အင်တာနက်မှာ အရောင်းမြှင့်တင်ပါ

ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု စတာတွေကို အရောင်းမြှင့်တင်ဖို့ ဆိုတာ အချိန်ကုန်လူပန်းရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဆိုရင်လည်း လူတိုင်းဟာ ကိုယ့်ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို အရောင်းမြှင့်တင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတိမထား မိတာလေး တစ်ခုကို တင်ပြချင်ပါတယ်။ ဒါကတော့ ပူပေါင်းဆောင်ရွက်မှုပါ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုလဲ ဆိုရင် အင်တာနက် စာမျက်နှာ အချင်းချင်း ချိတ်ဆက်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ပါ။ ဒီလို လူပေါင်းဆောင်ရွက်ခြင်း အားဖြင့် သင့်အနေနဲ့ သင့်ရဲ့ လူမှု ဝန်းကျင်ကို ချဲ့ထွင်နိုင်မှာ ဖြစ်သလို၊ အချိန်ကုန် သက်သာမယ်၊ ငွေကုန်သက်သာမယ်၊ အလုပ်လည်း သက်သာမှာ ဖြစ်ပါတယ်။

ကဲ ဘယ်လို ပူးပေါင်းကြမလဲ။ အင်တာနက်ကတော့ ပူပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေ မျိုးစုံပေးနေပါတယ်။ အပြန်အလှန် အကျိုးအမြတ် ရှိစေဖို့၊ Win-Win အခြေအနေ တစ်ခုကို ဖန်တီးဖို့ နည်းလမ်းမျိုးစုံ ဖွင့်ပေးထားပါတယ်။

ဘယ်လိုပူးပေါင်းဆောင်ရွက် ကြမလဲဆိုတာကို အောက်မှာ ပေးထားတဲ့ အချက် (၈) ချက်ကို ကြည့်ပြီး သိနိုင်မယ် ထင်ပါတယ်။

၁။ ဘလော့အချင်းချင်း ချိတ်ဆက်ခြင်း၊ ဆိုက်အချင်းချင်း ချိတ်ဆက်ခြင်း

အလကားရတဲ့ Blog Hosting တွေမှာ ဖြစ်ဖြစ်၊ ကိုယ်ပိုင်ဒိုမိန်းမှာ ဖြစ်ဖြစ် ဘလော့လေး တစ်ခု တည်ဆောက်လိုက်တာနဲ့ ဒါမှမဟုတ် ရိုးရိုး Web Site လေး တစ်ခု တည်ဆောက်လိုက်တာနဲ့ သင့်အနေနဲ့ သင့် ကုန်ပစ္စည်း၊ သင့်ဝန်ဆောင်မှုကို ကမ႓ာကြီးနဲ့ မိတ်ဆက်ပေးလို့ ရပါပြီ။ သင့် အိုင်ဒီယာတွေ၊ သင်ဓာတ်ကျရာတွေကို ရေးလို့ရပါပြီ။ ဒါပေမယ့် ရေးတာတော့ ဟုတ်ပါပြီ။ လူတွေ စိတ်ဝင်စားအောင် လူအကြည့်များ အောင်လုပ်ဖို့တော့ စဉ်းစားစရာတွေ များလာပါပြီ။

အောင်မြင်တဲ့ ဘလော့တွေကို ကြည့်မယ်ဆိုရင် အများသူငါ သာဓုခေါ်စရာတွေ၊ အများသူငါ ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေ၊ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ အဆက်မပြတ် ပေးနေနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို အကျိုးရှိစေတဲ့ အကြောင်းအရာတွေ အမြဲတမ်း အဆက်မပြတ်ပေးနေနိုင်မှလည်း လူတွေကို ဆွဲဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အမြဲတမ်း တင်နေဖို့ဆိုရင် အချိန်က စကားပြောလာပါတယ်။ အချိန်မပေးနိုင်လို့ ခဏလောက် ပစ်ထားတာနဲ့ ဘလော့ဟာ အသက်မဲ့သွားပါတော့တယ်။ ဒီတော့ ဘယ်လိုလုပ်မလဲ။ အကောင်းဆုံး အဖြေကတော့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။ ဘလော့အချင်းချင်း၊ ဆိုက်အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ပါ။ ဝါသနာတူ၊ ရည်ရွယ်ချက်တူတဲ့ သူတွေစုပြီး ဘလော့ကို တစ်ယောက်မအား တစ်ယောက်က ရေးနေဖို့ပါ။ အဲဒီလို ပူးပေါင်းပြီး ရေးကြတဲ့အတွက် အိုင်ဒီယာတွေလည်း စုံလာပါတယ်။ အရင်းအမြစ်တွေလည်း စုံလာပါတယ်။ လူတွေကိုလည်း ဆွဲဆောင်ထား နိုင်ပါလိမ့်မယ်။

တစ်ချို့ freelancer တွေဟာ အဲဒီလို Joint site တွေမှာ ပူးပေါင်း ပါဝင်ပြီး သူတို့ portfolio တွေကို ပြကြပါတယ်။ အဲဒီအတွက် တစ်ကိုယ်တော့ ကျဲနေသလို အချိန်တွေ အများကြီး ပေးစရာလည်း မလိုတော့သလို ကွန်ယက်လို ချိတ်ဆက်ထားတဲ့ Joint Site တွေကြောင့် ပိုပြီးလည်း လူသိများလာ ပါတော့တယ်။

၂။ Social Media များ၏ အခန်းကဏ္ဍ

Social Media တွေရဲ့ အဓိကအားသာ ချက်ကတော့ လူတွေ စုပေးနိုင်တာပါပဲ။ Facebook၊ MySpace နဲ့ Twitter စတဲ့ ဆိုက်တွေဟာ လူတွေ အများကြီးကို စုထားပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ ဒီလို လူတွေစုပေးထားတဲ့ အတွက် ကိုယ့် အွန်လိုင်း ပရိုမိုးရှင်းမှာ အခွင့်အလမ်းကောင်းတွေ ရလာနိုင်ပါတယ်။ ဒီတော့ Social Media တွေကို သင့် အရောင်းမြှင့်တင်ရေးအတွက် အသုံးချပါလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ ပို့စ် တစ်ခု တင်လိုက်ပြီဆိုတာနဲ့ Facebook မှာ Twitter မှာ ချက်ချင်း အသိပေးနိုင်ရပါမယ်။ Facebook လို နေရာတွေမှာ Fan Club တွေ ဖွင့်ပြီး လူတွေ စုနိုင်ရပါမယ်။ ဒီလိုလူတွေ စုနိုင်တာရဲ့ အကျိူးဆက်ကတော့ အလားအလာရှိတဲ့ ဝယ်သူတွေ၊ စိတ်ပါဝင်စားတဲ့သူတွေ၊ အမှန်တကယ် ပူးပေါင်း ဆောင်ရွက်နိုင်သူတွေ ရလာနိုင်ပါတယ်။ ကံကောင်းရင် နာမည်ကြီး၊ ပေါ်ပြူလာဖြစ်တဲ့ သူတွေပါ ပါလာနိုင်ပါတယ်။

လူတွေစုတာက တစ်ပိုင်း အဲဒီလို စုထားတဲ့ လူတွေကို ထိန်းတာက တစ်ပိုင်းဖြစ်ပါတယ်။ လူတွေကတော့ စုနိုင်ပါရဲ့။ လူတွေကို မထိန်းထားနိုင်ရင် လည်း အလုပ်မဖြစ်နိုင်ပါဘူး။ လူတွေကို ထိန်းထားနိုင်ဖို့ အဓိကကျတဲ့ အချက်ကတော့ လူတွေစိတ်ဝင်စားမှုကို အမြဲမောင်းနှင်ပေးနိုင်ရမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကိုယ့် ဘလော့မှာ ပို့စ်အသစ်တက်ရင် သတိပေတာမျိုး အခြားအကျိုးရှိရာ ရှိကြောင်းတွေကို ပုံမှန် ဖြန့်ဝေပေးတာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ အဖွဲ့ဝင်တွေထဲက အမှန်တကယ် ပူးပေါင်းဆောင်ရွက် နိုင်မည့် သူများရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အမြဲတမ်း ဖြန့်ဝေနိုင် အောင် စီစဉ်ထားဖို့ လိုပါတယ်။ အဓိကကျတဲ့ အချက်ကတော့ အဆက်မပြတ်သွားဖို့ပါပဲ။

ဆက်ပါဦးမယ် …

Facebook comments:

Leave a comment


*