မေးခွန်းမေးခြင်း အတတ်ပညာ
ကွန်ပျူတာ စနစ်မှာ ပြောနေကြတဲ့ Garbage in, garbage out (အမှိုက်ထည့်ရင် အမှိုက်ပဲ ထွက်လာမယ်) ဆိုတဲ့ စကားဟာ အင်မတန် မှန်ကန်တဲ့ စကား တစ်ခုပါပဲ။ ကိုယ့်အနေနဲ့ သတင်းအချက်အလက် အမှားတွေ ထည့်မယ်ဆိုရင် သတင်းအချက်အလက် အမှားတွေပဲ ပြန်ထွက်လာမှာ သေချာပါတယ်။ ဒါကတော့ Garbage in, garbage out ဆိုတာကို လူးအချင်းချင်း ပေါင်းသင်းဆက်ဆံ ဆက်သွယ်ရေးတွေမှာ သုံးကြည့်တာပါ။ ဒီလိုပါပဲ မေးခွန်း အမှားတွေ သွားမေးရင်တော့ မေးခွန်း အမှားတွေပဲ ပြန်ထွက်လာမှာ သေချာပါတယ်။ အဲဒီလိုမဟုတ်ရင်တောင် ကိုယ်လိုချင်တဲ့ ရလဒ်မျိုး ပြန်ရလာမှာ မဟုတ်ပါဘူး။
မှန်ကန်တိကျတဲ့ မေးခွန်းကို ရွေးချယ် မေးမြန်းနိုင်တယ် ဆိုတာ ထိရောက်တဲ့ ဆက်ဆံရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရေးမှာ အင်မတန် အရေးပါတဲ့ တကယ့်ကို အဓိကကျတဲ့ အစိတ်အပိုင်း အနေနဲ့ ပါဝင်ပါတယ်။ တိကျတဲ့ အခြေအနေတစ်ခုမှာ မှန်ကန်တဲ့ မေးခွန်းကို သုံးခြင်းအားဖြင့် ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ စွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ အဲဒီလို မေးနိုင်တဲ့အတွက် အကျိုးကျေးဇူးတွေလည်း အများကြီး ရပါတယ်။ ဥပမာ – ပိုကောင်းတဲ့ သတင်းအချက်အလက်တွေ ရမယ်။ ကိုယ် သိထားတာတွေထက် ပိုတာတွေ ရလာမယ်။ ခိုင်မာတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်မယ်။ လူတွေကို ပိုပြီး ထိရောက်အောင် စီမံခန့်ခွဲနိုင်မယ်။ အခြားသူတွေအတွက်ပါ သိသင့် သိထိုက်တာတွေ မျှဝေလို့ ရစေပါတယ်။
ရှေ့ဆက်ပြီး ယေဘူယျကျတဲ့ မေးခွန်း မေးနည်း ပုံစံတွေကို လေ့လာကြည့်ရအောင်
ဖွင့်ထားတဲ့ (သို့) ပိတ်ထားတဲ့ မေးခွန်းများ
ပိတ်ထားတဲ့ မေခွန်း (Closed Questions) တွေ ဆိုတာကတော့ ကိုယ့်အနေနဲ့ အင်မတန်တိုတဲ့ ဒါမှမဟုတ်လည်း စကားတစ်လုံးတည်း အဖြေပြန်ရနိုင်တဲ့ မေးခွန်းတွေပါ။ တစ်ခါတစ်လေမှာ အချက်အလက်ဆိုင်ရာ အဖြေတွေ ရနိုင်တယ်ပေါ့။ ဥပမာပေးရရင် “မင်းရေဆာ နေလား” လို့ မေးရင် အဖြေက “ဟုတ်” ဒါမှမဟုတ် ခေါင်းညိမ့် ပြတာမျိုး။ “မဆာဘူး” ဒါမှမဟုတ် ခေါင်းခါပြတာမျိုးပေါ့။ “ဘယ်မှာ နေလဲ” ဆိုရင်လည်း ဘယ်မှာ နေတယ်ဆိုတဲ့ အဖြေပဲ ပြန်ရမှာပေါ့။ ရန်ကုန်မှာ နေပါတယ်ပေါ့။ ဒီလောက်ပါပဲ။
ဖွင့်ထားတဲ့ မေးခွန် (Open Questions) တွေကတော့ ရှည်လျားတဲ့ အဖြေတွေကို လိုချင်တဲ့အတွက် ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဘာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ စသည်ဖြင့် ပါတတ်ပါတယ်။ အဲဒီလို မေးလိုက်ပြီ ဆိုတာနဲ့ အမေးခံရသူ အနေနဲ့ သူရဲ့ အသိပညာ၊ ထင်မြင်ချက်၊ ခံစားချက် စတာတွေ ပြောလို့ ဖြေလို့ ရပါပြီ။ ပြောပြပေးပါ၊ ရှင်းပြပေးပါ စသည်ဖြင့်လည်း မေးခွန်းမှာ ပါတတ်ပါတယ်။ ဥပမာ အနေနဲ့ မေးကြည့်ရအောင်
- ဆွေနွေးပွဲမှာ ဘာတွေ ဖြစ်သွားလဲ
- မင်း ဘာကြောင့် အဲဒီလို တုန့်ပြန်လိုက်တာလဲ
- ပါတီ အခြေအနေ ဘယ်လိုလဲ
- ရှေ့ဆက် ဘာတွေ ဖြစ်သေးလဲ
- အခြေအနေကို ဒီထက်ပိုပြီး ရှင်းပြပေးပါ
ဖွင့်ထားတဲ့ မေးခွန်းတွေက ဘယ်နေရာမှာ ကောင်းလဲ၊ ဘယ်နေရာမှာ သုံးလို့ရလဲ။
- ပွင့်လင်းတဲ့ ဖွင့်ထားတဲ့ စကားပြောဝိုင်းကို ထူထောင်နိုင်ပါတယ်။ ဥပမာ – “မင်း ခရီးထွက်ရင် ဘာတွေ လုပ်မယ် စိတ်ကူးထားလဲ”
- ပိုပြီး အသေးစိတ် သိချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။ ဥပမာ – “ဒီကိစ္စ ငါတို့ အောင်မြင်ဖို့ တစ်ခြား ဘာတွေ လုပ်ဖို့ လိုသေးလဲ”
- အခြားသူရဲ့ အမြင်နဲ့ ပြဿနာတွေကို သိချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။ ဥပမာ – “အခု အပြောင်းအလဲ အပေါ် ခင်ဗျား ဘယ်လိုမြင်လဲ”
ပိတ်ထားတဲ့ မေးခွန်းတွေက ဘယ်နေရာမှာ ကောင်းလဲ၊ ဘယ်နေရာမှာ သုံးလို့ရလဲ။
- သူ့အဖြေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ နားလည်မှုကို ဒါမှမဟုတ် ကိုယ့်မေးခွန်းနဲ့ ပတ်သက်ပြီး တစ်ဖက်လူရဲ့ နားလည်မှုကို စစ်ဆေးနိုင်ပါတယ်။ ဥပမာ - “ဒီ အဆင့်အထိ ရောက်ရင် ငါ လစာတိုးမှာလား”
- ဆွေးနွေးမှုတွေကို အဆုံးသတ်ချင်တဲ့အခါ၊ ဆုံးဖြတ်ချက် တစ်ခု ချတော့မယ်ဆိုရင် သုံးနိုင်ပါတယ်။ ဥပမာ – “ကဲ အားလုံးလဲ အချက် အလက်တွေ သိနေကြပြီ ဆိုတော့ ငါတို့လုပ်နေတာ မှန်တယ်ဆိုတာ သဘောတူကြလား”
- ရည်ရွယ်ချက် တစ်ခုခုကို ပုံဖော်တဲ့ နေရာမှာ သုံးနိုင်ပါတယ်။ ဥပမာ - “ကျွန်တော်တို့ ဘဏ်ရဲ့ ဝန်ဆောင်မှုကို သဘောကျပါသလား”
ပိတ်ထားတဲ့ မေးခွန်းတွေကို မှားယွင်းသုံးစွဲ မိရင်တော့ စကားကို ရှေ့ဆက်လို့ မရတော့ပဲ ရပ်တန့်သွားတာတို့ ဆွံ့အသွားတာတို့ ဖြစ်နိုင်တဲ့ အတွက် နေရာတကာ မသုံးသင့်ပါဘူး။ မှန်မှန်ကန်ကန် သုံးမှ ဖြစ်ပါလိမ့်မယ်။
နောက် ဖွင့်ထားတဲ့ မေးခွန်းတွေမှာလည်း Scope ဆိုတာ ရှိပါတယ်။ Scope Range ကို ချိန်ပြီး မေးသင့်ပါတယ်။ ဥပမာ -
- “ကျွန်တော်တို့ လူငယ်တွေ တိုးတက်ဖို့ ဘာတွေ လုပ်သင့်လဲ” – Scope အရမ်းကျယ်သွားပါတယ်။
- “ကျွန်တော်တို့ လူငယ်တွေ ပညာရေး တိုးတက်ဖို့ ဘာတွေ လုပ်သင့်လဲ” - Scope နည်းနည်းကျဉ်းလာပါတယ်။
- “ကျွန်တော်တို့ လူငယ်တွေ ပညာရေး တိုးတက်ဖို့ဆိုရင် ဘယ်က စသင့်လဲ” – Scope အရင်ထက် ပိုကျဉ်းလာပါတယ်။
- “ကျွန်တော်တို့ လူငယ်တွေ ပညာရေး တိုးတက်ဖို့အတွက် ခင်ဗျားလုပ်နေတဲ့ လုပ်ဆောင်ချက်တွေ ပြောပြပါလား” - Scope ပိုပြီး ကျဉ်းသွားတဲ့အပြင် အမေးခံရသူရဲ့ အမြင်တွေ လုပ်ဆောင်ချက်တွေကို မေးလာနိုင်ပါပြီ။
- “လူငယ်တွေ ပညာရေး တိုးတက်ဖို့ ခင်ဗျားလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ သင်တန်းတစ်ခု ဖွင့်တယ်လို့ ကြားတယ်။ အဲဒီ သင်တန်းအကြောင်း ပြောပြပါလား” - အရင်ထက် Scope ပိုကျဉ်းသွားတဲ့အပြင် ပိုပြီးလည်း တိကျလာပါတယ်။
- “လူငယ်တွေ ပညာရေး တိုးတက်ဖို့ ခင်ဗျား လုပ်နေတယ်လို့ သိရပါတယ်။ ဟိုတစ်နေ့က ဖွင့်တဲ့ သင်တန်းနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြောပြပါလား” – ဒါကတော့ တော်တော်လေးကို Scope ကျဉ်းသွားပါပြီ။ ရည်ရွယ်ချက် တစ်ခုတည်းကို မေးတာပါ။
အဲဒီလို ဖွင့်ထားတဲ့ မေးခွန်းတွေကိုလည်း ဖြေတဲ့သူအပေါ် မူတည်ပြီး Scope ကို ချိန်ပြီး မေးလို့ရပါတယ်။ Scope အရမ်းကျယ်သွားရင်လည်း မကောင်းသလို၊ Scope အရမ်းကျဉ်းသွားရင်လည်း ဖြေတဲ့သူအတွက် Closed Question ဖြစ်သွားနိုင်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ Closed Question (ပိတ်ထားတဲ့ မေးခွန်း) တွေကို Frame Setting (တစ်ခုခုကို ဦးတည်ပြီး စနစ်ချ မေးမြန်းခြင်း) ချတဲ့ နေရာမှာလည်း သုံးနိုင်ပါတယ်။ ဥပမာ အနေနဲ့ -
- ခင်ဗျား ဟိုတစ်နေ့က မြို့ထဲကို သွားခဲ့တယ်နော်။ (ဟုတ် မဟုတ် ဖြေရုံသာ)
ဟုတ် - အဲဒီလို သွားတော့ မောင်ဖြူနဲ့ တွေ့တယ်မလား။
ဟုတ် - မောင်ဖြူနဲ့ ခင်ဗျားနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်တယ်မလား။
ဟုတ် - မောင်ဖြူနဲ ခင်ဗျား ဘာတွေ ပြောခဲ့လဲ ပြန်ပြောပြပါ။
ကိုယ်ပြောစေချင်တာ ဖြေစေချင်တာက နောက်ဆုံး မေးခွန်းပါ။ ဒါပေမယ့် သေချာအောင် Closed Question တွေနဲ့ Setting ချလာပြီးမှ သေချာ မေးပါတယ်။
တောင်သူယာခုတ် မေးနည်း (Funnel Questions)
ဒီလိုမျိုး မေးခွန်း မေးနည်းကတော့ ကျွန်တော်တို့ မြန်မာ့ ဓလေ့မှာရှိတဲ့ စကားကြီးဆယ်မျိုးထဲက တစ်မျိုး ဖြစ်တဲ့ တောင်သူယာခုတ် စကားပြောနည်း နဲ့ တူပါတယ်။ တောင်သူတွေ ယာခုတ်တဲ့ နေရာမှာ ပေါင်းပင်တွေ မြက်ပင်တွေ သစ်ပင်ငယ်တွေ နှုတ်ပြီး ရိတ်ပြီး ခုတ်ပြီးမှ အပင်ကြီးတွေ ခုတ်၊ ယာတွေ ထွန်လုပ်သလို ပုံစံမျိုးပါ။ အစပိုင်းမှာ သမာရိုးကျ မေးခွန်းတွေကိုသာ မေးမယ်။ ပြီးမှ ကိုယ်ဦးတည်ချက် ထားတဲ့ အဖြေအတွက် စကားဝိုင်းအတွက် တစ်ဖြည်းဖြည်းချင်း၊ တစ်ဆင့်ခြင်း ပုံဖော်သွားတဲ့ မေးနည်းပါ။ တရားခံမေးမေး တာလည်း အဲဒီ ပုံစံမျိုးပါပဲ။ ဥပမာ ကြည့်ရအောင် -
- “ရန်ဖြစ်တဲ့ နေရာမှာ ဘယ်နှစ်ယောက် ပါလဲ”
- “ဆယ်ယောက်လောက် ထင်တယ်”
- “ကလေးတွေလား လူကြီးတွေလား”
- “အားလုံးနီးပါး ကလေးတွေပါပဲ”
- “သူတို့တွေက အသက် ဘယ်အရွယ်တွေလဲ”
- “ဆယ့်လေးနှင့် ဆယ့်ငါးနှစ် ဝန်းကျင်တွေပဲ”
- “သူတို့တွေက ဆင်တူ ဝတ်ထားလား”
- “ဟုတ်တယ်၊ သူတို့ထဲက လေး၊ ငါး၊ ခြောက်ယောက်က ဘေ့စ်ဘော ဦးထုတ်ဆောင်းထားတယ်”
- “သူတို့ ဦးထုတ်တွေမှာ ပါတဲ့ တံဆိပ်တွေကို ခင်ဗျား မှတ်မိလား”
- “ကျွန်တော် မှတ်မိတာတော့ သူတို့ဦးထုတ်တွေမှာ N ဆိုတဲ့ စာလုံး အကြီးကြီးပါတယ်”
အပေါ်မှာ မေးသွားတာကတော့ စုံထောက်က သက်သေကို မေးသွားတဲ့ ပုံစံပါ။ သက်သေအနေနဲ့ အခင်းဖြစ်တဲ့ ပုံစံကို တစ်ဖြည်းဖြည်း ပုံပေါ်ပြီး မြင်ယောင် လာစေပါတယ်။ အဲဒီအပြင် လိုအပ်တဲ့ အချက်အလက်တွေကိုလည်း တစ်ခါတည်း မေးပြီးသား ဖြစ်သွားပါတယ်။ ဒီနေရာမှာ အဲဒီလို မေးခွန်းတွေ တစ်ဆင့်ပြီး တစ်ဆင့် မမေးပဲ “ကဲ ရန်ဖြစ်တုန်းက ခင်ဗျားမြင်တာတွေ ပြော” ဆိုတာမျိုး ဖွင့်ထားတဲ့ မေးခွန်းတွေ မေးလည်း ရတာပါပဲ။ အဲဒီလို မေးရင် သက်သေ အနေနဲ့ ပြောချင်ရာ ပြောပြီး တောင်ရောက် မြောက်ရောက်နဲ့ ကိုယ်လိုတဲ့ အချက်အလက်ကို ရမှာ မဟုတ်တော့ပါဘူး။
မှတ်ချက်
တောင်သူ ယာခုတ် မေးနည်းမှာ ပထမပိုင်းမှာ ပိတ်ထားတဲ့ မေးခွန်းတွေနဲ့ စသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်လိုရာကို ရောက်လာတာနဲ့ အမျှ ဖွင့်ထားတဲ့ မေးခွန်းတွေကို မေးလို့ ရလာနိုင်ပါတယ်။
- တောင်သူယာခုတ် မေးနည်းတွေက ဘယ်နေရာတွေမှာ ကောင်းလဲ
- တိကျတဲ့ အချက်အလက်တွေ စုဆောင်းတဲ့နေရမှာ အသုံးဝင်ပါတယ်။
- စိတ်ဝင်စားမှုကို တစ်ဖြည်းဖြည်း ရယူနိုင်ပြီး ယုံကြည်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။
ဆက်ပါဦးမယ် ..
Facebook comments:






ဖတ်ရတာ အရှိန်တက်နေရင်း ပို့စ်ကပြီးသွားတယ် . . နောက်ဆက်တွဲလေးတွေ ဆက်ရေးပေးဖို့ တောင်းဆိုပါရစေ ကိုသီဟရေ . . ကျေးဇူးနော်
ဟုတ်ကဲ့ ရေးမယ်ခင်ဗျ .. ကျွန်တော် ပို့စ်တစ်ခု တင်ပြီးတာနဲ့ ဆက်ရေးမယ်ခင်ဗျ။
အစ်ကို ရေ…ကျွန်တော်ဖတ်ကြည့်လိုက်ဦးမယ်….ဖတ်ပြီးမှဘဲမေးတော ့မယ်..ပြီးတော ့..download ..လုပ်သွားတယ်..
ကိုသီဟရေ…
ဆက်ရေးပါဦးခင်ဗျ။ ဗဟုသုတတော်တော်ရပါတယ် ။ ကျွန်တော်ဆို အမေးမတတ်လို့ သိချင်တာတွေမသိလိုက်ရတာများပါတယ် ။ ကိုသီဟ ဆောင်းပါးက ကျွန်တော့် အတွက်တော့ အင်းအားတွေပေးနေသလိုပါပဲ။ ကျေးဇူးပါ ဆရာ ကိုသီဟ..
ဟုတ်ပဗျာ
ပညာယူဖို့ ကောင်းလိုက်တာလို့ တွေးတုံးပဲ ရှိသေးတယ်
ဆုံးသွားပြီ။
ကျွန်တော် ဆက်ရေးနေပါတယ်ခင်ဗျ .. ခဏလေးစောင့်ပါ
ကောင်းတယ်ဗျာ အောင်အောင်ပြောသလိုပဲ ကျွန်တော်လဲ မမေးတတ်လို့ မသိလိုက်ရတာတွေအများကြီးရှိခဲ့တယ်ဗျ
ကျေးဇူးပဲ ကိုသီဟရေ
တစ်ခုတော့ သိချင်တယ်အကိုရေ။ ဒီစာတွေဟာ အကို ကိုယ်တိုင်ပဲ ရေးထားတာလား။ ဒီစာတွေဟာ အကို.ရဲ. ကိုယ်ပိုင် အတွေးခေါ်လား ဆိုတာကို။ နောက်တော့ ဒါမျိုးကို တနေရာမှာ ဖတ်ဖူးလို.ပါ။ အခုလိုမျိုး အရေးသားတွေ ၊ Knowledge Share တွေ အမှန်တကယ်လိုအပ်ပါတယ်။ ဒါပေမယ်. ရေးသူတစ်ယောက် ၊ Poster တစ်ယောက်အနေနဲ. ကိုယ်တိုင်ရေးတာဖြစ်ဖြစ် ၊ အခြားတစ်နေရာကပဲ ဖြစ်ဖြစ် အကြောင်းရာမှန်ကို စာဖတ်သူ ရှင်းလင်းစေရန် အမှတ်သားပြုစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျွန်တော် ရှေ့ဆက်ရေးဖို့ ကျန်နေပါသေးတယ်။ အဲဒီအချိန်ကျရင် ကျွန်တော် ဘယ်နေရာတွေက Reference ယူထားတယ်ဆိုတာ ကျွန်တော် ရေးပြပေးမှာပါ။ ဒီပို့စ်ကိုတော့ ကျွန်တော် အိုင်ဒီယာ၊ ကျွန်တော် ခံစားချက်အပေါ် အခြေပြုပြီး တစ်ဝက် ကျွန်တော်ဖတ်ထားတဲ့ အင်္ဂလိပ်ဆောင်းပါး အပေါ် အခြေခံပြီး တစ်ဝက် ပေါင်းစပ် ရေးသားထားတာ ဖြစ်ပါတယ်။ ပထမတစ်ပိုင်း ရေးပြီး နောက်တစ်ပိုင်းကို ရေးလက်စ တန်းလန်း မို့ မတင်နိုင်သေးတဲ့အတွက် Reference မထိုးရသေးတာပါ။ နောက်တစ်ပိုင်း တင်ပြီးတဲ့အခါမှာ ထိုးပေးမှာ ဖြစ်ပါတယ်။
[...] အရင်တစ်ပိုင်းမှာ မေးခွန်းမေးခြင်း အတတ်ပညာ ဆိုပြီး ရေးခဲ့ပြီးပါပြီ။ [...]
Great Post! မေးခွန်းမေးခြင်းကို လေ့လာထားရင် အကျိုးများတယ်ဆိုတာကို သိသွားပါပြီး။ ကျေးဇူးတင်ပါတယ်။