နောက်ထပ် ဆီလီကွန် ပူပေါင်းလား

(ဒီစာကို NYTimes က A Silicon Bubble Shows Signs Of Reinflating ကို ဖတ်ကြည့်ပြီး အရမ်းကြိုက်တဲ့အတွက် သင့်တော်သလို ပြန်လည်ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ မြန်မာလူငယ်များ အနေနဲ့ Boom – Bubble – Bust ဆိုတဲ့ စီးပွားရေးသံသရာကို နားလည်စေလိုတဲ့ အတွက်ကြောင့် တစ်ကြောင်း၊ သူတို့နိုင်ငံတွေမှာ နည်းပညာဆိုင်ရာ လုပ်ငန်းများ မည်သို့မည်ပုံ လည်ပတ်ကြသည်ကို သိစေလိုသည့် အကြောင်း များကြောင့် ကြိုးစား ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အမှားအယွင်းများ ပါရှိပါက ဝေဖန်ထောက်ပြ အကြံပြုကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။ အဲဒီလို စီးပွားရေး ဘဝသံသရာတွေ အကြောင်း ပိုပြီး နားလည်လိုလျှင် ကိုအောင်စည်သူကျော် ရေးထားတဲ့ ဘိဇနက်နှင့် ဘဝသံသရာ (၁) နဲ့ (၂) ကို ဖတ်ကြည့်နိုင်ပါတယ်ခင်ဗျ)

ဟိုတစ်လောက ဟိုးလေးတကျော် ဖြစ်သွားတဲ့ The Social Network ဆိုတဲ့ ရုပ်ရှင်ကားထဲက လူတိုင်း အမှတ်ရနေမယ့် အခန်းတစ်ခုမှာ ရင်းနှီးမြှတ်နှံသူ ရှောင်ပါကား အဖြစ် သရုပ်ဆောင်တဲ့ ဂျတ်စတင်တင်းဘားလိတ်က Facebook တည်ထောင်သူကို စားပွဲပေါ်ကနေ အနားကပ်ပြီး တိုးတိုးတိတ်တိတ် ကြိတ်ပြီး ပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ “မီလီယံဒေါ်လာလောက်ဆို မနိပ်ပါဘူးဗျာ။ ခင်ဗျား သိလား။ ဘီလီယံဒေါ်လာဗျ၊ ဘီလီယံဒေါ်လာ” ဆိုတဲ့ စကားပါ။

အဲဒီလိုပါပဲ။ အမေရိကန်နိုင်ငံ နည်းပညာသမားများ၊ နည်းပညာကုမ္ပဏီကြီးများ စုဝေးရာ စီလီကွန် ဘယ်လီမှာ ဘီလီယံဒေါ်လာဆိုတာ လူတိုင်းသည်းခြေကြိုက် စကားလုံးဖြစ်နေပါတယ်။ လူမှုကွန်ယက်နှင့် Mobile Apps များအပေါ် စိတ်ဝင်စားမှုအား အင်မတန်ကြီးမားနေမှုဟာ စွန့်စားရင်းနှီးမြှတ်နှံလိုသူ (Venture Capitalist) များကို ကုမ္ပဏီ ပေါက်စများတွင် အစုလိုက်အပြုံလိုက် ရင်နှီးမြှတ်နှံကြရန် တွန်းအား ပေးနေပါတယ်။

လုပ်ငန်းပေါက်စများ၊ လုပ်ငန်း အသစ်များ အနေဖြင့် ခုချိန်မှာ Social Network နဲ့ Mobile Apps လို့ ဆိုလိုက်တာနဲ့ ပေးချင်ကမ်းချင်သူ၊ ရင်းနှီးမြှတ်နှံငွေများ ထည့့်ဝင်လိုသူများနှင့် ဝိုင်းဝိုင်းလည်နေပြီး မျက်နှာ အစွမ်းကုန် ပွင့်နေပါတယ်။ အသက်က ခုနှစ်မကလို့ ခုနှနှစ်ထက် ငယ်ပါစေဦး။ ဘယ်အရွယ်ရွယ်ဖြစ်ဖြစ် ဘီလီယံဒေါ်လာနဲ့ ချီပြီး စကားပြောနိုင်သလို ဘီယံလီနဲ့ချီပြီး တန်ဖိုးရှိသွားနိုင်တဲ့ အနေအထားပါ။ Twitter ဆိုတာ ဟိုအရင်က ငွေဘယ်လိုရှာရမှန်း မသိဘူးလို့ ထုတ်ပြောခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ ရင်းနှီးမြှတ်နှံမှုဆိုင်ရာ တန်ဖိုးတွေ ၃၃ ရာခိုင်နှုန်းခန့် တိုးပွားလာတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သည်းခြေကြိုက် စကားလုံးနဲ့ တွက်ပြရမယ်ဆိုရင်တော့ ၄ ဘီလီယံခန့် တိုးပွားလာတဲ့ သဘောပါ။ အဲဒီလိုပါပဲ Zynga လို့ အမည်ရတဲ့ Facebook မှာ လူဆော့အများဆုံး FarmVille လို Social Game တွေရဲ့ ဖန်တီးရှင် ဂိမ်းကုမ္ပဏီကြီးဟာလည်း ၅ ဘီလီယံခန့် တန်ကြေးရှိလာပြီ ဖြစ်ပါတယ်။

Google ဆိုတဲ့ နည်းပညာ ဘီလူကြီးကလည်း အလားအလာ အကောင်းဆုံး နည်းပညာကုမ္ပဏီလို့ တစ်ပေးထားကြတဲ့ အွန်လိုင်း ကူပွန်တွေရောင်းတဲ့ Groupon ကို ၆ ဘီလီယံခန့်ပေးပြီး သိမ်းပိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ရှစ်လလောက်က Groupon ဆိုတာ ၁.၃၅ ဘီလီယံခန့်သာ တန်ကြေးရှိခဲ့တာပါ။ Google လို ဘီလူးကြီးကတောင် ၆ ဘီလီယံနဲ့ တင်တောင်းရတဲ့ အဖြစ်စိုက်လာတဲ့အတွက် Groupon ဆိုတဲ့ ရွှေမင်းသမီးလည်း ကြိုက်သလို မူလို့ရတဲ့ အနေအထားဆိုက်လာပြီး ၆ ဘီလီယံနဲ့ တင်တောင်းတာကို ငြင်းလိုက်ဖို့ ကြံစည်နေပါတယ်။ Groupon ကို တည်ထောင်သူများ အနေနဲ့ သူ့တို့ သမီးပျို Groupon ကို ဒီထက်ပိုပြီး တန်ဖိုးတွေ မြင့်တက် လာလိမ့်မယ်လို့ တွက်ရေးနဲ့ စက်သူဌေး လုပ်နေကြပါတယ်။

အဲဒီလို ဘီလီယံနဲ့ ချီပြီး ပြောကြ၊ ဘီလီယံနဲ့ ချီပြီး တွေးကြ၊ ဘီလီယံနဲ့ ချီပြီး သားရေး သမီးရေး ဆွေးနွေကြ (အဲလေ ရောင်းကြဝယ်ကြ) ဖြစ်နေကြတဲ့အချိန်မှာ တစ်ဖက်ကလည်း ဒေါ့ကွန်းပူပေါင်း ပေါက်သွားတဲ့ ဒါဏ်ကိုခံခဲ့ရတဲ့ စီးပွားရေး ဘဝသံသရာကို နားလည်ကြတဲ့သူတွေ အနေနဲ့ စိုးရိမ်သောကတွေ မြင့်တက်လို့ လာနေပါတယ်။ သူတို့တွေအနေနဲ့ စီးပွားရေးဆိုတာ အချိန်ပြည့် အပေါ်ကိုတက်နေတဲ့ ဘုံစဉ်စံ အရိယာမဟုတ်မှန်း သိကြပါတယ်။ အတက်ရှိသလို အကျလည်း ရှိတယ်၊ ဘယ်အချိန်ဟာ အတက်ဆုံးအချိန်၊ ဒီလို တက်ပြီးရင်တော့ဖြင့် ပြန်ကျတော့မယ်ဆိုတဲ့ အနေအထားကိုလည်း ခန့်မှန်းနိုင်ကြပါတယ်။ အဆိုးမြင်လွန်း နေတာလားတော့ မသိဘူးပေါ့ဗျာ။ အဲဒီလို စိုးရိမ်ကြတဲ့ အထဲမှာ ဂုရုကြီးများသာ ပါတတ်ပေမယ့် အခုတော့ စွန့်စားရင်းနှီးမြှတ်နှံလိုသူ (Venture Capatilist)များနှင့် စွန့်ဦးသမားများပါ အပူလုံးကြွလာရတဲ့ အနေအထား ဖြစ်လာပါတယ်။

သူတို့ အပူလုံးကြွမယ်ဆိုလည်း ကြွစရာ အနေအထား သက်သေ အထောက်အထားတွေက ရှိလာနေပါပြီ။ အပူလုံးကြွပြီးရင် ယူကြံုးမရဆိုတဲ့ အခြေမစိုက်အောင် သေသေချာချာ စောင့်ကြည့်ရမယ့် အနေအထားပါ။ အဲဒီလို စောင့်ကြည့်ကြတဲ့ သူတွေထဲမှာ ခေတ်ပျက်သူဌေး အဖြစ် အပွကြံလိုသူတွေပါ ပါဝင်လာတဲ့ အနေအထားတွေ မြင်နေပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများ၊ လေ့လာသူများ အဆိုအရ စွန့်စား ရင်းနှီးမြှတ်နှံလိုသူများ၊ ကုမ္ပဏီကြီးများဟာ ကုမ္ပဏီ ပေါက်စများကို ပေးချင်ကမ်းချင်စိတ်တွေ အင်မတန် များလာတယ်လို့ ဆိုပါတယ်။ တစ်ချို့ ကုမ္ပဏီ ပေါက်စများ ဆိုလျှင် အိုင်ဒီယာအဆင့်မျှသာ ရှိသေးပြီး လက်တွေ့ အကောင်အထည် မဖော်ရသေးတဲ့ အနေအထားမှာပင် ပေးချင်ကမ်းချင်သူ၊ ရင်းနှီးမြှတ်နှံလိုသူများ ရှိနေကြောင်း သိရပါတယ်။

အဲဒီလို အခြေအနေ ဆိုက်လာတဲ့အတွက် လက်မထောင် လက်သီး လက်မောင်းတန်းပြီး နင်တောင် လုပ်နိုင်သေးတာ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ၊ နင်လားဟဲ Mobile Apps၊ နင်လားဟဲ့ Social Network ဆိုတဲ့ လူငယ်ခြေတက်များ စုပြံုတိုးဝင်ကြတဲ့ အနေအထား ဖြစ်လာပါတယ်။ အဲဒီအပြင် နေရာတကာ မိုဘိုင်းဆိုတဲ့ ခေတ်ကြီး ဖြစ်လာတဲ့အတွက် Social Shoppong (ကွန်ယက် စျေးဝယ်စနစ်)၊ Mobile Photo Sharing (မိုဘိုင်း ဓာတ်ပုံဝေမျှတဲ့ စနစ်) စတဲ့ လုပ်ငန်းတွေကို Mobile Social Ecosystem အတွင်းမှာ တက်ကုန်ဖွင့် လက်ကုန် ကစ်လို့ရတဲ့ အနေအထား ဖြစ်လာပါတယ်။ ရင်းနှီးမြှတ်နှံသူများ အနေနဲ့လည်း ပွပေါက်အကြီးကြီး တိုးမဲ့ကိန်း၊ ဘိုးဘိုးအောင်ရဲ့ ဝတစ်လုံးကနေ နှစ်လုံးဖြစ်မယ့်ကိန်းကို ဘယ်သူမှ စိတ်မဝင်စားပဲ မနေနိုင်ပါဘူး။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က အခြေအနေတွေကို ပြန်ကြည့်လိုက်ပါ။ Yammer ဆိုတဲ့ Twttier-like Messages (စာတိုစံနစ်) တွေကို စီးပွားရေး လုပ်ငန်းအချင်းချင်း ပို့နိုင်တဲ့ အွန်လိုင်း ဝန်ဆောင်မှု အနေနဲ့ ၂၅ မီလီယံလောက် တန်ဖိုး တက်လာတယ်လို့ ဆိုပါတယ်။ Tumblr ဆိုတဲ့ Micro Blogging Platform (ဘလော့အသေးစား) ရဲ့ တန်ဖိုးဟာလည်း ၃၀ မီလီယံ မြင့်တက်လာပါတယ်။ CellPhone တွေမှာ သုံးလို့ရတဲ့ Group Messaging App (အဖွဲ့လိုက် စာတိုပို့နိုင်သော Mobile App) ဖြစ်တဲ့ GroupMe ဟာလည်း ၉ မီလီယံလောက် တန်ဖိုးမြင့်လာပါတယ်။ Social Network မှာ လူဦးရေး ငါးဆယ်ခန့် ကန့်သတ်ပြီး ဓာတ်ပုံတွေ ဝေမျှနိုင်တဲ့ iPhone App Path ဟာလည်း အားကျမခံ ၂.၅ မီလီယံလောက် တိုးလာပါတယ်။ သူ့ရဲ့ ပြိုင်ဖက် Picplz ကလည်း ၅ မီလီယံလောက် တိုးလာတယ်လို့ သိရပါတယ်။ အဲဒီ တန်ဖိုး ကိန်းဂဏန်းတွေဟာ ရသတ္တပတ် အနည်းငယ်အတွင်း ဖြစ်ပျက်သွားတာတွေပါ။

အဲဒီလို အခြေအနေတွေ ဖြစ်နေတော့ စွန့်စားရင်းနှီးမြှတ်နှံလိုသူများ အနေနဲ့ ခေါင်းကို ဘောက်တွေ တဖွားဖွားကျ လာအောင် ကုတ်ရတော့မည့် အခြေဆိုက်လာပါတယ်။ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ သမားများကလည်း အကွက်ကောင်းကို ချောင်းနေကြသလို၊ မစားရ ဝခမန်း ပြောနေကြတဲ့ ကိန်းဂဏန်းတွေ နောက်ကို ငွေထုပ်ပိုက်ပြီး လိုက်နေသူများလည်း ဒုနဲ့ဒေး ဖြစ်လာပါတယ်။

တစ်ချို့တစ်ချို့သော စိုးရိမ်သောက ကြီးသူများကလည်း တန်ဖိုးများကျသွားတဲ့အထိ ရင်းနှီးမြှတ်နှံမှုများကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအထဲမှာ လုပ်ငန်းသစ်ပေါင်း ၅၀၀ ခန့်ကို ရင်းနှီးမြှတ်နှံ အထောက်အပံ့တွေ ပေးနေတဲ့ ကုမ္ပဏီတွေပါ ပါဝင်လာပါတယ်။

အဲဒီလို ရင်းနှီးမြှတ်နှံမှုဆိုင်ရာ ကုမ္ပဏီကြီးများရဲ့ ပြောစကားများကို လေ့လာကြည့်မယ်ဆိုရင် တစ်ချို့ ကုမ္ပဏီများရဲ့ တန်ဖိုးဟာ ပုံမှန်သဘောအရ သိပ်မရှိပေမယ့်၊ ခုချိန်မှာ တန်ဖိုးတွေ အံ့သြစရာ ကောင်းလောက်အောင် မြင့်တက်နေကြောင်း၊ ဒါပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အဲဒီလို ကုမ္ပဏီတွေမှာ တည်ထောင်သူ၊ ဦးဆောင် ဦးရွက်ပြုသူများနဲ့ ခိုင်မာတဲ့ စီမံကိန်းတွေ ရှိနေပြန်ကြောင်း၊ တကယ့်ကို ခေါင်းစားစရာကောင်းတဲ့ အနေအထား ဖြစ်နေကြောင်း ပြောကြပါတယ်။

ဆက်ပါဦးမယ် … (ကိုရီယားကားရိုက်တာ မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော် အချိန်မရတဲ့ကြားက ရေးထားရလို့ပါ)

Facebook comments:

Leave a comment


*