ပရိုကွန်ယက် အပိုင်း (၃)
ကိုယ်ဘာလိုချင်တယ်၊ ဘာရှာချင်တယ်ဆိုတာ သိပါစေ
ပရိုကွန်ယက်တွေထဲမှာ တက်တက်ကြွကြွ ခင်ခင်မင်မင် ပါဝင်ပတ်သက်နေတဲ့အခါမှာ ပထမတော့ ကိုယ်ဘာလိုချင်တယ်၊ ဘာရှာချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ သိပြီးတာလည်း ဖြစ်နို်င်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်က ပညာသင်ခါစ အနေအထားဆိုရင် ဘာလိုချင်မှန်း၊ ဘာကိုစိတ်ဝင်စားမှန်း မသိဖြစ်နေတတ်ပါတယ်။ အဲဒီလို ပညာသင်ခါစ သူတွေအတွက်လည်း ပရိုကွန်ယက်အတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက် လေ့လာနေတာနဲ့အမျှ ကိုယ်ရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းတစ်ခုကို ရလာနိုင်ပါတယ်။ အဲဒီလို အခြေအနေရောက်လာပြီ ဆိုရင် ကိုယ်ဘာလိုချင်တယ်၊ ဘာရှာချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာဝါသနာပါတယ် စသည်ဖြင့် သိလာနိုင်ပါတယ်။ အဲဒီလို သိလာပြီ ဆိုတာနဲ့ ဘယ်သူတွေကို အဓိကထား ချဉ်းကပ်သင့်တယ် ဆိုတာပါ သိလာပြီပေါ့။ ကိုယ် အမှန်တကယ် ချဉ်းကပ်သင့်တဲ့ လူတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှလည်း နည်းပညာဆိုင်ရာ အောင်မြင်တိုးတက်မှုတွေ ရလာနိုင်မှာပါ။
တစ်ခါတစ်လေ ဖြစ်တတ်တာ တစ်ခုက လမ်းကြောင်းတစ်ခုတည်းကို မရွေးပဲ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာ ကောင်းနိုးနိုး ပရိုကွန်ယက်ထဲမှာ ယောင်နေတာလဲ ဖြစ်နိုင်ပါသေးတယ်။ အဲဒီလို ယောင်တယ်ဆိုတာ ဘာစိတ်ဝင်စားမှန်း မသိသေးတဲ့သူတွေ အတွက် တစ်ခုပြီး တစ်ခု မြည်းစမ်းကြည့်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ အမှန်တကယ် လျှောက်ရမယ့် လျှောက်သင့်တဲ့ လမ်းကို သိအောင် ရှာဖွေတဲ့သဘောပဲ ဖြစ်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ အမြဲတမ်းယောင်နေမယ် ဆိုရင် Mr. Know All ဖြစ်လာတာကလွဲလို့ Mr. Pro ဖြစ်လာဖို့ မလွယ်ပါဘူး။
အပေါ်မှာ ပြောခဲ့တဲ့အပိုင်းက ပညာသင်အနေအထားနဲ့ ပတ်သက်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ပရိုကွန်ယက်အတွင်းမှာ အလုပ်ရှာချင်တာမျိုး ဆိုရင်တော့ ဘယ်လိုလူမျိုးတွေကို ချဉ်းကပ်ရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ အလုပ်လိုချင်တာပဲ ရှိပြီး အရည်အချင်းမရှိတာမျိုးလည်း မဖြစ်ရအောင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို Portfolio တွေမှာ ခင်းကျဉ်းပြသထားဖို့ လိုပါသေးတယ်။ အဲဒီလို Portfolio လည်း ရှိမယ်၊ ကိုယ်ဘာလိုချင်တယ်၊ ဘာရှာနေတာလည်း သိမယ်၊ ဘယ်လိုလူမျိုးကို ပေါင်းသင့်တယ် ဆိုတာလည်း သိမယ်ဆိုရင် အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေမှာ မဟုတ်တော့ပါဘူး။ ကိုယ်က Web Designer သီးသန့် ဆိုရင်လည်း ကိုယ်လိုအပ်တဲ့ Developer တွေနဲ့ ပူးပေါင်းဆောင်ရွက် နိုင်ပါသေးတယ်။ ဒါလည်း ကိုယ်ဘာလိုချင်လဲ၊ ဘာရှာနေတာလဲ၊ ဘယ်သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တော်မလဲ ဆိုတာတွေကို အကဲခတ်နိုင်ဖို့ လိုပါသေးတယ်။
ကိုယ့်အားသာချက်၊ ကိုယ့်အားနည်းချက်၊ ကိုယ့် အခြေအနေတွေကို သေသေချာချာ သိထားပါ။ အဲဒီလို သိတယ်ဆိုတာနဲ့ ကိုယ်ဘာတွေလိုတယ်၊ ဘာတွေ ရှာနေတယ်၊ ဘယ်လိုလူမျိုးတွေနဲ့ ပူးပေါင်းရမယ် ဆိုတာလည်း အလိုလို သိလာနိုင်ပါသေးတယ်။ ဒါကြောင့် ပရိုကွန်ယက်တွေထဲမှာ ပါဝင်ပတ်သက်တော့မယ် ဆိုရင် ကိုယ်ဘာလိုချင်တယ်၊ ဘာရှာချင်တယ်ဆိုတာ သိဖို့လည်း အရေးကြီးပါကြောင်း။
ကိုယ်က ဘာတွေ ပေးမှာလဲ၊ ဘာတွေ ပေးနိုင်လဲဆိုတာ သိပါစေ
အပေါ်မှာ ပြောခဲ့တဲ့ ဘာရှာချင်တယ်၊ ဘာလိုချင်တယ်ကို သိသလိုပါပဲ။ ကိုယ်က ဘာတွေ ပေးမှာလဲ၊ ဘာတွေ ပေးနိုင်လဲဆိုတာလည်း ကောင်းကောင်းသိဖို့ အရေးကြီးပါတယ်။ တစ်ခြားသူတွေကို ဘယ်လို အကူအညီပေးနိုင်တယ်၊ ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ပေးနိုင်တယ်၊ ဒီ ပရိုကွန်ယက်ထဲမှာ ကိုယ်က ဘယ်လို တန်ဖိုးရှိတဲ့ အနေအထားနဲ့ ပါဝင် ပတ်သတ်နေတာလဲ ဆိုတာကိုလဲ သိဖို့လိုပါတယ်။ ကိုယ် ချွန်တဲ့နေရာတွေက ဘယ်နေရာတွေလဲ၊ ကိုယ့်ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေက ဘာတွေလဲ၊ တစ်ခြားသူတွေကို ဘယ်လို အခွင့်အရေးမျိုးတွေ ကိုယ်က ဖန်တီးပေးနိုင်လဲ စသည်ဖြင့် သေသေချာချာ သိထားဖို့ လိုပါတယ်။
အဲဒီလို ပြောလိုက်တဲ့အတွက် နေရာတကာမှာ တွေ့သမျှလူကို ကိုယ်ဘာတတ်ကြောင်း ကိုယ်ဘာကျွမ်းကြောင်း လိုက်ပြော နေဖို့ မဆိုလိုပါဘူး။ အဲဒီလို လိုက်ပြောနေတဲ့ သူကိုလည်း လူတွေက အထင်မကြီး တတ်ကြပါဘူး။ အဓိကက အလုပ်ပါ၊ အပြန်အလှန် အကျိုးရှိအောင် ကိုယ်ဘာတွေ ဆောင်ရွက် အကောင်အထည် ဖော်ပြီးပြီလဲ။ တစ်ခြားသူတွေကို ဘယ်လောက် ကူညီပြီးပြီလဲ။ ကိုယ့်ရဲ့ အရည်းအချင်းတွေကို ဖော်ပြပြီးပြီလား။ ပရိုကွန်ယက်တွင်းမှာ အခြာသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ လုပ်ခဲ့ပြီးပြီလား စတဲ့ အလုပ်တွေအပေါ်မှာ အခြေခံပြီး လူတွေ သိလာပါလိမ့်မယ်။ ဒါပေမယ့် နဂိုကတည်းက ကိုယ် ဘာတွေပေးနိုင်လဲ မသိခဲ့ရင်၊ ဘာတွေ ပေးမှာလဲ မသိခဲ့ရင် အဲဒီအဆင့်တွေကို ရောက်လာမှာ မဟုတ်ပါဘူး။
ကွန်ယက်တစ်ဆင့်ခံ ချိတ်ဆက်ခြင်း
တစ်ချို့သော အဖိုးတန်တဲ့ အဆက်အသွယ်တွေဟာ အမြဲတမ်းထိတွေနဲ့ ပရိုကွန်ယက်တွင်းက မိတ်ဆွေ အရင်းအချာတွေ ဆီက ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ပရိုကွန်ယက်ဆိုတာမျိုးက တိုက်ရိုက် ချိတ်ဆက်တာတွေလည်း ရှိသလို သွယ်ဝိုက်သော အားဖြင့် ချိတ်ဆက်ထားတာလဲ ရှိပါတယ်။ အနီးစပ်ဆုံး LinkedIn နဲ့ ဥပမာပေးရမယ် ဆိုရင် ကိုယ့်အနေနဲ့ လူငါးဆယ်နဲ့ ချိတ်ဆက်ထားတယ် ဆိုပါစို့။ အဲဒီလို တစ်ယောက်ချင်းစီမှာလည်း ကိုယ့်လိုပဲ လူငါးဆယ်နဲ့ ချိတ်ဆက် ထားပါလိမ့်မယ်။ အဲဒီလိုချိ်တ်ဆက်မှုတွေက တစ်ဆင့် အလုပ်တွေလည်း ရလာနိုင်တယ်လို့ ဆိုလိုပါတယ်။ အဲဒီလို ချိတ်ဆက်တာကို ကွန်ယက် တဆင့်ခံချိတ်ဆက်ခြင်း၊ သွယ်ဝိုက် ချိတ်ဆက်ခြင်းလို့ ခေါ်ပါတယ်။
အဲဒီလို တဆင့်ခံ ချိတ်ဆက်ကြရင်း ပရိုကွန်ယက်ဆိုတာ အလွန်ကြီးမားကျယ်ပြန့်တဲ့ စုဖွဲ့မှုကြီး တစ်ခုဖြစ်လာစေပါတယ်။ ကိုယ့်အနေနဲ့လည်း အလုပ်တစ်ခု ရလာတဲ့အခါ ကိုယ်တော့ဖြင့် မတတ်နိုင်ဘူး၊ တတ်နိုင်တဲ့ ဘယ်သူများ ရှိမလဲ ပရိုကွန်ယက်ထဲမှာ လိုက်ရှာမယ်။ တစ်ဆင့်ခံ ချိတ်ဆက်ပေးမယ်။ တခြားသူတွေကလည်း အဲဒီလိုပဲ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီလို မရှာရင်လည်း ငါကတော့ဖြင့် အဲဒီလို တတ်နိုင်တဲ့သူ ရှာနေတယ်၊ မင်း သူငယ်ချင်းတွေထဲမှာ ရှိသလား စသည်ဖြင့် ပရိုကွန်ယက်ထဲမှာ မေးမြန်းစုံစမ်းမှုတွေ ပြုနိုင်သလို တစ်ခြားသူတွေလည်း အဲဒီလို မေးမြန်းစုံစမ်းပြီး ကိုယ့်ဆီ ရောက်လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ Indirect Network လို့ခေါ်တဲ့ တဆင့်ခံ ချိတ်ဆက်ခြင်းဟာ တိုက်ရိုက် ချိတ်ဆက်ခြင်းထက်ပိုပြီး ထိရောက်တာ တွေ့ရပါတယ်။ Personal Recommendation တွေ ဖြစ်တဲ့ အညွှန်းတွေ ပါလာပြီးသား ဖြစ်တဲ့အတွက် တစ်ဖက်လူ အနေနဲ့ ယုံကြည်မှု ပိုပြီး မြင့်နေတတ်ပါတယ်။
ကိုယ်တစ်ခုခုလိုတဲ့အထိ စောင့်မနေပါနဲ့
ပရိုကွန်ယက်ကို တစ်ခုခု အသည်းအသန်လိုမှ ဝင်ပြီး အကူအညီ တောင်းဖို့ အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ထားတာလည်း မရှိ၊ တစ်ခုခု ပြဿနာ တက်မှ အသည်းအသန်ဝင်ပြီး အကူတောင်းမယ် ဆိုရင် သေသေချာချာ အသေးစိတ် ကူညီပေးလို ရှာဖို့ခက်တတ်ပါတယ်။ ဒါကလည်း အပြင်လောကနဲ့ အတူတူပါပဲ၊ သူတစ်ပါး အကူအညီကို ရယူလိုတယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း ကူညီတတ်ဖို့ လိုပါတယ်။ ကိုယ်က အရင်ကူညီ ထားမှသာ ကူညီမယ့်သူတွေ ဝိုင်းနေမှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ ပရိုကွန်ယက်ထဲမှာလည်း ကိုယ့်လိုမှ အကူအညီ တောင်းတာမျိုး မဖြစ်သင့်ပဲ၊ ကိုယ်တတ်နိုင်သမျှ ကူညီ ပူးပေါင်းပါဝင်ပြီး ကိုယ်အကူအညီလိုတဲ့အခါလည်း အလွယ်တကူ အကူတောင်းခံလို့ ရနိုင်မှာ ဖြစ်ပါတယ်။ လူတွေက ကိုယ့်အတွက်ပဲ ကြည့်တတ်သူမျိုးကို မကြိုက်တတ်တာ သဘာဝပါ။ ဟင် ဒီကောင်က အကူအညီ လိုမှလာတယ်၊ အကူအညီ ပေးစရာရှိတယ်ဆို ဘယ်ပျောက်နေမှန်းမသိ ဆိုရင် ဘယ်သူမှ ပေါင်းချင်မှာ မဟုတ်ပါဘူး။
တတ်နိုင်သမျှ ကူညီပေးပါ
အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ။ ပရိုကွန်ယက်ဆိုတာ အပြန်အလှန် သဘောဆောင်ပါတယ်။ ဒါကြောင့် အပြန်အလှန် ကူညီမှု၊ အပြန်အလှန် မှီခိုအားထားမှု၊ အပြန်အလှန် ဆက်သွယ်မှုတွေ ရှိနေပါလိမ့်မယ်။ ကိုယ် အကူအညီလိုတဲ့အထိ စောင့်ပြီး ကျန်တဲ့အချိန်မှာ ကိုယ်နဲ့မဆိုင်သလို နေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ သူတစ်ပါး အကူအညီလိုတာတွေကို ဖြေရှင်းပေးပါ။ တတ်နိုင်သမျှ အကူအညီပေးဖို့ အသင့်ရှိနေပါစေ။ ကိုယ့်သူငယ်ချင်းမှ ကိုယ့်အပေါင်းအသင်းမှ ကူညီမယ်ဆိုတာမျိုး မဟုတ်ပဲ၊ ပရိုကွန်ယက်အတွင်းမှာ ရှိတဲ့လူတိုင်းကို ကူညီပေးပါ။ ဒါမှလည်း အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးကို အမြဲတမ်း ထူထောင်ထားနိုင်မှာ ဖြစ်ပါတယ်။
လူတွေကို အသုံးမချပါနဲ့
ပရိုကွန်ယက်အတွင်းမှာ ကိုယ့်နဲ့ လုပ်ငန်းတူ၊ ဝါသနာတူတွေ ရှာဖွေတဲ့နေရာမှာ ကိုယ့်ကို ဘာလုပ်ပေးနိုင်သလဲအပေါ် မူတည်ပြီး ရှာမယ်ဆိုရင်လည်း လွယ်လွယ်နဲ့ ရှာလို့ရပါတယ်။ ဒါပေမယ့် အဲဒီလို ကိုယ့်ကို ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ကွန်ယက်ဖွဲ့တယ်ဆိုတာ သဘာဝတော့ မကျပါဘူး။ အပြင်လောကမှာလည်း ပြောလေ့ရှိပါတယ်။ ဒီလူ့ကျောမှာ လှေကား ဘယ်နှစ်ထစ်ရှိလဲဆိုတာ လိုက်ကြည့်ပြီး ပေါင်းသင်းဆက်ဆံရေး တည်ထောင်မယ် ဆိုရင် အစပိုင်းမှာတော့ အဆင်ပြေနိုင်ပေမယ့် ရှေရှည် သဘောဆောင်တဲ့ ဆက်ဆံရေးမှာတော့ ဟာ ဒီလူက ငါ့ကို အသုံးချနေတာပဲ။ ငါ့ ကျောမှာ လှေကား ဘယ်နှစ်ထစ်ရှိလဲ ကြည့်ပြီး ငါ့ကို နင်းနေတာပါလားလို့ သိလာမှာပါ။ အဲဒီလို အခြေအနေ ရောက်လာမယ် ဆိုရင် ပေါင်းသင်းဆက်ဆံရေးအတွက် အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ပရိုကွန်ယက်မှာဆို ပိုဆိုးပါတယ်။ အဲဒီလို လူတွေကို အသုံးချဖို့လောက် တွေးနေတဲ့သူကို ဘယ်သူမှ အပေါင်းအသင်း မလုပ်လိုကြပါဘူး။
ပရိုကွန်ယက်က ကိုယ့်အလုပ်ကို မထိခိုက်ပါစေနဲ့
ပရိုကွန်ယက်တွေဆိုတာ ကိုယ့်ဘဝအတွက် ကိုယ့်လုပ်ငန်းအတွက် အင်မတန််အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင် ပတ်သက်နေတယ် ဆိုပေမယ့် ကိုယ့်ပိုက်ဆံအိပ်ထဲကို ပိုက်ဆံ တိုက်ရိုက်ထည့်ပေးမယ့် အရာတော့ မဟုတ်ပါဘူး။ Freelancer ပင် ဖြစ်နေသော်လည်း ကိုယ့် Client ကျေနပ်အောင် အလုပ်ကို ပြီးအောင်လုပ်ပေးနိုင်မှသာ ပိုက်ဆံရမှာပါ။ ဒါကြောင့် အချိန်ပြည့် ကွန်ယက်ထဲမှာနေ ဟိုနေရာလည်း ပါ၊ ဒီနေရာလည်း ပါ၊ ပါလေရာ လုပ်နေပြီး ကိုယ့်အလုပ်ကြတော့ မလုပ်ပဲ အချိန်ဖြုန်းနေလို့ မဖြစ်ပါဘူး။ ကိုယ့်အလုပ်ကိုလည်း ပီပြင်အောင် လုပ်ဖို့ လိုပါသေးတယ်။ ပရိုကွန်ယက်က အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပင်မလုပ်ငန်း၊ အလုပ်ကိုတော့ မထိခိုက်ပါစေနဲ့။
တကယ်တော့ အွန်လိုင်း ကွန်ယက်၊ အီးမေးလ်တွေ ဆိုတာ ကိုယ့်အလုပ်ကို အထောက်အပံ့ပေးတဲ့ ကိစ္စတွေပါ။ ပရိုကွန်ယက်တွေ အီးမေးလ်တွေကို ကိုယ့်အလုပ်က အထောက်အပံ့ ပေးနေတာ မဟုတ်ပါဘူး။ ဒါကြောင့် Chatting, Twitter စတာတွေကို အချိန်ပြည့် ဖွင်ထားတာမျိုး မဖြစ်သင့်ပဲ၊ လိုအပ်တဲ့အချိန်မှသာ ဖွင့်ပြီး၊ တစ်ခြားအချိန်မှာတော့ ပုံမှန် အချိန်ဇယားတစ်ခု သတ်မှတ်ပြီး စစ်ဆေးတာမျိုးသာ ဖြစ်သင့်ပါတယ်။ ခုခေတ်မှာတော့ Facebook လို ကွန်ယက်တွေက လူတွေရဲ့ အချိန်ကို ကုန်မှန်းမသိကုန်အောင် ဖမ်းစားနိုင်စွမ်း ရှိနေပါတယ်။ အဓိက သတိထားရမယ့် အချက်ကတော့ ကိုယ့်အလုပ်ကို မထိခိုက်ဖို့ပါ။ ကိုယ် လေ့လာနေတာတွေကို မထိခိုက်စေဖို့ပါ။
ဆက်ပါဦးမယ် …
Facebook comments:





အကို ကျွန်တော် Q and A မတွေ့လို့ ဒီမှာပဲမေးလိုက်မယ်
GUI testing အကြောင်းပါ
C# နဲ့ GUI testing tool တစ်ခုလုပ်နေလို့
အဲဒီမှာ ကျွန်တော် test လုပ်ချင်တဲ့ program ရဲ့ button ကို ကျွန်တော် testing tool ကနေပြီး click လုပ်ချင်တာပါ
ကျွန်တော်ရှာတွေ့တဲ့ tutorial ( http://msdn.microsoft.com/en-us/magazine/cc188784.aspx ) မှာ က events method name ကို လှမ်းခေါ်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ခေါ်လိုက်တဲ့ တဲ့ events ကိုပေးတဲ့ parameter နှစ်ခုထဲ့ ကတစ်ခုက object sender ပါ အဲဒီ object sender ရဲ့ type က form type ဖြစ်နေတယ်အကို ကျွန်တော် လိုချင်တာက type က button ပဲဖြစ်ရမယ်
အဲဒါ လေးပဲသိချင်ပါတယ်
ကျွန်တော် လောလောဆယ် အဲဒီဖက် အပိုင်းနဲ့ အဆက်ပြတ်နေတဲ့အတွက်ကြောင့် မဖြေနိုင်ဖြစ်နေပါတယ်ခင်ဗျ၊ ကို Stringlive တော့ ဖြေပေးနိုင်ပါလိမ့်မယ်ခင်ဗျ … ကျေးဇူးတင်ပါတယ်