လူမှုကွန်ယက် စွဲလမ်းမှု
Facebook အနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နည်းပညာဆိုင်ရာ ပြဿနာတွေကြောင့် ခေတ္တခဏ ကမ႓ာကြီးနဲ့ အဆက်အသွယ် ပြတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်ကြောင့် ထင်ရှားလာခဲ့တာ တစ်ခုကတော့ လူတွေအနေနဲ့ Social Networking လို့ခေါ်တဲ့ လူမှုကွန်ယက်တွေနဲ့ ကင်းကွာပြီး ဘယ်လိုမှနေလို့ မရတော့ဘူး၊ လူမှုကွန်ယက် စွဲလမ်းမှု ပြဿနာနဲ့ ကြုံတွေ့နေရပြီလို့ သိလိုက်တာပါပဲ။
လေ့လာအကဲခတ်သူတွေရဲ့ အဆိုအရ Facebook အသုံးပြုသူတွေ အနေနဲ့ နှစ်နာရီခွဲလောက် အသုံးပြုခွင့် ပြတ်တောက် သွားခဲ့တာ ဆေးစွဲနေတဲ့သူကို ဆေးဖြတ်လိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ ယခုလက်ရှိ စာရင်းဇယားများအရ Facebook အသုံးပြုသူပေါင်း သန်း ငါးရာခန့် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ သန်းငါရာခန့်သော Facebook အသုံးပြုသူများဟာ သူတို့ရဲ့ ပတ်သက်တဲ့ အသေးအဖွဲ ကိစ္စလေးတွေကနေ စီးပွားရေး ကိစ္စကြီးတွေ အထိ ခင်မင်ရင်းနှီးရသူ အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အချိန်နှင့်အမျှ ဖလှယ်နေကြပါတယ်။ ခု သူတို့ ဘာလုပ်နေတယ်၊ သူတို့ သဘောကျတဲ့သူတွေ ဘာလုပ်နေတယ် ဆိုတာတွေ တင်မယ်။ သူငယ်ချင်းတွေ မူးပြီးလဲနေတဲ့ ပုံတွေ တင်မယ်။ သူငယ်ချင်းတွေနဲ့ သောက်ပွဲ ပါတီတွေ တင်မယ်။ ကလေးတွေရဲ့ ရယ်စရာကောင်းတဲ့ ပုံတွေ တင်မယ် စသည်ဖြင့် တင်လို့ရသမျှ တင်ချင်သလို တင်နေကြပါတယ်။ သေချာတာ တစ်ခုကတော့ Social Network လို့ခေါ်တဲ့ ဗွီကမ႓ာကြီး ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်သွားမှာကိုတော့ သေမလောက် ကြောက်နေကြတယ်လို့ သိရပါတယ်။
“အဲဒီလို အဖြစ်တွေက ကျွန်တော်တို့ နေ့စဉ် ဘဝတွေကို လူမှုကွန်ယက်တွေက ဘယ်လောက်အထိ လွမ်းမိုးနေတယ် ဆိုတာကို ပြနေတာပဲ” လို့ Enderle Group က Principal Analyst ဖြစ်သူ Rod Enderle က ဆိုပါတယ်။ “လူမှုကွန်ယက် စွဲလမ်းမှု ပြဿနာကို ဆေးစွဲတဲ့ ပုံစံမျိုးနဲ့ နှိုင်းယှဉ်ပြီး ပြောရရင် စွဲလမ်းတာသက်သက် မဟုတ်တော့ပဲ မသောက်ရ မနေနိုင်၊ မထိုးရ မနေနိုင်၊ မရှုရ မနေနိုင်ဆိုတဲ့ အနေအထားကို ရောက်နေပါပြီ၊ အဲဒီ အခြေအနေ ကြီးကို ရပ်တန့်ပစ်ဖို့ဆိုတာ အခက်အခဲဆုံး အနေအထားမှာ ရှိပါတယ်။ လူမှုကွန်ယက်တွေဟာ လူတစ်ဦးချင်းစီရဲ့ ဒုတိယ ဘဝရပ်တည်မှု ပုံစံ ဖြစ်လာပြီး Want သဘောထက် Need သဘောကို ပိုဆောင်နေပါတယ်။ အဲဒီ Need အနေနဲ့ကလည်း ကျွန်တော်တို့နဲ့ အသေပူးချည် ထားတဲ့အတွက် ကျွန်တော်တို့ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ပဲ မလုပ်ရ မနေနိုင်ဆိုတဲ့ အခြေအနေကို ရောက်နေပြီ” လို့ Rod Enderle က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက အမျိုးသမီးတွေ Website အသုံးပြုတဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The Oxygen Media Insights Group ရဲ့ အစီရင်ခံစာအရ Website အသုံးပြုသူ အမျိုးသမီး အများစုဟာ Facebook ဒါမှမဟုတ် Twitter ကို စွဲလမ်း နေကြတယ်။ မသုံးရ မနေနိုင် ဖြစ်နေကြတယ်လို့ သိရပါတယ်။
မဲဆန္ဒ ကောက်ယူချက်များအရ ၅၇ % ထက် မနည်းသော အမျိုးသမီးများက သူတို့နဲ့ ပတ်သက်သူများကို အပြင်မှာ မျက်နှာချင်းဆိုင် တွေ့တာထက် Online မှာ တွေ့ကြတာ ပိုများကြောင်း ဆန္ဒမဲ ပေးကြပါတယ်။ ၃၉% သော အမျိုးသမီးများကတော့ သူတို့ကိုယ် သူတို့ Facebook မသုံးရ မနေနိုင်သူများ အဖြစ် ဝန်ခံကြပါတယ်။
လေ့လာသူများ အဆိုအရ လူမှုကွန်ယက် ဆေးမိနေတဲ့ ပြဿနာဟာ အမျိုးသမီးများမှာတင် ဖြစ်နေတာမဟုတ်ပဲ အမျိုးသားများမှာပါ ဖြစ်နေတာလို့ သိရပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း သတင်းတွွေ ဓာတ်ပုံတွေ အခြား အချက်အလက်ပေါင်း များစွာကို လူမှုကွန်ယက်က တစ်ဆင့် အချိန်နှင့်အမျှ ဝေမျှနေကြတယ်လို့ သိရပါတယ်။
အဲဒီလို စွဲလမ်းမှုတွေ ဖြစ်နေတယ်ဆိုတာ အစောပိုင်းကာလ ကတည်းက ကျွမ်းကျင်သူတွေ ထောက်ပြနေခဲ့ပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ပိုပြီး ထင်ရှားစွာ တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။
Facebook ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်နေတဲ့ အချိန်မှာ Facebook အသုံးပြုသူတွေဟာ သူတို့ ပေါက်ကွဲသံစဉ်တွေကို Twitter တွေမှာ အီးမေးလ်တွေမှာ အဆက်မပြတ် ရေးသားဖြန့်ဝေကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ပေါက်ကွဲသံစဉ်တွေကို နားထောင်ကြည့်မယ် ဆိုရင် ဘယ်လောက်အထိ သူတို့ စွဲလမ်း နေတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။
Thenar လို့ အမည်ရတဲ့သူတစ်ယောက်ရဲ့ Twitter Message ကို ကြည့်မယ်ဆိုရင်
“@Facebook သင် မရပ်တန့်လိုက်ပါနဲ့။ ငါမခံစားနိုင်လို့ပါ။ FB က ငါတို့ဘဝပါ၊ တစ်ခြားသူတွေလဲ အတူတူပါပဲ။ အမြန် ပြန်ကောင်းဖို့က အဓိက၊ မြန်မြန်ပြန်ကောင်းအောင် လုပ်ကြပါဗျို့”
BugFrog ရဲ့ Twitter Message မှာတော့
“FarmVille က လယ်သမားအတွက် အရေးပေါ် လိုငွေကို Congress က ချပေးတော့မယ်ဟာ FB ဒေါင်းတာနဲ့ သွားပါပြီ”
maxxhendriks ကတော့ FB ဒေါင်းတာနဲ့ ပတ်သက်ပြီး
“Facebook ကတော့ ဒေါင်းသွားပြီ။ သုံးတဲ့သူတွေကတော့ လမ်ပေါ် ပတ်ပြေးကုန်ကြပြီ။ သူတို့တွေ ပြောနေတဲ့ စကားတွေက သူတို့ ဓာတ်ပုံတွေ ပြပြီး DO YOU LIKE THIS? DO YOU? ကြိုက်တယ်မလား၊ LIKE တယ်မလား မေးကုန်ကြပြီ”
တစ်ချို့သူတွေရဲ့ ပြောဆိုချက်တွေကို ကြည့်မယ်ဆိုရင် Facebook မရှိတဲ့ အချိန်လေးမှာ အမေရိကန်ရဲ့ ထုတ်ကုန်တိုးတက်မှုက ဒုံးပျံနဲ့ တက်သလို တက်သွားတယ်လို့ နောက်ပြောင် ပြောဆိုကြပါတယ်။ အလုပ်အပေါ်မှာ အာရုံမစိုက်ပဲ Facebook မှာ ဂိမ်းဆော့နေတတ်တဲ့ Facebook မှာပဲ အချိန်ကုန်နေတတ်တဲ့ ဝန်ထမ်းတွေကို နောက်ပြောင် ပြောဆိုတာ ဖြစ်ပါတယ်။
“ဘာမှ အလုပ်မဖြစ်ဘူး။ ပြဿနာကို Google မှာ ရှာတယ်။ Twitter မှာ ပြဿနာရှာတယ်။ ဒါနဲ့ အချိန်ကုန်သွားတယ်” လို့ ရေးထားသူကတော့ dstatler ပါ။
“ကျွန်မကတော့ အရမ်းအထီးကျန်ဆန်သွားတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့် Twitter မှာ အရမ်းအထီးကျန်နေတယ်။ တစ်ယောက်ယောက်နဲ့ မျက်နှာချင်းဆိုင် စကားပြောချင်တယ်” ရေးခဲ့ပါတယ်လို့ ပြောသူကတော့ Augie Ray ဆိုသူ ဖြစ်ပါတယ်။
“Facebook ဆက်သွယ်မှု ဧရိယာ ပြတ်တောက်မှု ကိစ္စဟာ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မိသားစုခြင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော် ကိုင်ဖက်အချင်းချင်း ဘယ်လောက်အထိ Online ပေါ်မှာ ဆက်သွယ်နေကြလဲ ဆိုတာ သိသွားစေပါတယ်” Ray က ဆက်ပြောပါတယ်။
Reference : ComputerWorld
Facebook comments:




တို့များဆီမှာတော့ မပျက်လည်း သူ့ဟာသူကို ကျနေတာ
တမင်တကာ ဖြတ်စရာကို မလိုတာ
မီးပျက်လိုက် ကော်နတ်ရှင်ကျလိုက်ဆိုတော့
သိပ်လည်း စွဲစွဲလန်းလန်း မရှိပါဘူး။
ဟုတ်ပဗျာ ကျွန်တော်လည်း ပြတ်လို့ ပြတ်မှန်းတောင် မသိလိုက်ဘူး
အန်… ကျွန်တော်လည်း မသိလိုက်ဘူး။ ကျွန်တော်က နဂိုထဲက အစွဲကို မခံတာလဲ ပါတယ်။
ဖေ့ဘုတ်က ဘယ်လိုစွဲစရာကောင်းတာလဲဗျာ…..