Open-source လိုင်စင်များ အကြောင်း သိကောင်းစရာ (၂)

ခုမှ စဖတ်မယ့် သူတွေအတွက် အရင်အပိုင်းကို ပြန်ညွန်းလိုက်ပါတယ်။

Apache License

Apache License အနေနဲ့ အခုချိန်မှာ Version 2.0 ဆိုပြီး ရှိနေပါတယ်။ သူကတော့ အသုံးပြုသူကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးထားပါတယ်။ အဲဒီ လုပ်ပိုင်ခွင့်တွေကို Copyright(ကူးယူဖြန့်ချီပိုင်ခွင့်) မှာရော Patent (မူပိုင်ခွင့်)တွေမှာ သုံးနိုင်ပါတယ်။ အဲဒီလို ခွဲခြားပြောရတယ်ဆိုတာ တစ်ချို့လိုင်စင်တွေမှာ ကူးယူဖြန့်ချီပိုင်ခွင့်ကိုသာ ပေးထားပြီး မူပိုင်ခွင့်ကိုတော့ ကန့်သတ်ထားတတ်လို့ပါ။ Apache License နဲ့ ဖြန့်တာ ဆိုရင် မူပိုင်ခွင့်က တစ်ဦးတည်း တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ အားလုံး ပိုင်သွားပါပြီ။ ကူးယူဖြန့်ချီပိုင်ခွင့်လဲ အားလုံးမှာ ရှိသွားပါပြီ။ ပြောရရင် အများပိုင်ပြုလိုက်တဲ့ သဘောလို့ ဆိုရမယ် ထင်ပါတယ်။ Apache License ကို ဒီထက် အသေးစိတ် နားလည်အောင် ပြောရမယ် ဆိုရင်

  • ပိုင်ခွင့်က ထာဝရသဘောဆောင်တယ်
    Apache လိုင်စင်နဲ့ ဖြန့်လိုက်တဲ့ Product (Software) တစ်ခုက တစ်ခါ သုံးခွင့်ပေးလိုကတဲ့ အချိန်က စလို့ တစ်သက်လုံး သုံးခွင့်ရှိတယ်။ လိုင်စင်ကို ပြန်သိမ်းလိုက်လို့ သုံးမရတော့တာမျိုး မရှိဘူး။ ပိုင်ရှင် စိတ်ပြောင်းသွားလို့ သုံးခွင့် ရပ်သွားတာမျိုးမရှိဘူး။
  • ပိုင်ခွင့်က တစ်ကမ္ဘာလုံးနဲ့ဆိုင်တယ်
    Apache လိုင်စင်နဲ့သာ တစ်နိုင်ငံမှာ ခွင့်ပြုလိုက်၊ အဲဒီခွင့်ပြုချက်က နိုင်ငံအားလုံးနဲ့ သက်ဆိုင် သွားစေတယ်။ ဥပမာ – အိန္ဒိယမှာ ဖြန့်လိုက်တဲ့ Apache လိုင်စင် Product ကို အမေရိကန်မှာလဲ သုံးလို့ရတယ်။ ဘယ်နိုင်ငံတော့သုံး၊ ဘယ်နိုင်ငံတော့ မသုံးနဲ့ဆိုပြီး ကန့်သတ်လို့ မရဘူး။
  • ပိုင်ခွင့်က အခမဲ့သာလျှင် ဖြစ်ရမယ်
    သုံးတဲ့အခါမှာလဲ ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုဘူး၊ ဘယ်လိုနည်းနဲ့မှ ပိုက်ဆံလဲ တောင်းလို့ မရသလို၊ ပိုက်ဆံလဲ ပေးစရာမလိုဘူး။
  • ပိုင်ခွင့်ကို ဘယ်တော့မှ ပြန်ရုပ်သိမ်းခွင့်မရှိ
    Apache လိုင်စင်နဲ့ဆိုရင် ခွင့်ပြုပြီးတဲ့အချိန်က စလို့ ဘယ်တော့မှ ပြန်ရုပ်သိမ်းခွင့် မရှိတော့။ သုံးနေရင်း တန်းလန်း လိုင်စင်ကို ရုပ်သိမ်းသွားလို့ ဒုက္ခရောက်မှာ ပူစရာ မလိုတော့ဘူးပေါ့။ တစ်ခြား လိုင်စင်တွေမှာတော့ ရှေ့ဆက်ပြီး သုံးစွဲခွင့်မရှိဆိုပြီး လိုင်စင်ကို ပြန်ရုပ်သိမ်းသွားလို့ ရပါတယ်။ အဲဒီအခါ ကိုယ်သုံးထားသမျှ Open-source တွေအားလုံး ရှေ့ဆက်သုံးလို့ မရတော့ပါဘူး။ Apache လိုင်စင်တွေမှာတော့ အဲဒါမျိုးတွေ ပူစရာ မလိုတော့ပါဘူး။

Apache လိုင်စင်နဲ့ ဖြန်တာတွေကို တစ်ဆင့် ပြန်လည်ဖြန့်ဝေတဲ့ နေရာမှာ လိုက်နာရမှာတွေကတော့ တီထွင်ဖန်တီးသူကို သင့်တော်တဲ့ အသိအမှတ်ပြုမှု (Credit) ပေးဖို့လိုပါတယ်။ အဲဒီလို Apache လိုင်စင်နဲ့ ဖြန့်ဝေတာတွေကို ရယူသုံးစွဲထားတယ်ဆိုရင် ကိုယ့်ဖန်တီးလိုက်တဲ့ နောက်ထပ် ထုတ်ကုန်ကလဲ အဲဒီ Apache လိုင်စင်အတိုင်းပဲ ပေးရမှာ ဖြစ်ပါတယ်။

Creative Commons

တကယ်တော့ Creative Commons (CC) ဟာ Open-source လိုင်စင် မဟုတ်ပါဘူး။ ဒါပေမယ့် အများအားဖြင့် ဒီဇိုင်းနဲ့ ပတ်သက်တဲ့ အလုပ်တွေမှာ အသုံးများပါတယ်။ CC လိုင်စင်နဲ့ ပတ်သက်ရင် ပုံစံမျိုးစုံ ရှိပါတယ်။ တစ်ခုခြင်းစီမှာ ပုံစံမတူတဲ့ ပိုင်ခွင့်တွေ သတ်မှတ်ပေးထားပါတယ်။ အဓိကအားဖြင့် CC လိုင်စင်မှာ အစိတ်အပိုင်း လေးခုရှိပါတယ်။ တစ်ခုခြင်းစီ၊ ဒါမှမဟုတ် ပေါင်းစပ်ပြီး ပိုင်ခွင့်တွေ ပေးနိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်း လေးခုကတော့

  • Attribution (အသိအမှတ်ပြုကို ပြုရပါမယ်)
    အလုပ်ရဲ့ မူရင်းဖန်တီးသူကို အသုံးပြုသူက အသိအမှတ်ပြု (Attribute) ပေးကို ပေးရပါမယ်။ အဲဒီလို အသိအမှတ်ပြုပြီးပြီဆိုရင်တော့ ပြင်ချင်သလိုပြင်၊ ဖြန့်ချင်သလိုဖြန့်၊ ကူးချင်သလိုကူး တစ်ခြား ဘယ်လိုပဲ သုံးသုံး၊ သုံးလို့ရပါတယ်။
  • Share Alike (လိုင်စင် ပုံစံတူသာ ဖြန့်ဝေနိုင်ပါတယ်)
    အလုပ်ကို ပြင်ချင်လို ပြင်နိုင်ပါတယ်။ ဖြန့်ချင်သလို ဖြန့်နိုင်ပါတယ်။ ဒါပေမယ့် CC လိုင်စင် တစ်ပုံစံတည်းနဲ့သာ ပုံစံတူ ဖြန့်ဝေရပါမယ်။
  • Non-Commercial (စီးပွားရေး လုပ်ငန်းများတွင် မသုံးရ)
    အလုပ်ကို စိတ်ကြိုက်ပြပြင် ဖန်တီးနိုင်ပါတယ်။ အဲဒီလိုပဲ စိတ်ကြိုက် ဖြန့်ဝေနိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေးအလို့ငှာ၊ ပိုက်ဆံရှာတာအတွက် မဖြန့်ဝေရပါဘူး။ မသုံးရပါဘူး။ အမြတ်အစွန်း အလို့ငှာ မဖြန့်ဝေရပါဘူး။ မရောင်းချရပါဘူး။ ပိုက်ဆံ နည်းနည်းပဲ ရှာတာပါဆိုရင်တော့ သုံးစွဲခွင့် မရှိပါဘူး။
  • No Derivative Works (ပြန်လည်ပြုပြင် ဖန်တီးပိုင်ခွင့်မရှိ)
    ဒါကတော့ရှင်းပါတယ်။ သုံးပါ၊ ဖြန့်ပါ၊ ဒါပေမယ့် မပြင်ပါနဲ့ပေါ့။ မူရင်းအတိုင်းသာ ဖြစ်ရပါမယ်။

အဲဒီ အပေါ်မှာ ပြောခဲ့တဲ့ CC ရဲ့ အစိတ်အပိုင်းတွေကို ပေါင်းစပ်နိုင်ပါတယ်။ အဲဒီလိုင်စင်ထဲမှာ အကျပ်ဆုံး လိုင်စင်ကတော့ Attribution (အသိအမှတ်ပြုကိုပြုပါ)၊ Non-commercial(စီးပွားရေးအတွက် မသုံးရ)၊ No Derivatives (ပြန်လည် ပြင်ဆင်ခွင့် မရှိ) ဆိုတဲ့ လိုင်စင်ပါ။ အချောင်ဆုံးလိုင်စင်ကတော့ Attribution (အသိအမှတ်ပြုကို ပြုပါ) ဆိုတဲ့ လိုင်စင်ပဲ ဖြစ်ပါတယ်။

CC လိုင်စင်ကို Development တွေမှာထက် Design တွေမှာ အသုံးများပါတယ်။ ဒါပေမယ့် CC ကို ဒီဇိုင်းမှာပဲ သုံးရမယ်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိပါဘူး။ ကြိုက်တဲ့နေရာမှာ ကြိုက်သလို သုံးနိုင်ပါတယ်။ ဒါပေမယ့် CC လိုင်စင်နဲ့ဟာတွေကို သုံးမယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ ဖြန့်မယ်ဆိုရင်ပဲ ဖြစ်ဖြစ် အားလုံးကို အသေးစိတ် သိထားဖို့ လိုမှာ ဖြစ်ပါတယ်။

Open-source လိုင်စင်တွေနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ထားတာတွေကို လေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ သွားပြီး လေ့လာနိုင်ပါတယ်။

Reference : A Short Guide to Open-Source And Similar Licenses

Facebook comments:

Leave a comment


*