နောက်ထပ် ဆီလီကွန် ပူပေါင်းလား အပိုင်း (၂)

သြဇာ တိက္ကမကြီးမားတဲ့ Venture Capitalist တစ်ဦးဖြစ်သူ ဖရက်ဝီလဆင်ရဲ့ အပြောကို လေ့လာကြည့်မယ်ဆိုရင် သူ့အနေနဲ့ လွန်ခဲ့တဲ့ ခြောက်လနှင့် ကိုးလအတွင်းက အလှုပ်အရမ်းတွေကို အလားအလာတွေကို စောင့်ကြည့် လေ့လာနေခဲ့ကြောင်း အဲဒီလို လေ့လာရာမှာ ရင်းနှီးမြှတ်နှံသူတွေရဲ့ သဘာဝမကျတဲ့ အပြုအမူတွေ၊ အဖြစ်အပျက်တွေကို တွေ့နေရကြောင်း သူ့ရဲ့ ကိုယ့်ပိုင် ဘလော့မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဝီလဆင် နောက်ထပ် ထောက်ပြတဲ့ အချက်တစ်ခုကတော့ ရင်းနှီးမြှတ်နှံသူတွေ အနေနဲ့ ပေါ်ပြူလာဖြစ်တဲ့ လုပ်ငန်းသစ်တွေ အပေါ်မှာ စုပြုံ ရင်းနှီး မြှတ်နှံလိုကြပြီး ရင်းနှီးမြှတ်နှံသူ အချင်းချင်း ယှဉ်ပြိုင်မှုကလည်း ပြင်းထန်လာတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ “ကျွန်တော် အတွေ့အကြံုတွေအရ အဲဒီလို အခြေအနေတွေဟာ ဇတ်ပေါင်းခန်းမှာ ငြားသွား ကြလေသတည်း ဆိုတာမျိုး ဘယ်တော့မှ ဖြစ်လေ့မရှိဘူး” လို့လည်း နောက်ဆုံးမှာ မှတ်ချပြုထားပါတယ်။

ဒီနေရာမှာ Boom – Bubble – Bust ဆိုတာကို နားလည်အောင် အနည်းငယ် ရှင်းပြလိုပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုဟာ စန်းပွင့်လာပြီ ဆိုတဲ့ အချိန်မှာ ရင်းနှီးမြှတ်နှံလိုသူများ၊ စွန့်စားလုပ်ကိုင်လိုသူများ၊ လုပ်ငန်းသစ်များ စသည်ဖြင့် အများကြီး စုပြံုဝင်တိုးကြပါတယ်။ အဲဒီလို စီးပွားရေး စန်းပွင့်တဲ့ကာလကို Boom လို့ ခေါ်လေ့ရှိပါတယ်။ အဲဒီနောက်တော့ Demand တွေ များလာတဲ့အတွက် ရင်းနှီးမြှတ်နှံမှု တန်ဖိုးတွေဟာ နဂိုမူရင်း ရှိသင့်တဲ့ တန်ဖိုးထက်၊ တန်ရာတန်ကြေးထက် အဆမတန် မြင့်တက်လာပါတယ်။ လူတွေကလည်း အဲဒီအချိန်မှာ လောဘဇောတွေ တက်ပြီး ငွေတွေ ပုံအောရင်းနှီးမြှတ်နှံကြပါတယ်။ အဲဒီလို အနေအထားရောက်လာပြီ ဆိုရင် ဆပ်ပြာပူပေါင်းနဲ့ တင်စားပြီး Bubble တွေဖြစ်တဲ့ အချိန်လို့ ဆိုကြပါတယ်။ အဲဒီနောက်ပိုင်း စျေးတွေ အဆမတန် တက်နေရာကနေ အဆင့်တစ်ခုရောက်တဲ့ အချိန်မှာ ပြန်ပြုတ်ကျ လာပါတော့တယ်။ စျေးတွေ ထိုးကျ၊ လူတွေကလည်း လန့်ဖြန့်ပြီး အစုရှယ်ရာတွေ ထုတ်ရောင်း၊ စီးပွားပျက်တဲ့သူကပျက်၊ လုပ်ငန်းရပ်တဲ့သူက ရပ်နဲ့ အပူလုံးကြွ ယူကြံုးမရတဲ့ အခြေဆိုက်လာပါတယ်။ အဲဒီအချိန်ကိုတော့ Bust ဆပ်ပြာပူပေါင်း ပေါက်သွားပြီလို့ တင်စားပြီး ခေါ်ဝေါ်ပါတယ်။ အဲဒီလို ပူပေါင်းတွေ ပေါက်သွားတဲ့ အခါမှာ ဖြစ်သင့်တဲ့ စျေးနှုန်းအနေအထားကို ပြန်အနည်ထိုင်သွားတတ်တာ ရှိသလို ဆင့်ကဲဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပြီး ကျန်ခဲ့တာမျိုးလည်း ဖြစ််နိုင်ပါတယ်။

ခုတစ်ခါ Mobile Social နဲ့ ပတ်သက်ပြီး ဖြစ်လာဖို့ ရှိနေတဲ့ ဖြစ်နေတဲ့ ဆပ်ပြာပူပေါင်းတွေဟာ တစ်ကြိမ်တည်းဖြစ်ပြီး တစ်ကြိမ်တည်း ပေါက်သွားတာမျိုးလား၊ ဒါမှမဟုတ် ဆင့်ကဲဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာမှာလား ဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။ အခြေအနေတွေက ရှေ့ဆက်ပြီး ခြေတစ်လှမ်းပြီး တစ်လှမ်းတိုးနေတာတော့ သေချာပါတယ်။

“တစ်ပတ်အတွင်းမှာ နယ်ပယ်မတူညီတဲ့ Angel Invester ကြီးတွေက သူတို့ရဲ့ အသစ်ဖွဲ့စည်း တည်ထောင်လိုက်တဲ့ Angel Funds မှာ ကျွန်တော့်ကို ပါဝင်ဖို့ ဖိတ်တယ်ဆိုတော့ ပူပေါင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက် လာစေတာ အမှန်ပဲ” လို့ Stanford Institute က စီးပွားရေး ပေါ်လစီ သုတေသနဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရှေ့ဆောင်တစ်ဦး ဖြစ်သူ အဲလက်(စ်) ဂိုးဆိုသူက ပြောပါတယ်။ (Angel Invester တွေရဲ့အကြောင်းကို သိချင်ရင် ကိုအောင်စည်သူကျော် ရေးတဲ့ ဘိဇနက်နဲ့ ဘဝသံသရာမှာ ဖတ်နိုင်ပါတယ် ခင်ဗျ။) ခုချိန်မှာ ပေါ်ပြူလာ Web Company တွေ အပေါ်မှာ ရင်းနှီးမြှတ်နှံမှုတွေကနေ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ဖြစ်ပွားခဲ့တဲ့ dot-com bust လိုမျိုး နောက်တစ်ကြိမ် ဖြစ်လာမလားဆိုပြီး စိုးရိမ်သောကပွေစရာတွေ ဖြစ်လာနေပေမယ့် ခုအဖြစ်အပျက်နဲ့ အရင်တုန်းက အဖြစ်အပျက် အရေးပါတဲ့ အသွင်သဏ္ဍန်မတူညီမှုတွေ ရှိနေပါတယ်။

ဟိုယခင် ဖြစ်ခဲ့တဲ့ dot-com bust တုန်းက Stock Market (စတော့ရှယ်ရာစျေးကွက်) အပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ခုတစ်ကြိမ်မှာတော့ အဲဒီလို စတော့ရှယ်ရာအပေါ် မှီတည် မထားပါဘူး။ ဘယ် ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီပုံစံမျိုး မဖြစ်သေးတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း မစ္စတာ ဂိုးကတော့ “ပူပေါင်းတွေရဲ့ အမူအကျင့်တွေကတော့ မပြောင်းလဲနိုင်ဘူး” လို့ အခိုင်အမာ ဆိုပါတယ်။ ဟိုအရင်တုန်းက Flooz.com လို၊ Pets.com လို့ theGlove.com တို့လို Start-ups တွေ ကနဦး အများပိုင်ပြု အစုရှယ်ရာစျေးတွေ မဖြစ်နိုင်တဲ့ စျေးတွေဖြစ်လာသလိုမျိုး ဖြစ်လာလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလို ဖြစ်လာမယ် ဆိုရင်တော့ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေလို့ ဆိုနိုင်တဲ့ အမေဇုန်လို ကြီးကြီး မာစတာတွေကတော့ ကြွယ်ဝသထက် ကြွယ်ဝ၊ ချမ်းသာသထက် ချမ်းသာ လာပါလိမ့်မယ်။

အဲဒီအပြင် တစ်ခြား တစ်ဖက်မှာလည်း Microsoft, Apple နဲ့ Google လို ဘီလူးကြီးတွေကို ကြိုက်စျေးခေါ်ပြီး သိမ်းပိုက်ဖို့ ဆွဲဆောင်နိုင်မယ့် အခွင့်အရေးကလည်း ရှိနေပြန်ပါတယ်။ Groupon လိုပေါ့။ (အဲဒီလို သိမ်းပိုက်ဖို့ ကမ်းလှမ်း လာတာတောင် Groupon က ငြင်းလိုက်တယ်လို့ နောက်ဆုံး သတင်းတွေအရ သိရပါတယ်။) အဲဒီလို အခြေအနေတွေက Start-ups တွေအနေနဲ့ အိုင်ဒီယာကောင်းကောင်းနဲ့သာ ဖန်တီးနိုင်ရင် ဘီလီယံဒေါ်လာဆိုတာ ခဏလေး ဖြစ်လာနိုင်တယ် ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ဖြစ်လာစေပါတယ်။

မက်ကင်စလေ ကုမ္ပဏီရဲ့ တွက်ချက်မှုများအရ Microsoft, Apple နဲ့ Google ကုမ္ပဏီသုံးခုပေါင်း ပိုင်ဆိုင်တဲ့ ငွေသားတန်းဖိုးဟာ ၉၀ ဘီလီယံခန့်ရှိတယ်လို့ သိရပြီး သူတို့ သုံးယောက်ပေါင်းပြီးသား ဝယ်မယ်ဆိုရင် အလယ်အလတ် အဆင့်ရှိတဲ့ နည်းပညာ ကုမ္ပဏီတွေ အကုန်လုံးကို ဝယ်ယူဖို့ လုံလောက်တဲ့အပြင် ပိုလျှံနေတယ်လို့ တွက်ချက်မှုများအရ သိရပါတယ်။

သို့သော်လည်း ကြိုက်စျေးခေါ်ကြတဲ့ စျေးကွက်မှာ ဒီထက်ပိုပြီး ခေါ်စျေးတွေ မြင့်လာဦးမယ်လို့ ခန့်မှန်းကြပြီး ကုမ္ပဏီကြီးများရဲ့ အပေးအကမ်း ရက်ရောမှုကလည်း ဒီထက် ပိုလာလိမ့်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။

ဘယ်လို အခြေအနေမျိုးမဆို တကယ်တန်းတော့ Supply (ထောက်ပံ့နိုင်မှု) နဲ့ Demand (ဝယ်လိုအား)ဆိုတဲ့ အခြေအနေ နှစ်ခု အပေါ်မှာပဲ အရာတိုင်းက တည်မှီနေပါတယ်။ Start-up တွေ အနေနဲ့တော့ Computing Power လို့ခေါ်တဲ့ ကွန်ပျူတာ၊ အင်တာနက်၊ ဆာဗာ အစရှိတဲ့ ကုန်ကျစရိတ်တွေ ကျသထက်ကျလာတာကို ကျေးဇူးတင်ရပါလိမ့်မယ်။ အဲဒီလို ကုန်ကျစရိတ် နည်းလာတာနဲ့အမျှ အရင်းအနှီးနည်းနည်းနဲ့ စနိုင်တဲ့ အနေအထားတွေ ဖြစ်လာစေပြီး အိပ်မက် အကြီးကြီးတွေ မက်လို့ရလာပါတယ်။

ခုလို Mobile Social နဲ့ ပတ်သက်ပြီး ရင်းနှီးမြှတ်နှံမှုတွေ ပြုလုပ်တဲ့နေရာမှာ Start-up တွေတင် မဟုတ်ပါဘူး။ ငွေကြေး ချမ်းသာပြီးသား ဇောတိကများလည်း ပါဝင်ပါတယ်။ သူတို့တွေက သူတို့လုပ်နေကြ ထုံးစံအတိုင်း Tech Company မှာ ဝါသနာအရ ရင်းနှီးမြှတ်နှံလေ့ရှိပါတယ်။ အဲဒီလို Start-up တွေက တစ်ဖက်၊ Venture Capatilist တွေက တစ်ဖက်၊ ဇောတိကတွေ၊ အိန်ဂျယ်တွေက တစ်ဖက် ဘက်ပေါင်းစုံက ပါဝင်လာပြီဆိုတော့ ပြိုင်ဆိုင်မှုလည်း ပြင်းထန် လာပြီပေါ့။

“နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှတ်နှံမှုတွေ ပြုတယ်ဆိုတာ သူဌေးတွေရဲ့ ဖက်ရှင်လို ဖြစ်နေပါပြီဗျာ” ဟု မစ္စတာ အာရင်ဘတ်ဆိုသူက ပြောပါတယ်။ “အစတုန််းကတော့ဗျာ နည်းပညာကုမ္ပဏီမှာ ရင်းနှီးမြှတ်နှံတဲ့ ကိစ္စဟာ Angel ဘိုးတော်ကြီးတွေရဲ့ အပိုင်ပေါ့၊ အခုတော့ ကွင်းပိုင်၊ တောင်ပိုင်တွေ မရှိတော့ပဲ လူတိုင်း ဝင်ကြဲလို့ ရနေပါပြီဗျာ” ဟု မစ္စတာ အာရင်ဘတ်က ဆက်ပြောပါတယ်။

တစ်ချို့တစ်ချို့သော Venture Capitalist များအနေနဲ့ အလျှင်အမြန် ငွေဖြစ်လွယ်လိုကြပြီး အရနည်းသော လုပ်ငန်းကြီးများတွင် ရင်းနှီးမြှတ်နှံမှုများကို စွန့်ခွာလာကြပြီး ခုတစ်လော ရွှေဖြစ်လာတဲ့ လုပ်ငန်းငယ်များ၊ လုပ်ငန်းသစ်များ အပေါ် အာရုံကျလာကြပါတယ်။ နောက်ဖြစ်လာနိုင်စရာ ရှိနေတဲ့ Facebook လို Social Network တွေနဲ့ ချိတ်ဆက်ထားတဲ့ စီးပွားရေး လုပ်ငန်းငယ်တွေ၊ Mobile Apps တွေရဲ့ အလားအလာတွေအပေါ်မှာ အလွန်အမင်း မျှော်လင့် တောင့်တနေကြပါတယ်။

တစ်ချို့သော ရင်းနှီးမြှတ်နှံသူများ အနေနဲ့ ရင်းနှီးမြှတ်နှံမှုများကို သံသယကြီးစွာနဲ့ ဆိုင်းငံ့ထားလို ကြပေမယ့် အများစုတော့ ခုချိန်ထိ စိတ်ကုန်တဲ့ လက္ခဏာ၊ စိုးရိမ်သောကကြီးတဲ့ လက္ခဏာတွေ မတွေ့ရသေးပါဘူး။ အဖြစ်အပျက်များ အပေါ် အကောင်းမြင်ကြဆဲ၊ ရှေ့ဆက် မျှော်လင့်ချက် ကြီးမားနေကြဆဲ ဖြစ်ပါတယ်။ ဒါဟာ Bubble မဟုတ်ဘူး၊ တိုးတက်မှု သက်သက်သာ ဖြစ်တယ်လို့ ယူဆကြသူတွေလဲ ဒုနဲ့ဒေး ရှိနေပါတယ်။ Facebook, Zappos, Google နဲ့ Twitter အစရှိတဲ့ ကုမ္ပဏီပေါင်း ၅၀၀ ကျော်မှာ ရင်းနှီးမြှတ်နှံမှုများ ပြုလုပ်ထားတဲ့ ရွန်ကွန်ဝေး ဆိုသူကတော့ ခု အလှုပ်အရမ်းတွေဟာ Bubble မဟုတ်ဘူးလို့ အသေအချာ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

ရွန်ကွန်ဝေးရဲ့ အပြောလေးကလည်း သင်းပါတယ်။ “ဒီနေ့ Start-up တွေမှာ Business Models (စီးပွားရေးပုံစံ) နဲ့ Business Cases (စီးပွားရေး လုပ်ထုံးလုပ်နည်း) တွေ အသေအချာရှိကြပါတယ်။ အဲဒီလို စနစ်တကျ ရှိနေကြတာကိုက အလှုပ်အရမ်းဒါဏ်ကို ကောင်းကောင်း ခံနိုင်မှာပါ။ ၁၉၉၉ တုန်းကတော့ ကုမ္ပဏီတော်တော်များများ Bubble တွေ ဖြစ်ခဲ့ပါတယ်။ သူတို့မှာ Business Model တွေ၊ Business Cases တွေ ကောင်းကောင်း မရှိခဲ့ပါဘူး၊ အဲဒီအပြင် Web ကလည်း ကောင်းကောင်း မဖွံ့ဖြိုသေးပါဘူး။ ဒါကြောင့် ၁၉၉၉ နဲ့ ယခုအခြေအနေကို ဘယ်လိုမှ နှိုင်းယှဉ်လို့ မရပါဘူး” ဟု မစ္စတာ ရွန်ကွန်ဝေးက ဆက်ပြောပါတယ်။

Mint၊ Upstream အစရှိတဲ့ ကုမ္ပဏီများမှာ ရင်းနှီးမြှတ်နှံမှုတွေ ပြုလုပ်ထားတဲ့ ဂျက်(ဖ်)ကလီဗီးယားဆိုသူ အိန်ဂျယ်ဂုရုကြီးရဲ့ အကဲဖြတ်ချက်ကတော့ နောက် ၁၂ လကနေ ၁၈ လအတွင်း start-up တွေအတွက် အမှန်အကန် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအချိန်ကြရင် အမှန်တကယ် တန်ရာတန်ကြေးကို မှတ်ကျောက်အတင်ခံရမှာ ဖြစ်ပြီး ကောင်းရင်ကောင်း မကောင်းရင် ညောင်းဆိုတဲ့ အခြေအနေတွေ ဖြစ်လာမယ်လို့ ရှေ့ဖြစ်ဟောထားပါတယ်။

“ကမ႓ာပျက်သလောက်တော့ မပြင်းထန်ဘူးပေါ့ဗျာ။ ဒါပေမယ့် လမ်းပေါ်မှာ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေနဲ့ ပြည့်နှက်ပြီး ကျန်ခဲ့မှာတော့ မြင်ယောင်မိပါတယ်” လို့ ဂျက်(ဖ်)က ဆက်ပြောပါတယ်။

“သီးချင်းဖွင့်ထားတုန်းတော့ ပတ်ကြဦးပေါ့ဗျာ၊ သီချင်းလည်း ရပ်သွားရော ထိုင်စရာ ထိုင်ခုံတွေ မရှိတော့တဲ့ ကစားနည်းလို ဘယ် ကုမ္ပဏီတွေ ထိုင်ခုံလက်မဲ့ ဖြစ်မလဲဆိုတာ High Definition ဖန်းသားပြင်မှာ စောင့်ကြည့်ကြတာပေါ့ဗျာ” ဟု အရွှန်းဖောက် ပြောကြားသွားပါကြောင်း ခင်ဗျ။ (ဟူး မောလိုက်တာ၊ ကိုယ်မကျွမ်းတဲ့ နယ်ကို ဝင်ပြီး စာရေးရတာ ပင်ပန်းလိုက်တာ)

Facebook comments:

One Response

  1. Desert Fox says:

    Bubble may burst in 2012 :P

Leave a comment


*