပါတယ်။ Programming ရေးတာကို Tablet ပေါ်မှာ ရေးတာတို့ အခြား Production ဆိုင်ရာတွေ အတွက် ဆိုရင်တော့ PC ကိုပဲ အားကိုးရဦးမှာပါ။
ဒါပေမယ့် နောက်တစ်ချိန်မှာတော့ အင်တာနက် အသုံးပြုမှုပုံစံ၊ PC လောက အားလုံးကို ကြီးကြီးမားမား အကျိုး သက်ရောက်မှုတွေ သယ်ဆောင် လာမယ်လို့တော့ ခန့်မှန်းရပါတယ်။
reference: What You Need to Know When Buying a Tablet Computer
Facebook comments:




တာ*စူ၊*
မရှိပေ*မဲ့*၊
ဒါပေ*မဲ့*၊
တစ်ခု*ချင်း*၊
*တ*ချို့၊
*တ*ခြား၊
တစ်ခါ*တ*လေ၊
မဟုတ်*ဘဲ*၊
စသည်*ဖြင့်*၊
လုပ်နေ*ကျ*၊
ဖြည့်*ဆည်း*
“သတ်ပုံကို ဂရုစိုက်ပါတယ်၊ မှားတဲ့စားလုံးရှိရင် ထောက်ပြပါလို့” ပြောခဲ့တာ မှတ်မိတာရယ်၊ ဘယ်လိုမှ မနေနိုင်တာရယ်ကြောင့် ပြောလိုက်မိပြီ။
မှားတဲ့*စာ*လုံး
ကိုယ့်ဟာကိုယ် ပြန်လာပြင်သွားတာ
ဟုတ် ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော် ပြင်လိုက်ပါ့မယ် …
ခုလိုမျိုး အသေးစိတ်ဖတ်ပြီး ဂရုတစိုက်ပြုပြင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ
ဟုတ်ကဲ့၊ မနေနိုင်မထိုင်နိုင် ဘာမှမဆိုင်ဘဲ လာပြောတာကို စိတ်မဆိုးဘဲ လက်ခံပေးတာကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။
3G Cell Connection ရတဲ့ Tablet တွေ ဝယ်မယ်ဆိုရင်လည်း အဲဒီကွန်ယက်ရှိဦးမှ မရှိလို့ကတော့ ဈေးပိုပေး လိုက်ရတာက လွဲလို့ ဘာမှထူးမှာ မဟုတ်ပါဘူး။ iPad ကို 3G အနေနဲ့ AT&T က ရနိုင်ပြီး Samsung Galaxy Tab ကိုတော့ Sprint က 3G အနေနဲ့ အထောက်အပံ့ ပေးပါတယ်။ Data Plan အနေနဲ့ ပိုက်ဆံလည်း ထပ်ပေးရမယ် ထင်ပါတယ်။
အင်း.. နောက်ဆိုရင် ဆသရ ကလည်း လာမှာပေါ့ဗျ..
[ မျက်နှာပြင် အရွယ်အစားအပေါ် မူတည်ပြီး အလေးချိန်၊ ကုန်ကျစရိတ်လည်း
တိုးလာပါလိမ့်မယ် ]
ဒီစာကြောင်းက နဲနဲမတိကျပါ။ မမှန်ဘူး ထင်တယ်။ ဖတ်ပြီးတော့ ကျွန်တော်နားလည်ပုံက မျက်နှာပြင်ကြီးရင် အလေးချိန်နှင့် ကုန်ကျစရိတ် ပိုများမယ်။ အဲဒီလိုမဟုတ်ပါ။ ဘန်ကောက်မှာတော့ Samsung Galaxy Tab (screen size 7 inches) ရောင်းဈေး နှစ်သောင်းနှစ်ထောင်ဘတ်ရှိတယ်။ iPad (screen size 9.7 inches) က အနိမ့်ဆုံး model ဆိုရင် တစ်သောင်းခုနှစ်ထောင်ဘတ်လောက်ပဲရှိတယ်။
အလေးချိန်နှင့် ကုန်ကျစရိတ်က အခြား feature/functionality တွေ တော်တော်များများမှာလဲ မူတည်ပါတယ်။
ဟုတ်တယ်ဗျ ကိုမင်းသူပြောသလိုပဲ အဲဒီနေရာမှာတော့ လွဲနေတယ် Samsung Galaxy Tab ကို စကြားခါစတုန်းက ဈေးသက်သာမယ်ထင်တာ Price Skimming လုပ်ပြီ ထင်တာ စစချင်းထွက်တယ် ဆိုပြီး …
Brand မှ မတူတာပဲ….ဗျာ….ကျနော် သိတာတော့ apple ရဲ့ အနိမ့်ဆုံး Tablet က 3G ကွန်ယက် မပါဘူးဗျ။ ဒါကြောင့် ဈေးသက်သာတာ ဖြစ်ပါလိမ့်မယ်။
ဈေးတွေကတော့ လွှတ်ကောင်းနေတုန်းပဲ။ ကို သီဟစောင့်နေတယ် ဆိုတဲ့ ZTE 7 inches
လေးတွေ ရှာကြည့်မိတယ်။ ရုပ်ထွက်လေးတော့ ခန်.တယ်ဗျို.။ Acer နဲ. LG ရဲ့ Tablet
ကိုလဲ ကြည့်ချင်သေးတယ်။ ကိုယ့် အနေနဲ. ပေါပေါ မသုံးနိုင်သေးတော့ ဈေးကွဲချိန်မှာ..
အမျိုးအစားကောင်းကောင်း ဆွဲဖို. စောင့်နေပါကြောင်း….
@mydaydream တခါတလေ တစုံတခု ဆိုတဲ့အသုံးနုန်းက မှန်ပါတယ် ဒီအကြောင်းဆက်ပြောရင် နိုင်ငံရေးတွေပါတ်သက်လာလိမ့်မယ်။ သိချင်ရင်တော့ လိုက်လေ့လာကြည့်ပါလေ။
APad ကို ရန်ကုန်က ဘယ်ဆိုင်မှာရှိနိုင်မလဲ အကို။ တစ်ချက်လောက်ပြောပြပါအုံး။
APad ကို ကျွန်တော် ကြော်ငြာ တွေ့လိုက်တယ်ဗျ၊ IT Weekly မှာ ထင်တယ်ဗျ၊ ကျွန်တော့်မှာ အဲဒီဂျာနယ်မရှိတော့ ရှာလို့ မရဘူးဖြစ်နေတယ် တစ်ချက် ဖတ်ကြည့်ပါဗျ
ကျွနတော်က Civil ENG;ကျောင်းသားတစ်ဦးပါ။ျRC designတွက်မယ်,Auto Cad သုံးမယ်၊
, Internet accessလဲရ။Price လဲသင့်တင့်တဲ့ Laptopတစ်လုံး ၀ယ်ချင်လို့ပါ။Laptopအကြောင်း လဲသေသေချာချာ မသိပါဘူး။အဲဒါကြောင့်ကူညီ ညွှန်ပါပေးပါဦး။