Open-source လိုင်စင်များအကြောင်း သိကောင်းစရာ
Developer ပဲဖြစ်ဖြစ် Designer ပဲ ဖြစ်ဖြစ် ကိုယ်တိုင် ဖန်တီးရေးဆွဲ၊ တည်ဆောက်ထားတဲ့ အလုပ်တွေကို Open-Source တွေ အနေနဲ့ ဖြန့်ဝေလို၊ ဝေမျှလိုကြပါတယ်။ အဲဒီလို ဖြန့်ဝေကြတဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်မယ်ဆိုရင် Collaborative လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရချင်လို့၊ ကိုယ်တစ်ယောက်တည်း အိုင်ဒီယာအပေါ်မှာ ဖက်တွယ်ထားတာထက် ကိုယ်နဲ့ ဝါသနာတူသူတွေကို ချပြလိုက်ပြီး နဂိုထက် ပိုကောင်း လာစေချင်လို့၊ အဲဒီအပြင် အခြား ရည်ရွယ်ပေါင်းများစွာလဲ ရှိကြပါတယ်။
အဲဒီလို Open-source projects တွေကို ဝေမျှကြသူတွေအားလုံးမှာ အများအားဖြင့်တူညီတဲ့ ရည်ရွယ်ချက် ကတော့ Open-source Project တွေကနေရလာတဲ့ value-added လို့ခေါ်တဲ့ ထပ်တိုးတန်ဖိုးတွေ ရလိုမှုပါပဲ။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် Google က Android Platform ကို Open-source ပေးတယ် ဒါပေမယ့် အဲဒီကနေ ရလာမယ့် value-added လို့ခေါ်နိုင်မယ့် Android Smartphone တွေမှာ Google ရဲ့ Search ဝန်ဆောက်မှုတွေကို ပေါင်းထည့်ပါတယ်။ အဲဒီကနေ ပိုက်ဆံ ပြန်ရှာပါတယ်။
Open-source Project တော်တော်များများဟာ အဲဒီလို Value-added အပေါ်မှာ မှီခိုနေတတ်ကြသလို တစ်ချို့သော Open-source တွေကတော့ တစ်ခြား နည်းပညာဆိုင်ရာ ရည်ရွယ်ချက် ရည်မှန်းချက်တွေနဲ့ Open-source ပေးထားတာပါ။ လူသိများထင်ရှားတဲ့ Open-source Project တွေကို ပြောရမယ်ဆိုရင် Apache, Ubuntu, PHP, WordPress, MySQL Community, Drupal စသည်ဖြင့် အများကြီး ရှိကြပါတယ်။
ဒါပေမယ့် Open-source တွေကို သုံးနေကြတဲ့ Developer တွေပဲ ဖြစ်ဖြစ်၊ Designer တွေပဲ ဖြစ်ဖြစ် Open-source တွေရဲ့ Licenses တွေအကြောင်းကို အသေအချာမသိကြတာ များပါတယ်။ အဲဒီလို မသိကြတဲ့ သဘောကလဲ Licence ဆိုတာ ဥပဒေတွေနဲ့ ပုံစံတူနေတဲ့အတွက် စိတ်ဝင်တစား ဖတ်မကြည့်မိကြတာပါ။ Open-source သုံးသူတွေရော၊ Open-source ပေးသူတွေပါ လိုင်စင်တွေအကြောင်း နားလည်ထားမှသာ ကိုယ်ပေးချင်တဲ့ လိုက်စင်ကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး အဲဒီအပေါ်ကနေ အကောင်းဆုံး value-added ကို ရအောင် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ Open-source သုံးသူတွေဖက်ကလဲ Open-source ဆိုတာ အလကားရတာလို့ ထင်မှတ်တတ်ကြပြီး လုပ်ချင်သလို လုပ်တတ်ကြသလို၊ Open-source ပေးရမယ့် သူဖက်ကလဲ Open-source လို့ပေးလိုက်တာနဲ့ ကိုယ့်အတွက် ဘာမှ မကျန်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် Open-source Licenses တွေ အကြောင်းကို Open-source သုံးသူတွေရော ပေးသူတွေကပါ အသေအချာ သိထားဖို့ လိုပါတယ်။
ဟိုအရင်တုန်းက ကြုံဖူးတာတစ်ခုကို ပြောရမယ်ဆိုရင် သုံးထားတာက Open-source၊ အဲဒီလို သုံးထားတာကို သိမှာ စိုးလို့ Meta Tag က အစလိုက်ဖြုတ်ထားတာတွေ တွေ့ဖူးပါတယ်။ အဲဒီလို လုပ်တာဟာ အင်မတန်ကို မကောင်းတဲ့ အလေ့အထတစ်ခုလို့ ဆိုနိုင်ပါတယ်။ သူတစ်ပါးက အခမဲ့ပေးသုံးတာကိုတောင် အသိအမှတ်မပြု ကိုယ်တိုင်ပဲ ဖန်တီးထားသယောင် ပုံဖန်းတာဟာ Ethic ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ဖော်ပြနေသလိုပါပဲ။
Licensing ဆိုတာဘာလဲ
လိုင်စင်လို့ဆိုလိုက်တာနဲ့ လူတွေ အတော်များများ ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။ လိုင်စင်လို့ ဆိုတာနဲ့ ပိုက်ဆံပေးရတော့မယ်လို့ တွဲပြီး မြင်တတ် ကြပါသေးတယ်။ ဒါကလဲ အပြင်လောကနဲ့ ဆက်စပ်ပြီး တွေးတော မိတာပါ။ လိုင်စင်ဆိုတာနဲ့ ကိုယ့်ရဲ့ ပိုင်ခွင့်တွေ အကုန်ပေးလိုက်ရမယ်လို့ ထင်တာလဲ မှားပါတယ်။ တကယ်တန်း မူပိုင်ခွင့် အားလုံးဟာ မူရင်း ပိုင်ရှင်မှာသာ ရှိနေတာပါ။ တစ်ခြားသူတွေကို အစိတ်အပိုင်းတွေ အလိုက် လုပ်ကိုင်ခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ပေးလိုက်တာ Licence ပါပဲ။
လိုင်စင်ဆိုတာ ကိုယ်တစ်ယောက်တည်း ကိုင်ထားတဲ့အချိန်မှာ ဘာမှာ အသက်ဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Public ကို ချပြတဲ့အခါမှသာ အသုံးဝင် အသုံးတည့်မှာ ဖြစ်ပါတယ်။ ဘယ်အပိုင်း၊ ဘယ်အပိုင်းတွေကို အသုံးပြုခွင့်ရှိတယ်၊ ဘယ်အပိုင်း ဘယ်အပိုင်းတွေကို ပြုပြင်ခွင့်ရှိတယ် စသည်ဖြင့် လူအများကို ချပြလိုက်တဲ့အခါ ခွင့်ပြုလိုက်တဲအခါ Licence တွေက အသက်ဝင်လာပါတယ်။ ဒါကြောင့် လိုင်စင်ဆိုတာ Public ဆီကို စနစ်တကျ ရောက်စေတဲ့ နည်းလမ်းတစ်ခု အဖြစ် သတ်မှတ်မယ်ဆိုရင်လဲ သတ်မှတ်နိုင်ပါတယ်။
လိုင်စင်နဲ့ ဖြန့်ဝေတဲ့အခါမှာ ဘယ်လို လိုင်စင်ဖြစ်ဖြစ် မူရင်းပိုင်ရှင်ကသာ Copyright Owner ဖြစ်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ မူရင်းပိုင်ရှင်နေရာမှာ သူတို့နာမည်ကို အစားမထိုးနိုင်ပါဘူး။ အစားထိုးခွင့် မရှိပါဘူး။
Open-source လိုင်စင်တွေကတော့ သာမန် ပိုင်ခွင့် လိုင်စင်တွေနဲ့ မတူတဲ့ အချက်တွေ ရှိပါတယ်။ သာမန် လိုင်စင်တွေမှာ တစ်ခုခုလုပ်ချင်တယ်ဆိုတာနဲ့ ပိုင်တဲ့သူကို ခွင့်တောင်းနေတာနဲ့တင် အချိန်ကုန်သွားနိုင်ပါတယ်။ Open-source တွေ အများစုကတော့ ခွင့်တောင်းနေစရာ မလိုပါဘူး။ ပူးပေါင်း ပါဝင်ချင်တယ်ဆိုရင်လည်း ခွင့်တောင်းနေစရာ မလိုပဲ ပါဝင်နိုင်သလို သုံးချင်တယ်ဆိုရင်လဲ ခွင့်တောင်းနေစရာ မလိုပါဘူး။ မူရင်းပိုင်ရှင် အနေနဲ့လဲ Original Creator (မူရင်း ဖန်တီးသူ) အနေနဲ့ သတ်မှတ် ကာကွယ်ထားပေးပါတယ်။ ကိုယ့်ရဲ့ ဖန်တီးထည့်ဝင်မှုအတွက်လဲ Credit လို့ခေါ်တဲ့ အသိအမှတ်ပြုမှုကို ရရှိစေရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် Open-source Project ရဲ့ Owner နေရာမှာ ဘယ်သူမှ အစားထိုးလို့ မရအောင် နာမည် ဝင်ယူလို့ မရအောင်လဲ ကာကွယ် ပေးထားပါတယ်။ ကဲ ကျွန်တော်တို့ Open-source License တွေ အကြောင်းကို လေ့လာ ကြည့်ရအောင် …
GNU General Public License
GNU General Public Licence (GPL) ဆိုတာ Open-source Project အတော်များများ အသုံးအများဆုံး Licence ဖြစ်ပါတယ်။ GPL Licence တွေဟာ Developer တွေကို လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပေးထားတဲ့ Licence ဖြစ်ပါတယ်။ အခြေခံအားဖြင့် GPL Project တွေဟာ အသုံးပြုသူတွေကို တရားဝင်ကူးခွင့်၊ ဖြန့်ဝေခွင့်၊ ပြုပြင် ပြင်ဆင်ခွင့် ပေးထားပါတယ်။ ဒါကြောင့် GPL Licence Project တွေမှာ ကိုယ့် အနေနဲ့ -
- Software ကို ကူးခွင့်ရှိပါတယ်
ကိုယ့်ကိုယ်ပိုင် ဆာဗာတွေ အပေါ်ကို ကူးတင်ခွင့်ရှိပါတယ်။ Client တွေရဲ့ Server တွေထဲလဲ ကူးထည့်လို့ရပါတယ်။ ကိုယ်ပိုင် စက်ထဲ၊ ဒါမှမဟုတ် မည်သည့် ပုံစံနဲ့မဆို ကူးခွင့်ရှိပါတယ်။ အရေအတွက် ဘယ်လောက်ပဲ ကူးခွင့်ရှိတယ် စသည်ဖြင့် ကန့်သတ်ထားတာမျိုးလဲ မရှိပါဘူး။ - အချိန်မရွေး ဖြန့်ဝေခွင့်ရှိပါတယ်
ကိုယ့်ရဲ့ Website မှာ Download ချခွင့်ပေးလို့ရပါတယ်။ Thumb Drive တွေထဲပဲ ထည့်ထည့် CD, DVD ထဲ ကူးကူး၊ Source Code တွေကို Print-out ပဲ ထုတ်ထုတ်၊ တတ်နိုင်လို့ ကော်ပီတွေ ကူးပြီး လူထူတဲ့နေရာမှာ အလကားဝေမယ်ဆိုလဲ လုပ်လို့ရပါတယ်။ - Software နဲ့ ပတ်သက်ပြီး ဖြန့်ဝေတဲ့အခါမှာ ငွေကြေး တစ်စုံတစ်ရာ ရယူခွင့်ရှိပါတယ်
GPL Licence နဲ့ ဖြန့်ဝေတဲ့ Software တွေအပေါ်မှာ ငွေကြေးတစ်စုံတစ်ရာနဲ့ ဖြန့်ဝေမယ် ဆိုရင်လဲ ဖြန့်ဝေခွင့်ရှိပါတယ်။ ဒါပေမယ့် ငွေကြေး တစ်စုံတရာ ရယူပြီး ဖြန့်ဝေပေးလိုက်တဲ့သူကို ဒီ Software က GNU GPL ဖြစ်ကြောင်း အဲဒီ Software ကို တစ်နေရာရာမှာ အခမဲ့ အနေနဲ့ ရနိုင်ကြောင်း အသိပေးဖို့လိုပါမယ်။ ကိုယ့်အနေနဲ့ Software အတွက် ငွေကြေးရယူတာ မဟုတ်ပဲ ဖြန့်ဝေခသာ ယူကြောင်း ရှင်းပြလိုက်ရင်တော့ အကောင်းဆုံးပါပဲ။ - Software နဲ့ ပတ်သက်ပြီး မိမိစိတ်ကြိုက် ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ပြုပြင် ဖန်တီးနိုင်ခွင့်ရှိတယ်
Software ထဲမှာရှိတဲ့ အပိုင်းတွေ လုပ်ငန်းဆောင်တာတွေကို မကြိုက်လို့ မိမိ စိတ်ကြိုက် ပြောင်းမယ်ဆိုရင် ပြောင်းနိုင်ပါတယ်။ ကိုယ့်ရဲ့ Project ထဲမှာ Open Source ရဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ ယူသုံးချင်တယ် ဆိုရင်လဲ ယူသုံးခွင့်ရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးနဲ့ ဂရုစိုက်ရမယ့် အချက်တစ်ခုကတော့ GPL ကနေ မြစ်ဖျားခံပြီး ထွက်လာတဲ့ Project ဟာ GPL ပဲ ဖြစ်ရပါမယ်။
အဲဒီ GPL နဲ့ ပတ်သက်ရင် တစ်ခြား သတိပြုစရာ အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Source Code ကို ဖြန့်ဝေတာနဲ့ Binaries လို့ခေါ်တဲ့ Compiled လုပ်ပြီးသာ Program လိုဟာမျိုးတွေ ဖြန့်ဝေတာ မတူဘူးဆိုတဲ့ အချက်ပါ။ ဒါကြောင့် Source Code ကို Open-source ပေးပြီး Binaries ကိုတော့ Open-source မပေးတာလဲ ဖြစ်နိုင်ပါတယ်။ GPL နဲ့ ပတ်သက်ပြီး ဒီထက်ပို အတွင်းကျကျ သိချင်တယ်ဆိုရင် ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ Open-source Project ကို GPL အနေနဲ့ ဖြန့်ဝေတော့မယ်ဆိုရင်Software ရဲ့ code တွေမှာ Information တွေ တိတိကျကျ ရေးထားဖို့ လိုသလို Licence နဲ့ ပတ်သက်တဲ့ အသေးစိတ်ကို တစ်ခါတည်း ရေးထားဖို့ လိုမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြရမယ် ဆိုရင်Ubuntu ရဲ့ Licence ကို လေ့လာကြည့်ပါ။
GNU Lesser General Public License
ဒါကတော့ GPL အနေနဲ့ မဖြန့်လိုသူတွေအတွက် လက်တစ်လုံးခြား လုပ်နိုင်တဲ့ လိုင်စင်ပါ။ Non-GPL နဲ့ non-open source software တွေရ့ အစိတ်အပိုင်းတွေ ပေါင်းစပ်ထည့်သွင်းချင်တဲ့ အခါမှာ သုံးပါတယ်။ ဒါပေမယ့် GPL-licensed အပေါ်မှာ အခြေခံထားတဲ့ code တွေအပေါ်မှာတော့ အခကြေးငွေ ယူလို့ မရသလို၊ တစ်ဦးတည်းပိုင် Software တွေမှာ သုံးလို့မရပါဘူး။ LGPL အနေနဲ့တော့ GPL မဟုတ်တဲ့ အခြား Project တွေကို ပေါင့်ထည့်ချင်တဲ့အခါမှာ သုံးပါတယ်။ ပြောရရင် ဒီအပိုင်းကတော့ Open-source ဟိုအပိုင်းကတော့ Closed-source ပေါ့။ ဒီအပိုင်းကတော့ ပိုက်ဆံ မပေးရဘူး၊ ဒီအပိုင်းကတော့ ပိုက်ဆံပေးရမယ်ပေါ့။
BSD License
BSD Licenses ကတော့ GNU General Public License နဲ့ယှဉ်ရင် ဖြန့်ဝေခွင့် ပြုတဲ့ နေရာမှာ အနည်းငယ် ကန့်သတ်ချက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူလဲ ထိန်းချုပ်မဲ့တဲ့ လွပ်လပ်စွာ အသုံးပြုခွင့် ဖြန့်ဝေခွင့်ရှိတဲ့ လိုင်စင်ဖြစ်ပါတယ်။ BSD License အများအစားတွေ အများကြီး ရှိပေမယ့် အဓိက အားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့ New BSD License/Modified BSD License နဲ့ Simplified BSD License/ FreeBSD License ပါ။ အဲဒီနှစ်မျိုးလုံးကို Open Source Licenses များအနေနဲ့ Open Source နဲ့ ပညာရှင်များက သတ်မှတ် လက်ခံထားကြပါတယ်။
New BSD License အနေနဲ့ ဖြန့်ချီထားတဲ့ မည်သည့် Software ဖြစ်ဖြစ် Source Code ဖြစ်ဖြစ်ကို ပိုင်ရှင်က ခွင့်ပြုထားသမျှ ကာလပတ်လုံး အကန့်အသတ်မရှိ ဖြန့်ဝေနိုင်ပါတယ်။ တစ်ခုထူးခြားတာကတော့ အဲဒီ License မှာ လွပ်လပ်စွာ ကူးယူခွင့်ကို မည်သူက ပြုထားကြောင်း ခွင့်ပြုချက်တောင်းစရာမလိုပဲ ဖြန့်ဝေနိုင်ကြောင်း ပါဝင်တာပါ။ အဲဒီ စာသာတွေ မပါတဲ့နေ့က စလို့ ကူးယူဖြန့်ဝေခွင့် မရှိတော့ဘူးလို့ ယူဆနိုင်ပါတယ်။ New BSD License နဲ့ Simplified BSD မတူတဲ့ အချက်တစ်ခုကတော့ ခွင့်ပြုချက်ယူစရာမလို ဆိုတဲ့စာသား မပါတာနဲ့ ပါတာပါပဲ။ BSD License ကတော့ ခွင့်ပြုချင်တဲ့အချိန်မှာ ခွင့်ပြုထားပြီး ခွင့်မပြုချင်တော့ဘူးဆိုရင် ပြန်သိမ်းလို့ရတဲ့ အနေအထားရှိပါတယ်။
MIT License
MIT License ကတော့ ကန့်သတ်အချက် အနည်းဆုံး အတိုဆုံးနဲ့ လုပ်ပိုင်ခွင့် အများဆုံး လိုင်စင် ဖြစ်ပါတယ်။ open-source license တွေထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံး လိုင်စင်လဲ ဖြစ်ပါတယ်။ လိုက်နာရမယ့် အချက်လဲ အင်မတန်နည်းသလို လွပ်လပ်မှုနေရာမှာလဲ တစ်ခြား လိုင်စင်တွေထက် အများကြီး ပိုပါတယ်။ အဲဒီ License မှာပါတဲ့ နောက်ဆုံး စာကြောင်းကို လေ့လာကြည့်မယ်ဆိုရင်
အခမဲ့ ဖြစ်သည်၊ မည်သူမဆို ဤ Software ကို ကူးယူခွင့်၊ ရယူခွင့်ရှိသည်၊ ဤ Software နှင့် ပတ်သက်သော Documentation များကို အခမဲ့ ရယူ၊ ကူးယူခွင့်ရှိသည်။ ကန့်သတ်ချက် တစ်စုံတစ်ရာမရှိ၊ သုံးခွင့်၊ ပြင်ဆင်ခွင့်၊ ပေါင်းစပ်ခွင့်၊ ပုံနှိပ်ခွင့်၊ ဖြန့်ဝေခွင့်၊ လိုင်စင်တစ်ဝက် သုံးပိုင်ခွင့်နှင့် ရောင်းချခွင့် ရှိသည်။
အထက်ပေါ်ပြပါ စာသားခွင့်ပြုချက်ကို မည်သည့် Software (သို့) Software အစိတ်အပိုင်းမှာ မဆို ထည့်သွင်းပေးရမည် ဖြစ်သည်။
ဆိုလိုသည်မှာ
- သင့်အနေနဲ့ သုံးပိုင်ခွင့်၊ ကူးပိုင်ခွင့်၊ ပြင်ပိုင်ခွင့် တို့ကို ကြိုက်သလို အသုံးချနိုင်သည်။ မည်သူတစ်ဦး တစ်ယောက်မျှ တားဆီးပိုင်ခွင့် ကန့်သတ်ပိုင်ခွင့် မရှိစေရ၊ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ကူးနိုင်သည်၊ မည်သည့် ပုံစံနှင့်မဆို ကူးနိုင်သည်၊ ပြောင်းချင်လျှင်လဲ မိမိ စိတ်ကြိုက် ပြောင်းလဲနိုင်သည်။
- Software ကို ရောင်းနိုင်သလို၊ အခမဲ့လဲ ပေးနိုင်သည်။ မည်သို့မည်ပုံ ဖြန့်ချိမည်ဆိုသည့် အပေါ်တွင် ကန့်သတ်ချက် မရှိ။
- တစ်ခုတည်းသော ကန့်သတ်ချက်မှာ License ပါ အကြောင်းအရာများကို သဘောတူရန် သာ ဖြစ်သည်။
MIT License ကတော့ ကန့်သတ်ချက် အနည်းဆုံး လိုင်စင်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူမှာလဲ MIT License လို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ လိုင်စင်က အသက်ဝင်နေမှာ ဖြစ်ပါတယ်။ မည်သူမဆို MIT လိုင်စင်ဟု သတ်မှတ်ထားသည့် ကာလအတွင်း လိုင်စင်ပါ Software, Code စသည်တို့ကို လွပ်လပ်စွာ ကြိုက်သလို စိတ်ကြိုက် သုံးနိုင်သည်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
(မှတ်ချက် – ကျွန်တော်ရေးထားတဲ့ အချက်အလက်တွေ မှားယွင်းနေတယ်ဆိုရင် ထောက်ပြဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။)
ဆက်ပါဦးမယ် …..
Reference : A Short Guide to Open-Source And Similar Licenses
Facebook comments:




Thanks Bro. Waiting for more information about Open Source License. This is the great post and this will help all of us to understand the Open Source Concept clearly.
This is a great post. Well explained. Keep it up!
GNU Lesser General Public License (LGPL) ကို library လိုင်စင်လို့လည်း ခေါ်ကြပါသေးတယ်။ သူ့ကို အဓိကအားဖြင့် FOSS library ဆော့ဖ်ဝဲတွေက အသုံးပြုလေ့ရှိပါတယ်။ (ဥပမာ – လင်းနက်စ်အခြေပြု ကွန်ပြူတာတွေရဲ့ အဓိက library ဖြစ်တဲ့ glibc၊ gtk+ …)
GPL နဲ့ အဓိက ကွာခြားချက်က သူ့ (library) ထဲမှာ ပါတဲ့ ဖန်ရှင်အစိတ်အပိုင်းတွေကို အခြား GPL မဟုတ်တဲ့ ဆောဖ့်ဝဲတွေက ခေါ်သုံးခွင့်ရှိတာပါ။ လင့်(link) လုပ်လို့ ရတယ်လို့ ဆိုနိုင်ပါတယ်။
ဒါနဲ့ ကိုသီဟရေးတဲ့ ပိုစ့်တွေမှာ တစ်ချို့စကားလုံးတွေက အင်္ဂလိပ်လိုနဲ့ မြန်မာလို ရောနေတာကို တွေ့ရပါတယ်။ (ဥပမာ – လိုင်စင်နဲ့ License) နည်းပညာဆောင်းပါးပီပီ အင်္ဂလိပ် စကားလုံးတွေနဲ့ ကင်းဖို့ မဖြစ်နိုင်ပေမဲ့ တတ်နိုင်သမျှ မြန်မာလိုရှိပြီးသား စကားလုံးတွေကို မြန်မာလို ရေးစေချင်ပါတယ်။ (ဆောဖ့်ဝဲ၊ ပရောဂျက်) ြမန်မာလို လွယ်လင့်တကူ ပြန်ဆိုရေးသားလို့ ရနိုင်တဲ့ တစ်ချို့ စကားလုံးတေွကိုလည်း ြမန်မာလို ရေးသင့်တယ်လို့ ထင်ပါတယ်။ (ethic, public) အကြံပြု (feedback) ပေးတာတာပါ။
ခုလို အကြံဉာဏ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် တတ်နိုင်သမျှ မြန်မာလို ရေးပေမယ့် တစ်ချို့စာလုံးတွေ ဥပမာ – Software၊ Project စတာတွေကို မြန်မာလို ပြန်ရေးဖို့ သိပ်ခံတွင်းမတွေ့ဘူးဖြစ်နေတယ်ခင်ဗျ၊ အဲဒါကြောင့် မရေးတော့တာပါ။ နောက် ethic၊ အဲဒါလဲ မြန်မာလို ဘယ်လိုရေးရမှန်း မသိဘူး။ စာရိတ္တလို့ရေးမလား၊ ဒါဆို အဓိပ္ပါယ် တစ်မျိုးပေါက်သွားမယ်၊ public ဆိုရင်လဲ လူထုလို့ ပြန်မယ်ဆိုရင် အဓိပ္ပါယ်က တစ်မျိုး ဖြစ်နေပြန်ရော … တစ်ခါတစ်လေ တော်တော်လေးကို ရေးရတာ ခက်တယ်ဗျာ၊
GPL နဲ့ ပတ်သက်ပြီး ဖြည့်စွပ် ပြောကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ ….
ethic ကို ကျင့်ဝတ် လို့ ဘာသာ ြပန်တာ ဖတ်ဖူးတယ်
[off topic] ဟုတ်တယ်။ ကျွန်တော်လဲ နောက်ပိုင်းကျ တတ်နိုင်သလောက် မြန်မာလို ရေးဖို့ ကြိုးစားကြည့်တယ်။ ရသလောက်ပေါ့။ မရရင်တော့ မရေးဘူး။ ကိုယ်က ဗမာလို ဗဟုသုတနဲပါးတာလဲ ပါပါတယ်။ တချို့စာလုံးတွေကျ ရှိပေမဲ့၊ မေ့နေပြန်ရာ
ethic ကို ကိုယ်ကျင့်တရား၊ လူကျင့်ဝတ် လို့ သံုးကြပါတယ်။ License ကိုတော့ လိုင်စင်၊ လုပ်ပိုင်ခွင့်လို့ သံုးကြတယ်။ အများကတော့ လိုင်စင်လို့ပဲ နားစွဲနေကြပါတယ်။ software ကိုတော့ အသံလှယ်ပြီး ဆော့ဝဲလ်လို့ သံုးကြပါတယ်။ တစ်ချို့ စာလံုးတွေကို မြန်မာလို ရေးပြီး ဘေးကနေ အင်္ဂလိပ်လိုပါ ထည့်ပေးတတ်ကြတယ်။ ဆော့ဝဲလ်(software)ဆို တာမျိုးပေါ့။
ကျနော်သိချင်နေတဲ့ လိုင်စင် အကြောင်းလေးတွေ သိလိုက်ရတယ်။ အစ်ကို ဆရာ ကိုသီဟ ခင်ဗျာ။