My Presentation on Dev Con Myanmar 2011
ကျွန်တော် ပြောဖို့ရွေးချယ်ထားတဲ့ အကြောင်းကတော့ သတင်းအချက်အလက် လုံခြုံရေးနှင့် အင်တာနက်ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ သတင်းအချက်အလက် လုံခြုံရေးဆိုတာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပုံမှန်ထိတွေ့နေရတဲ့ ဝန်းကျင်တွေ ဖြစ်တဲ့ အစိုးရရုံးလုပ်ငန်းတွေ၊ အခြား အဖွဲ့အစည်းတွေမှာ နဂိုကတည်းက ရှိပြီးသား စနစ်တွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဘယ် သတင်းအချက်အလက်ကတော့ဖြင့် ဘယ်လိုလူတွေ သိသင့်တယ်၊ဘယ်လို အချက်အလက်ကတော့ ဖြင့် လူတိုင်းသိသင့်တယ်။ ဘယ်အချက်အလက်ကတော့ ဖြင့် မသိသင့်တဲ့ ထိပ်တန်းလှို့ဝှက် စသည်ဖြင့် သတ်မှတ်ထားပြီး ကျင့်သုံး လိုက်နာကြပါတယ်။
ဒါပေမယ့် အခုခေတ်လို သတင်းအချက်အလက်တွေ အစွမ်းကုန် အပြန်အလှန် အမြန်အဆန် စီးဆင်းနေတဲ့ information bloating age မှာ သတင်းအချက်အလက် လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို အရင်လို လုပ်ရိုးလုပ်စဉ်တွေနဲ့ ထိန်းလို့ မရတော့ပါဘူး။ အရင်ထက်လဲ ပိုပြီး ထွေပြားလာသလို အရင်ထက်လဲပိုပြီး ရှုပ်ထွေးလာပါတယ်။ ပုံမှန် စနစ်တွေနဲ့ ကျွန်တော်တို့ ကွန်ပျူတာ သမားတွေ အခေါ်အရတော့ manual system ဆိုပါတော့။ အဲဒီလို ပုံမှန် စနစ်တွေနဲ့ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ ပေါင်းထည့်လိုက်တဲ့ စနစ်တွေမှာ အဓိက ကွာခြားလာတဲ့ အချက်တွေကို လေ့လာကြည့်မယ်ဆိုရင်
သတင်းအချက်အလက် အကန့်အသတ်ဘောင် လွတ်ထွက်သွားခြင်း
ဥပမာတစ်ခု ပေးရမယ်ဆိုရင် ရုံးတွင်း သတင်းအချက်အလက်တွေကို ဟိုယခင်က ရုံးတွင်းဆိုတဲ့ အကန့်အသတ်အတွင်းက ဖောက်ထွက်ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးပြီး ဖြန့်ဝေကြရပါတယ်။ မဂ္ဂဇင်း လက်ကမ်းစာစောင် စသည်ဖြင့် ကမ်းပြီး ဖြန့်ဝေကြရပေမယ့် တကယ်တန်း လိုကယ်ဆိုတဲ့ အကန့်အသတ်က အလွယ်တကူ ဖောက်ထွက်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အင်တာနက် နည်းပညာ တွင်ကျယ်လာတဲ့ နောက်ပိုင်းမှာ အဲဒီလို အကန့်အသတ်ဘောင်တွေက လွတ်ထွက်သွားပါတယ်။
အဲဒီလို လွတ်ထွက်သွားတာနဲ့အတူ သတင်းအချက်အလက် စီးဆင်းမှုကလဲ အင်မတန် မြန်ဆန်ပါတယ်။ ကောင်းသတင်းဆိုလဲ အလွယ်လေးကျော်လို့ ရသလို မကောင်းသတင်းဆိုတဲ့ အလွယ်လေး ပြန့်သွားနိုင်တယ်။
သတင်းအချက်အလက်၏ တန်ဖိုးများ ပိုမိုမြင့်တက်လာခြင်း
ခေတ်တွေကို အမေရိကန်နိုင်ငံက ဂုရုကြီး ဆယ်မျူရယ် ဟယ်တင်တန်ရဲ့ အဆိုအရ ပိုင်းဆစ်ကြည့်မယ်ဆိုရင် ပထမလှိုင်းကို စိုက်ပျိုးရေးခေတ်၊ ဒုတိယလှိုင်းကို စက်မှုခေတ်၊ တတိယလှိုင်းကို သတင်းအချက်အလက် နည်းပညာခေတ်ဆိုပြီး ပိုင်းနိုင်ပါတယ်။ စိုက်ပျိုးရေးခေတ်မှာ တန်ဖိုးအကြီးဆုံးက စိုက်ပျိုးရေးက ထွက်လာတဲ့ ထုတ်ကုန်တွေ ဖြစ်ပြီး၊ စက်မှုခေတ်မှာတော့ စက်မှုထုတ်ကုန်တွေက တန်းဖိုးအကြီးဆုံး ဖြစ်ပါလိမ့်မယ်။ သတင်းအချက်အလက် နည်းပညာခေတ်မှာတော့ တန်ဖိုးအကြီးဆုံးက သတင်းအချက်အလက် နည်းပညာတွေ ဖြစ်လာပါတယ်။
အဲဒီလို သတင်းအချက်အလက်တွေရဲ့ တန်ဖိုးဘယ်လောက်အထိ မြင့်တက်လာသလဲ ဆိုရင် သတင်းအချက်အလက်ကို အဖွဲ့အစည်းတွေရဲ့ အသက်သွေးကြောလို့တောင် ဆိုလို့ ရလာပါတယ်။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ထုတ်ကုန်တွေ ထွက်လာဖို့ အဓိက ထည့်သွင်းရတဲ့ သွင်းအားစုတွေက တစ်ခြား တကယ်ထွက်လာတဲ့အခါမှာတစ်ခြားဆိုသလို ဖြစ်ခဲ့ပေမယ့် သတင်းအချက်အလက်မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ သတင်းအချက်အလက်ကို သွင်းအားစုအနေနဲ့ အသုံးချပြီး ထုတ်ကုန်ကလဲ သတင်းအချက်အလက်ပဲ ဖြစ်နေပါတယ်။ ဥပမာအနေနဲ့ Facebook နဲ့ Google ကို ကြည့်မယ်ဆိုရင် သွင်းအားစုနေရာမှာလဲ သတင်းအချက်အလက်တွေပဲဖြစ်ပြီး တကယ်တန်း ပြန်ထုတ်ပေးတာလဲ သတင်းအချက်အလက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ သတင်းအချက်အလက်ဆိုတာ သွင်းအားစုနေရာမှာလဲ အရေးပါတန်ဖိုးရှိသလို ထုတ်ကုန်ဖြစ်တဲ့ သတင်းအချက်အလက် နေရာမှာလဲတန်ဖိုးတွေ အများကြီး ရှိလာပါတယ်။
သတင်းအချက်အလက် ပြန့်နှံ့စီးဆင်းပုံများ ထွေပြားလာခြင်း
အင်တာနက်ဆိုတာကြီးကိုက ချိတ်ဆက်နိုင်မှု အားကြီးလွန်းပါတယ်။ အင်တာနက်လို့ စပေါ်လာခါစက သတင်းအချက်အလက်တွေကို ချိတ်ဆက်ထားတာ desktop လို့ခေါ်တဲ့ ကွန်ပျူတာတွေသာ ဖြစ်ပေမယ့် ခုချိန်မှာတော့ အင်တာနက်နဲ့ ချိတ်နိုင်တာ desktop တစ်ခုတည်း မဟုတ်တော့ပါဘူး။ mobile age လို့ခေါ်ရလောက်အောင် ဖုန်းကအစ ကစားစရာအဆုံး သတင်းအချက်အလက်နဲ့ စီးဆင်းနေတဲ့ အမြန်လမ်းမ အင်တာနက်ဆိုတာကြီးတဲ့ ချိတ်ဆက်နိုင်ပါတယ်။ အဲဒီအခါမှာ သတင်းအချက်အလက် ပြန့်နှံ့ပုံတွေကလဲ အရမ်းကို ထွေပြားလာပါတယ်။
အင်တာနက်မရှိခင်က သတင်းအချက်အလက် ပြန့်သွားတယ်ဆိုရင် ဘယ်နေရာကလဲဆိုတာ အစဖော်လို့ လွယ်နိုင်ပေမယ့် အင်တာနက်ရှိလာတဲ့ အချိန်မှာတော့ သတင်းအချက်အလက် ပြန့်နှံ့တဲ့အခါ ဘယ်ကစတယ်၊ ဘယ်သူတွေဆီကို သတင်းပြန့်သွားတယ်ဆိုတာ သိနိုင်ဖို့ မလွယ်တော့ပါဘူး။
သတင်းအချက်အလက်များ ပေါင်းလန်လာခြင်း
ခုခေတ်ကို information age လို့ခေါ်ကြပေမယ့် တကယ်တန်း စိတ်အချဉ်ပေါက်နေတဲ့သူတွေက information bloating age လို့ခေါ်ပါတယ်။ သတင်းအချက်အလက်တွေ ပေါင်းလန်နေတဲ့ ခေတ်ကြီး ဆိုပါတော့။ အဲဒီတော့ လူတွေအနေနဲ့လဲ ဘယ်အချက်ကတော့ ဖြင့် ယုံရတယ်၊ ဘယ်အချက်အလက်ကတော့ ဖြင့် မယုံရဘူးဆိုတာတွေလဲ အတော်လေးကို စဉ်းစားရကြပ်လာတဲ အနေအထားမှာ ရှိပါတယ်။ အဲဒီလို ပေါင်းလန်နေတဲ့ အချက်အလက်တွေထဲမှာ ဘယ်ဟာတွေကို ယူပြီး ဘယ်လို အသုံးချရမယ်ဆိုတာကအစ အတော်လေးကို ဝေခွဲရခက်တဲ့ ကိန်းဆိုက်လာပါတယ်။
ခုချိန်မှာ လူမှုကွန်ယက်တွေကလဲ အရမ်းကို တွင်ကျယ်လာနေတဲ့ အတွက် တစ်ဦးခြင်းစီနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုတောင် ဘယ်လို ကန့်သတ်ရမယ်၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာ အတော်လေးကို စဉ်းစားရတဲ့ကြပ်တဲ့ အနေအထားမှာ ရောက်လာပါတယ်။ အဲဒီအပြင် အခြား ရာဇဝတ်မှုတွေ၊ အကြမ်းဖက်ဝါဒတွေကအစ သတင်းအချက်အလက်တွေကို အသုံးချပြီး ကျူးလွန်လာတဲ့ အတွက် အတော်လေးကို သတင်းအချက်အလက်တွေ ပေါင်းလန်းဗျောင်းဆန်နေတဲ့ ခေတ်ကြီးလို့ ဆိုနိုင်ပါတယ်။
သတင်းအချက်အလက်ကို ရယူရာတွင် စရိတ်စကများ သက်သာလာခြင်း
ဒါကတော့ အထင်ရှားဆုံး အချက်အလက်တစ်ခု ဖြစ်ပါတယ်။ တယ်လီဖုန်းနဲ့ နိုင်ငံခြားကို ဆက်မယ်ဆိုရင် ကုန်ကျမယ့် ကုန်ကျစရိတ်နဲ့ အင်တာနက်သုံးပြီး အွန်လိုင်းက ဖုန်းပြောမယ်ဆိုရင် ကုန်ကျစရိတ်က အတော်လေးကို ကွာခြားပါတယ်။ အဲဒီလို ဈေးနှုန်းတွေ သက်သာလာတာကလဲ သတင်းအချက်အလက်ကို မြန်မြန်စီးဆင်းစေဖို့ တွန်းပို့ရာရောက်ပါတယ်။ စရိတ်တွေ နည်းလာလို့ သုံးတဲ့သူများလာ၊ သုံးတဲ့သူများလာလို့ ဈေးနှုန်းတွေကျနဲ့ နောက်ဆုံး ဟမ်ဘာဂါစားမယ်ဆိုရင် ဟမ်းဖုန်းတစ်လုံး ပေးတဲ့ အဆင့်အထိ ရောက်လာပါတော့မယ်။
အဲဒီလို စရိတ်စကတွေ ကျလာတာနဲ့အမျှ သတင်းအချက်အလက် စိမ့်ဝင်ပြန့်နှံ့မှုကလဲ ပိုပြီးထိရောက်လာသလို သတင်းအချက်အလက်ကို အသုံးချနိုင်စွမ်းကလဲ မြင့်တက်လာပါတယ်။
ဒါတွေကတော့ ပုံမှန် သမားရိုးကျ သတင်းအချက်အလက်တွေနဲ့ အင်တာနက် သတင်းအချက်အလက် ကွာခြားပုံအချို့ကို ထုတ်နုတ်တင်ပြခြင်းဖြစ်ပါတယ်။ တကယ်တန်း ဒီထက်ပိုပြီး အတွင်းကျကျ လေ့လာကြည့်မယ်ဆိုရင် အများကြီး ရှိပါသေးတယ်။ ကျွန်တော် ပြောမယ့် အကြောင်းအရာ ဖြစ်တဲ့ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ထိန်ကျောင်းတော့မယ်ဆိုရင် အဲဒီလို မတူကွဲပြားခြားနားတဲ့ သတင်းအချက်အလက် ပုံစံတွေ၊ လက္ခဏာတွေကို အသေးစိတ် အတွင်းကျကျ လေ့လာနိုင်မှသာ ဘယ်လိုနည်းလမ်းတွေကိုတော့ဖြင့် သုံးသင့်တယ်၊ ဘယ်နေရာမှာတော့ ဘယ်လို ဖြစ်သင့်တယ် စသည်ဖြင့် သိလာနိုင်မှာ ဖြစ်ပါတယ်။ ခုပြောမယ့် အစီအစဉ်ကလဲ MCPA က ကြီးမှူးကျင်းပတဲ့ Developer Conference ဖြစ်တာနဲ့အညီ Developer တွေမှာရော အဲဒီလို သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာတွေ မသိသင့်ဘူးလား။ သေချာပေါက် သိသင့်ပါတယ်။ ကျွန်တော် နိုင်ငံခြားက ပရောဂျက်တစ်ခုကို ရေးနေပါတယ်။ အဲဒီ ပရောဂျက်မှာ အဓိကအကျဆုံး အခက်ဆုံးအပိုင်းကို ပြောပါဆိုရင် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စပဲ ဖြစ်ပါတယ်။ ကျန်တာတွေအတွက် ဘာမှာ သိပ်ခေါင်းစားစရာ မလိုပေမယ့် အဲဒီ သတင်းအချက်အလက် လုံခြုံရေးအတွက်တော့ အတော်လေးကို ဦးနှောက်ခြောက်ရပါတယ်။
သတင်းအချက်အလက် လုံခြုံရေး ဆိုတာဘာလဲ
ကျွန်တော် ဒီနေရာမှာ တစ်ခု ပြောလိုတာက ကျွန်တော် သတင်းအချက်အလက်တွေကို အဖောက်ခံရရင် ဘယ်လို တုန့်ပြန်သင့်တယ်၊ ဘယ်လို ပြုပြင်သင့်တယ် ဆိုတဲ့ အပိုင်းတွေ ပြောမှာ မဟုတ်ပဲ ပွဲမဝင်ခင် အပြင်မှာကျင့်ဆိုသလို အဲဒီလို မဖြစ်အောင် ဘာတွေလိုက်နာသင့်တယ်၊ ဘယ်လို စီမံခန့်ခွဲသင့်တယ်၊ ဘယ်လို သတင်းအချက်အလက်တွေကို စိတ်ချရအောင် ထားမယ် စတဲ့အပိုင်းတွေပဲ ဖြစ်ပါတယ်။
အဲဒီတော့ သတင်းအချက်အလက် လုံခြုံရေးဆိုတာ သတင်းအချက်အလက်တွေကို လုံခြုံစိတ်ချရမှုရှိအောင် ဘယ်လို နည်းပညာတွေ သုံးမယ်၊ ဘယ်လို စံနှုန်းတွေထားမယ်၊ ဘယ်လို ပေါ်လစီတွေ ကျင့်သုံးမယ်၊ ဘယ်လို စီမံခန့်ခွဲမယ် စတာတွေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ လုံခြုံရေးဆိုတာနဲ့ ကင်းစောင့်ရမယ်ဆိုတာ သိပြီး ဖြစ်ပါတယ်။ အပြင်မှာ ကင်းစောင့်ရင်တော့ လွယ်ပါတယ်။ အပြင်က တစ်ယောက်မှ မဝင်လာအောင် စောင့်ရုံပါပဲ။ သတင်းကင်းသမားကတော့ အဲဒီလို အပြင်က ဝင်လာတဲ့သတင်းတွေကို အဝင်မခံပဲ ပိတ်ထားလို့ မရသလို၊ အတွင်းက သတင်းတွေကို အပြင်မထွက်အောင် အတင်းပိတ်ဆို့ထားလို့ မရပါဘူး။ ဒီတော့ အင်မတန်မှ ပညာသားပါတဲ့ ကင်းသမားတွေ ဖြစ်ဖို့လိုပါတယ်။
ကျွန်တော် ရှေ့ဆက်ပြီး ပြောမယ့် အကြောင်းအရာတွေကိုတော့ ကျွန်တော် Dev Con 2011 အပြီးမှာ အပြည့်အစုံ ပြန်တင်ပေးပါ့မယ်ခင်ဗျာ …
Facebook comments:


