လက်တွဲညီညာ အွန်လိုင်းမှာ (၂)

၃။ ပြဿနာအမှတ် (၃) အိုင်ဒီယာများဖန်တီးရေးနှင့် ဦးနှောက်မုန်တိုင်းဆင်ခြင်း (Idea Generation and brainstorming)

အင်တာနက်အကြောင်း ပြောရမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Broadband Connection တွေဟာ  နိုင်ငံပေါင်းစုံမှာ ရှိနေတဲ့ လူတွေကို တစ်ပေါင်း တစ်စည်းတည်း ဖြစ်အောင် စုစည်းပေးလိုက်ပါတယ်။ အဲဒီလို စုစည်းပေးလိုက်တဲ့ အတွက်ကြောင့် အိုင်ဒီယာတွေ မျိုးစုံ အလွယ်တကူ စီးဆင်းသွားစေပါတယ်။ တစ်ခြားသူတွေ ချပြထားတဲ့ အိုင်ဒီယာတွေကို အလွယ်တကူ လေ့လာလို့ ရသလို ကိုယ့် အိုင်ဒီယာတွေကိုလည်း အလွယ်တကူ ဖြန့်ဝေလို့ ရလာပါတယ်။

Design Instruct အနေနဲ့ Broadband Connection ရဲ့ မြန်ဆန်တဲ့ Speed ကို ကောင်းကောင်း အသုံးချတယ်လို့ ဆိုပါတယ်။ Voice Call တွေ တင်မက၊ Video Call တွေ တွင်တွင်ကျယ်ကျယ် သုံးပြီး Team Member အချင်းချင်း ဆက်သွယ်ကြပါတယ်။ ကျွန်တော်တို့အတွက် Voice Call ကတော့ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေနိုင်ပေမယ့် Video Call ကတော့ ကွန်နက်ရှင် အခက်အခဲကြောင့် သိပ် အဆင်မပြေနိုင်သေးပါဘူး။ Voice Call နဲ့ Video Call ဟာ အကျိုးသက်ရောက်မှု အများကြီး ကွာပါတယ်။ Voice-to-Voice မဟုတ်တော့ပဲ Face-to-Face ပုံစံကို ဖော်ဆောင် ပေးနိုင်တဲ့အတွက် Face-to-face Communication ရဲ့ အားသာချက်တွေကို ရရှိစေပါတယ်။

ဒါပေမယ့် ယနေ့ကမ႓ာမှာ တစ်ယောက်က ခွင့်ပြုထားရင် တစ်ယောက်ဘာလုပ်နေတယ် ဆိုတာတွေ အကုန်သိနိုင်နေပြီ ဖြစ်သလို၊ တစ်ယောက်စက်ထဲကို တစ်ယောက်က ဝင်ပြီး လိုတာတွေ ဝင်လုပ်ပေးလို့ ရနေပါပြီ။ အဲဒီအတွက် Team Viewer လို Software တွေကို အွန်လိုင်းမှာ အလွယ်တကူ ရနိုင်နေပြီ ဖြစ်ပါတယ်။ ဒီလို Communication Technology တွေဟာ Online Collaboration အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

အဲဒီလို လွယ်လွယ်ကူကူ ဆက်သွယ်လို့ ရတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် အခန်းတစ်ခန်းထဲမှာ Team Member တွေ စုပြီး လုပ်ရသလောက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

Brainstorming လုပ်ကြတဲ့ အခါမှာလည်း တကယ့် Real World မှာ အချိန်ဇယားသတ်မှတ် ရတာ မလွယ်ပါဘူး။ လက်ဟန် ခြေဟန်တွေနဲ့ ပြောကြဆို ကြ၊ အချင်းချင်းအော် ဟစ်ပြောဆိုကြ၊ လည်ပင်းကြောထောင်အောင် ငြင်းကြဆိုတာ အပြင်မှာပဲ ဖြစ်နိုင်ပါတယ်။ အွန်လိုင်းမှာတော့ အဲဒီလို အနှစ်သာရ ပြည့်ဝဖို့ မလွယ်ပါဘူး။ နောက်တစ်ချက်က Brainstorming လုပ်နေတဲ့အခါ ညွှန်းစရာတွေကို ညွှန်းရတဲ့အခါ တစ်ဖက်လူက ချက်ချင်း မမြင်နိုင်တဲ့အတွက် အခက်အခဲတွေ ရှိလာပြန်ပါတယ်။

ဒီတော့ အိုင်ဒီယာတွေဟာ အပြင်မှာ အခန်းတစ်ခုတည်းမှာ စုပြီး Brainstorm ကြသလိုမျိုး အစီအစဉ်တကျ ထွက်လာဖို့ မလွယ်ပါဘူ။

ပြဿနာ အမှတ် (၃) အတွက် အဖြေ

ဒီပြဿနာရဲ့ အဖြေကတော့ အစွဲတွေ ချွတ်ရမှာ ဖြစ်ပါတယ်။ အစွဲတွေမချွတ်လို့လည်း မဖြစ်ပါဘူး။ ကိုယ့် Team Member တွေ အားလုံးကို မတူညီတဲ့ အရပ်ဒေသတွေမှာ နေနေကြတာကိုး။ တစ်ခန်းတည်းမှာ ထိုင်ပြီး အလုပ်လုပ်ကြသလိုမျိုးတော့ ဘယ်ဖြစ်မလဲ။ ဒါပေမယ့် အဲဒီလို တစ်ခန်းတည်းမှာ မစုနိုင်တာထက်စာရင် အဝေးမှာ နေပြီး စုမိကြတာ အများကြီး ကောင်းပါတယ်။

ဒီနေရာမှာ Virtual Divide(ဗွီကမ္ဘာအသားကျမှု ကွာဟချက်) တွေကို မေ့ထားရပါမယ်။ ကန့်သတ်ချက်တွေကို လစ်လျှရှုပြီး အားသာချက်တွေကို အကောင်းဆုံး အသုံးချဖို့ လိုပါတယ်။ Brainstorming ဆိုတဲ့ အခန်းကဏ္ဍဟာ Project တစ်ခု အစပြုတဲ့နေရာမှာ မရှိ မဖြစ်အရေးပါပါတယ်။ ကိုယ်တစ်ယောက်တည်းဆို Brainstorming ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Brainstorming Section ကို အတတ်နိုင်ဆုံး Real Time လုပ်ဖို့ စီစဉ်ပါ။ Video Conference တွေလုပ်ပါ။ အကယ်၍ Real Time မစီစဉ်နိုင်ရင် Forum သဘောမျိုး စီစဉ်ထားဖို့ လိုပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ရတဲ့ Project တွေအတွက်ဆိုရင် Real Time Brainstorming က မရှိမဖြစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီတော့ မတူညီတဲ့ အခြေအနေတွေထဲကနေ အားနည်းချက်တွေ ဖယ်ထုတ်ပြီး၊ အားသာချက်တွေ ရယူအသုံးချပါ။ အစွဲချွတ်ပါ။

ပြဿနာ အမှတ် (၄) Version Control of Files (ဖိုင်များ၏ ဗားရှင်းများကို စီမံခန့်ခွဲခြင်း)

ဖိုင်တွေအများကြီးကို Team Member တွေ အားလုံးအတွက် အချင်းချင်း ဖြန့်ဝေကြရာမှာ အဓိက အကျဆုံး ပြဿနာကတော့ Version ပါပဲ။ အီးမေးလ်နဲ့သာ ဖြန့်နေမယ်ဆိုလို့ကတော့ အဲဒီပြဿနာကို အဓိက ကြုံရမှာ ဖြစ်ပါတယ်။ တစ်ယောက်က နောက်ဆုံး ဗားရှင်းမှတ်လို့ အသုံးချတယ်။ အဲဒီမှာ တစ်ဖက်က ပြန်ပြင်နေတုန်း စသည်ဖြင့် ပြဿနာတွေ တက်လာပါတော့တယ်။

ပြဿနာ အမှတ် (၄) အတွက် အဖြေ

ပြဿနာရဲ့ အဖြေကတော့ File တွေကို အမြဲတမ်း Team Viewer တွေဆီမှာ နောက်ဆုံးဗားရှင်းတွေ ဖြစ်နေစေဖို့ စီစဉ်ဆောက်ရွက် ပေးရမှာ ဖြစ်ပါတယ်။ Design Instruct ကတော့ Drop Box ကို ညွှန်းပါတယ်။ Drop Box ဟာ ဖိုင်တွေကို Version အတွက် စိတ်ပူစရာ မလိုအောင် အထောက်အပံ့ပေးနိုင်ကြောင်း တွေ့ရပါတယ်။ Team Member များအားလုံးအသုံးပြုနိုင်တဲ့ Shared Folder တစ်ခုထားပြီး အသုံးပြုပါတယ်။

တစ်ခြား File Syncing Tool တွေတော့ အများကြီးရှိနေနိုင်ပါတယ်။ Design Instruct ကတော့ Drop Box ကအကောင်းဆုံးပါလို့ ဆိုပါတယ်။

ပြဿနာ အမှတ် (၅) အလုပ်တာဝန်ခွဲဝေမှု (Work Delegation)

အလုပ်တာဝန်တွေကို ခွဲဝေတဲ့အပိုင်းတွေဟာ အရေးအကြီးဆုံးအပိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ အချိန်အရမ်းတိုတဲ့ Project တွေကို အလုပ်တွေ ခွဲဖို့ဆိုရင် ပိုပြီး ခက်လာပါတော့တယ်။ အလုပ်တွေကို စနစ်တကျ ဆစ်ပိုင်းတဲ့နေရာမှာ အချိန်လိုပါတယ်။ အလုပ်တွေကို ခွဲခြမ်းပြီး လုပ်တဲ့အခါမှာ သေသေချာချာ မခွဲထားရင် ပြန်ပေါင်းတဲ့အခါ ဘယ်လိုမှ ပေါင်းမရတော့တဲ့ ပြဿနာတွေ ကြံုလာရနိုင်ပါတယ်။

နောက်တစ်ခုက ဘယ်သူက ဘာအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တယ်၊ ဘယ်သူက ဘယ်အပိုင်းတွေ တာဝန်ယူထားတယ်ဆိုတာ မခွဲခြားထားရင် အမြန်လိုတဲ့ Project တွေအတွက် အများကြီး အခက်အခဲ ဖြစ်လာပါတော့တယ်။ အကုန်တတ်နေတဲ့ သူတွေအတွက် ပိုဆိုးပါတယ်။ ဟိုဟာလည်း စိတ်တိုင်းမကျ ဒီဟာလည်း စိတ်တိုင်းမကျနဲ့ ဘယ်လိုမှ ပူးပေါင်းဆောင်ရွက်လို့ မရတော့ပါဘူး။ ကျွန်တော်တို့ မြန်မာတွေဟာ အဲဒီလို အမျိုးအစားထဲမှာ ပါပါတယ်။ နိုင်ငံခြားက ကွန်ပျူတာ ပညာရှင်ဆိုတာ Specialist ပါ။ သူကျွမ်းကျင်တဲ့ နယ်ပယ်ကို စေ့စေ့စပ်စပ် သိသလို အကောင်းဆုံး အလုပ်ဖြစ်အောင်လည်း လုပ်နိုင်စွမ်းရှိကြပါတယ်။ မြန်မာတွေကတော့ အခြေအနေအရ အကုန် တစ်ယောက်တည်း လုပ်နေရတတ် တာကြောင့် Generalist တွေ ဖြစ်နေတတ်ပါတယ်။ Graphic Design လည်း သူပဲ၊ Web Design လည်း သူပဲ၊ နေရာတကာ အကုန် သူပဲ ဆိုသလို လုပ်နေကြရတတ်ပါတယ်။ အဲဒီလို လုပ်နေကြရတော့ နေရာတကာ ပါချင်လာပါတော့တယ်။

Project Team Member တွေအနေနဲ့ Skills တွေ ထပ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ယောက်က Design မှာ အရမ်းကျွမ်းကျင်နေသလို တစ်ယောက်ကလည်း Design မှာ တစ်ဖက်ကမ်းခပ် ဆိုတာမျိုးတွေ ရှိနေနိုင်ပါတယ်။ အဲဒီအခါမှာ Idea Overlap တွေ ဖြစ်လာပါတော့တယ်။ တစ်ယောက်အိုင်ဒီယာကို တစ်ယောက်က သဘောမကျတာတွေ ဖြစ်လာပါတယ်။

ပြဿနာ အမှတ် (၅) အတွက် အဖြေ

ပြဿနာအမှတ် (၅) ရဲ့ အဖြေကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တည်ဆောက်ထားခြင်းပါပဲ။ နားလည်မှုဆိုတာ စကားလုံး သုံးလုံးတည်း ရှိပေမယ့် အင်မတန် တည်ဆောက်ရခက်ပါတယ်။ Trust ကို ဖြစ်ပေါ်စေဖို့ တစ်ယောက်နဲ့ တစ်ယောက် Dependent ဖြစ်နေလို့ မရပါဘူး။ Interdependent ဖြစ်နေဖို့ လိုပါတယ်။ ဒီလို Interdependent ဖြစ်ဖို့ဆိုရင် Trust ဆိုတာ မရှိမဖြစ် အရေးပါလာပါတော့တယ်။ အဲဒီလို Trust အားနည်းတာကြောင့်လည်း အဖွဲ့တွေကွဲကြရပါတယ်။ ဘယ်လို နားလည်မှု တည်ဆောက်ကြမလဲ။

ပထမဦးဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် အလုပ်အပေါ် အမြင်တွေကို သိထားကြဖို့ လိုပါမယ်။ ညီအကိုင်အချင်းချင်း ဆိုတာတောင် အမြင်ခြင်း မတူကြပါဘူး။ တစ်ယောက်က အလုပ်ဖြစ်ဖို့ အဓိက၊ တစ်ယောက်က အလုပ်ကောင်းဖို့ အဓိက။ တစ်ယောက်က အလုပ်အဆင်အပြင်တွေ ကို စိတ်ဝင်စားတယ်၊ တစ်ယောက်က အတွင်းပိုင်းကျတဲ့ နည်းပညာတွေကို စိတ်ဝင်စားနေတတ်ပါတယ်။ တစ်ယောက်က Mac သုံးတယ်၊ တစ်ယောက်က Windows ဆိုသလို အမျိုးမျိုးကွဲပြားနေပါတော့တယ်။ အပြင်မှာဆိုရင် ခေါင်းဆောင်ကောင်း တစ်ယောက် ရှိတာနဲ့ အဲဒါတွေကို စုပေါင်းဆောက်ရွက်နိုင်စွမ်း ရှိပါတယ်။ ခုဟာက အွန်လိုင်းမှာဆိုတော့ အဲဒီလို အခွင့်အရေးမျိုးမရတော့ပါဘူး။ Team Member အားလုံးဟာ ခေါင်းဆောင်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အလုပ်အပေါ် အမြင်တွေကို သိထားဖို့ လိုပါမယ်။ ငါက ဒီလို စဉ်းစားရင် သူက ဒီလို စဉ်းစားမှာပါလား ဆိုတာမျိုးတွေ သိထားရပါမယ်။

Work Delegation အပိုင်းမှာ Project-Oriented ဖြစ်တာကြောင့် Flexible ဖြစ်ဖို့လည်း လိုပါတယ်။ ဒီ Project မှာ တစ်ယောက်က Design ပိုင်းကိုင်တာ ပိုကောင်းပေမယ့် နောက် Project မှာတော့ Program ရေးတာ ပိုကောင်းနေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် Project တစ်ခုခြင်း စီအလိုက် စီမံခန့်ခွဲဖို့ လိုပါတယ်။ ဘောလုံးပွဲ တစ်ပွဲခြင်းစီကို မန်နေဂျာက စီမံခန့်ခွဲရသလိုမျိုးပါ။ တစ်ပွဲမှာ သူက အထောင်တိုက်စစ်မှူး ဖြစ်ပေမယ့် နောက်တစ်ပွဲမှာ နောက်ချန်တိုက်စစ်မှူး ဖြစ်နေနိုင်ပါတယ်။

နောက်ထပ်အရေးအကြီးတဲ့ အချက်ကတော့ တစ်ယောက်ခြင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့ လိုပါမယ်။ ဒီလို သိဖို့ဆိုတာ အချိန်လိုပါတယ်။ ဒါကြောင့် Business Project တွေကို မလုပ်ခင်မှာ Dummy Project တွေအများကြီး စုလုပ်ထားဖို့ လိုပါတယ်။ စိတ်ကူးယဉ် Project တွေပေါ့။ အများကြီး လုပ်ကြည့်ထားဖို့ လိုပါမယ်။ ဒါမှသာ တကယ် ငွေရေးကြေးရေးနဲ့ လုပ်ရတဲ့အခါ လွယ်လွယ်ကူကူ လုပ်နိုင်မှာ ဖြစ်ပါတယ်။

Work Delegation ကတော့ Online Team Collaboration မှာ အရေးအကြီးဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အချိန်ယူပြီး တည်ဆောက်ရတာ ဖြစ်သလို အောင်မြင်ရင် အောင်မြင်သလောက် အကျိုးများတဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း သွားတာထက် စုပေါင်းပြီး သွားတာ ကောင်းတယ် ဆိုတာ လူတိုင်း သိပါတယ်။ ခက်တာက မစုမိကြပါဘူး။ စုမိကြရင်လည်း မတည့်ပါဘူး။ တည့်ပြန်ရင်လည်း မပေါင်းနိုင်ကြပါဘူး။ ပေါင်းနိုင်ကြရင်လည်း မမြဲကြပါဘူး။ ပုလင်းတူဗူးဆို့မှာ အဆင်ပြေပေမယ့် တကယ့် မိုးထဲလေထဲကြမှ ကွဲကြရတာလည်း ရှိသလို၊ တကယ့် မိုးထဲလေထဲမှာ ပေါင်းမိကြပေမယ့် နေသာတော့ ကွဲကြရတာလည်း ရှိပါတယ်။ အဲဒီလို စုပေါင်းလုပ်နိုင်ဖို့ဆိုတာ ပြောရရင် ငယ်ငယ်ကတည်းက လုပ်ရမှာလို့ ပြောရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျောင်းတွေမှာ ရှိတဲ့ Activity တွေမှာ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေ တည်ဆောက်ရပါမယ်။ ခုလို Activity တွေ အပြလုပ်နေတဲ့ အခြေအနေနဲ့ စုပေါင်းမိဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒီ Generation မှာ သိ၊ နောင် Generation မှာ အကောင်အထည်ဖော်၊ နောက် Generation မှာ အသုံးချ ဆိုသလို လုပ်ရမယ့် ပုံပါပဲ။

Offline Team Collaboration တွေ အားနည်းနေတဲ့အချိန်မှာ Online Team Collaboration ဆိုတာ ဖြစ်နိုင် အလားအလာ အင်မတန် နည်းပါတယ်။ ဒါပေမယ့် အခုတစ်လော အွန်လိုင်းမှာ လူငယ်တွေ စုမိကြပြီး ပရဟိတလို ကိစ္စမျိုးတွေ ဆောင်ရွက်နေကြတာလည်း Online Team Collaboration တွေပဲ ဖြစ်ပါတယ်။ အဲဒီလို ပရဟိတလုပ်ငန်းတွေ စိတ်ကူးယဉ် Project တွေ ကနေ Team Collaboration ကို သင်ယူရမှာ ဖြစ်ပါတယ်။

Design instruct ကို တည်ထောင်သူတစ်ဦး ဖြစ်တဲ့ Isaac Gube ရဲ့ How to make remote team collaboration work ကို မှီငြမ်းရေးသား ထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။

Facebook comments:

4 Responses

  1. Phyu Hnin Wai says:

    ဒီဆောင်းပါးကို အရမ်းကြိုက်ပါတယ်။

  2. ခုလို Comment ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ …

  3. ှစည်သူအောင် says:

    ကျွန်တော်လည်း အရမ်းသဘောကျပါတယ်ခင်ဗျာ။
    ငယ်စဉ်ကတည်းက စ ရမယ်ဆိုတဲ့အချက်မှာ မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးက ပြောင်းလဲဖို့လွယ်ပါ့မလားခင်ဗျာ။ ဒါထက် ပိုကောင်းမယ်ထင်မိတာက အခုဆိုရင်နိုင်ငံတော်အစိုးရက ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်းတွေဖွင့်ခွင့်ပြုနေပြီဆိုတာပါပဲ။ ဒီတော့အပေါ်က အကို ပြောခဲ့သလိုပါပဲ ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်ဓါတ်တွေ အိုင်ဒီယာကောင်းတွေအတွက် စာသင်ချိန်တွေနဲ့ထပ်တူ အချိန်တစ်ချိန်ထားပြီး လေ့ကျင့်ပေးနိုင်ရင် သိပ်ကောင်းမှာပါခင်ဗျာ ပြီးတော့ ပရဟိတကျောင်းတွေမှာလည်းဖြစ်နိုင်တာပါပဲခင်ဗျာ ဘာလို့လည်းဆိုတော့ မိဘမဲ့ကလေးတွေဟာ ဟိုးငယ်စဉ်တောင်ကျေးကစလို့ လက်ခံပြုစုုုစောက်ရှောက်ထားရမယ့် သူလေးတွေဖြစ်တဲ့အတွက် (အပြင်ကလေးများထက်စာလျှင်) အကြီးအကဲတွေက အနာဂတ်အတွက် အကောင်းဆုံးပုံစံသွင်းနိုင်ကြမှာမို့ စီမံကိန်းတစ်ခုထားပြီးဆောင်ရွက်ရင် အင်မတန် အကျိုးများမယ်လို့ စဉ်းစားမိပါတယ် ခင်ဗျာ။
    (အမှားပါရင်ခွင့်လွှတ်ပါနော်..။)

  4. ခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ … ကျွန်တော်ကတော့ Team Building အတွက် ဘယ်လိုနည်းပဲ ဖြစ်ဖြစ် လုပ်စေချင်ပါတယ်ခင်ဗျာ …

Leave a comment


*