ဘာမေးရမှန်း မသိသည့် ပြဿနာ
နည်းပညာဆိုင်ရာ ဟောပြောပွဲတစ်ခုတွင် လူတစ်ယောက်က အာပေါင်အာရင်း သန်သန်ဖြင့် ဟောပြောနေသည်။ သူ ဟောပြောသည့် ပုံစံက ကောင်းသည်။ Presentation Slides များဖြင့် ဝေဝေဆာဆာ၊ လူကလည်း စကားပြော ကောင်းသဖြင့် ဟောပြောပွဲ တက်ရောက်လာသူများက ပါးစပ်အဟောင်းသားဖြင့် နားထောင်ယူကြရသည်။ နောက်ဆုံးမှာ လက်ခုတ်သံများ သောသော ညံစွာဖြင့် ဟောပြောပွဲကို အဆုံးသတ်လိုက်သည်။ ဒီလိုနှင့် ဟောပြေသည့်လူမှ မေးလိုသည်များ မေးမြန်းနိုင်ကြောင်း ပြောသည်။ ထိုသို့ မေးမြန်းနိုင်ကြောင်း ပြောလိုက်သည့်အခါ နဂိုက ပါးစပ် အဟောင်းသားနှင့် နားထောင်နေသော ပရိသတ်ကြီး ပါးစပ်များ ပိတ်ကုန်သည်။ ထိုအချိန်တွင် အများအားဖြင့် လူအများ စဉ်းစားမိသည်မှာ ဘယ်သူများ ထမေးမလဲ ဟူသော အတွေးသာ ဖြစ်သည်။ ငါ ဘာထမေးရင် ကောင်းမလဲ ဆိုတာကိုတော့ တော်တော်များများ မစဉ်းစားဖြစ်ကြ။ အဲဒီလို ပုံစံမျိုးကို နေရာတကာ တွေ့နိုင်ပါသည်။ မေးခွန်း မေးချင်သူ လူစွမ်းကောင်း တစ်ယောက်စ နှစ်ယောက်စ ပေါ်လာလျှင်ပင် အဲဒီ ဟောပြောသူ အတော် အောင်မြင်သည်ဟု ဆိုနိုင်သည်။
ကျွန်တော်တို့ ဘာကြောင့် အမေးအမြန်း မထူကြပါသနည်း။ ကျွန်တော်တို့ ဘာကြောင့် ပါးစပ်ပိတ် နေကြပါသနည်း။ အဲဒီမေးခွန်းများကို စဉ်းစားရင်း ကျွန်တော့်ဆရာ တစ်ယောက်ကို သတိရမိသည်။ ဆရာက စာသင်ပြီးတိုင်း တစ်ယောက်မဟုတ် တစ်ယောက် ထမေးမှ ကျေနပ်သည်။ တစ်ယောက်မှ ထမမေးမိသည့် နေ့တွင် တစ်ယောက်ခြင်းစီ ထခိုင်းပြီး မေးခွန်းတစ်ခုစီ မေးခိုင်းသည်။ မမေးနိုင်သည့်သူ ကတော့ မတ်တပ်ရပ် နေရသည်။ ဆရာက ပြန်ထိုင်လို့ မပြောမခြင်း မတ်တပ်နေပေတော့။ ကျွန်တော်တို့ကလည်း ဆရာ အဲဒီလို မေးမှာကို အသေကြောက်သည်။ ထို့ကြောင့် ဆရာ့အတန်း မတိုင်ခင်ကတည်းက အလှည့်ကျ စနစ်ဖြင့် မေးဖို့ သဘောတူ ထားကြသည်။ ဒါတောင် ဆရာက တစ်ယောက်တည်း ထမေးတာ မကြိုက် အနည်းဆုံး သုံးလေးယောက်လောက် ထမေးမှ ကြိုက်သည်။ ဒီတော့ အလှည့်ကျ စနစ်အရ အနည်းဆုံး လေးယောက်ခန့် တန်းစီထားရသည်။ အဲဒီအပြင် ဆရာက သမာရိုးကျ မေးခွန်းများဆိုလျှင် မကြိုက်။ သူ့ကို ဖြေရခက်အောင် မေးနိုင်လေ သဘောကျလေ ဖြစ်သည်။
ကျွန်တော်တို့ အစပိုင်းမှာတော့ ဆရာကို အင်မတန်ကြောက်သည်။ ဆရာ အတန်းချိန် ရောက်မှာကို စိုးရိမ် နေတတ်သည်။ နောက်တော့ အဲဒီလို မေးရတာကို ပျော်လာသည်။ တစ်ခါတစ်လေ ဆရာ အဖြေရခက်သော မေးခွန်းများကို မေးနိုင်ခဲ့လျှင် ရင်ထဲမှာ ပျော်မဆုံးတော့။ ဆရာကလည်း သူ့ကို အဲဒီလို ခက်ခက်ခဲခဲ မေးနိုင်သည့်အတွက် ချီးမွန်းမဆုံးတော့။ ဒီလိုနဲ့ စာသင်နှစ် ဆုံးချိန် ကပ်လာလေ ကျွန်တော်တို့ စာသင်ဝိုင်းလေးက အမေးအဖြေတွေ ပိုများလာလေ၊ ဆွေးနွေးငြင်းခုန်မှုတွေ ပိုများလာလေ ဖြစ်သည်။ တစ်ခါတစ်လေ ဆရာနှင့် တပည့် အသည်းအသန် ငြင်းခုန်ရင်း တစ်ချိန်ကုန်သွားတတ်သည်။ တစ်ခါတစ်လေ ဆရာနှင့် တပည့် အမြင်တူသည့်အခါ ချဲ့ကားဆွေးနွေးခြင်းဖြင့် အချိန်ကုန် တတ်ပြန်သည်။ ကျွန်တော့် အနေဖြင့် အဲဒီ စာသင်ဝိုင်းကို ဘယ်တော့မှ မမေ့နိုင်တော့။ ကျွန်တော့်ဘဝတွင် တစ်ခုတည်းသော တန်ဖိုးအရှိဆုံးသော အတွေ့အကြုံ ဖြစ်ကြောင်း နောက်ပိုင်းမှာ ပိုပို သိလာသည်။
ဆရာက ဘာကြောင့် ကျွန်တော်တို့ကို မေးခိုင်းသနည်း။ အဲဒီအတွက်လည်း ဆရာကိုယ်တိုင် အလျဉ်းသင့်သလို ပြောသွားသော စကားများထဲတွင် ပါပြီး ဖြစ်ပါသည်။
“မင်းတို့ ငါ့ကို မေးဖို့ဆိုတာ ငါသင်တာကို စိတ်နှစ်ပြီး နားထောင်ထားမှ သဘောပေါက်ပါမှ မေခွန်းထုတ်နိုင်မှာ ဆိုတော့ ငါစာသင်တဲ့ ပထမ ရည်ရွယ်ချက်ဖြစ်တဲ့ စာသင်တဲ့အခါ နားလည် သဘောပေါက်ရမယ် ဆိုတဲ့ အချက်ကို ပြည့်စုံစေတယ်”၊
“နောက် တစ်ချက်က မင်းတို့ ဦးနှောက်တွေ အငြိမ် မနေမှ ငါ့ကို မေးနိုင်မှာလေ။ အဲဒီတော့ မင်တို့ ဦးနှောက်တွေကို လှုပ်ပြီးသား ဖြစ်စေတယ်။ မင်းတို့ ငါ့ကို မဖြေနိုင်အောင် မေးကြည့်ပါလား။ မင်းတို့ ဦးနှောက်တွေ အသားကုန် အလုပ်လုပ်မှ မေးနိုင်မှလေ၊ ဟား ဟား”၊
“ငါက တစ်ဖက်တည်း စီးဆင်းနေတာမျိုး မကြိုက်ဘူး။ လူမှု ပေါင်းသင်းဆက်ဆံ ရေးမှာပဲ ဖြစ်ဖြစ်၊ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ် တစ်ဖက်တည်းစီး နေတာမျိုးမှ မဟုတ်တာ၊ အပြန်အလှန်ရှိတယ်ကွ၊ ဒါကြောင့် ငါက မင်းတို့ကို အတင်း မေးခိုင်းနေရတာ”၊
“မင်းတို့တွေနဲ့တော့ ခက်ပါတယ်။ မေးပါဆို ခွေးအကြီး လှည်းနင်းထားသလိုပဲ။ မင်းတို့ အဖေ၊ အမေတွေက မသင်ဘူးလား။ အိမ်မှာဆို ပြန်မပြော နားမထောင်တွေပဲ မဟုတ်လား။ ငါလိုချင်တာက ပြန်ပြော၊ နားထောင်ကွ”၊
“မင်းတို့တွေ ငါ့ကို ဆရာလို့ ထင်နေတယ်။ ငါက Teacher မဟုတ်ဘူး၊ Mentor ကွ။ သင်ပေးတဲ့သူမဟုတ်ဘူး လမ်းပြဖေးမတဲ့သူ။ လက်သည်ပဲ အားကိုးမနေနဲ့ ကိုယ့်ဘာသာလည်း ညှစ်ဦး”၊
“မင်းတို့တွေ နောက်မှ ငါ့တန်ဖိုးသိမယ်။ ခုတော့ အလှည့်ကျ စနစ်နဲ့ မေးသတဲ့။ နောက်လည်း အဲဒီလို အလှည့်ကျ လုပ်နိုင်ပါစေဗျာ”၊
“မင်းတို့ ဒီလို မေးခိုင်းတဲ့ဆရာကို လိုက်ရှာကြည့် ထီးဖြူပြီး ဖိနပ်သာ ပါးသွားမယ် တွေ့မယ် မထင်နဲ့”
အထက်ပါ စကားများသည် ကျွန်တော့် နားထဲတွင် အကြိမ်ကြိမ် ကြားယောင်နေဖြစ်သော စကားများ ဖြစ်ပါသည်။ အမှန်တကယ် ကျွန်တော် ကိုယ်တိုင် ပြန်စဉ်းစားကြည့်သောအခါ ဆရာပြောသွားသော စကားများသည် အလုံးစုံမှန်ကန် နေကြောင်း သတိထားမိလာသည်။ ဆရာကို မေးဖို့ ဆိုလျှင် ဆရာပြောသမျှ အကုန် နားလည်ဖို့ လိုသည်။ အာရုံစိုက်ဖို့ လိုသည်။ အာရုံမစိုက်မိပါက မေးခွန်းမေးသည့်အခါ အလွဲလွဲ အမှားမှားနှင့် ဆရာ စာသင်သည်ကို အာရုံမထားမှန်း အလွန်ပင် သိသာလှသည်။ ဆရာပြောသည့်အတိုင်း ဦးနှောက်တွေ အငြိမ်မနေပါမှ မေးခွန်းတစ်ခု မဖြစ်ညစ်ကျယ် ထွက်လာ တတ်သည်။ မေးခွန်းတစ်ခုအတွက် ဆရာက စဉ်းစားချိန်ပေးသည့်အခါ ဆရာစာသင်သွားသမျှ အကုန်လုံး ဖင်ပြန်ခေါင်းပြန် စဉ်းစားပါမှ မေးခွန်းတစ်ခု ထွက်လာတတ်သည်။ တစ်ခါ တစ်ရံတွင် မေးခွန်းကို ဘယ်လိုမှ ရှာမရသည့် ပြဿနာနှင့် ကြံုရသေးသည်။ ဒါပေမယ့် ကျွန်တော့် သတိထားမိသည့် အချက်တစ်ခုရှိသည် ထိုကဲ့သို့ မေးခွန်းမေးဖို့ ခက်နေသော အခြေအနေသည် အစောပိုင်း ကာလများတွင်သာ ဖြစ်ပြီး နောက်ပိုင်း မေးခွန်းမေးသည့် အတွေ့အကြံု များလာသည်နှင့် အမျှ သူ့အလိုလို မေးခွန်းတွေ၊ ဆွေးနွေးစရာတွေ၊ ဆန့်ကျင်ဖက် အမြင်တွေ သူ့အလိုလို မြင်လာသည်။ ဆရာပြောနေကြ စကားတစ်ခွန်း ရှိသေးသည်၊
“မင်တို့တွေ မှတ်ထားကြ၊ အမြင်ဆိုတာ တစ်ဖက်တည်း မရှိဘူး။ ဘက်ပေါင်းစုံ ရှိတယ်။ ဘက်ပေါင်းစုံနဲ့ ပိုပြီးကြည့်နိုင်လေ၊ အဲဒီလူက တော်လေပဲ”
ဆရာကို ဖြေဖို့ အခက်တွေ့စေမည့် မေးခွန်းများ မေးနိုင်ဖို့ ကျွန်တော်တို့ ဆရာမမြင်သည့် ရှုထောင့်ကို အသည်းအသန် လိုက်ရှာကြရသည်။ နောက်ပိုင်း သတိထားမိလာသည်က ဆရာ စာသင်တိုင်း ရှုထောင့်တစ်ခုကို တပည့်တွေအတွက် ချန်ထားတတ်သည် ဆိုသည့်အချက်ပင်။ အဲဒီ ရှုထောင့်ကို တပည့်တွေမြင်နိုင်အောင် စဉ်းစားနိုင်အောင် အမြဲချန်ထားတတ်သည်။ အဲဒီ ရှုထောင့်ကို ရှာနိုင်သူက မေးခွန်း ထမေးလျှင် ဆရာက သူ့တို့ ဆရာအချင်းချင်း တွေ့လျှင်ပင် ပြောမဆုံးတော့။
ဆရာနဲ့ ပတ်သက်လျှင် အင်မတန် ချစ်စရာကောင်းသော အလေ့အထတစ်ခု ရှိသေးသည်။ ကျွန်တော်တို့က ဆရာသင်တာကို နားမထောင်လိုက်မိ သည့်အခါ ဘာမှမဆိုင်သည့် မေးခွန်းကို ထမေးတတ်သည်။ ထိုအခါ ဆရာက မင်းမေးရဲတဲ့ သတ္တိကို ချီးကျူးတယ်။ ဒါပေမယ့် မင်း ငါစာသင်တာကို စိတ်မဝင်စားဘူး မလား။ မေးခွန်းက ဘာမှလည်း မဆိုင်ဘူးဟု ပြောတတ်သည်။ တစ်ခါတစ်လေ ဘာမှ မဆိုင်သည့် မေးခွန်းကိုပင် မရရအောင် မဆိုင်ဆိုင်အောင် လုပ်ပြီး ဖြေတတ်သေးသည်။ ထိုအချိန်မျိုး ဆိုလျှင် ကျွန်တော်တို့ အင်မတန် ပျော်ရသည်။
ဆရာနှင့် ဝေးသွားတော့မှ ဆရာ့တန်ဖိုးကို ကျွန်တော် အကြီးအကျယ် သိလာမိတော့သည်။ ဟောပြောပွဲ တစ်ခုကို ကျွန်တော် သွားနားထောင်လျှင် ကျွန်တော့်မှာ မေးစရာတွေ ပုံနေတတ်သည်။ ဒီမေးခွန်းက ဟောပြောသူကို အထောက်အပံ့ပေးတဲ့ မေးခွန်းလား။ ဒီမေးခွန်းက ဟောပြောသူနဲ့ မတူတဲ့ ရှုထောင့်က မေးတာလား စသည်ဖြစ့် မေးခွန်းများကိုလည်း ခွဲခြားသိနေသလို၊ ကိုယ်စိတ်ဝင်စားသည့် ကိုယ်နှင့်ဆိုင်သည့် ပွဲများဆိုလျှင် ဟောပြောသူနှင့် တစ်သားတည်းကျအောင် နစ်ဝင်နေတတ်သည်။ ဒါပေမယ့် တစ်ခုတော့ ရှိသည်ပေါ့။ ဟောပြောသူအနေနှင့် ဟောပြောတာ ကောင်းဖို့တော့ လိုသည်။ ဟောပြောသည့်ပုံစံကို သဘောမကျလျှင် “ဟင်း .. ဒီ နေရာမှာက ငါ့ဆရာသာဆို အရမ်းကောင်းမှာပဲ” ဟု စဉ်းစားမိ တတ်သည်။
တကယ်တန်း ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ရောက်တော့လည်း တစ်ဖက်တည်း စီးဆင်းနေသည့် ပုံစံမဟုတ်ဆိုသော ဆရာ့စကားကို ကျွန်တော် သဘောပေါက်မိသည်။ ဆရာက ပြောခဲ့တုန်း အချိန်က ကျွန်တော်တို့ ကလေးသာသာ ရှိသေးသည့်အတွက် ဘာပြောမှန်း မသိခဲ့။
“မင်းတို့တွေကို အဲဒီလို ပြန်မေးခိုင်းတယ်ဆိုတာ ငါ ဘယ်လောက် ပင်ပန်းတယ်မှတ်လဲ၊ အဲဒီလို နှစ်ဖက်သတ် စီးဆင်းနေဖို့ လုပ်ရတာ ဘယ်လောက် ခက်တယ်မှတ်လဲ၊ မြောင်းဖောက်ပြီး ရေစီးခိုင်းရင် မြင့်ရာကနေ နိမ့်ရာ စီးသွားမှာ သေချာတယ်။ အေး အဲဒီလို မြောင်းကို တစ်ဖက်မှာ မြင့်ရာကနေ နိမ့်ရာကို စီးခိုင်း၊ တစ်ဖက်ကတော့ နိမ့်ရာကနေ မြင့်ရာကို စီးခိုင်းကြည့်စမ်း၊ မင်းတို့ ဘယ်လောက်ခက်လဲဆိုတာ သိလိမ့်မယ်။ မင်တို့ အမေ၊ အဖေတွေ အဲဒီလို အလုပ်ရှုပ်တဲ့အတွက် မင်းတို့ကို မမေးခိုင်းပဲ သူတို့ ပြောတာပဲ နားထောင်ခိုင်းတာပေါ့။ ငါသာ အဲဒီလိုဆို စာသင်ချိန် တစ်ချိန်လုံး အိပ်နေရုံပဲ”
ဆရာပြောတာ အင်မတန်မှန်သည်။ အိမ်မှာဆိုလျှင် အဖေက သူပြောတာ နားထောင်ဖို့သာ အဓိကထားသည်။ အမေကလည်း ထို့အတူပင်။ တစ်ခုခု ပြန်မေးမိလျှင် အလုပ်ရှုပ်ရတဲ့အထဲ ဒီကလေးက တစ်မှောင့်ဟု ဆူတတ်သည်။ ကျွန်တော်တို့ မမေးတတ်ကြခြင်း အဓိက အကြောင်းအရင်းသည် မိသားစုတွင်း ဆက်ဆံရေးနှင့် အလွန်ပင် သက်ဆိုင်ကြောင်း သတိထားမိသည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်၊ သူက သူ့အဖေနှင့် သူငယ်ချင်း ပေါင်းပေါင်းသည်။ သူ့အဖေက သူတင်မက ကျွန်တော်တို့ပါ ချစ်သည်။ တွေ့ရင်တွေ့သည့်နေရာ စကားပြောချင်သည်။ ဟေ့ကောင်ကြီး ဘယ်ဒိုးမလို့လဲ၊ ဘာသွားဆွဲမလို့လဲ စသည်ဖြင့် လူငယ်စတိုင် မေးတတ်သည်။ သူနှင့် စကားပြောကြည့်ပါ တကယ့်ကို ရွယ်တူ သူငယ်ချင်း တစ်ယောက်နှင့် စကားပြောရသလို ဖြစ်နေတတ်သည်။ အဲဒီ သူငယ်ချင်းက ကျောင်းမှာလည်း ဆရာ စာသင်ချိန်ဆို အမေးအမြန်းအထူဆုံး ဖြစ်နေတတ် ပြန်သည်။
ဆရာက သူ့ကိုယ်သူ Teacher မဟုတ်ဘူး၊ Mentor ဟု အမြဲပြောတတ်သည်။ ကျွန်တော် အစကတော့ လုံးဝ နာမလည်ခဲ့။ နောက်ပိုင်း စာတွေ ဖတ်သည့်အခါမှ တက္ကသိုလ်မှ ဆရာများသည် Teacher (သင်ပြသူ) သဘောမဆောင်တော့ပဲ Mentor (လမ်းပြသူ) ဆိုသည့် သဘောဆောင် လာသည်ဟု ဆိုသည်။ တစ်ဖက်တည်း သင်ပြပေးနေသူမဟုတ် တပည့်တွေ လမ်းကြောင်းတည့်စေရန် ဘေးမှ ဖေးကူပေးသူ သဘောမျိုး ပိုဆန်လာသည်ဟု ဆိုသည်။ ဆရာကလည်း ပြောလျှင် ပြောသည့်အတိုင်း ကျင့်သူ ဖြစ်သည်။ သူ့အနေနှင့် ဘယ်တော့မှ ရှေ့ကသင်ဖို့ စိတ်မကူး၊ အတူတူ စဉ်းစားသည်။ အတူတူ လေ့လာကြသည်။ အတူတူ ငြင်းခုန်ဆွေးနွေး ကြသည်။ တစ်ခါတစ်လေ အငြင်းအခုန် ကိစ္စမပြတ်သဖြင့် အိပ်ခေါ်သွားပြီး ဆက်ငြင်းကြတာ ရှိသေးသည်။
ဆရာက ရွဲ့ပြောသွားသည်လား၊ အမှန်ပင် ဆုပေးသွားသည်လား မသိသည့် စကားတစ်ခွန်း မင်းတို့တွေ နောက်တစ်ချိန်မှာ အလှည့်ကျ လုပ်နိုင်ပါစေ ဆိုသည့်ဆု၊ ကျွန်တော်ရော ကျွန်တော့် သူငယ်ချင်းတွေပါ ဘယ်တော့မှ မပြည့်တော့။ အလှည့်ကျ စနစ်ကို ဆရာဆီမှာသာ ကျင်သုံးနိုင်ခဲ့သော်လည်း တကယ့် ဘဝလမ်းတွင် မတော့ အလှည့်ကျဆိုသည်မှာ ကိုယ်တစ်ဦးတည်း နေရာတကာ အလှည့်ကျနေခြင်းသာ ဖြစ်သည်။ အလှည့်ကျ မနွဲ့စတမ်း ဆိုသော်လည်း အမြဲတမ်း အလှည့်ကျ နေတော့သည်။ ဒီတော့မှ အော် လောကကြီးမှာ ဆရာပြောတဲ့ အလှည့်ကျ လုပ်နိုင်ပါစေ ဆိုတဲ့ဆု ပြည့်ရင် ကောင်းမှာဟု တမ်းတမိသည်။
ဆရာနှင့် ဝေးတော့ ကျွန်တော် ဆရာမျိုးစုံနှင့် ကြံုသည်။ ကျွန်တော်က အမေးအမြန်း ထူသဖြင့် ဆရာတွေက မကြိုက်ကြ။ ကျွန်တော် မေးလိုက်တိုင်း စိတ်ဆိုး စိတ်တိုခြင်းသာ ခံရတတ်သည်။ အချိန်မရရတဲ့အထဲ ဒီကောင်က တစ်မှောင့်ဟု ထင်ကြသည်။ ထိုအခါကျတော့ ကျွန်တော် သတိရ မိသည်က ဆရာ့တန်ဖိုး၊ ဆရာ့ရဲ့ စေတနာဖြစ်သည်။ ဆရာပြောခဲ့သည့်အတိုင်း ဆရာတန်ဖိုးကို ကျွန်တော် နောက်မှ သိခဲ့ရသည်။
ကျွန်တော့်ဆရာအကြောင်း ဖတ်မိလျှင် စာဖတ်သူ အနေနှင့်လည်း ကျွန်တော်တို့ အမေးအမြန်း ထူအောင် ဘယ်လိုလုပ်ကြမလဲ ဆိုသော မေးခွန်းကို နည်းနည်း တီးမိခေါက်မိ ရှိမည် ထင်သည်။ သို့သော် တစ်ခုတော့ ရှိသည် ထစ်ကနဲရှိ ကိုယ်တိုင် ဘာမှ မစဉ်းစားပဲ၊ မေးဖို့ပြင်နေလျှင်တော့ မဟုတ်သေး။ ဆရာပြောစကားအရ ဆိုလျှင် လက်သည်ပဲ အားကိုးလို့ မဖြစ် ညှစ်အားပါ သုံးဖို့ လိုပါသည်။
နောက်ဆုံး ဆရာပြောသွားသော စကားတစ်ခွန်းနှင့် နိဂုံးချုပ်ချင်ပါသည်။
“မင်းတို့တွေ မမေးရဲတဲ့အထဲမှာ ရှက်တာလည်း ပါတယ်ကွ။ အဲဒီ ရှက်ကြိုးက တိကနဲ တစ်ခါတည်း ဖြတ်လို့ ရတာမျိုး မဟုတ်ဘူး။ တစ်ဖြည်းဖြည်း အလေ့အကျင့်ယူပြီး ဖြတ်ရတာကွ၊ မေးပါများ စကားရ ဆိုသလိုပေါ့ကွာ။ မေးပါများလာမှ ရှက်ကြိုးလည်း တစ်ဖြည်းဖြည်းနဲ့ ပါးပြီး ပြတ်သွား တတ်တာမျိုးကွ၊ ဟိုကောင်ကတော့ မွေးကတည်းက ရှက်ကြိုးနဲ့ ချက်ကြိုး တစ်ခါတည်း တွဲပြီး ဖြတ်လာတဲ့ ကောင်ပဲဟေ့၊ ဟား ဟား”
ဟု ကျွန်တော် အပေါ်မှာ ပြောခဲ့သည့် သူငယ်ချင်းပေါင်းပေါင်းသည့် အဖေနှင့် သူငယ်ချင်းကို လက်ညိုးထိုးပြီး ပြောတတ်သည်။ အဲဒီလိုပြောသည့် အခါတိုင်း ကျွန်တော်တို့ ရင်တဲ့ ကြည်နှုးဝမ်းသာစွာ ရယ်မောမြဲ၊ သူငယ်ချင်းကလည်း သူ့ကို ဆရာက ပြောသဖြင့် ရင်ကောင့် ခေါင်းမော့ပြီး လက်မ တစ်ချောင်း ထောင်ပြမြဲ ဖြစ်သည်ကို အမြဲတမ်း အမှတ်ရ နေပါတော့သည်။
Facebook comments:




တကယ် အကျိုးရှိတဲ့ article လေးတစ်ခုအတွက် အစ်ကို့ကို ကျေးဇူးတင်ပါတယ်… တခြားဆရာတွေရော… တပည့်တွေရော ဖတ်ရင်ပိုကောင်းမှာ… အစ်ကို့ ဆရာနာမည်နဲ့ သင်ကြားပေးတဲ့ ဘာသာရပ်လေး သိချင်ပါတယ်အစ်ကို
ကျွန်တော်က ဆရာနှစ်ယောက်ကို တစ်ယောက်တည်း ပေါင်းပြီး ရေးထားတာပါ။ တစ်ယောက်က ဆရာ ဦးကြည်ဝင်းနဲ့ နောက်တစ်ယောက်က ဆရာဦးညီညီပါ။ တစ်ယောက်က သချင်္ာဆရာ၊ တစ်ယောက်ကတော့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဆရာပါ။ ဆရာတွေကို သတိရလိုက်တာဗျာ …
တော်တော်လေးကောင်းတဲ့ ပို့စ် တစ်ခုပါပဲဗျာ လူငယ်တွေ အတွက်လည်း တော်တော်လေး အကျိုးပြုပါတယ်
အခုနောက်ပိုင်းမှာ ဟောပြောပွဲတွေ လုပ်ကြပါတယ် ဒါပေမဲ့ အစ်ကိုပြောခဲ့သလိုပဲ ဟောပြောပွဲမှာ ပါးစပ် အဟောင်းသားနဲ့
နားထောင်နေကြသူတွေ အပြန်လှန် ဆွေးနွေးကြမယ် မေးကြပါ ဆိုချိန်မှာ ပါးစပ်တွေပိတ်ကုန်ကြတယ်နော် ..မှန်ပါတယ်
အစ်ကိုဆရာပြောသလို တစ်ဖက်တည်း စီးနေရမှာမဟုတ်ဘူး အပြန်လှန်စီးနေရမှာပါ ..ဒီပို့စ်အတွက် ကျေးဇူးအရမ်းတင်ပါတယ်ဗျာ..
တကယ်ကောင်းတယ်ဗျာ… ကျွန်တော်… တော်တော်ကို.. သဘောကျမိပါတယ်..ဗျာ.. ကြိုက်လည်းကြိုက်ပါတယ်..။ ခုခောတ်မှာ.. ဒီလိုဆရာတွေ… ရှိတော့ရှိမယ် ရှား…တယ်ပေါ့ဗျာ..။ အကိုဆရာတွေ ပြောသွားခဲ့တာ.. နောက်လာ နောက်သားတွေ အတွက်.. အတုယူစရာတွေ အများကြီးပါတယ်..နော်..။ ဒီ ပိုစ့်လေးကို….. ဘယ်လိုစိတ်ကူးမျိုးနဲ့ ရေးခဲ့တာလည်း မသိဘူးအကို..။ မိဘတွေကော… ဖတ်သင့်တယ်လို့ ထင်ပါတယ်အကို..။ ဒါမှလည်း..။ သားသမီးနဲ့ မိဘကြားမှာ…. ဆက်ဆံမူ.. ပြေလည်လာမယ်လို့ ထင်ပါတယ်အကို…။ ပြီးတော့..။ အကို့ဆရာ ပြောခဲ့သလိုပဲ.. ရှက်တာပေါ့ဗျာ.. မမေးရဲကြဘူး..လေ… အဲ့လို မဖြစ်အောင် ငယ်ငယ်ကတည်းက.. မိဘတွေအနေနဲ့.. ကိုယ့်သားသမီး..နဲ့… အကို့..သူငယ်ချင်းသားအဖလိုပေါ့.. အဲ့လိုနေလာကြရင်…. အနာဂတ်….ဟာ လှပနေမယ်လို့ ထင်ပါတယ်အကို…။ အကို..ဒီပိုစ့်လေးအတွက်.. အရမ်း ကျေးဇူးတင်တယ်နော် ..အကို…။ နောင်လည်း..ခုလိုမျိုး…. ပိုစ့်လေးများများတင်နိုင်ပါစေလို့…..
အရမ်းကောင်းပါတယ်…..သိချင်တာလေး.ပေါ်လာလို့ပါ.. ကော်မန့် ဖတ်ရင်း
ဆရာ ဦးညီညီ ဆိုတာ.. MCC မှာ သင်တဲ့.ဆရာကို.ပြောတာလားခင်ဗျာ…
ကျွန်တော့်.ဆရာပါပဲ..
MCC က ဆရာဦးညီညီလည်း အသင်အပြ ကောင်းပါတယ်ခင်ဗျာ …
ကိုသီဟ
တကယ်ကောင်းတဲ့ post တစ်ခုပါ။ အခုခေတ်မှာတော့ ဒီလိုဆရာတွေ ရှိတော့ရှိပါလိမ့်မယ် ဒါပေမယ့် ရှားနေပြီလို့တော့ထင်တယ် တစ်ချို့ကမေးရင် မကြိုက်ဘူး။ ကိုသီဟပြောသလိုပေါ့ ကိုယ့်ဘာကိုယ် လည်း ညှစ် တော့ ညှစ်တာပဲ။ မရတဲ့အဆုံးမေးပြန်တော့ လည်းကြိုက်ချင်ပုံမရ… ကြုံဖူးတာပြောပါတယ်။ ဒီ post အတွက် ကျေးဇူးပါ။ တကယ်ကို ထိ ပါတယ်။
ကိုသီဟ ဒီထက်မကအောင်မြင်ပါစေ
အရမ်းတန်ဖိုးရှိတဲ့ article တစ်ခုဖတ်လိုက်ရလို့… ကျေးဇူးတင်ပါတယ်။
very good idea.,
ဖတ်ရတာအရမ်းအနှစ်သာရရှိပါတယ် ။ တွေးစရာတွေလည်းအများကြီးပေါ်လာတယ် ။ ဒီဆိုဒ်လေးကိုခုမှတွေ့မိတာပါ ၊ နောက်လည်းလာလည်မယ်နော် ။
အရမ်း အရမ်းကိုကောင်းတဲ့ ပို့စ်လေးပါ – ဒီပို့စ်ဖတ်ရင်း ဟောပြောပွဲတက်ရင် အမြဲနားထောင်ပြီး တစ်ခုမှ ပြန်မမေးတတ်တဲ့ ဘာမေးရမယ်ဆိုတာ အမြဲစဉ်းစားနေတဲ့ ကျွန်တော့်ကိုများ ပြောနေသလားလို့ ခံစားရပါတယ် – တကယ်ကျေးဇူးတင်ပါတယ် – ဒီနေ့ကစပြီး အများကြားမှာ မမေးရဲတဲ့ ရှက်စိတ်ကို ဖြည်းဖြည်းချင်းဖြတ်သွားပါ့မယ် – မေးခွန်းမေးတတ်အောင်လည်း အလေ့အကျင့်လုပ်သွားပါ့မယ် – သိပ်ကောင်းတဲ့ ပိုစ်လေးပါ—