သတင်းအချက်အလက် နည်းပညာ အမြန်လမ်းမနှင့် ကားရောင်စုံများ
“ကျွန်တော်တို့ဆိုင်မှာတော့ တော်တော်များများက ချက်တင်နဲ့ အီးမေးလ်ပဲ အသုံးများပါတယ်။ အသံနဲ့ ပြောလို့ရတဲ့ ဟာတွေကော၊ ရုပ်ပါမြင်ရတဲ့ ဟာတွေလည်း ပါတယ်ပေါ့ဗျာ။ နိုင်ငံခြားနဲ့ ဖုန်းပြောတာလည်း သုံးကြပါတယ်။ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိမယ်ထင်ပါတယ်။ ဆရာဝန်တို့ အခြား စာတမ်းပြုစုတဲ့ သူတွေလောက်ကတော့ အင်တာနက်မှာ သူတို့လိုချင်တဲ့စာတွေ လာရှာကြပါတယ်။” အင်တာနက်ကဖေးဆိုင်မှ ဝန်ထမ်း တစ်ဦးဖြစ်သူ လုပ်သက် (၂)နှစ်လောက် ရှိပြီ ဖြစ်သော ကိုအောင်သူစိုးက ပြောပါသည်။

“ကျွန်တော်ကတော့ ချက်တင်ကိုပဲ အဓိကထားသုံးဖြစ်ပါတယ်။ တစ်ခါတစ်လေ ကွန်မျူနတီဆိုက်တွေ ဝင်ဖြစ်ပါတယ်။ အဲဒီကနေ သူငယ်ချင်း အပေါင်းအသင်းတွေ ရှာပြီး ချက်တင်ပဲ ထိုင်ဖြစ်ပါတယ်။” အသက် (၂၀)ခန့် ရှိပြီဖြစ်သော ကိုတေဇာဝင်းက ပြောပါသည်။ အင်တာနက်ဆိုင်များ အများအပြား ဖွင့်လာချိန်တွင် အင်တာနက် အသုံးပြုသူ အရေအတွက် သိသိသာသာ တိုးတက်လာနေသည်။ အဖိုးအဖွား အရွယ်များကလည်း သူတို့၏ အဝေးရောက် သားသမီးများနှင့် ဂျီတော့၊ ဗွီဇက်အို စသည်တို့ကို အသုံးပြုပြီး စကားပြောသည်။ ကလေးသူငယ် အရွယ်များကလည်း အွန်လိုင်းမှာ အလကားရသော ဂိမ်းများကို ဆော့ကြသည်။ အများအားဖြင့် အချင်းချင်းအပြန်အလှန် ဆက်သွယ်သော စနစ်အတွက်သာ အဓိကထားသုံးကြသည်။ အချင်းချင်းဆက်သွယ်သော စနစ်ထက်ပိုသော အခြား အင်တာနက်၏ မျက်နှာစာများတွင် အသုံးပြုသူအရေအတွက် သိသိသာသာ နည်းပါးလျှင်ပင် ရှိသေးသည်။
“ဒီမှာကတော့ စိတ်ကူးကြည့်လိုက် စိတ်ကူးလို့ရတဲ့နေရာမှာ အင်တာနက်ရှိတယ်။ ကွန်ပျူတာရှိတယ် ဆိုသလို ဖြစ်နေပြီဗျ။ ကလေးတွေအတွက် ကြည့်မလား။ ဖျူးချားစကူး (အနာဂတ်ကျောင်း) ဆိုတဲ့ အစီအစဉ်ကို ကျောင်းငါးကျောင်းကို ရွေးပြီး အကောင်အထည်ဖော် နေပြီဗျ။ အဆင့်မြင့်နည်းပညာ သုံးစာသင်ခန်း ဆိုပါတော့။ ကိုယ်က စာကြည့်တိုက်ကို စာအုပ်သွားငှားမယ်။ ဒါကို အိမ်မှာကတည်းက ကြိုပြီး ငှားလိုတဲ့စာအုပ်ကို ကြိုချိတ်ထားလို့ရတယ်ဗျ။ အစားအသောက်တွေ ကိုလည်း အွန်လိုင်းက မှာစားလို့ရတယ်။ ဘဏ်အကောင့်ရှိရင် အခွန်အခ မှန်သမျှ အွန်လိုင်းက ဆောင်လို့ ရတယ်လေ။ အင်တာတိန်းမင့်ဖက်မှာ ကြည့်မလား၊ အကုန် အင်တာနက်ရှိတယ်ဗျ။ ကိုယ်သွားချင်တဲ့ နေရာကို ဘယ်လိုသွားရမလဲ မသိဘူးလား။ အင်တာနက်မှာ ရှာလိုက် ဘယ်လိုသွားရမယ်၊ ဘယ်လောက်ကုန် ကျမယ် ဆိုတာကအစ ကြည့်လို့ရတယ်လေ။ ရုပ်ရှင် သွားကြည့်ချင်လား။ လက်မှတ်ကို အွန်လိုင်းက မှာလို့ရတယ်ဗျ။ ကားတွေကအစ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အွန်လိုင်းကနေ စီမံခန့်ခွဲနိုင်တယ်ဗျ။ ပြောရရင်တော့ အများကြီးပေါ့ဗျာ။” စင်္ကာပူနိုင်ငံတွင် ကွန်ပျူတာပညာရှင် အဖြစ် ကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင် နေသော ကိုမျိုးအောင်မှ ပြောပါသည်။
“ဒီမှာကတော့ အင်တာနက်ဆိုတာ ဘဝပါပဲဗျာ။ အင်တာနက်နဲ့ ဘဝ တစ်သားတည်း ကျနေပြီ လို့ပြောလို့ရတယ်။ မိုဘိုင်းကိရိယာ အသေးလေးတွေ ဥပမာ ဖုန်း၊ အိုင်ပေါ့ကအစ အင်တာနက်နဲ့ ချိတ်ဆက်ထား ကြတယ်ဗျ။ သူတို့ရဲ့ ကျောင်းက သင်ခန်းစာတွေကို ကိရိယာ သေးသေးလေးတွေထဲ ဒေါင်းလုတ်ချတယ်ဗျာ။ ကျောင်းသူကျောင်းသားတွေ အတွက် သူတို့တက်တဲ့ကျောင်းက ဝက်ဆိုက်တွေမှာ အိမ်စာကူလုပ်ပေးတဲ့စနစ် (Homework Helper) ဆိုတာရှိတယ်။ အဲဒီစနစ်က သင်ခန်းစာကို ဘယ်လို လုပ်ရမယ် ဆိုတာတွေကို ကူညီပေးတယ်။ အဆင့်ဆင့်ဆွဲခေါ်သွားပြီး တွေးခိုင်းတယ်။ အဲဒီလိုပဲ ကောလိပ်မှာ ဆိုရင်လဲ အီး ကွန်ပေးနီးယန်း (ecompanion) လို့ ခေါ်တဲ့စနစ်ရှိတယ်။ လက်ချာ(lecture) အသစ် အကြောင်းကို ပရောဖက်ဆာက အီးမေးလ်ပို့ပြီး အောက်လိုင်း (outlines) ထားတာကို ကိုယ်က အီးကွန်ပေးနီးယန်း ထဲဝင်ပြီး အဲဒီလို လက်ချာမှာ ဘာတွေသုံးမယ် ဘာတွေ ပါတယ်ဆိုတာ ဝင်ကြည့်လို့ရတယ်။ ပြီးတော့ စာကြည့်တိုက် လိုကယ် စာကြည့်တိုက်တိုင်းမှာ အွန်လိုင်းအခမဲ့ ကျူတာစနစ် လုပ်ပေးထားတယ်။ အဲဒီလို အွန်လိုင်းကျူတာကနေ ဘယ်လိုစာအုပ်က ဘာအတွက်၊ ဘယ်နေရာမှာ သုံးရမယ်ကအစ မေးနိုင်တယ်။ ပြီးတော့ သတင်းတွေ ကြည့်တယ်ဗျာ။ အစုံပဲဗျ။ အင်တာနက်မရှိရင် စားမဝင် အိပ်မပျော်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်” အမေရိကန်နိုင်ငံတွင် ပညာ သင်ကြားနေသော ကိုတူးတူးက ပြောပါတယ်။
ချက်တင်၊ အီးမေးလ် အစရှိသော အပြန်အလှန် ဆက်သွယ်နိုင်သော စနစ်များ၏ အလွန်တွင် မျက်နှာစာပေါင်း များစွာရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပြီဖြစ်သည်။ ကျောင်းသား လူငယ်များအနေနှင့်လည်း သူတို့ သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် ရယူနိုင်နေသလို၊ သူတို့ လေ့ကျင့်ခန်းများကိုလည်း အွန်လိုင်းမှ တစ်ဆင့် ဆရာ၊ ဆရာမများကို ပို့လို့ရနေကြသည်။ သေးငယ်သော ဆက်သွယ်ရေး ကိရိယာများဖြစ်သော မိုဘိုင်းဖုန်း၊ အိုင်ပေါ့ စသည်တို့နှင့် ကွန်ယက်ဖွဲ့ ချိတ်ဆက်ကာ မိုဘိုင်းပညာရေး ပုံစံအသစ်ကို တည်ဆောက်နေကြပြီ ဖြစ်သည်။ အီလက်ထရောနစ် စီးပွားရေးဟုခေါ်သော အွန်လိုင်းမှ တစ်ဆင့် စီးပွားရှာနိုင်ရန် ဘဏ်စနစ်စသည့် အခြေခံ အဆောက်အဦများ အပြည့်အစုံရှိနေကြပြီး ဖြစ်သဖြင့် အွန်လိုင်းမှာ ဝယ်ချင်ရာကို ကလစ်တစ်ချက်ခေါက် ဝယ်လို့ရနေကြပြီ ဖြစ်ပါတယ်။
“ကျွန်တော်ကတော့ အီလက်ထရောနစ် စီးပွားရေးကိုလည်း အကောင်အထည် ပေါ်လာစေချင်ပါတယ်။ အဲဒီအထိ မဖြစ်နိုင်သေးရင်လည်း တစ်ခြား အခြေခံအဆောက်အဦ ပိုင်းတွေ အများကြီး လိုနေပါတယ်။ အဲဒီလို အခြေခံ အဆောက်အဦ တွေကို တည်ဆောက် ကြတဲ့အခါမှာလည်း တစ်ဦးကောင်း တစ်ယောက်ကောင်းထက် စုပေါင်းပြီး ကြိုးစားကြဖို့ လိုပါတယ်။ ဥပမာ အဘိဓာန်လို ကိစ္စမျိုး တစ်ယောက်တည်းက လုပ်နေမယ်ဆို အချိန်အင်မတန်ကြာပြီး စုပေါင်းပြီး ရိုက်လိုက်တဲ့အခါ အချိန်တိုနဲ့ ပြီးနိုင်သလို အလုပ်လည်း အဖြစ်မြန်ပါလိမ့်မယ်၊ နည်းပညာကို လေ့လာလိုက်စားနေသူတွေ အနေနဲ့လည်း သင်တန်းကောင်းကောင်း တွေမှာ တက်သင့်သလို၊ အတွေ့အကြုံရအောင်လည်း လုပ်ငန်းခွင် ဝင်သင့်ပါတယ်။ ပြီးတော့ ကိုယ့်အားကိုယ်ကိုး (Self-study) သင်ယူတဲ့ အလေ့အကျင့်ကိုလည်း ခပ်များများလေး အသုံးချဖို့ လိုမယ်ထင်ပါတယ်” ကွန်ပျူတာပညာရပ်များကို အွန်လိုင်းမှတဆင့် ကိုယ့်အားကိုယ်ကိုး သင်ယူနေသူ ကိုအောင်မိုးက ပြောပါတယ်။
တကယ်တော့ အများစု သုံးနေကြသည့် ချက်တင်နှင့် အီးမေးလ်စနစ်များတွင် ထပ်တိုးတန်ဖိုးများအတွက် အသုံးဝင်မှုများ ရှိနေပါသည်။ အမေရိကန်နိုင်ငံရှိ အွန်လိုင်းအဝေးသင် ပညာရေး စနစ်များတွင် ဗွီ-ကျောင်းခန်း ဟုခေါ်သော အွန်လိုင်းပေါ်က စာသင်ခန်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ချက်တင်ကို အသုံးပြု၍ အပြန်အလှန် ဆွေးနွေးနေကြသည်။ ကုန်ပစ္စည်းအကြောင်း စုံစမ်းသော စာသုံးသူကို ကုန်ပစ္စည်းတာဝန်ခံက အွန်လိုင်းမှ တစ်ဆင့် ချက်တင်နှင့် ရှင်းပြနေကြသည်။ အပတ်စဉ်ပို့ပေးသော အီးမေးလ် သင်ခန်းစာများကို သင်ယူနေကြသည်။ အီးမေလ်းမှ တစ်ဆင့် စားသုံးသူများကို ဆက်သွယ်ကြသည်။
“အင်တာနက် အခြေခံအဆောက်အဦ (Internet Infrastructure) အနေနဲ့ အခြား အွန်လိုင်းငွေချေစနစ်တို့ အွန်လိုင်းဘဏ်စနစ်တို့ မလိုပဲ သီးသန့် တည်ဆောက်နိုင်တဲ့ ကဏ္ဍတွေ အများကြီးရှိပါတယ်။ နည်းပညာနိမ့် နည်းစနစ်တွေကို အသုံးချနိုင်ရင် အချိန်မရွေး စနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ပြောရရင်ဗျာ အသင့်အသုံးပြုနိုင်တဲ့ ဝက်ဆိုက် ရေးတဲ့နည်းပညာတွေ၊ နေ့ချင်းပြီးတဲ့ နည်းပညာနိမ့် နည်းစနစ်တွေကို အသုံးပြုမယ်ဆိုရင် အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ တစ်ပြိုင်တည်း အသုံးပြုလို့ရသွားနိုင်ပါတယ်” လို့ ကိုမျိုးအောင်က ပြောပါတယ်။ “အလုပ်ဖြစ်ဖို့ အဓိကကျတဲ့ နေရာတွေမှာ အစအဆုံး ဝက်ဆိုက်တစ်ခုကို ရေးနေမယ်ဆိုရင် အချိန်လည်း ကြာသလို၊ ငွေကြေး ကုန်ကျမှုလည်း များပါတယ်။ ဒီတော့ အသင့်သုံးလို့ရတဲ့ နည်းပညာတစ်ခုကို အသုံးချပြီး အလုပ်ဖြစ်အောင် လုပ်လိုက်တာ ပိုကောင်းပါတယ်။ ဥပမာပြောရရင် ဝက်ဆိုက်တစ်ခုကို အစအဆုံးရေးနေတာထက် Joomla ဆိုတဲ့ အသင့်သုံးလို့ရတဲ့ ဝက်ဆိုက်ရေးတဲ့ နည်းစနစ်ကို သုံးလိုက်ရင် အချိန်တိုအတွင်း အလုပ်ဖြစ်နိုင်ပါတယ်။ သာမာန် သတင်းအချက်အလက် ပေးတဲ့ ဆိုက်တစ်ခုကို တည်ဆောက်ရာမှာလည်း အစအဆုံးရေးနေတာထက် WordPress ဆိုတဲ့ ဘလော့ရေးတဲ့ နည်းစနစ်ကို သုံးလိုက်ရင် အလုပ်ဖြစ်မြန်ပါတယ်၊ ဒါပေမယ့် တစ်ဖက်မှာလည်း အဲဒီလို အသင့်သုံး (readymade) တွေသုံးတဲ့ အတွက် နည်းပညာကို အခြေခံကျကျ နားလည်မှု အပိုင်းမှာ အခက်အခဲရှိလာနိုင်ပါတယ်။ အလုပ်ဖြစ်ရေးအတွက်လည်း အရေးကြီးသလို၊ အခြေခံကျကျ နားလည်သင်ယူဖို့ကလည်း အရေးကြီးပါတယ်” လို့ ကိုမျိုးအောင်က ဆက်ပြောပါတယ်။
“ကျွန်တော်ကတော့ လူငယ်တွေကို ချက်တင်မှာပဲ အချိန်ကုန် မနေစေချင်ပါဘူး။ Google ရှာဖွေရေး အင်ဂျင်ကြီးကို သေသေချာချာ အသုံးချစေချင်ပါတယ်။ ကျွန်တော်ကတော့ ဘာပဲ သိချင်သိချင် ဂူးဂယ်မှာ ရှာလိုက်တာပါပဲ။ ကျွန်တော်သိချင်တဲ့ အရာမှန်သမျှ တော်တော်များများ ရှိနေတတ်ပါတယ်။ ခက်တာက မြန်မာလိုတွေ မဟုတ်တဲ့ အင်္ဂလိပ်စာတော့ ဖတ်တတ်ဖို့ လိုမယ်ထင်ပါတယ်။ ကျွန်တော်အစကတော့ မဖတ်နိုင်ပါဘူး။ ဒီလိုပဲ ရှာရင်းဖတ်ရင်းနဲ့ အင်္ဂလိပ်စာလည်း နားလည်လာသလို ဂူးဂယ်မှာလည်း ပိုပိုပြီး ရှာတတ်လာပါတယ်။ နောက်တစ်ခုက Wikipedia လို့ခေါ်တဲ့ အွန်လိုင်းစွယ်စုံကျမ်းကို အမြဲဖတ်ဖြစ်ပါတယ်။ ကျွန်တော် သဘောအကျဆုံးကတော့ အွန်လိုင်း စွယ်စုံကျမ်းပါပဲခင်ဗျ၊ ကျွန်တော်ကတော့ အားတဲ့အချိန် အင်တာနက်ဆိုင်ကိုပြေးပြီး ဝီကီဖတ်တာပဲဗျ” ဆေးတက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်သူ ကိုပြည့်ဖြိုးက ပြောပါတယ်။
ဂူးဂယ် (Google) သည် မြန်မာနိုင်ငံတွင် လူသိအများဆုံး အွန်လိုင်ရှာဖွေရေး အင်ဂျင်ဖြစ်သည်။ ဂူးဂယ်မှ အလကားပေးသော အီးမေးလ်၊ ဂျီတော့တို့ကို အသုံးများသဖြင့် လူသိများလာရခြင်း ဖြစ်သည်။
“ကျွန်တော့်ဆိုင်မှာ သုံးနေတဲ့သူတွေ တော်တော်များများက ဂျီမေးလ်၊ ဂျီတော့တော့ ကောင်းကောင်းသုံးတတ် ကြပေမယ့် ဂူးဂယ်မှာတော့ မရှာတတ်ကြတာ များပါတယ်။ သူတို့ သိချင်တာကို ဘယ်လိုရှာရမယ်ဆိုတာ မသိကြပါဘူး။ သူတို့သိချင်တာကို အကူအညီတောင်းလို့ ရှာပေးတဲ့အခါမှာလည်း အင်္ဂလိပ်လိုတွေ ဖြစ်နေတော့ ဘာသာစကား အခက်အခဲတွေ့ နေတတ်ပါတယ်။ ကျွန်တော်ကတော့ အခြား ဂူးဂယ် ဘာသာပြန်စနစ်တွေလို အင်္ဂလိပ်စာကနေ မြန်မာစာပြန်ပေးနိုင်တဲ့ စနစ်တစ်ခု ဖြစ်လာစေချင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်စာ ညံ့တယ်လေ” အင်တာနက်ကဖေးဆိုင် တစ်ခု ကိုယ်ပိုင် ဖွင့်လှစ်ထားသော ကိုအောင်ထွန်းနိုင်မှ ပြောပါတယ်။
“အင်း … အင်တာနက်ဆိုတာ ကောင်းတာတွေလည်း တစ်ပုံကြီးရှိသလို မကောင်းတာတွေလည်း တစ်ပုံကြီးရှိတယ်လေ။ ချက်တင်ကနေ လူကုန်ကူးတဲ့ အဆင့်တွေအထိ ကျူးလွန်တာတွေ နိုင်ငံခြား တိုင်းပြည်တွေမှာ ရှိနေပါတယ်။ ဆိုဘာမှုခင်း (Cybercrime) တွေကလည်း အချိန်နဲ့ အမျှ ကျူးလွန် နေကြပါတယ်။ အကျင့်စာရိတ္တ ပျက်ပြားစေနိုင်တဲ့ ဆိုက်တွေလည်း တစ်ပုံကြီး ရှိနေပါတယ်။ ဒီတော့ လူကြီးမိဘတွေနဲ့ သူတို့ကလေးတွေကို အင်တာနက်ကို ကောင်းတဲ့ဖက်မှာ အသုံးချနိုင်အောင် လမ်းပြပေးဖို့ လိုပါတယ်။ ကောင်းတဲ့ဖက်ကို သွားမယ်ဆိုရင်လည်း လေယဉ်ပျံနဲ့ ပို့ပေးမှာဖြစ်ပြီး မကောင်းတဲ့ဖက်ကို သွားမယ်ဆိုရင်လည်း ဒုံးပျံနဲ့ ပို့ပေးပါလိမ့်မယ်။ ဒီတော့ အင်တာနက်ဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် တော့ ဘေးပေါ့ဗျာ” ဟု ကိုအောင်ထွန်းနိုင်မှ တွေးတွေးဆဆပြောပါတယ်။
ကမ္ဘာကိုပြားသွားအောင် အပြားခတ်နိုင်စွမ်းရှိသော သတင်းအချက်အလက် နည်းပညာ အမြန်လမ်းမကြီးတွင် ကျွန်တော်တို့ ဘေးထွက်နေ၍မရပါ။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တက်ကုန်ရွက်ကုန်ဖွင့်ကြဖို့ ဖြစ်ပါသည်။ သတင်းအချက်အလက် နည်းပညာ အမြန်လမ်းမကြီးပေါ်တွင် ကားရောင်စုံများ၊ နောက်ဆုံးပေါ်ကားများ ပြေးလွားနေပါသည်။ သင်ကိုယ်တိုင်ကော ကားတစ်စင်းအနေနှင့် ဝင်မပါချင်ဘူးလား။ တခုတော့ရှိသည် အမြန်နှုန်း အလွန်မြင့်ဖို့လိုပါသည်။
Popular News ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
Facebook comments:



မြန်မာပြည်အတွက် အဓိက လိုအပ်တာက စာတမ်းတွေရှိတဲ့ web site တွေကို ဝယ်ပေးထားတဲ့ online provider (or) public internet access ပဲဗျ.
u mean those papers from ACM, IEEE, etc?
[...] http://www.myanmartutorials.com/mm-tutorials/articles/on-the-information-super-highway/#comments [...]
ကျနော့်အမြင် ပြောရရင် မြန်မာနိုင်ငံက ခေတ်လူငယ်တွေအနေနဲ့ စာပေဗဟုသုတကို စိတ်ဝင်စားမှု နည်းနေတယ်လို့ ထင်တယ်ဗျာ။ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်တော့လည်း ကိုယ်စိတ်ဝင်စားတာထက် အဆင်ပြေရာ ဘာသာကို ရွေးလိုက်ကြသလို ကိုယ်သင်ယူနေတဲ့ ဘာသာရပ်အပေါ်မှာလည်း စာမေးပွဲအောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် မပိုတာ တွေ့ရတယ်။ အဲဒီတော့ အင်တာနက် အသုံးပြုရာမှာလည်း နှမြောစရာကောင်းလှတဲ့ အချိန်နဲ့ ငွေကြေးကို Chatting, Entertainment စတာတွေလောက်နဲ့ ဖြုန်းပစ်နေကြတာ မဆန်းပါဘူး။ သူတို့အတွက် စာကျက်ရင် စာမေးပွဲအောင်မှာဆိုတော့ ဘာမှလေ့လာနေစရာ မလိုဘူးလေ။ ပညာတကယ် လိုလားတဲ့သူ အတွက်တော့ အင်တာနက်ဆိုတာ တကယ့် ဗဟုသုတ ဟင်လေးအိုးကြီးပါ။
လူငယ်တွေကို သင်ကြားတဲ့ ပညာရေးစနစ်ဟာ လူငယ်တွေရဲ့ ပညာဗဟုသုတ ရှာဖွေလိုစိတ်ကို ရှင်သန်ကြီးထွားလာအောင် မြေတောင်မြှောက်ပေးတာမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ မိဘတွေ အနေနဲ့လည်း အဲဒီလို ဖြစ်အောင် တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးသင့်တယ်လို့ ထင်ပါတယ်။
မိဘတွေအနေနဲ့လည်း အင်တာနက်ဆိုတာဘာလဲ၊ အင်တာနက်သုံးရင် ဘာတွေ ရှောင်ရမလဲ၊ ဘာတွေ ဆောင်ရမလဲ သိထားဖို့ လိုသလို၊ ကျောင်းတွေမှာလည်း တစ်ခါတည်း Computer တတ်သွားအောင်၊ အင်တာနက်ဆိုင်ရာ အသိပညာများကို တစ်ခါတည်း သင်ပေးဖို့ လိုပါမယ်၊ ခုလို ဝင်ရောက် ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။
ဟုတ်ပါတယ် အင်တာနက်ကို ယနေ့ခေတ် လူကြီးတချို့ကိုလည်း နားလည်စေချင်ပါတယ်..အင်တာနက် ဆိုတာနဲ့ မကောင်းတဲ့ဘက် ကို ဦးတည်တယ် လို့ ထင်တတ်ကြပါတယ်….ဒီသဘောတရားလေး ကို သိအောင် ရေးတဲ့ ဒီpost လေး ကို နှစ်သက်မိပါတယ်….