ပရိုကွန်ယက်
Professional ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အသက်မွေးဝမ်းကြောင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပညာရပ်တစ်ခုခုနဲ့ အသက်မွေးဝမ်းကြောင်း ပြုသည်ပေါ့။ ကျွန်တော်ကတော့ Professional ကို Pro (ဒါမှမဟုတ်) ပရို လို့ ခေါ်ရတာ ပိုပြီး သဘောကျပါတယ်။ ဘောလုံးသမားတွေမှာ ဆိုရင် အပျော်တန်း ကစားသမားနဲ့ ပရိုကစားသမား ခွဲခြားထားသလိုပေါ့။ နည်းပညာ နယ်ပယ်မှာလည်း အဲဒီလိုပါပဲ။ ပညာသင်နဲ့ ပရိုဆိုပြီး နှစ်မျိုးခွဲခြားလို့ ရမယ်ထင်ပါတယ်။ ခုရေးမယ့် အကြောင်းကတော့ နည်းပညာ နယ်ပယ်က ပရိုကွန်ယက်တွေ အကြောင်းပါ။ ပရိုကွန်ယက်လို့ ဆိုလိုက်တာနဲ့ ပရိုတွေပဲ စုပြီး ဖွဲ့ထားတယ်လို့ မဆိုလိုပါဘူး။ ပရိုတွေလည်း ပါမယ်၊ ပညာသင်တွေလည်း ပါမယ်။ အခြား စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်လို့ ရနိုင်ပါတယ်။ အွန်လိုင်းမှာဆိုတော့ အီးမေးလ်တစ်ခုနဲ့ အင်တာနက်ရှိတယ် ဆိုတာနဲ့ ပရိုကွန်ယက်တွေထဲ အချိန်မရွေး ဝင်လို့ရတာပေါ့။
ဒီဇိုင်းနာတစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုသူအနေနဲ့ ကိုယ်ကျင်လည်ရာ နယ်ပယ်မှာ အသိအကျွမ်း၊ မိတ်ဆွေ၊ ဝါသနာတူသူတွေ စုစည်းပြီး ဖွဲ့ထားတဲ့ ပရိုကွန်ယက်ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ အလုပ်အပ်မယ့်သူ (Client) တွေ ရှာတဲ့နေရာမှာဖြစ်ဖြစ် တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်းတွေ ရှာတဲ့နေရာမှာ ဖြစ်ဖြစ် အားကောင်းတဲ့ ပရိုကွန်ယက်နဲ့ ချိတ်ဆက်ထားတယ်ဆိုရင် အခွင့်အလမ်းတွေ ပိုပြီးများလာမှာ ဖြစ်သလို၊ အသုံးချရင် အသုံးချတတ်သလို တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပရိုကွန်ယက်ဆိုတာ ဘာလဲ၊ ဘယ်လို ပါဝင်ပတ်သက်ရမှာလဲ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲ၊ ဘယ်လို အသုံးချမလဲ စသည်ဖြင့် ရေးသွားမှာ ဖြစ်ပါတယ်။
ကွန်ယက်လို့ ဆိုလိုက်တာနဲ့ အွန်လိုင်းမှာ ခေတ်စားနေတဲ့ လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook တို့ LinkedIn တို့ကို ပြေးပြီး မြင်မိကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကွန်ယက်ဆိုတာနဲ့ လူတွေနဲ့ မိတ်ဆက်မယ်၊ ချိတ်ဆက်မယ်၊ နေရာစုံ၊ အလွှာစုံ၊ ပညာစုံ ပါလာပါတော့မယ်။ ဒါပေမယ့် ပရိုကွန်ယက် ဆိုရင်တော အနည်းငယ် ကွဲပြားမှု ရှိပါတယ်။ အကန့်အသတ်မဲ့ ချိတ်ဆက်ကြတာမျိုး မဟုတ်ပဲ ဝါသနာတူ နယ်ပယ်တူတွေ ချိတ်ဆက်ကြတာမျိုးပါ။ ခုဆောင်းပါးမှာတော့ ဒီဇိုင်းနာတွေနဲ့ ပတ်သက်တဲ့ ပရိုကွန်ယက်အကြောင်းကို အဓိကထားပြီး ရေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိုကွန်ယက်လို့ ဆိုလိုက်တာနဲ့ နယ်ပယ်စုံက ပရိုကွန်ယက်တွေနဲ့ သဘောတရား တူပါလိမ့်မယ်။ သီးခြား လက္ခဏာတွေမှာသာ ကွဲပြားမှု ရှိမှာ ဖြစ်ပါတယ်။
ပရိုကွန်ယက်ဘာကြောင့်လိုသလဲ
ပရိုကွန်ယက်တွေထဲမှာ ကိုယ့်အနေနဲ့ တက်တက်ကြွကြွ မပါဝင် မပတ်သက်ဖူးဘူးဆိုရင် ဘာမှ စိတ်ဝင်စားစရာ မရှိဘူး၊ ပျင်းစရာကြီးလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒီတော့ ပရိုကွန်ယက်တွေအကြောင်း မပြောခင် ပရိုကွန်ယက်တွေရဲ့ အကျိုးကျေးဇူးတွေ အရင် လေ့လာကြည့်ပါမယ်။
ညွှန်းပေးမယ့်သူများရနိုင်ခြင်း
တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြော်ငြာပေးတယ်ဆိုတာ ဒီဇိုင်းနာတွေ အများစုအတွက် အင်မတန် အရေးပါတဲ့ စီးပွားရေားဆိုင်ရာ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးလေးပါပဲ၊ ကိုယ့်အကြောင်းကို လူများများသိလေ၊ ကိုယ့်အလုပ် အကြောင်း လူများများသိလေ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ ကြော်ငြာနိုင်တဲ့ အခွင့်အလမ်း များလေပါပဲ။ လူတွေတော့ အများကြီး သိပါရဲ့၊ အချိတ်အဆက်ကလည်း မရှိ၊ အဆက်အသွယ်လည်း မရှိ ဆိုရင်တော့ ညွှန်းပေးမယ့်သူတွေ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေလည်းများများသိ၊ သိတဲ့သူတိုင်းနဲ့လည်း ချိတ်ဆက်၊ ဆက်သွယ် ပုံမှန်ပေါင်းသင်း ဆက်ဆံရေး ထူထောင်ထားမယ်ဆိုရင် ကိုယ်ဆောင်ရွက်ပေးနိုင်တဲ့ အလုပ်ကို စိတ်ထဲမှာ ရှိနေမှာဖြစ်ပြီး လိုအပ်တဲ့အခါမှာ ကိုယ်နဲ့ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ညွှန်းပေးမှာ ဖြစ်ပါတယ်။ အဲဒီလို တစ်စုံတစ်ယောက်က ညွှန်းတဲ့ အတွက်ကြောင့် ကိုယ့်ဆီရောက်လာတဲ့ Client ဟာလည်း ငွေရေးကြေးရေးပိုင်း ဆွေးနွေးတဲ့အခါမှာ ဖြစ်ဖြစ်၊ လုပ်ငန်း ယုံကြည်မှု အပိုင်းမှာဖြစ်ဖြစ် အခြား ပုံမှန် ရလာတဲ့ Client တွေထက် ပိုပြီး အဆင်ပြေတတ်ပါတယ်။
တကယ်တော့ ဒီဇိုင်းနာတွေ ကျင်လည်နေကြတဲ့ ပရိုကွန်ယက်တွေထဲမှာ အပ်ထည်အလုပ် တော်တော်များများက တစ်ပုံစံတည်း၊ ဒါမှမဟုတ် ပုံစံအနည်းငယ်သာ ကွဲပြားခြားကြပါတယ်။ အဲဒီလို ပုံစံတူတွေ အပ်ကြတာများတဲ့ လောကမှာ အညွှန်းများများခံရတဲ့သူက စားသွားတာပါပဲ။ နိုင်ငံတကာက တကယ့်နာမည်ကြီး Web Designer တွေရဲ့ အင်တာဗျူး တွေကို ဖတ်ကြည့်ရင် တစ်ဆင့်စကားတစ်ဆင့်နား၊ အညွှန်း ဆိုတာ အင်မတန် အရေးကြီးကြောင်း ပြောလေ့ရှိပါတယ်။ ပုံစံတူတွေ မဟုတ်တဲ့ တစ်ချို့ အပ်ထည်တွေမှာ ဆိုရင်လည်း အညွှန်းက အရေးကြီးတာပါပဲ။ ကိုယ်ရဲ့ သီးသန့် ကျွမ်းကျင်တဲ့ အရည်အချင်းတွေကို လူတွေသိထားတဲ့အခါ အကြောင်းတိုက်ဆိုင်လာတာနဲ့ ကိုယ့်ကို သတိရပြီး ညွှန်းပေး နိုင်ပါသေးတယ်။ အဲဒီအပြင် အလုပ်အပ်ထည်တွေများပြီး အချိန်မလောက်တဲ့ အခါမျိုးမှာလည်း ကိုယ့်ဆီကို ညွှန်းပြီး လွဲပေးတာမျိုးတွေ ရလာနိုင်ပါတယ်။
ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
Freelancer လို့ခေါ်တဲ့ အချုပ်အနှောင်မရှိ လွပ်လွပ်လပ်လပ် လှုပ်ရှားသူများ၊ ကိုယ်ပိုင်သီးသန့် ရပ်တည်ကြတဲ့ Independent Designers တွေ အနေနဲ့ ခိုင်မာတောင့်တင်းတဲ့ ပရိုကွန်ယက်တွေ ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ ခိုင်မာတောင့်တင်းတဲ့ ပရိုကွန်ယက်ကို ရလာတာနဲ့အမျှ ပူးပေါင်းဆောင်နိုင်ဖို့ အခွင့်အလမ်းတွေလည်း များလာပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာလည်း တစ်ကြိမ်တည်း၊ တစ်ခါတည်း ပူးပေါင်း ဆောင်ရွက်ကြတာမျိုးတွေလည်း ရှိနိုင်သလို အရှည်သဖြင့် လက်တွဲသွားကြရမျိုးတွေလည်း ရှိနိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ ပရိုကွန်ယက်ဆိုတာနဲ့ ကိုယ်မတတ်နိုင်တဲ့ အပိုင်းတွေမှာ အကူအညီတောင်းဖို့ ပူပေါင်းဆောင်ရွက်ဖို့ အမှန်တကယ် တတ်တဲ့သူတွေ အများကြီး ရှိနေတယ်ဆိုတာပါပဲ။
ပြဿနာဖြေရှင်းနိုင်ခြင်း
ကိုယ့် ပရိုကွန်ယက်ထဲက လူတွေကို ယုံကြည်တယ်၊ တန်ဖိုးထားတယ်ဆိုရင် ကိုယ်ဖြစ်လာတဲ့ တွေ့ကြုံလာတဲ့ အခက်အခဲ တွေကို ဖွင့်ဟတိုင်ပင်ဖို့ ဘာကြောင့် ဝန်လေးနေမှာလဲ။ ခုပဲ တိုင်ပင်လိုက်ပါ။ အကြံဉာဏ်တွေ ပြဿနာရဲ့ အဖြေတွေ ရလာပါလိမ့်မယ်။ အဲဒီလို ဖွင့်ဟတိုင်ပင်လိုက်တယ် ဆိုတာနဲ့ ကိုယ်တိုင်တွေ့ကြံုလာရတဲ့ အခက်အခဲတွေကို သူတကာ တွေလည်း ပုံစံတူ ထပ်တူထပ်မျှ နီးပါးလောက်ကို တွေ့ကြံုဖူးတယ်ဆိုတာ အံ့သြစရာ ကောင်းလောက်အောင် တွေ့လာ ရပါလိမ့်မယ်။ တကယ်တော့ ပရိုကွန်ယက်တွေထဲမှာ ဆွေးနွေးထားတာတွေကို ရှာဖတ်ကြည့်မယ် ဆိုရင်တောင် ကိုယ့်အတွက် အဖြေတွေ အသင့်ရှိနေတတ်ပါတယ်။ ဒီတော့ Designer ပဲ ဖြစ်ဖြစ် Developer ပဲဖြစ်ဖြစ် Code တွေ ရေးသားရမှာပဲ ဖြစ်ဖြစ်၊ Client တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမျိုးမှာ မဆို၊ ဘယ်လို အခက်အခဲမျိုးမဆို အဖြေတွေ ပရိုကွန်ယက်ထဲမှာ ပူးပေါင်း အဖြေရှာနိုင်ပါတယ်။
ဥပမာ ပေးရမယ်ဆိုရင်တော့ Stack Overflow လိုပေါ့။ ပြဿနာရဲ့ အဖြေတွေကို ပူးပေါင်း အဖြေရှာကြတဲ့ အမေး၊ အဖြေ ပုံစံတွေကို အများကြီး တွေ့နိုင်ပါတယ်။ တစ်ခြား Q&A Site တွေလည်း အများကြီး ရှိပါသေးတယ်။ (Myanmar Tutorials ရဲ့ Q&A Site ကတော့ လောလောဆယ် ခဏဒေါင်းနေပါတယ်။ Hosting အပြောင်းအလဲမှာ ဒီဖက်ကို ရွေ့ဖို့ အခက်အခဲ နည်းနည်း ရှိနေလို့ပါ။ ဒါပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာ ရွေ့လာနိုင်မှာပါ။)
အနာဂတ်အတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြင်း
အခွင့်အလမ်းလို့ ဆိုလိုက်တာနဲ့ များများသိတဲ့သူက များများရဖို့ သေချာနေပါတယ်။ အရည်အချင်းခြင်း ယှဉ်ရင် အနည်းငယ် နိမ့်ကျနေပါစေဦး၊ ပရိုကွန်ယက် ကောင်းကောင်းနဲ့ ချိတ်ဆက်ထားနိုင်တယ် ဆိုတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုများပါတယ်။ အလုပ်ရှာတဲ့ နေရာတွေမှာလည်း အတူတူပါပဲ။ ကိုယ့်အရည်အချင်း၊ ကိုယ် လုပ်နိုင်တာတွေ ကို လူများများသိလေ၊ အလုပ်ရဖို့ ပိုလွယ်လေပါပဲ။ အဲဒီလို သိနိုင်ဖို့အတွက် ပရိုကွန်ယက်တွေက အများအကြီး အကူအညီ ပေးနိုင်ပါတယ်။ Feelancer တွေ အနေနဲ့လည်း အတူတူပါပဲ၊ Freelance အလုပ်ကိုရပ်ပြီး အလုပ်တစ်ခု ဝင်တော့မယ်လို့ ကြော်ငြာလိုက်တာနဲ့ ကွန်ယက်အတွင်းမှာတင် Offer တွေ အလွယ်တကူ ရနိုင်တာ တွေ့ရပါလိမ့်မယ်။ ပရိုကွန်ယက် အတွင်းမှာ ကိုယ့်အလုပ်တွေက နာမည်ရပြီးသား လူသိများပြီးသား ဆိုရင်ပေါ့။ ဒါကြောင့် ခုလက်ရှိ ပစ္စုပန်အတွက် ဖြစ်ဖြစ် နောက် အနာဂတ်အတွက်ပဲ ဖြစ်ဖြစ် ပရိုကွန်ယက်ဆိုတာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိနိုင်ပါတယ်။
အကူအညီပေးနိုင်ခြင်း
အပေါ်မှာ ဆွေးနွေးခဲ့တာမှန်သမျှ ဘာရမလဲဆိုတဲ့ အပေါ်မှာ အခြေခံပြီး ဆွေးနွေးခဲ့တာပါ။ တကယ်တော့ လောကကြီး ဆိုတာ အပေး အယူရှိမှာ ပြည့်စုံမှာပါ။ အယူရှိရင် အပေးရှိရမှာ ဖြစ်သလို၊ အပေးရှိရင်လည်း အယူဆိုတာ ဖြစ်လာမှာပါ။ ဒါကြောင့် ဘာတွေ ရမလဲဆိုတဲ့ ယူစရာတွေအကြောင်း ပြီးရင် ပေးစရာတွေအကြောင်း ဆက်ရအောင်။ ပရိုကွန်ယက်ထဲမှာ တက်တက်ကြွကြွ ပါဝင်ပတ်သက်နေတယ် ဆိုတာနဲ့ ကိုယ့်မှာလည်း တစ်ခြားသူတွေကို အကူအညီပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ လူတွေနဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းနိုင်တယ်၊ ခိုင်မာတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်တယ်ဆိုတာ အပေး၊ အယူမျှတတဲ့ အပြန်အလှန်သဘောကို ဖော်ဆောင်နိုင်မှသာ ဖြစ်နိုင်တာမျိုးပါ။ အယူပဲ ရှိပြီး ဘာမှတော့ မပေးဘူးဆိုရင် အဲဒီလို အခွင့်အလမ်းမျိုးတွေ ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပရိုကွန်ယက်လို့ဆိုလိုက်တာနဲ့ ကိုယ်လည်း တတ်နိုင်သလောက် အကူအညီပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရလာပြီလို့ မှတ်ထားရမှာ ဖြစ်ပါတယ်။
မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းများ တိုးပွားနိုင်ခြင်း
လူတွေစုထားတဲ့ နေရာကို ဝင်ပြီဆိုတာနဲ့ မိတ်ဆွေတွေ ရလာမယ်၊ သူငယ်ချင်းတွေ ရလာမယ်၊ အပေါင်းအသင်းတွေ ရလာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါပေမယ့် ပရိုကွန်ယက်ကတော့ တစ်ခြား လူပေါင်းစုံရှိတဲ့ ကွန်ယက်တွေထက် သာတဲ့ အချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ ဝါသနာတူတဲ့သူတွေ စုထားတဲ့အတွက် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ထိတွေ့ ဆက်ဆံဖို့ အမှန်တကယ် လိုအပ်သူတွေနဲ့ မိတ်ဆွေဖြစ်ဖို့ လွယ်တဲ့အခွင့်အလမ်းပါပဲ။ တစ်ခြားနေရာတွေမှာလို စုနေစရာ မလိုပါဘူး။ ဒီနေရာကိုလာတာ ဒီလိုလူတွေပဲလို့ ဆိုရအောင် စုပေးပြီးသား ဖြစ်နေပါတယ်။
ဆက်ပါဦးမယ် …
Facebook comments:





idea like linkedin network