ကျွန်ုပ်နှင့် ယူနီကုတ်ခရီးစဉ် အပိုင်း (၂)

ကျွန်တော်နှင့် ယူနီကုတ် ခရီးစဉ် ပထမပိုင်းကို ရေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအပိုင်းမှာတော့ ယူနီကုတ်ကို ဘာကြောင့်သုံးသင့်တယ် ဆိုတဲ့ ကျွန်တော့်ရဲ့ အမြင်ကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ဖြူမည်းညီနောင်ရဲ့ ခရီးစဉ်ကို ရှေ့ဆက်မှာ ဖြစ်ပါတယ်။

ကျွန်တော် တကယ်တန်း ပြောရရင် ယူနီကုတ်ပြောင်းလဲ သုံးစွဲမယ့် ကျွန်တော့် ဆုံးဖြတ်ချက်ဟာ Myanmar NLP Lab ဆွေးနွေးပွဲကနေ စတင်ပြီး ခိုင်မာသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနောက် ကိုမောင်မောင်ဆန်းက သူ့မွေးနေ့ အထိန်းအမှတ်နဲ့ ဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးပါတယ်။ ကျွန်တော့် အတွေး အစီအစဉ်ထဲမှာတော့ Collaborative Platform တစ်ခုကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အတွေးတွေနဲ့ စီနေပါတယ်။ Language Resources အတွက် ငါဘယ်လို ထောက်ပံ့ပေးနိုင်မယ်၊ ဘယ်လို အစီအစဉ်တွေချမယ်၊ စသည်ဖြင့် နည်းလမ်းပေါင်းစုံ စဉ်းစားတွေးတော နေမိပါတယ်။ အပြော သက်သက် မဟုတ်ပဲ တကယ့်ကို အမှန်တကယ် အကောင်အထည်ဖော်လို့ ရနိုင်မယ့် နည်းလမ်းတွေကို တောက်လျှောက် စဉ်းစားနေမိပါတယ်။

ကွန်ပျူတာသုံး မြန်မာစာစနစ်ကို တစ်ခေတ်ဆန်းသစ်စေခဲ့သူ

ကျွန်တော်တို့ရဲ့ ယူနီကုတ်ခရီးစဉ်က MICT Park ထဲကိုပါ။ အဲဒီကိုရောက်တော့ နေတိုးနဲ့ ဖွေးဖွေးက ရုပ်ရှင်ရိုက်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့တွေ နေတိုးကို ယူနီကုတ်သုံးမသုံး သွားမေးကြမလားဆိုပြီး နောက်နေကြပါသေးတယ်။ ကျွန်တော်ကတော့ တက္ကသိုလ် နောက်ခံ ရုပ်ရှင်ကားတွေမှာ တက္ကသိုလ်မှာ မရိုက်ပဲ MICT ထဲမှာ လာရိုက်နေတာတွေ့တော့ RC2 ထဲက ကျွန်တော့်ရဲ့ ကျောင်းသားဘဝတွေ၊ မိန်းထဲက ကျောင်းသားဘဝတွေ၊ MTU ထဲက ကျောင်းသားဘဝတွေကို သတိရမိပါတယ်။ ကိုဟန်ဇော် ကတော့ MICT Park ကို မြန်မာပြည်ရဲ့ ဟောလိဝုဒ် လို့ မှတ်ချက် ပေးပါတယ်။

ကျွန်တော်တို့ MICT Park ထဲကို သွားတာ လူတစ်ဦးနဲ့ တွေ့ဖို့ပါ။ သူကတော့ ဟိုးတစ်ချိန်က ကျွန်တော် MCC ဗိုလ်တစ်ထောင်မှာ တက်စဉ် ကတည်းက လေးစားအားကျမိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လူအများကတော့ ကွန်ပျတာသုံး မြန်မာစာ စနစ်ကို တစ်ခေတ်ဆန်းစေခဲ့သူ အဖြစ် အသိများပါတယ်။ ဟုတ်ပါတယ်။ ကိုဇော်ထွဋ်ပါ။ ကျွန်တော် အရမ်းလေးစား အားကျရတဲ့ နည်းပညာသမား တစ်ယောက်ပါ။ ဟိုးအရင် အချိန်တွေတုန်းကတည်းက ကိုဇော်ထွဋ်နဲ့ တွေ့ချင် စကားပြောချင်ပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေပါ။ ခုတော့ ကျွန်တော့် မျက်စိရှေ့မှာ တွေ့နေရပြီ။ ကျွန်တော်လည်း စကားပြောခွင့်ရပါပြီ။ တကယ်တန်း စကားပြောဖြစ်တော့ နည်းပညာသမား တစ်ယောက်ရဲ့ ရိုးသားတဲ့ သွင်ပြင် အမူအရာ၊ ခင်ဖို့ကောင်းတဲ့ အကိုကြီးတစ်ယောက် အဖြစ် မှတ်ချက်ချမိပါတယ်။

ကိုဇော်ထွဋ်ကို ကိုဟန်ဇော်က မေးတော့ ကွန်ပျူတာသုံး မြန်မာစာစနစ်ကို ရှေ့မှီနောက်မှီ ဖြစ်သူအပြင်၊ မြန်မာဖောင့်ကိုပါ တီထွင်သူ ဖြစ်တာနဲ့ အညီ ကွန်ပျူတာသုံး မြန်မာစာ စနစ်ရဲ့ သမိုင်းကြောင်းကို ရှင်းပြပါတယ်။ ကိုဇော်ထွဋ်ရှင်းပြမှ ကျွန်တော်တို့ ကွန်ပျူတာသုံး မြန်မာစာ စနစ်ရဲ့ သမိုင်းကြောင်းက သုံးဆင့်ရှိတယ်လို့ သိခဲ့ရပါတယ်။ ပထမဦးဆုံး အဆင့်မှာ အဲဒီခေတ်က သုံးခဲ့တဲ့ DOS အခြေခံ Word Processing Software တွေမှာသုံးတဲ့ မြန်မာစာစနစ်က ပထမ မျိုးဆက်၊ ဒုတိယမျိုးဆက်ကြမှ Windows လို OS မှာသုံးတဲ့ အင်္ဂလိပ်စာ နေရာတွေကို အစားထိုးတဲ့ မြန်မာစာစနစ်၊ Win Innwa လိုပေါ့။ ခုနောက်ဆုံး မျိုးဆက်ကတော့ ယူနီကုတ်မျိုးဆက်ပေါ့။ (ကျွန်တော်ကတော့ ကျွန်တော့် အမြင်အရ Web Page တွေမှာ သုံးနိုင်တဲ့ Non-unicode တွေကို တတိယမျိုးဆက် အဖြစ် သတ်မှတ်ချင်ပြီး ခု တကယ့်ကို နိုင်ငံတကာ စံနှုန်းနဲ့သွားမယ့် ယူနီကုတ် စနစ်ကိုတော့ စတုတ္ထမျိုးဆက်အဖြစ် သတ်မှတ်ချင်ပါတယ်။)

ကျွန်တော် ကိုဇော်ထွဋ်ကို တွေ့တော့ မေးဖို့ထက် သူပြောတာတွေ နားထောင်ဖို့ အဓိကပါ။ သူကတော့ လက်တော့ကြီးကို ရှေ့ချ သူတို့ရဲ့ ယူနီကုတ် ခရီးစဉ်တွေ အကြောင်း ဓာတ်ပုံတွေနဲ့ ရှင်းပြပါတယ်။ မြန်မာစာ ယူနီကုတ်ဆိုတဲ့ စနစ်တစ်ခုကို နိုင်ငံတကာ စံသတ်မှတ်ရေး အဖွဲ့ဖြစ်တဲ့ ISO က လက်ခံလာအောင် ဘယ်လို ကြိုးစားခဲ့ရတယ်၊ Unicode ဆိုတဲ့ နိုင်ငံတကာ ဘာသာစကားတွေရဲ့ နေရာတွေမှာ မြန်မာစာ ပါဝင်လာအောင် ဘယ်လို ဆောင်ရွက်ခဲ့ရတယ် ဆိုတာတွေ ရှင်းပြခဲ့ပါတယ်။

အဲဒီမှာ သတိထားမိတာ တစ်ခုက ကျွန်တော်တို့ အခု နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီပြီ၊ ISO ကနေ နံပါတ်တစ်ခုနဲ့ အသိအမှတ်ပြုပြီ ဆိုတဲ့ အခြေအနေကို ရောက်ဖို့ အချိန် အတော်ယူခဲ့ရတယ် ဆိုတာပါပဲ။ စံသတ်မှတ်ချက်တစ်ခု ရဖို့အတွက် နိင်ငံတကာ အဖွဲ့အစည်းတွေ ကျင်းပတဲ့ အစည်းအဝေးတွေ သွားတက်ရသလို တကယ်သတ်မှတ်ပေးဖို့ စောင့်ဆိုင်းရတဲ့ အချိန်တင် ၁ နှစ်လောက်ကြာတယ်လို့ သိရပါတယ်။ အဲဒီ တစ်နှစ်အတွင်းမှာ ကန့်ကွက်သူ ရှိသလား၊ မရှိဘူးလားဆိုတာကို စောင့်ဆိုင်းပြီးမှ တကယ့် စံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အဲဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာက စံနှုန်းတွေ ရှိမှသာ၊ စံနှုန်းတွေအတိုင်း လိုက်နာနိုင်မှသာ မြန်မာစာကို သုံးမယ်ဆိုရင် ခုလို Web Page တွေမှာ မြန်မာစာဆိုတာ မြင်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် Non-unicode Font တွေရဲ့ အခန်းကဏ္ဍကလည်း မသေးလှဘူးလို့ ဆိုနိုင်ပါတယ်။ Win Innwa ဆိုတဲ့ English စာတွေ နေရာမှာ အစားထိုးထားတဲ့ ဖောင့် ဒုတိယမျိုးဆက် ဖောင့်တွေရဲ့ စွမ်းဆောင်မှုကလည်း မသေးခဲ့သလို ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ ဇော်ဂျီလို Web စာမျက်နှာတွေမှာ သုံးနိုင်တဲ့ တတိယမျိုးဆက်တွေရဲ့ အခန်းကဏ္ဍတွေကလည်း မသေးဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော်တို့ အားလုံး စတုတ္ထမျိုးဆက်ကို မဖြစ်မနေ သွားရပါတော့မယ်။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ စံနှုန်းလည်း ရှိပြီ။ တကယ့်ကို အဆင်ပြေပြေသုံးလို့ရတဲ့ အနေအထားလည်း ရောက်နေပြီဆိုတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ အဆင့်တစ်ခုကို ဘယ်လိုပဲ ဖြစ်ဖြစ် ပြောင်းရပါတော့မယ်။ (ဒီနေရာမှာ ကျွန်တော့်ရဲ့ Personal Feeling ကို ပြောချင်ပါတယ်။ ကျွန်တော် ဇော်ဂျီရဲ့ Typography ကို အရမ်းကြိုက်ပါတယ်၊ ဒါကြောင့် Unicode Zawgyi ဆိုတဲ့ စတုတ္ထမျိုးဆက်တစ်ခု အနေနဲ့ အမြန်ဆုံး ဖြစ်လာစေချင်ပါတယ်။ ဇော်ဂျီကို တည်ထွင်သူများ အနေနဲ့ အဲဒီလို လုပ်ပေးကြမယ် ဆိုရင် ကျွန်တော်တို့ အများကြီး ကျေးဇူး တင်မိမှာပါ။)

ကိုဇော်ထွဋ်က ရှေ့ဆက်ပြီး သူ့ရဲ့ Year 2011 Plan ကို ချပြပါတယ်။ ကျွန်တော်တို့တွေ အားလုံး ယူနီကုတ် စနစ်ကို လာမည့် နှစ်ဆန်း တစ်ရက်နေ့ အပြီးကူးပြောင်းကြဖို့ Plan ပါ။ ကျွန်တော်လည်း သဘောတူပါတယ်။ ကျွန်တော်တို့ အားလုံး ကူးပြောင်းကြရအောင် ဒီထက် ပိုကောင်းတဲ့ စနစ်တစ်ခုကို အဆင့်မြှင့်တင်ကြရအောင်။ ကိုဇော်ထွဋ်က တစ်ယောက်နှစ်ပြားစီစုပြီး နှစ်ပြားတန်ဆောင်း တစ်ခုဖြစ်လာတဲ့ အနေအထားကို ဥပမာပေးပြီး Wiki အကြောင်းကို ပြောသွားပါတယ်။ တကယ်တန်း ကျွန်တော်တို့ ကွန်ပျူတာသုံး မြန်မာစာ စနစ်မှာလည်း အဲဒီလိုနှစ်ပြားတန်ဆောင်း ပုံစံနဲ့သွားမယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် အားလုံးပူးပေါင်း ပါဝင်ကြပါလို့လည်း ကျွန်တော် ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်။

ဆရာမကြီးဆီသို့

ကျွန်တော်တို့ ကိုဇော်ထွဋ်ဆီကနေ တစ်ဆင့် ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်သန်း ဆီရောက်ဖြစ်ပါတယ်။ ဆရာမကြီးဆီ ရောက်တော့ ကျွန်တော်တို့ မေးဖြစ်တာက Myanmar Unicode ဆိုတဲ့ စံတစ်ခု ဖြစ်လာဖို့ ကြိုးစားခဲ့ရပုံတွေ ဒီထက်ပိုပြီး ရုပ်လုံးကြွလာပါတယ်။ နိုင်ငံခြား ခရီးစဉ်တွေကို ဘယ်လိုသွားခဲ့ရတယ်။ နိုင်ငံတကာ အသိအမှတ်ပြု မြန်မာစာ စံနှုန်းတစ်ခု ဖြစ်လာဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ် ဆိုတာတွေ သိလာရပါတယ်။ အဲဒီအပြင် ဆရာမကြီးရဲ့ ယူနီကုတ်နဲ့ ပတ်သတ်ပြီး ဦးဆောင်မှု အခန်းကဏ္ဍတွေ သိခွင့်ရလာခဲ့ပါတယ်။ အပြောင်းလဲ တစ်ခုဆိုတာ လွယ်လွယ်နဲ့ ဖြစ်လေ့မရှိဘူးလို့ ကျွန်တော်ကြားဖူးပါတယ်။ ဒါပေမယ့် ခုလို အစအဆုံး ခရီးတစ်ခုကို ထွက်ကြည့်မှ လေ့လာကြည့်မှ ဦးဆောင်တဲ့သူကလည်း ဦးဆောင်တဲ့ အခန်းကဏ္ဍအလိုက်၊ အကောင်အထည်ဖော်တဲ့သူကလည်း အကောင်အထည် ဖော်တဲ့ကဏ္ဍအလိုက် အချိန်တွေ၊ ပညာအရင်းအနှီးတွေ အများကြီး ပေးဆပ် အကောင်အထည် ဖော်ကြရတယ်ဆိုတာ မျက်ဝါးထင်ထင် သိမြင်လာရပါတယ်။ ဒါက မြန်မာစာကိစ္စပါ၊ ပြောရရင် အခြား ဗမာစာ စာလုံးပုံစံအခြေပြု ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသား ဘာသာ စကား အားလုံးအတွက် အကြီးမားဆုံး အထောက့်အပံ့ ဖြစ်လာခဲ့ပါတယ်။ (ခုဆိုရင် ရှမ်းစာအတွက်ပါ ကောင်းကောင်းသုံးနိုင်တဲ့ ယူနီကုတ်စနစ်သုံး ဖောင်တစ်ခုကို ကျွန်တော် စမ်းသပ်ကြည့်ပြီး ဖြစ်ပါတယ်။) ဆရာမကြီးတို့ ဦးဆောင်မှု၊ Myanmar NLP Lab ရဲ့ ကြိုးစား အားထုတ်မှု၊ အကောင်အထည် ဖော်တဲ့ အပိုင်းမှာလည်း ကိုဇော်ထွဋ်၊ ကိုငွေထွန်း၊ ကိုရာဗီ အစရှိတဲ့ သူတွေရဲ့ ဝိုင်းဝန်းကူညီမှု အပြင် အခြား ယူနီကုတ်နဲ့ ပတ်သက်သူတွေ အားလုံးရဲ့ ကြိုးစား အားထုတ်မှုကြောင့်သာ အခုလို စနစ်တစ်ခု ရလာတာပါ။ ခုလို စနစ်တစ်ခုကို ရလာအောင် ပုံဖော်ပေးကြသူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောလိုပါတယ်။

ဂိုဏ်းချုပ်ကြီးဆီသို့

နောက်ဆုံး ကျွန်တော်တို့ ရောက်ဖြစ်တာတော့ ကိုရာဗီဆီကိုပါ။ တကယ့်ကို မာဖီးယား ဂိုဏ်းချုပ်ကြီးဆီ သွားရသလိုပါပဲ။ စားပွဲ အကြီးကြီး တစ်လုံးမှာ မိန့်မိန့်ကြီးထိုင်လို့၊ နောက်ခံမှာလည်း ဆေးတွေ ကွာလို့၊ အဲဒီအပြင် မီးရောင်ကလည်း ခပ်မှိန်မှန်၊ အဲယားကွန်းကလည်း အသားကုန် အေးဆိုတော့ ကျွန်တော် တစ်နေကုန် ပင်ပန်းလာတာနဲ့ အပြိုင် မျက်လုံး မဖွင့်နိုင်တော့ပါဘူး။

ကိုရာဗီကတော့ သူ့ရဲ့ iPad မှာ မြန်မာစာပေါ်ပြီ ဆိုတဲ့အကြောင်းကို အရင်းဆုံး ကြွားပါတယ်။ ယူနီကုတ် စနစ်သုံး မြန်မာစာကို Apple Device တွေမှာ Jail Break လုပ်စရာ မလိုပဲ သုံးနိုင်ပြီ ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။ ကျွန်တော်တို့လည်း Device တွေနဲ့ ပတ်သက်တဲ့ မြန်မာစာသုံး ယူနီကုတ် စနစ်အကြောင်းတွေ မေးမြန်ဖြစ်ပြီး၊ ကိုငွေထွန်းကတော့ စနစ်တစ်ခု ဖြစ်လာဖို့ အရေးကြီးပုံကို ရှင်းပြပါတယ်။ ကိုရာဗီနဲ့ ကိုငွေထွန်းကို အဓိက မေးမြန်းသူကတော့ ကိုဟန်ဇော်မှာ ကိုရာဗီဆီကို ရောက်တဲ့အချိန်မှာ ကျွန်တော်က အရမ်းကို ပင်ပန်းနေပါပြီ။ မျက်စိကို မဖွင့်နိုင်လောက် အောင်ပါပဲ။ (တကယ်တော့ ရေးရင်ရပါတယ်။ တော်ကြာ အဖြူကောင်ကပဲ ရေးသွားတယ်။ အမည်းကောင် ရေးစရာ မကျန်တော့ဘူးဆိုပြီး ကျွန်တော့်ကို ကိုဟန်ဇော်က ပြောမှာ စိုးတဲ့အတွက် ချန်ထားခဲ့တာပါ။)

အမှန်တကယ် စားသုံးသူများဆီသို့

ကိုရာဗီဆီက ထွက်လာတော့ မိုးတော်တော်ချုပ်နေပါပြီ။ အဲဒီလိုနဲ့ ကျွန်တော်တို့ ခရီးစဉ်ရဲ့ နောက်ဆုံးနေရာ ဖြစ်တဲ့ ဘီအေကေကို ထွက်လာ ခဲ့ကြပါတယ်။ ယူနီကုတ်ကို အမှန်တကယ် စားသုံးသူတွေနဲ့ သွားတွေ့ဖို့ ဆိုရင်လည်း မမှားပါဘူး။ ကိုမြတ်သွင်ဆိုသူက ဘီအေကေ ရှေ့မှာ စောင့်နေပါတယ်။ ကိုငွေထွန်းက ဒါက ကိုမြတ်သွင် မြန်မာပြည်မှာ ဝီကီအရေးဆုံးလူပဲလို့ မိတ်ဆက်ပေးပါတယ်။ အဲဒီလို မိတ်ဆက်ပေးတော့ ကျွန်တော် ကြားဖူးတာလေး တစ်ခု သတိရပါတယ်။ ဂျပန်တွေ ဝီကီရေးလွန်းလို့ ရုံးတွေမှာ ဝီကီ မသုံးရလို့ ကန့်သတ်ရတဲ့အထိပဲလို့ ဖတ်ဖူးပါတယ်။ အော် ငါတို့ မြန်မာပြည်နဲ့များ ကွာပါ့လို့ တွေးမိပါတယ်။ တကယ်တန်း ပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ဝီကီရေးဖို့ စိတ်ဝင်စားပေမယ့် တစ်ခါမှ မကြိုးစားဖူးပါဘူး။ တကယ်တော့ အဲဒီလို ဝီကီရေးဖို့ဆိုတာ ပရဟိတ စိတ်ဓာတ် အင်မတန် ကြီးမားမှသာ ရေးနိုင် လုပ်နိုင်တာမျိုးပါ။ ကိုယ်ရေးလိုက်တဲ့ စာတစ်ပုဒ်စာ နောက်လူတွေအတွက် မြန်မာလို အလွယ်တကူ ဖတ်လို့ ရသွားစေမယ့် အနေအထား ဖြစ်တဲ့အတွက် နတ်လူသာဓုခေါ်စရာ ကိစ္စလည်း ဖြစ်ပါတယ်။ အင်တာဗျူးတာ ဝါသနာပါတဲ့သူ ဖြစ်တာနဲ့ အညီ ကိုမြတ်သွင်ကို အင်တာဗျူးဦးမှလို့ စိတ်ထဲမှာ မှတ်သားမိပါတယ်။

ဘီအေကေ အပေါ်ကိုရောက်တော့ ကိုမြတ်သွင် အပြင် ကိုမင်းယွန်းသစ်ကိုပါ တွေ့ရပါတယ်။ အဲဒီအချိန် တစ်လျှောက်လုံး ကျွန်တော် အရမ်း ပင်ပန်းနေတဲ့အတွက် အမည်းကောင် ဖြစ်သူ ကိဟန်ဇော်ရဲ့ အလှည့်ပါ။ ကျွန်တော်ကတော့ ကော်ဖီလေး သောက်လိုက် ခေါက်ဆွဲပြုတ် စားလိုက်နဲ့ သူတို့ပြောတာတွေကို ထိုင်ကြည့်နေဖြစ်ပါတယ်။ တကယ့်ကို အဲဒီအချိန်မှာ ထိုင်ကြည့်ရုံကလွဲလို့ ကျွန်တော် ဘာမှ မတတ်နိုင်တော့ပါ။ (ဒီနေရာမှာလည်း ကိုဟန်ဇော်အတွက် အကွက်တွေ ချန်ခဲ့ပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး ကိုမောင်မောင်ဆန်း ရိုက်ပြစရာ မကျန်မှာစိုးတဲ့အတွက်လည်း ချန်ခဲ့တာပါ။ အဲဒီလို ယူနီကုတ် ခရီးစဉ်တစ်ခုလုံးကို ဦးဆောင်ခဲ့သူ ကိုမောင်မောင်ဆန်းပါ။ အဲဒီအတွက် ဗီဒီယို အနေနဲ့ You Tube စတာတွေမှာ တင်မယ်လို့လည်း သိရပါတယ်။ ထွက်မလာရင်တော့ ကျွန်တော်တို့ကို နှိပ်စက်ထားသမျှ အတိုးချပြီး စင်္ကာပူက ဉာဏ်ကြီးရှင်ကို ပညာပေးဖို့ နည်းလမ်းတွေလည်း ချထားပြီး ဖြစ်ပါတယ်။ ဟဲဟဲ …)

ကျွန်တော့်ရဲ့ ယူနီကုတ်ခရီစဉ်မှတ်တမ်းကို ဖတ်ရတဲ့သူတွေလဲ ဒီလောက်ဆို တော်တော့်ကို အီသွားပြီထင်ပါတယ်။ မှတ်တမ်းတစ်ခု ဖြစ်တာနဲ့ အညီ အစကနေ အဆုံးအထိရေးရမှာ ကျွန်တော့်တာဝန် ဖြစ်တာကြောင့် ပြီးဆုံးတဲ့အထိကို ရေးသားလိုက်ရပါတယ်။ အသေးစိတ် သိချင်တယ် ဆိုရင်တော့ ကိုဟန်ဇော်ရေးမှာတွေ အဲဒီအပြင် ကျွန်တော်တို့ ဖြူမည်းညီနောင် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ယူနီကုတ် ဆိုတာဘာလဲ ဆိုတဲ့ သိုင်းကျမ်း Documentary ကြီးမှာ ရှုစားကြပါလို့ ကြော်ငြာမောင်းခတ်ရင်း ကျွန်တော့်တို့ရဲ့ ခရီးစဉ်ကို ရပ်နားလိုက်ရပါတယ်။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ …

သီဟ (Myanmar Tutorials)

Facebook comments:

4 Responses

  1. Aung Aung says:

    ဖတ်ရတာ အားပါးတရရှိပါတယ်ဗျာ . . .
    ထွက်လာမယ့် သိုင်းကျမ်းကြီးကိုလည်း စောင့်မျှော်နေပါတယ်။
    နှစ်တစ်ထောင် အတွင်းအားတော့ ကျင့်ထားရမယ်ထင်တယ် ဟီး ဟီး

    စကားမစပ် . . . ဖောင့်ဆိုဒ်လေး နည်းနည်းကြီးလို့ရရင် ကောင်းမယ်ထင်တယ်။ အခုက ဖတ်ရတာ နည်းနည်း ကသီလို့ပါ။ မီးမြေခွေးမှာတော့ ချဲ့လို့ ရပါရဲ့ မချဲ့ ရဘဲနဲ့ ဖတ်လို့ရရင် ပိုကောင်းမလားလို့ပါ . . .

  2. Thiha says:

    ဟုတ် ကျွန်တော်အခု သုံးဖို့ရည်ရွယ်ထားတာက Win Uni Innwa ဆိုတော့ Myanmar3 မှာ ဖောင့် တော်တော် သေးသွားတယ်၊ ကျွန်တော် သေသေချာချာ ပြန်စီစဉ်ပြီး ဖတ်လို့ အဆင်ပြေအောင် လုပ်ပေးပါ့မယ်ခင်ဗျ

  3. luyo says:

    ဟုတ်တယ်ဗျ
    ဇော်ဂျီစာလုံးကပိုလှတယ် ကျနော်လဲသဘောကျတယ်
    ဒီပို့စ်မှာ ကိုသီဟ က ဇော်ဂျီ အခန်းကဏ္ဍ(ကြီး) ကို မမေ့မလျော့လေးပြောသွားတာကို
    ချီးကျူးပါတယ် ဖြစ်သင့်ပါတယ် အခုလိုမျိုး မြန်မာတွေ စုပေါင်းကြိုးစားကြတာကိုလဲ
    လေးစားပါတယ် ဘယ်အခန်းကဏ္ဍကမှ ပါဝင်မကူညီနိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်(ဒါပေမယ့် အမြဲတော့ ဖတ်ရှုအားပေးနေပါတယ် စာဖတ်အမာခံပရိတ်သတ်တစ်ဦးပါ)

  4. yehtutthein says:

    As ko Thiha said, can’t we do Zawgyi as a unicode system?. I think Myanmar 3 will be a problem to End Users.

Leave a comment


*