လေ့လာခြင်း
လူတိုင်းသည် အမိဝမ်းတွင်းမှ ကျွတ်ကတည်းက (မွေးကတည်းက) ပင် အရာအားလုံးကို လေ့လာ သင်ယူကြရပေသည်။ ကလေးဘဝကပင်၊ လူကြီးများ သင်ပြသော စကားများကို လိုက်ပြောကာ၊ စကားပြောသင်ကြသည်၊ လမ်းလျှောက်နည်းကိုလည်း လူကြီးများ အကူဖြင့် အရင် သင်ကြသည်။ ထို့နောက် ကိုယ့်ဖာသာ ကိုယ် လျောက်ကြည့်ကြသည်။ လူကြီးများ ဟန်လုပ်ပြသော ချိုမိုင်မိုင် အကကိုပင် လိုက်လံ တုပခြင်းအားဖြင့် သင်ယူ ကြလေသည်။
မွေးစမှသည် သေသည်ထိ တစ်ခုမဟုတ် တစ်ခုကို နေ့စဉ် လေ့လာ နေရလေသည်။ အတွေ့အကြုံ ဗဟုသုတများစွာတို့မှာ လေ့လာမကုန်၊ သင်ယူမကုန် ရှိကြလေသည်။ အတန်း သင်ခန်းစာကဲ့သို့ သင်ယူရသည် မဟုတ်၊ ဘဝသင်တန်း ကျောင်းကြီးတွင် နိစ္စဓူဝ ကိစ္စများကို ဆောင်ရွက်ရင်း လေ့လာ သင်ယူနေကြ ညရလေသည်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဟူ၍ ကြားဖူးကြပေလိမ့်မည်။ အတတ်တစ်ခုကို သင်ယူခြင်း အားဖြင့်လည်းကောင်း၊ ကြည့်မြင်ခြင်း အားဖြင့်လည်းကောင်း၊ နားထောင်ကြားခြင်းဖြင့် လည်းကောင်း တတ်မြောက် နိုင်လေသည်။ လူတို့တွင် အာရုံငါးပါးရှိလေရာ အာရုံ တစ်ခုမဟုတ် တစ်ခုကို အားပြု၍ အသုံးချ လေ့လာကာ တတ်မြောက်ကြလေသည်။
လူတစ်ဦးနှင့် တစ်ဦး မတူသလို၊ တစ်ဦးနှင့် တစ်ဦး ထက်မြက် သည့် အာရုံ ခံစားမှုခြင်းလည်း မတူညီကြပေသည်။ အချို့သည် အမြင်အာရုံ ထက်မြက်သဖြင့်၊ တစ်ခုကို မြင်လိုက်သည်နှင့် တိတိပပ မှတ်မိသည့်ပြင် ၄င်းနှင့် ဆက်ဆိုင်သည့် အခြား အပိုင်းများကိုပါ စိတ်အာရုံတွင် ဆင်ခြင်မိလေသည်။ မြင်သော အရာကို စိတ်တွင် စွဲမြဲစွာ မှတ်မိလေသည်။ ထိုသို့ အမြင်အာရုံ ထက်မြက်သူများ အနေဖြင့် မည်သည့် အကြောင်းအရာကို လေ့လာသည်ဖြစ်စေ၊ မိမိလေ့လာလိုသော အရာကို အမြင်အာရုံတွင် ကြည့်ရှုရန် လိုအပ်လေသည်။ ၄င်းအကြောင်းအရာကို ထပ်ကာထပ်ကာ ကြည့်ရှုခြင်း အားဖြင့် မှတ်မိလေသည်။ လေ့လာသူများ အနေဖြင့်၊ လေ့လာသည့် အကြောင်းအရာ ဖော်ပြပါ ရုပ်ပုံများ၊ စာတမ်းများ၊ လုပ်နည်း လုပ်ဟန်များကို အမြဲတစေ မြင်သာ ထင်သာသည့် နေရာများတွင် ထားရှိခြင်း၊ စာအုပ်ဆိုပါက မကြာခဏ ပြန်လည် ဖတ်ရှုခြင်းဖြင့် လေ့လာခြင်း ပြုသင့်လေသည်။
အကြားအာရုံ ထက်မြက်သော သူများမှာကား၊ အကြောင်းအရာတစ်ခုအား အခြားသူက ရှင်းလင်း ပြောပြသည်ကို နားထောင်ကြားရုံနှင့် ၄င်းကို စိတ်တွင် ရှင်းရှင်း လင်းလင်း ပုံဖော် မြင်ယောင်ကာ၊ ၄င်းနှင့် ဆက်ဆိုင်သည့် အပိုင်းများကိုပါ စိတ်အာရုံတွင် ဆင်ခြင်မိလေသည်။ ကြားသော အရာကို စိတ်တွင် စွဲမြဲစွာ မှတ်မိလေသည်။ ထိုသို့ အကြားအာရုံ ထက်မြက်သော သူများ အနေဖြင့် မည်သည့် အကြောင်းအရာကို ဖြစ်စေ လေ့လာရာတွင်၊ မိမိလေ့လာလိုသော အရာကို အခြား နားလည်သည့် တစ်ယောက်က ရှင်းလင်း ပြောပြခြင်းကို နားထောင်သည်ဖြစ်စေ၊ စာအုပ်မှစာကို မိမိကြားယောင်စေရန် ထပ်ခါထပ်ခါ ရွတ်ဆိုသည်ဖြစ်စေ၊ လေ့လာသူ အချင်းချင်း ဆွေးနွေး ဖလှယ်ကြသည် ဖြစ်စေ၊ မိမိ ကိုယ်တိုင်လည်း အခြားသူများအား ရှင်းလင်း ပြောစေသည် ဖြစ်စေ ထိုသို့ နည်းများကို သုံးကာ လေ့လာခြင်း ပြုသင့်လေသည်။
အချို့ကား လက်တွေ့အာရုံထက်မြက်သူများဖြစ်ကြသည်။ မည်သည့်အကြောင်းအရာကို လေ့လာသည်ဖြစ်စေ၊ ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက် ကြည့်မှသာ မှတ်မိသည်မျိုး ဖြစ်သည်။ ထိုသူများသည် မြင်သည် ဖြစ်စေ၊ ကြားသည် ဖြစ်စေ၊ ၄င်းကို မိမိကိုယ်တိုင် ဆောင်ရွက်ကြည့်ကာ လေ့လာ ရလေသည်။ မည်မျှ ခက်ခဲသည်ဖြစ်စေ၊ ကိုယ်တိုုင် လုပ်လိုက်သည်နှင့် စိတ်တွင် တစ်ဆင့်ခြင်း မှတ်မိသည့်ပြင်၊ နောင်အခါ ပြန်လည် ဆောင်ရွက်သော အခါတွင်လည်း စဉ်းစားစရာ မလိုအောင်၊ စိတ်တွင်းမှ တစ်ဆင့်ခြင်း ထွက်ပေါ်လာပြီး၊ လက်မှ အလိုအလျောက် ဆောင်ရွက် လေသည်။ ထိုသို့သော အာရုံ ထက်မြက်သူများသည်၊ မိမိလေ့လာသော အကြောင်းအရာကို ထပ်ကာထပ်ကာ လုပ်ကိုင် ဆောင်ရွက်ခြင်း အားဖြင့် လေ့လာ သင့်လေသည်။
မည်သည့် အာရုံ ထက်မြက်သည် ဖြစ်စေ၊ စိတ်အာရုံသည်ကား အရေးကြီးဆုံးနှင့် အထက်မြက်ဆုံး ဖြစ်လေသည်။ အမြင်၊ အကြားနှင့် အထိအတွေ့ တို့သည်၊ လေ့လာရာတွင် အထောက်အကူ ပြုသော၊ စိတ်၏ တံခါးပေါက်များသာ ဖြစ်ကြသည်။ မည်သည့် နည်းဖြင့် လေ့လာသည် ဖြစ်စေ၊ စိတ်တွင်းတွင် ဆင်ခြင် တွေးတောရလေသည်။ သို့မှသာ နားလည် မှတ်မိလေသည်။ စိတ်သည် အလွန်ဆန်းကျယ်၏။ မိမိလေ့လာသည့် အကြောင်းအရာကို စိတ်တွင် ဆင်ခြင် တွေးတောခြင်းဖြင့်၊ ၄င်းကို မှတ်မိသည့်ပြင်၊ ၄င်းနှင့် ဆက်ဆိုင်သည့် အကြောင်းအရာများပါ စိတ်တွင်းတွင် ဆက်စပ် တွေးခေါ်မိကာ၊ အကြောင်းအရာ အသစ်အဆန်းများ ပေါ်ပေါက်ခြင်း၊ လုပ်နည်းလုပ်ဟန် အသစ်များ တွေးတောမိခြင်း၊ မိမိ မထင်မှတ်ထားသည့် အကြောင်းအရာများ၊ အကြောင်းအရာ အသစ်များကို ရှာဖွေတွေ့ရှိခြင်းများ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့ကြောင့် စိတ်အာရုံံကို အသုံးပြုကာ၊ မိမိလေ့လာသည့် အကြောင်းအရာကို စဉ်းစား ဆင်ခြင်ခြင်း၊ ပြန်လည် သုံးသပ်ခြင်းများ ပြုသင့်လေသည်။
ထိုသို့ အထက်မြက်ဆုံး ဖြစ်သည့် စိတ်အာရုံကို၊ ကျန်အာရုံများနှင့် တွဲဖက်ကာ လေ့လာခြင်းအမှု အတွက် လေ့ကျင့်သင့်ပေသည်။ ထို့ပြင်၊ စိတ်သည် တည်ငြိမ်နေသည့် အချိန် တွင် အထက်မြက်ဆုံး ဖြစ်လေရာ၊ စိတ်အာရုံကို တည်ငြိမ်စေသည့် တရားထိုင်ခြင်း၊ အာနာပါန ကမ္မဌာန်း စီးဖြန်းခြင်း စသည့် စိတ်တည်ငြိမ်မှု နည်းများကို (၅) မိနစ်၊ (၁၀) မိနစ်မှ စကာ၊ တစ်နေ့လျှင် နာရီဝက် တစ်နာရီထိ တိုးတက် လေ့ကျင့်သင့်လေသည်။
စာသင်ကျောင်းများ၊ သင်တန်းများတွင်ကား အများကို တန်းတူညီမျှ သင်ကြားပေးသည် ဖြစ်ရာ။ ဆရာသည် လေ့လာရမည့် အကြောင်းအရာကို ဘုတ်တွင်ရေးကာ ပြသခြင်း၊ ရှင်းလင်း ရွတ်ဆိုပြောပြခြင်း၊ လက်တွေ့ဆောင်ရွက်စရာ သင်ခန်းစာများပေးကာ စေခိုင်းခြင်းများကို ပြု၍ သင်ကြား ပေးလေသည်။ အကြောင်းမှာ၊ လူတိုင်းတွင် ထက်မြက်သော အာရုံခြင်း မတူညီကြသည် ဖြစ်၍ တန်းတူညီမျှ ဖြစ်စေရန် နည်းမျိုးစုံနှင့် သင်ကြားပေးခြင်း ဖြစ်လေသည်။
လေ့လာသူ အနေဖြင့်မူ မိမိတွင် မည်သည့် အာရုံ ထက်မြက်သည်ကို ဆန်းစစ် သိရှိကာ၊ ၄င်းကို အားစိုက် အသုံးပြခြင်း၊ ထိုသို့ လေ့လာနိုင်ရန် ပြင်ဆင်ခြင်း၊ အခွင့်အလမ်း ဖန်တီးခြင်းဖြင့်၊ မည်သည့် အကြောင်းအရာကို မဆို တစ်ဖက်ကမ်းခတ် လေ့လာနိုင်ပေမည်။
ဆယ်တန်းကျောင်းသားတစ်ယောက် ဥပမာကို ယူသော်။ ထိုသူသည် မြန်မာ့သမိုင်း ဘာသာရပ်တွင် အင်္ဂလိပ်နှင့် မြန်မာစစ်ပွဲများ အကြောင်းကို လေ့လာသည် ဆိုကြပါစို့။ ကျောင်းတွင်ဆရာက ခုနှစ် စဉ်အလိုက်၊ စီတန်းကာ ခုနှစ်အလိုက် အရေးကြီးသော ဖြစ်ရပ်များကို ရေးသားပြီးလျှင်၊ အဖြစ်အပျက်များကို ပုံပြင်တစ်ပုဒ်သဖွယ် ရှင်းလင်း ပြောပြလေသည်။ ထို့နောက် ကျောင်းသားတို့အား စာအုပ်တွင် လိုက်ကူး စေလေသည်။
ကျောင်းသားသည် အမြင်အာရုံကို အားပြုလေ့လာသူ ဖြစ်လျှင်၊ ဘုတ်တွင် ဆရာရေးပြထားသော စာများကို ကြည့်ကာဖြင့်၊ တစ်စိမ့်စိမ့် မှတ်သား မိလေသည်။ အကယ်၍ အကြားအာရုံကို အားပြုလေ့လာသူ ဖြစ်လျှင်၊ ဆရာ ရှင်းလင်း ပြောပြခိုက်တွင်ပင်၊ စိတ်တွင်း၌ သမိုင်းပုံရိပ်များကို တရေးရေး မြင်ယောင်လာကာ ဖြစ်ပျက်စဉ်အလိုက် မှတ်သား မိလေသည်။ ထိုသို့မဟုတ်ဘဲ လက်ရောက် လေ့လာသူ ဖြစ်ပါက၊ ဆရာ ကူးရေး ခိုင်းသော အခိုက်တွင်၊ ရေးသားရင်းပင် ရေးသားသည့် စာကို မှတ်သား မိလေသည်။ မိမိ၏ အားသန်သော အာရုံကို လိုက်ကာ၊ အမြင်သမား ဖြစ်က၊ စာကို ထပ်ကာထပ်ကာ ကြည့်ခြင်းဖြင့် လည်းကောင်း၊ အကြားသမားဖြစ်က၊ အသံထွက် ဖတ်ခြင်း၊ ဆွေးနွေးခြင်း၊ သူများအား ပြောပြခြင်းဖြင့် လည်းကောင်း၊ လက်တွေ့သမားဖြစ်ကာ၊ ထပ်ကာထပ်ကာ ရေးကျင့်ခြင်းဖြင့် လည်းကောင်း ထိရောက်စွာ မှတ်မိလေသည်။ ထို့ပြင်၊ မှတ်သား လေ့လာပြီး သည်များကို စိတ်တွင် စဉ်းစား သုံးသပ်ခြင်းဖြင့် ပိုမို မှတ်မိစေလေသည်။
ကွန်ပြူတာ ပရိုဂရမ် ရေးသူတစ်ယောက်ကို ဥပမာ ယူသော်။ ထိုသူသည် ကွန်ပြူတာ ပုစ္ဆာ တစ်ပုဒ်ကို ဖြေရှင်းသည်ဆိုကြပါစို့။ အမြင်သမားဖြစ်က အခြားသူ၏ ဖြေရှင်းခဲ့ဖူးသော နည်းနာကို သော်လည်းကောင်း၊ ဖြေရှင်း ပြသည်ကို သော်လည်းကောင်း ကြည့်ကာမျှဖြင့် သဘောပေါက် နားလည်လေသည်။ အကြားသမား အဖို့ကား မြင်စရာမလို၊ တတ်သိသူ တစ်ဦးက ဖြေရှင်းနည်းကို ပြောပြ၊ ရှင်းပြလေ လျှင်ပင်၊ ကြားရုံမျှဖြင့် သဘောပေါက် နားလည်လေသည်။ လက်တွေ့သမားဖြစ်မူ၊ ကိုယ်တိုင် စမ်းသပ် ဖြေရှင်း ကြည့်ကာမှ၊ အဆင့်ဆင့်ကို သဘောပေါက် နားလည်လေသည်။ ထို့ပြင် ထိုသူသည် ၄င်းပုဒ်စာနှင့် ဖြေရှင်းနည်းကို စိတ်တွင် ကြံစည် စဉ်းစားခြင်းဖြင့်၊ စွဲမြဲစွာ မှတ်မိသည့်ပြင်၊ အခြားပိုမို ထိရောက်သော၊ လွယ်ကူသော နည်းလမ်းများကိုပါ စဉ်းစားမိပေမည်။ ဤကား စိတ်အာရုံ၏ အစွမ်းဖြင့် လေ့လာခြင်း ပင်တည်း။
လေ့လာသူသည် ပထမဦးစွာ၊ မိမိ၌ မည်သည့် အာရုံသည် စွမ်းသည်ကို၊ သိရှိသတိပြုရန် လိုအပ်လေသည်။ ထို့နောက် မိမိ၏ အားသာသော အာရုံကိုသုံးကာ မိမိလေ့လိုသည်ကို လေ့လာသင့်လေသည်။ ထို့ပြင် အခြားသော အာရုံများကိုလည်း အရံအဖြစ် တွဲဖက်ကာ အသုံးချရမည် ဖြစ်သည်။ အသုံးပြုပါ များလေလေ ၄င်းအာရုံမှာ ထက်မြက်လေလေ ဖြစ်လေသည်။ အာရုံအားလုံး၏ လေ့လာနိုုင်စွမ်းရည် တက်လာပါက၊ မည့်သည့် အခြေအနေတွင် ရောက်ရောက်၊ မည်သည့် နည်းဖြင့် လေ့လာရသည်ဖြစ်စေ၊ လွယ်ကူစွာ မှတ်မိနိုင်သည့် ဉာဏ်ပေါ်လာပေမည်။ အလေ့အကျင့် များသည့် အာရုံသည် အထက်မြက်ဆုံး ဖြစ်ရကား၊ မှတ်ဉာဏ်၏ မူလဘူတဖြစ်သော စိတ်အာရုံကို အဓိကထားကာ လေ့ကျင့်ရင်း အခြား အာရုံစိတ်တံခါးများကို ဖွင့်ထားကာ၊ မည့်သည့် အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတကိုမဆို လေ့လာသင့်ကြောင်း အကြံပြု တင်ပြလိုက်ပါသည်။
Facebook comments:






nice !
ကျွန်တော်ကတော့ မဆင်ခြင်မခြင်း ဘယ်တော့မှ မမှတ်မိလေ့မရှိဘူးဗျို့ … ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်ဗျို့
nice post!
ကိုသီဟရေးတဲ့ အကြောင်းအရာတစ်ခုကို ဒီဆိုဒ်မှာဖတ်ဖူးတယ်။ ခေါင်းစဉ်တော့မမှတ်မိတော့ဘူး။ ဒါပေမယ့် စာကြောင်းတစ်ကြောင်းတော့မှတ်မိတယ်။ ကောင်းနိုးရာလေးတွေကို ကိုယ့်ဆိုဒ်မှာပြန်တင်ပါတဲ့။ အခုကျွန်တော် ဒီဆိုဒ်ကပို့လေးတွေကို ကျွန်တော့်ဆိုဒ်မှာပြန်တင်ချင်ပါတယ်။ ခွင့်ပြုပေးမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆိုဒ်က zawgyi သုံးထားတော့ ခက်တယ်။ အဲ့ဒါကျွန်တော့်ဆိုဒ်ကို myanmar unicode ပြောင်းချင်ပါတယ်။ ဘယ်လိုပြောင်း၇မလဲပြောပြပေးပါခင်ဗျာ။ ကျွန်တော်က wordpress သုံးထားပါတယ်။ http://www.kyawzinlatt.com ပါ။
မြန်မာလိုလေးပြန်ဖြေပေးစေချင်ပါတယ်။ အင်္ဂလိပ်စာ သိပ်မနိုင်လို့ပါ။ ကျေးဇူးတင်ပါတယ်။