အွန်လိုင်း ပညာရေး

အောင်ဘုတစ်ယောက် ဒီနေ့ စာကြည့်တိုက်က ဒေါင်းလုတ်ဆွဲလာတာ လေးတွေ ကျွဲကျောင်းရင် လေ့လာဖို့ စိတ်ကူးထားသည်။ ပရင့် ထုတ်ထားသော စာရွက်များ။ စာကြည့်တိုက်ဆို၍ အကြီးကြီးဟု မထင်ပါနှင့်။ ကွန်ပျူတာ နှစ်လုံး ပရင်တာ တစ်လုံးသာရှိသည်။ ဒါပေမယ့် အွန်လိုင်း စာသင်ကြားရေးက အောင်ဘုတို့ ရွာလေးအထိ ခြေဆန့်လာသည်။ သင်္ဘောတစ်တန် ကားတစ်တန်ဖြင့် ရောက်လာသည်မဟုတ် မိုးပေါ်မှာ ခုန်ပျံကျော်လွားပြီး ရောက်လာခြင်းဖြစ်သည်။ တိုင်တစ်တိုင်သာ ထောင်ထားတာ တွေ့သည်။ ပြီးတော့ ကွန်ပျူတာနှင့် ချိတ်ထားသည်။ ဒီလိုနဲ့ အောင်ဘုလို ဆယ်တန်းအောင်ထားပြီး ကျောင်းဆက်မတက် ဖြစ်သူအတွက် မဟာ အခွင့်အရေးကြီး ဖြစ်လာခဲ့သည်။ အောင်ဘု လေ့လာချင်သည်က ကွန်ပျူတာ ပရိုဂရမ်းမင်း၊ ခု အောင်ဘု ဗွီဘီဒေါ့နက် သင်ခန်းစာတွေ ဒေါင်းလာခြင်း ဖြစ်သည်။

မိပေါက်လည်း အောင်ဘု အဆွယ်ကောင်းသဖြင့် စာကြည့်တိုက်ကလေးသို့ ရောက်ဖြစ်သည်။ စာကြည့်တိုက်ကလေးက မိပေါက်တို့ ငယ်ငယ်က တက်ခဲ့သည် မူလတန်းကျောင်းလေးက အခန်းတစ်ခန်းကို ယူပြီး ဖွင့်ထားခြင်းဖြစ်သည်။ အောင်ဘုက စကားတွေ ရွှန်းရွှန်းဝေအောင် ကြွားသွားသည်။ မခံချင် စိတ်ကလေးက ဖြစ်လာသည်။ အောင်ဘုနှင့် သူက ကျောင်းမှာကတည်းက ပြိုင်ဖက်တွေလေ။ မိပေါက်လည်း ဆယ်တန်းအောင်ပြီးတော့ ဘာလုပ်ရမှန်းမသိ။ အမေ့ယာခင်းမှာ ဝင်ကူလိုက် မောင်လေးတွေကို ထိန်းလိုက်နှင့် ခုမှ စာကြည့်တိုက်ကို ရောက်တော့သည်။ မိပေါက်က အောင်ဘု အကူအညီနဲ့ အင်္ဂလိပ်စာလေ့လာဖို့ စာကြည့်တိုက်ကို ရောက်လာတာ ဖြစ်သည်။ မိပေါက်လည်း ပရင့်ထုတ်ထားသော စာရွက်စာတမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ထွက်လာသည်။ မျက်နှာမှာတော့ ပြုံးလို့ရွှင်လို့။ မှိုရသည့် မျက်နှာကို သကာရည် လောင်းထားသလို။ တကယ်တော့ အောင်ဘုနဲ့သူက ဟိုလိုလို ဒီလိုလို။

ဒါက ကျွန်တော် စိတ်ကူယဉ်ပုံဖော် ကြည့်မိသော အောင်ဘုနှင့် မိပေါက်ဇာတ်လမ်းဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဆင့်မြင့်နည်းပညာလို ပညာတွေ တတ်မြောက်မှုကွာဟချက်ကို လျော့ချနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က အွန်လိုင်းပညာရေး စနစ်ပဲဟု Newsweek က ပင်တိုင်ဆောင်းပါရှင် ဆာရာ ဂါလင်က ဆိုသည်။ ကျွန်တော်တို့ အတွက်လည်း တောနှင့် မြို့ ပညာရေးကွာဟမှုကို ကျဉ်းမြောင်းစေနိုင်သော အမြန်ဆုံးနည်းလမ်းမှာ အွန်လိုင်းပညာရေး စနစ်ပဲဖြစ်သည်ဟု ထင်သည်။ အွန်လိုင်းပညာရေးကို တားဆီးထားသော အတားအစီးများကို လေ့လာကြည့်မည်ဆိုလျှင် အခြေခံပညာရေး အဆင့် မလုံလောက်မှုဆိုတာ အဓိကနေရာမှ ရှိသည်။ သို့သော် ကျွန်တော်တို့အတွက် အခြေခံပညာရေးက အတိုင်းအတာ တစ်ခုအထိ လုံလောက်ပြီး ဖြစ်သည်ဟု စာတတ်မြောက်နှုန်း စားရင်းဇယား များကို ကြည့်လျှင် သိနိုင်သည်။

တကယ်တော့ အွန်လိုင်းပညာရေး စနစ်အစက ကျောင်းကို အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်သော ကလေးများအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး အစပြုခဲ့ခြင်းဖြစ်သည်။ ယခုတော့ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် အရေးအပါဆုံးဖြစ်လာနေပြီဟု ဆိုသည်။ အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုများကဲ့သို့ အင်တာနက် အသုံးပြုတတ်ရေး လှုပ်ရှားမှုမျိုးအထိ လုက်ကိုင် ဆောင်ရွက်ကြဖို့ လိုလာပြီဟု သဘောရသည်။

နိုင်ငံတကာက အွန်လိုင်းပညာရေး လှုပ်ရှားမှုများကို ဆောင်းပါးရှင်က ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ သက်တမ်းအရှည်ဆုံး အဝေးသင် ပညာရေးကျောင်း တစ်ကျောင်းဆိုလျှင် သင်ခန်းစားများကို အွန်လိုင်းမှ ဖြန့်ချီနေပြီဖြစ်သည်။ မေးလိုရမေး ကဏ္ဍများကလည်း အွန်လိုင်းပညာရေး စနစ်နှင့် လိုက်ပါစီးမျော နေသော ကျောင်းသားများအတွက် အများကြီး အထောက်အကူပြုစေသည်။ နေရာဒေသမရွေး၊ အချိန်မရွေး အင်တာနက်ရှိရုံနှင့် မေးနိုင်သည်။ ဆွေးနွေးနိုင်သည်။ သီရိလင်္ကာက ရေဒီယိုအစီအစဉ်တစ်ခုသည် နားသောတဆင်သူများ ထံမှ မေးလာသော မေးခွန်းများကို ဂူးဂယ်လင်း(Googling) လုပ်ပြီး ပြန်ဖြေကြားပေးသည်။

အွန်လိုင်းပညာရေးသည် ဆရာများအတွက်လည်း အများကြီးအထောက်အကူ ပြုနိုင်သည်ဟု ဆောင်းပါးရှင်က ဆိုသည်။ ဆရာများအတွက် လိုအပ်သည့် သင်ခန်းစာများ၊ ထပ်တိုးတန်းဖိုးများကို အွန်လိုင်းကတစ်ဆင့် မိမိကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် အလွယ်တကူ ရနိုင်သည် ဟုဆိုသည်။

ယခု ဆောင်းပါးသည်လည်း Popular News တွင် ပါပြီ ဖြစ်သည်။ Online Learning နှင့် ပတ်သက်ပြီး ဆက်စပ်နေသဖြင့် ပြန်တင်လိုက်ခြင်း ဖြစ်သည်။

Facebook comments:

One Response

  1. [...] ကျွန်တော် ဟိုးအရင်က ရေးဖူးတဲ့ အွန်လိုင်းပညာရေး ဆိုတဲ့ ဆောင်းပါးလေးကိုလည်း [...]

Leave a comment


*