မေးခွန်းမေးခြင်း အတတ်ပညာ အပိုင်း (၂)

ကျွန်တော် အရင်တစ်ပိုင်းမှာ မေးခွန်းမေးခြင်း အတတ်ပညာ ဆိုပြီး ရေးခဲ့ပြီးပါပြီ။ ဒီအပိုင်းကတော့ ဒုတိယပိုင်းပါ။ မေးခွန်း မေးတယ်ဆိုတာ ပေါင်းသင်း ဆက်ဆံရေးမှာ အင်မတန် အရေးပါသလို သတင်းအချက်အလက် ဖလှယ်ရေးမှာလည်း အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ အဲဒီလို မေးခွန်း မေးတဲ့ သဘောတွေ အပေါ်မှာ မူတည်ပြီး အမျိုးအစားတွေ ခွဲထားတတ် ကြပါတယ်။

ဒါပေမယ့် အဲဒီလို မေးခွန်း မေးတတ်ခြင်းဆိုတာ Technique တွေ အပေါ်မှာပဲ လုံးဝမူတည် နေတာမျိုး မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ သဘောကို သိမှု၊ တစ်ဖက်လူနဲ့ ပတ်သက်ပြီး ကိုယ် ဘယ်လောက် သင်ယူနိုင်သလဲ စတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေး အချက်အလက်တွေ အများကြီး အပေါ် မူတည်ပါတယ်။ အဓိက အကျဆုံးအချက်ကတော့ မေးခွန်း မေးတယ်ဆိုတာ သူတစ်ပါးကို ကိုယ်က သိချင်တာ တစ်ခုခုရှိလို့၊ ဒါမှမဟုတ် ရစရာ တစ်ခုခု ရှိလို့ အဲဒီလိုမှ မဟုတ်ရင်လည်း ပေးစရာ တစ်ခုခု ရှိလို့ မေးတာ ဖြစ်ပါတယ်။ အဲဒီတော့ တစ်ဖက်လူရဲ့ အကြောင်းကို ပိုသိလေ၊ ပိုနားလည်လေ၊ တစ်ဖက်လူနဲ့ ပိုနီးလေ ပိုပြီး ထိရောက်တဲ့ မေးခွန်းတွေ မေးနိုင်လေပါပဲ။

ဒါပေမယ့် တစ်ခါတစ်လေ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ်က ကွန်ပျူတာ အကြောင်း တစ်လုံးမှ မသိပဲ ကွန်ပျူတာသမားကို သွားဗျူးတာ ကွန်ပျူတာ အကြောင်း သွားမေးတာဆိုရင် ဘယ်လိုမှ ထိရောက်တဲ့ မေးခွန်းတွေ ထွက်လာမှာ မဟုတ်သလို ဖြေရတဲ့သူ အနေနဲ့လည်း ဘာဖြေရမှန်း သိမှာမဟုတ်ပါဘူး။ ကမ႓ာကျော် မေးခွန်းမေးတဲ့သူတွေကို ကြည့်မယ်ဆိုရင်လည်း သူတို့ မေးခွန်းတစ်ခုဟာ တစ်ဖက်လူနဲ့ တိတိကျကျ သက်ဆိုင်တဲ့ဟာ နောက်ပြီး ပရိတ်သတ် အနေနဲ့လည်း သိချင်နေတဲ့ဟာတွေကို ရှာဖွေဖော်ထုတ်ပြီး မေးတတ်သူတွေ ဖြစ်ကြပါတယ်။ အဲဒီလို မေးမယ့်သူနဲ့ သက်ဆိုင်တာကို မေးနိုင်ဖို့ တစ်ခါတစ်လေမှာ တည့်မေးတာ ရှိသလို၊ တစ်ခါတစ်လေမှာ သိုင်းဝိုင်းပြီး အချက်အလက်စုံအောင် မေးပြီးမှ မေးတာမျိုးလည်း ရှိပါတယ်။ သူတို့တွေ မေးခွန်းမေးတာတွေကို ထိုင်ကြည့်ရင် အင်မတန်ကို ပြောင်မြောက်ပြီး အင်မတန်ကို တော်တာ သတိထားမိနိုင်ပါတယ်။

အဲဒီလို မေးခွန်းမေးနည်းတွေဆိုတာ တကယ့် ဆီမီနာမှာမှ၊ တကယ့် နေရာတွေမှ မေးရ သုံးရတာ မဟုတ်ပါဘူး။ နေ့စဉ် ဘဝမှာလည်း အမြဲတမ်း သုံးနေရလေ့ ရှိပါတယ်။ မေးခွန်းမေးနည်းလို့ သီးခြားခွဲထုတ် လိုက်ပေမယ့် တကယ်တန်းတော့ စကားပြောနည်းပါပဲ။ မြန်မာဓလေ့မှာဆိုရင်လည်း စကားကြီး ဆယ်မျိုးဆိုတာ ရှိသလို နိုင်ငံတကာမှာလည်း နည်းလမ်းမျိုးစုံ ရှိနေပါတယ်။

အဲဒီ နည်းလမ်းတွေကို ဘယ်လိုသုံးမလဲ။ အဲဒါကတော့ အခြေအနေ အပေါ်မှာ မူတည်ပါတယ်။ ခုချက်ချင်း သိဖို့လိုတဲ့ အဖြေတစ်ခုအတွက် သိုင်းဝိုင်းပြီး မေးနေမယ်ဆိုရင် အလုပ်မဖြစ်သလို၊ စကားများများ ပြောရမယ့် ကိစ္စကို ပိတ်ထားတဲ့ မေးခွန်းတွေ သွားမေးရင်လည်း အဆင်မပြေပါဘူး။ အဲဒီလိုပါပဲ တစ်ဖက်လူနဲ့ ဘာမှ မဆိုင်တာတွေ သွားမေးရင်လည်း အဆင်မပြေပါဘူး။ နေရာတကာတိုင်း တိတိကျကျတွေပဲ မေးနေလို့ မဖြစ်သလို နေရာတကာတိုင်း ရှည်ရှည်ဝေးဝေးတွေ မေးနေရင်လည်း မဖြစ်သေးပါဘူး။ ကိုယ့်ရဲ့ အတွေ့အကြုံ၊ ရုတ်တရက် ဆုံးဖြတ်နိုင်စွမ်း၊ တစ်ဖက်လူအပေါ် နားလည်နိုင်မှု၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှု စတာတွေ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ Questioning Technique ဆိုပေမယ့် တကယ်တန်းတော့ Art of questioning ပါ။

သုတေသန မေးနည်း

ဒီလို မေးခွန်းမေးနည်းကလည်း ပိုပြီး တိကျတဲ့ အချက်အလက်တွေကို မေးတဲ့နေရာမှ အသုံးဝင်ပါတယ်။ တစ်ခါတစ်လေမှာ အဲဒီလို မေးခွန်း မေးတယ်ဆိုတာ တစ်ဖက်ကလူ ပြောသွားတဲ့ စကားတွေကို ကိုယ့်အနေနဲ့ ရှင်းသထက် ရှင်းအောင် မေးတဲ့ မေးခွန်းမျိုးတွေ ဖြစ်နေတတ်ပါတယ်။ တစ်ဖက်လူ ပြောတာ၊ ဒါမှာမဟုတ် ကိုယ့်ရဲ့ နားလည်မှုကို တိုင်းတာလိုတဲ့အခါ မေးတဲ့ မေးခွန်းမျိုးတွေပါ။

တစ်ခါတစ်လေမှာတော့ ဒီထက်ပိုပြီး တိကျတဲ့ အချက်အလက်တွေ သိချင်တဲ့အတွက် မေးတာလဲ ဖြစ်နိုင်ပါတယ်။ ဥပမာ – “ခင်ဗျား ဒီစာကို ဘယ်အချိန် လိုမှာလဲ။ ကျွန်တော် အကြမ်း အရင်ပြရဦးမလား။ အချောကို တစ်ခါတည်း ပေးရမှာလား”

တစ်ခါတစ်လေ တစ်ခုခုကို စုံစမ်း စစ်ဆေးတဲ့ အနေနဲ့ မေးတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုခုကို မှန်ကန်ကြောင်း အထောက်အထား လိုချင်တဲ့ အခါမျိုးတွေမှာလည်း သုံးပါတယ်။ ဥပမာ – “အရောင်းသမားတွေ Database ကို သုံးလို့ မရဘူးဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ”

သုတေသန မေးနည်းတွေမှာ အရေးအကြီးဆုံး အချက်ကတော့ သေချာမှုပါ။ အဲဒီအတွက် ကိုယ့်မေးလိုက်တဲ့ မေးခွန်းကနေ အဖြေ ပြန်ရလာတဲ့အခါ တိကျတဲ့ သက်သေတွေ အထောက်အထားတွေ ရှိနေဖို့လိုပါတယ်။

သုတေသန မေးနည်းတွေက ဘယ်နေရာမှာကောင်းလဲ၊ ဘယ်နေရာတွေမှာ သုံးသင့်လဲ

  • ကိုယ်နားလည်ထားတဲ့ အချက်အလက်တွေကို သေချာအောင်လုပ်တဲ့ နေရာမှာ ကောင်းပါတယ်။ သုံးနိုင်ပါတယ်။
  • တစ်ဖက်လူက အချက်အလက်တွေ ပေးဖို့ ရှောင်နေတဲ့အခါ ကိုယ့်အနေနဲ့လည်း မဖြစ်မနေ မေးဖို့ လိုလာတဲ့အခါတွေမှာ သုံးနိုင်ပါတယ်။

ကိုယ်ဖက်ပါအောင် မေးနည်း

ကိုယ်တွေးထား ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လိုချင်တာကို တစ်ဖက်သား သဘောတူလာအောင် မေးတဲ့ မေးခွန်းမျိုးတွေပါ။ ဒီမေးခွန်းအကြောင်းကို ပြောတော့ ငယ်ငယ် အင်္ဂလိပ်စာ ဆရာတစ်ယောက် ပြောဖူးတာ အမှတ်ရပါတယ်။ မင်းတို့တွေ အိမ်မှာ တစ်ခုခု စားချင်တဲ့အခါ၊ စားတဲ့အခါမှာလည်း ကိုယ်တစ်ယောက်တည်း အကုန်စားပစ်ချင်တဲ့အခါ ဘယ်လိုမေးမလဲလို့ မေးပါတယ်။ ကျွန်တော်တို့ ဘာဖြေရမှန်း မသိတော့ ဆရာက မေးပြပါတယ်။

  • “ကျွန်တော်/ကျွန်မ ဒါတွေ စားလိုက်မယ်နော်၊ အဖေတို့ အမေတို့ မစားတော့ဘူးမလား”
  • “ကျွန်တော်/ကျွန်မ ဒါတွေ အကုန်စားလိုက်မယ်နော်၊ အေးစက်စက်ကြီးဆို အဖေတို့ အမေတို့ မကြိုက်ဘူးမလား”

“အဲဒီလို မေးလိုက်တော့ မင်းတို့ အမေတွေ အဖေတွေက အေးအေး သား စားစား၊ သမီး စားစား ဆိုပြီးပဲ ပြောမှာပေါ့။ ကိုယ်က အဖေတို့ အမေတို့ မစားတော့ဘူးလားလို့ မေးထားတာ ဆိုတော့ ဘယ်စားတော့မလဲ။ နှပ်ကြောင်း မေးနည်းလို့ ခေါ်တယ်။ မှတ်ထား” လို့ ပြောပါတယ်။ ပြီးတော့ ဆရာက “အင်း ငါ့ အမေ၊ ငါ့အဖေတွေကတော့ ဘယ်လိုမှ မရဘူးဟေ့။ ငါ့ အကြောင်း သိလို့နဲ့ တူတယ်။ မစားတော့ဘူးမလားဆို စားမယ်၊ မထိနဲ့ ဆိုတာပဲ။ အေးစက်စက်ကြီးဆိုလည်း အေးပစေ၊ နွေးစားမယ်တဲ့”။

အထက်အရာရှိ တစ်ယောက်က “ငါတော့ ဒီလိုလုပ်တာ သဘောကျတယ်ဟေ့၊ မင်းတို့ကော ဘယ်လိုလဲ” မေးတာမျိုးလည်း အတူတူပါပဲ။ လက်အောက်ငယ်သားတွေ အနေနဲ့ အထက်အရာရှိ သဘောကျပြီးသား ကိစ္စကို ဘယ်သူမှာ စောတက တက်ရဲမှာ မဟုတ်ဘူးလေ။ ကိုယ့်ဖက် ပါအောင် မေးနည်းတွေကို လေ့လာကြည့်မယ်ဆိုရင်

  • ယူဆချက်တစ်ခုနှင့် မေးမြန်းခြင်း“ပရောဂျက်ကို ဘယ်လောက်နောက်ကျပြီးမှာ လွဲနိုင်မယ်လို့ ခင်ဗျား ထင်လဲ”။ အစကတည်းက ပရောဂျက်ကို နောက်ကျမယ်လို့ ယူဆထားပြီး ဖြစ်ပါတယ်။
  • တောင်းဆိုချက်တစ်ခုနှင့် မေးမြန်းခြင်း (တစ်ဖက်လူရဲ့ ထောက်ခံချက်ကို လိုချင်လို့ မေးတဲ့ မေးခွန်းပါ၊ အဖြေက ဟုတ်ကဲ့ ဆိုတာမျိုးကို ဦးတည်ပါတယ်) – “မောင်အောင်က အဲဒီရာထူးနဲ့ အရမ်းသင့်တော်တယ်ဗျာ။ ခင်ဗျားရော ဘယ်လိုထင်လဲ“။ “ဒုတိယနည်းက ပိုကောင်း ပါတယ်ဗျာ။ ဟုတ်တယ်မလား“။ အဲဒီလို မေးလိုက်တဲ့ မေးခွန်းက “ဒုတိယနည်းကို ခင်ဗျား ဘယ်လိုထင်သလဲ” “ဒုတိယနည်းကို ခင်ဗျား သဘောတူလား” “ကျွန်တော်တို့တွေ ဒုတိယနည်းကို သုံးသင့်သလား” စတဲ့ မေးခွန်းတွေထက် အပေါင်းလက္ခဏာ ဆောင်တဲ့ အဖြေတွေ ရစေပါတယ်။
  • ရွေးချယ်စရာ နှစ်ခုနှင့် မေးမြန်းခြင်း – ကိုယ့်အနေနဲ့ တစ်ဖက်လူကို ရွေးချယ်စရာ နှစ်ခု ရွေးချယ်ခိုင်းဖို့ ရှိနေပါတယ်။ တစ်ခုပဲ ရွေးရမှာပါ။ အဲဒီနေရာမှာလည်း သုံးနိုင်ပါတယ်။ “ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ခင်ဗျား ဘယ်တစ်ခု ရွေးမလဲ” စသည်ဖြင့် မေးမြန်း နိုင်ပါတယ်။

မိမိဖက်ပါအောင် မေးတဲ့ မေးခွန်းတွေ တော်တော်များများကတော့ ပိတ်ထားတဲ့ မေးခွန်းတွေ ဖြစ်နေတတ်ပါတယ်။

ကိုယ်ဖက်ပါအောင် မေးနည်းက ဘာတွေ ကောင်းလဲ၊ ဘယ်နေရာတွေမှာ သုံးသင့်လဲ

  • အဓိက အသုံးပြုရခြင်း ရည်ရွယ်ချက်ကတော့ သူများတွေ ကိုယ်ဖက်ပါလာအောင် စည်းရုံးတဲ့ နေရာမှာ သုံးပါတယ်။
  • တစ်ဖက်လူကိုရဲ့ လက်ခံတဲ့အဖြေကို လိုချင်တဲ့အတွက် သုံးပါတယ်။

ကိုယ့်ဖက်ပါအောင် မေးနည်းတွေမှာ သိထားဖို့ လိုတဲ့အချက်က ကိုယ့်အနေနဲ့ တစ်ဖက်သားကို ကိုယ်ဖြစ်ချင်တဲ့အတ္တအပေါ်မှာ အခြေခံပြီး ပြောတာမျိုး၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း အတင်း ဖြစ်စေတာမျိုး ဆိုရင် တစ်ဖက်လူရဲ့ စိတ်ဝင်စားမှု လျော့ကျသွားနိုင်ပါတယ်။ သူတို့ကို လွမ်းမိုးတယ်၊ သူတို့ကို ချုပ်ကိုင်တယ်လို့ မြင်လာနိုင်ပါတယ်။ အဲဒီအပြင် ကိုယ့်အပေါ် လေးစားမှုလည်း လျော့ကျသွားနိုင်ပါတယ်။

မေးခွန်းမဟုတ်တဲ့ မေးခွန်း

မေးခွန်းမဟုတ်တဲ့ မေးခွန်းဆိုတာကတော့ ကိုယ့်အနေနဲ့ အဖြေလိုချင်လို့ မေးတာမျိုး မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုကို ရယူလိုတဲ့ အတွက် မေးရခြင်း ဖြစ်ပါတယ်။ “ကြည့်စမ်းပါဦးဗျာ၊ မောင်မောင် ဘယ်လောက် တော်လိုက်သလဲ” “ဒီပြပွဲက ဘယ်လောက် ကောင်းလိုက်သလဲ” စသည်ဖြင့် တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်တဲ့ နေရာမှာ သုံးပါတယ်။

မောင်မောင်က အရမ်းတော်ပါတယ်” “ဒီပြပွဲက အရမ်းကောင်းပါတယ်” ဆိုတဲ့ အပြောတွေထက် “မောင်မောင် ဘယ်လောက် တော်လိုက်သလဲ” “ဒီ ပြပွဲက ဘယ်လောက် ကောင်းလိုက်သလဲ” ဆိုတာတွေက ပိုပြီး လူစိတ်ဝင်စားမှု ရရှိစေပါတယ်။

မေးခွန်းမေးနည်းများကို အသုံးချခြင်း

ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မေးခွန်းမေးနည်းဆိုတာ စကားပြောနည်းဆိုတာနဲ့ အတူတူပါပဲ။ ဒါကြောင့် နေ့စဉ် ဘဝမှာ အချိန်တိုင်း မေးနေရ ပြောနေရမှာ ဖြစ်ပါတယ်။ သတိလက်လွပ် ပြောနေ ဆိုနေတာမျိုး မဟုတ်ပဲ၊ သတိထားပြီး မှန်ကန်တိကျတဲ့ မေးခွန်းတွေကို ရွေးချယ် မေးမြန်းတတ်ရင် အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ အချက်အလက်ရမယ်။ ပိုပြီး ထိရောက်တဲ့ တုန့်ပြန်မှု၊ ရလဒ်တွေ ရလာမှာ ဖြစ်ပါတယ်။

မေခွန်း မေးခြင်းတွေဟာ

  • လေ့လာသင်ယူခြင်း
  • ပေါင်းသင်းဆက်ဆံရေး
  • စီမံခန့်ခွဲရေး၊ နည်းပေးလမ်းပြလုပ်ခြင်း
  • တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု လွဲမှားနေတာကို ဖယ်ရှားခြင်း
  • တစ်ယောက်နဲ့ တစ်ယောက် အမုန်းတရာများကို ပြေပျောက် စေနိုင်ခြင်း
  • ဆွဲဆောင် သိမ်းသွင်းခြင်း

စတဲ့ အကျိုးရလဒ်တွေကို ရရှိစေနိုင်ပါတယ်။

ကျွန်တော့် အဖေတစ်ခါက ပြောဖူးသလို မြန်မာကားတွေမှာ တစ်ယောက်ကလည်း ဘာမှ လာရှင်းပြမနေနဲ့ မကြားချင်ဘူး။ ထွက်သွားဆိုပြီး ကားဆက်ရှည်အောင် လုပ်တတ်တယ်တဲ့။ တကယ်တန်းတော့ မသိတာကို မေးလိုက် ပြီးနေတဲ့ဟာကိုတဲ့။ နောက်တစ်ခု ရှိပါသေးတယ်။ မေးခွန်း မေးတဲ့အခါမှာ တစ်ဖက်လူကို ဖြေဆိုဖို့ အချိန် လုံလောက်အောင် ပေးဖို့ပါ။ ဒီလိုမှမဟုတ်ပဲ တစ်ဖက်လူက ဖြေနေတုန်း၊ ဖြေလို့ မပြီးသေးပဲ နောက်တစ်ခု ထပ်မေးတာမျိုး ဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ မေးခွန်းမေးရာမှာ ကျွမ်းကျင်သူတွေဟာ နားထောင်ရမှာလည်း ကျွမ်းကျင်သူတွေ ဖြစ်နေတတ်ပါတယ်။ မေးတဲ့အခါမှာ ဖြစ်ဖြစ်၊ စကားပြောတဲ့အခါမှာ ဖြစ်ဖြစ် ကိုယ်ဟန် အမူအရာဆိုတာတော့ နေရာတကာမှာ လိုအပ်နေဦးမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Reference : Questioning Techniques at mindtools.com

Facebook comments:

3 Responses

  1. မွမ်း says:

    မှတ်သားလိုက်နာရမဲ့ အချက်တွေပါပဲ။။
    အရမ်းကောင်းပါတယ်။။

  2. မိုးညိုညို says:

    ဆက်ရေးပေးလို့ ကျေးဇူးပါ . .
    နောက်ထပ်လဲ ဒီလိုကောင်းတဲ့ ဒီထက်ကောင်းတဲ့ ပို့စ်တွေ များများရေးနိုင်မှာ မဟုတ်လား ကိုသီဟရေ . . း)

Leave a comment


*