လူကြီးဖတ်စာ (၂)
“ကိုသီဟရေ .. ကျွန်တော် ဒီနေ့ရောက်လာပြန်ပြီဗျ၊ မေးစရာလေး ပြောစရာလေး ရှိလို့”
“ဟုတ်ကဲ့ဗျ … မေးစရာထက် ပြောစရာက များတယ်မဟုတ်လားဗျ၊ ကျွန်တော့် မိတ်ဆွေကြီး လာနေတာ မြင်ကတည်းက ကျွန်တော်တော့ နားထောင် ရတော့မယ်ဆိုတာ သိပြီးသားပါဗျ”
“ဒီတစ်ခါတော့ အဲဒီလို မဟုတ်ပါဘူးဗျာ။ ကျွန်တော်က မေးမှာပါ၊ ဒီလိုဗျ ပြီးခဲ့တဲ့ရက်က ခင်ဗျားကို ကျွန်တော် မေးမယ်ဆိုတဲ့ ကိစ္စလေဗျာ၊ ကလေးတွေကို ဘယ်လို အင်တာနက်သုံးခိုင်းရမလဲ ဆိုတဲ့ ကိစ္စ၊ ကျွန်တော်တော့ ဒီအတိုင်း သုံးခိုင်းဖို့ မသင့်ဘူးလို့ထင်တာပဲဗျ။ အီးမေးလ်က အစဗျာ ပုံလေးတစ်ပုံ ရှာတာက အစဗျာ။ ကလေးတွေနဲ့ မသင့်တော်တာတွေ အများကြီးပဲ။ ကျွန်တော့် သားနဲ့ အင်တနက်သုံးတာ၊ သူက နာမည်ကြီး မင်းသမီး တစ်ယောက်ရဲ့ ပရိသတ်ဆိုတော့ အဲဒီ နာမည်ကြီး မင်းသမီးနာမည်ကို Google မှာ ရိုက်ထည့်ပြီး ရှာလိုက်တာ အားပါး ကျွန်တော့်သားကို အတင်း ပြန်ဆွဲခေါ်လာရတယ်ဗျ။ နောက်နေ့ကျတော့ သူ့သူငယ်ချင်းတွေနဲ့ အဲဒီ မင်းသမီးရဲ့ ဗီဒီယိုကို MP4 မှာ ကြည့်ပြီးပြီလို့ ကျွန်တော့်ကို လာပြောတယ်။”
“အာ ခင်ဗျားကလည်း အဲဒီလို ရှာမယ်ဆိုရင် အဲဒီလို တက်လာမယ်ဆိုတာ ခင်ဗျား မသိဘူးလား။ အင်တာနက်မှာ ပုံတွေ မရှာဘူးတာ ကြနေတာပဲ။”
“ကျွန်တော်က နိုင်ငံခြား မင်းသမီးတွေပဲ ကြိုက်တာဗျ၊ မြန်မာမင်းသမီးတွေဆို အဲဒီလို မဖြစ်လောက်ဘူးလို့ တွက်တာဗျာ။ နောက်ရှိသေးတယ်ဗျာ၊ မြန်မာလို ရိုက်ရှာမယ်။ ဥပမာ လ ဆိုပါစို့။ Suggested Word တွေထွက်လာတာ လန့်စရာတောင် ကောင်းတယ်ဗျာ။”
“ခင်ဗျားကလည်း အဲဒီလို ပေါက်ပေါက်ရှာရှာတွေပဲ ရှာနေတာမလား၊ အဲဒါကြောင့် တွေ့တာနေမှာ။”
“ဟာဗျာ ဝါသနာကို မတားပါနဲ့။ အဲလေ ကျွန်တော်တို့လို လူကြီးတွေက ထားပါတော့။ ကျွန်တော့်သားလို့ ဆယ်ကျော်သက်တွေ ကြတော့ အဲဒါမျိုးတွေ မြင်လို့ ဖြစ်ပါ့မလားဗျ။ အွန်လိုင်းဆိုတာ ဘာပဲဖြစ်ဖြစ် ရှိနိုင်တယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့်ဗျာ အင်္ဂလိပ်လို ရှာရင် မနည်းရှာရတဲ့ အနေအထားမှာ မြန်မာလို ရိုက်ရှာရင် ဒီလောက်လွယ်နေတာ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်တယ်ဗျ၊ အဲဒီအတွက် ကလေးတွေကို ဘယ်လို ကန့်သတ်ပြီး သုံးခိုင်းရမလဲ။”
“အင်းဗျ အဲဒီကိစ္စနဲ့ ပတ်သက်ရင် တော်တော် ပြောရခက်တယ်ဗျ။ ဟိုလိုသုံးခိုင်းလည်း မလွတ် ဒီလိုသုံးခိုင်းလည်း မလွတ်ဆိုသလို ဖြစ်နေတယ်။ Search Engine တွေဆိုတာ လူတွေ အရှာအများဆုံး စကားလုံးတွေကို ထိပ်ပို့ ပေးလေ့ရှိတယ်ဗျ။ အဲဒီအပေါ်မှာ မူတည်ပြီး Suggested Word ဆိုတဲ့ List တွေကိုလည်း ဖန်တီးပေးတယ်၊ သူတို့ အင်္ဂလိပ်စာမှာတော့ Content Filtering ဆိုတာတွေ ရှိတယ်ဗျ။ မြန်မာစာ အပေါ်မှာတော့ ဘယ်စာတွေက Filter လုပ်ရမယ် ဆိုတာမျိုးတွေ မသိဘူးလေဗျာ။ ဒီတော့ ဒီအတိုင်းပြတာပေါ့။ အဲဒီတော့ ကလေးတွေကို Search Engine သုံးခိုင်းမယ်ဆိုရင် လူကြီးတွေ ပုံမှန်သုံးနေကြ Google လို Search Engine ကို မသုံးခိုင်းနဲ့ပေါ့ဗျာ။ ကလေးတွေအတွက် သီးသန့်သုံးလို့ရမယ့် Search Engine တွေ တော့ ရှိပါတယ်။ Yahoo Kids လိုပေါ့။ ဒါပေမယ့် မြန်မာလိုရှာရင်တော့ အဆင်ပြေမယ် မထင်ဘူးဗျ။”
“နောက်တစ်ခုက Email ဗျာ။ ကျွန်တော့် အီးမေးလ်မှာဆို Spam Mail တွေ အများကြီး ဝင်တယ်၊ တစ်ခါတစ်လေ ဖွင့်ကြည့်မိပါတယ်။ တစ်ခုမှ ကလေးနဲ့ အဆင်ပြေတာ မပါပြန်ဘူးဗျ။ ကျွန်တော် သမီးရဲ့ အီးမေးလ်မှာရော အဲဒီလို မဝင်ဘူးလို့ ပြောနိုင်မလားဗျာ။ ကျွန်တော်က ဖွင့်မကြည့်ပဲ ဖျက်လို့ရပေမယ့် သမီးကတော့ ဖွင့်ကြည့်မှာပဲဗျ။ အဲဒါမျိုးဆိုရင်ကော ကျွန်တော့် သမီးကို အီးမေးလ် ဘယ်လိုသုံးခိုင်းမလဲ။”
“အဲဒီလို Spam Mail တွေ များများ ဝင်လေ့ရှိတာက ဟိုဆိုက်လည်း ဝင်ကြည့် အကောင့်ဆောက်ပါ ဖရီးပေမယ်ဆို ဆောက်၊ ဟိုဆိုက်ကိုသွား ဘယ်နှစ်ရက် အလကားဆို အီးမေးလ် ပေးပြီး Register လုပ်၊ နောက်တစ်နေရာ ရောက်ပြန်တော့လည်း အလကားဆိုတော့ ဝင်ဆောက် အဲဒီလို နေရာတကာ ဝင်ထားတဲ့အတွက် Spam တွေ ရောက်လာတတ်တာ များတယ်ဗျ။”
“ကျွန်တော့် အီးမေးလ်က Spam Mail တွေ အများကြီး ဝင်တယ်ဆိုတော့ ကျွန်တော် အဲဒီလို လျှောက်ဝင်ထားတာ ခင်ဗျား သိသွားပြီပေါ့။ သွားပါပြီဗျာ။ မရှိမဲ့ရှိမဲ့ အရှက်တော့ ကွဲပါပြီ။”
“ဒါကတော့ ဝါသနာကိုးဗျ၊ ဟဲဟဲ … အဲဒီလို Spam Mail တွေ အဝင်များအောင် နေတတ်တဲ့ ခင်ဗျားလို လူတွေအတွက်လည်း အကြံကောင်းလေး ပေးရရင် ပေါက်ကရလုပ်ဖို့အတွက် အီးမေးလ် သီးသန့်ထားဗျ။ ကိုယ် မူပိုင်သုံးတဲ့ အီးမေးလ်ကို သုံးပြီး ပေါက်ကရလုပ်ရင်တော့ တစ်ချိန်မဟုတ် တစ်ချိန် ခင်ဗျား အီးမေးလ် Password တောင် ပါသွားနိုင်တယ်ဗျ။”
“ဟုတ်လား။ ဒါဆို ကျွန်တော့်ကို အီးမေးလ် အကောင့်ဆောက်ပေးပါဦး။ မထူးပါဘူးဗျာ။ အီးမေးလ် အသစ်နဲ့ ဘဝအသစ် ပြန်စတော့မယ်၊ ကျွန်တော် မူပိုင် အီးမေးလ်ကတော့ ပေါက်ကရ လုပ်လက်စနဲ့ ဆက်လုပ်တော့မယ်။ ဟာဗျာ ကျွန်တော့် အီးမေးလ် ကိစ္စ ခဏထားပါ။ သမီးရဲ့ အီးမေးလ် ကိစ္စဆက်ပါဦးဗျာ။ လူကြီးခန်းတွေကို နောက်မှ တိုးတိုးတိတ်တိတ် ခင်ဗျားနဲ့ လာမေးမယ်။ ဟီးဟီး”
“ကလေးတွေ သူတို့ အီးမေးလ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲနိုင်စွမ်း မရှိသေးတဲ့ အရွယ်တွေမှာ လူကြီးတစ်ယောက် အကူအညီကို အမြဲယူသင့်တယ်ဗျ။ ဆိုလိုတာကတော့ဗျာ၊ လူကြီးက မလိုသည်များကို တည်းဖြတ်ပြီးမှ ကလေးတွေကို သုံးခိုင်းတဲ့ သဘောပေါ့။ ဒါပေမယ့် Web Mail လိုမျိုးတွေက သုံးနေရင်းတန်းလန်းကို အီးမေးလ်တွေ ဝင်လာတာ ဖြစ်တဲ့အတွက် Download ချပြီးမှ သုံးလို့ရမယ့် အီးမေးလ် Software တွေ ဖြစ်တဲ့ Outlook လိုမျိုးတွေ သုံးဗျ။ ကလေးကို Download ချခွင့်ပိတ်ထား၊ ခင်ဗျားက Download ချ တည်းဖြတ်ပြီးမှ ကလေးတွေကို သုံးခိုင်းတာမျီုးပေါ့။ Gmail မှာ ဆိုရင်လည်း Offline Gmail ဆိုတာ ရှိတယ်ဗျ။ အင်တာနက် ကော်နက်ရှင်ကို ဖြတ်ထားပြီး အီးမေးလ်ကို သုံးလို့ရတယ်။ အကောင်းဆုံးကတော့ဗျာ Download ချလို့ ရတဲ့ Email Software တွေနဲ့ လူကြီးက တည်းဖြတ်ပြီးမှ ကလေးတွေ သုံးသင့်တယ်ဗျ။”
“အီးမေးလ်သုံးတာတော့ ဟုတ်ပါပြီ။ နောက်တစ်ခု မေးချင်တာက ကလေးတွေကို ကွန်ပျူတာ တစ်ယောက်တစ်လုံး ဝယ်ပေးသင့်လားဗျ။ ကျွန်တော် စဉ်းစားတာကဗျာ၊ ကျွန်တော် ကွန်ပျူတာကို ကလေးတွေ ကိုင်ခိုင်းရင် မသင့်တော်ဘူးမဟုတ်လား။”
“အင်း ဝါသနာတွေ ပါလာပြန်ပြီထင်တယ်၊ ဟားဟား …”
“ဟာဗျာ .. ကျွန်တော့် မျက်နှာကြီးတွေတောင် နီလာပြီ။ ခင်ဗျား ပြောတာနဲ့။”
“ရှက်တာလားဗျ”
“ဘယ်ကလာဗျာ၊ အိမ်ပြန်ပြီး Britney Spears ကြည့်ချင်စိတ်တွေ ပေါက်လာလို့၊ ခင်ဗျားနဲ့ ဒီတစ်ခါ စကားပြောရတာ နောက်နေတာနဲ့ ပြီးမှာ မဟုတ်တော့ဘူး။ ကလေးတွေ ကိစ္စပဲပြောရရအောင်ဗျာ။ အဲဒီလို ကလေးတွေကို ကွန်ပျူတာ တစ်ယောက်တစ်လုံး ဝယ်ပေးလိုက်ရင် ကောင်းမလားဗျ။ ခုဟာ တစ်လုံးတည်းဆို သားနှစ်ယောက် သမီးတစ်ယောက် လုနေကြရတယ်။ ကျွန်တော့်ကွန်ပျူတာကျတော့လည်း ပေးကိုင်လို့ မဖြစ်။ အဲဒါ ဘယ်လို လုပ်ရမလဲဗျ ကူညီပါဦး။”
“ကျွန်တော်ကတော့ အဲဒီလို တစ်ယောက် တစ်လုံး ဝယ်ပေးမယ်ဆိုရင် ကလေးရဲ့ အသက်အရွယ်ကို ကြည့်ပြီး ဝယ်ပေးသင့်တယ်လို့ မြင်တယ်ဗျ။ ကလေးက ကွန်ပျူတာကို သီးသန့် ဝယ်ပေးဖို့ လိုပြီးလား၊ အင်တာနက်ကို သီးသီးသန့် သုံးနိုင်ပြီလား အပေါ်မှာ မူတည်ပြီးမှ ဝယ်ပေးသင့်တယ်။ အဲဒီလိုမှမဟုတ်ရင် Family Computer လို့ခေါ်တဲ့ မိသားစု ကွန်ပျူတာမှာပဲ အချိန်အကန့်အသတ်နဲ့ သုံးသင့်တယ်။ ကွန်ပျူတာဆိုတာ အကျိုးရှိတဲ့ ဖက်ကို သွားမယ်ဆိုရင်လည်း အဆုံးစွန်ထိ ပို့ပေးနိုင်သလို အကျိုးမရှိတဲ့ဖက်ကို သွားမယ်ဆိုရင်လည်း အဆုံးစွန်ထိ ပို့ပေးနိုင်တယ် ဆိုတာ ခင်ဗျားလည်း သိပါတယ်။ နောက် အချိန်အကန့်အသတ်နဲ့ မျှဝေသုံးစွဲခြင်း အားဖြင့် ကျောင်းစာတွေမှာလဲ မထိခိုက်တော့ဘူးပေါ့ဗျာ။ နောက် ခင်ဗျား စက်မှာ သုံးခိုင်းလည်း ရတာပဲဗျ။ File တွေကို User Level တွေခွဲပြီး Protect လုပ်ထားလို့ရတယ်လေဗျာ။ ခင်ဗျား အကောင့် ခင်ဗျား Password နဲ့မှ အဲဒီဖိုင်တွေကို မြင်ရတာမျိုးပေါ့။”
“ဟုတ်ပြီဗျာ၊ လောလောဆယ် ကလေးတွေကို သီးသန့် ကွန်ပျူတာ မဝယ်ပေးသေးပဲ မိသားစု ကွန်ပျူတာမှာပဲ သုံးခိုင်းဦးမယ်ဗျ။”
“အဲဒီလိုကြီး အတင်းတော့လည်း မကန့်သတ်နဲ့ဦးနော်၊ တော်ကြာ ခင်ဗျား ကလေးက ကွန်ပျူတာနဲ့ ဘီလီယံနာကြီး ဖြစ်ဖို့ ပါလာရင် မဖြစ်ပဲနေဦးမယ်။”
“အောင်မလေးဗျာ၊ ဘီလီယံနာ မဖြစ်ရင်နေပါစေ၊ သေနာမဖြစ်ရင်တော်ပါပြီ။ ကဲဗျာ ပြန်လိုက်ဦးမယ်ဗျာ။ နောက်များ ကြုံတော့မှာ ခင်ဗျားဆီ ထပ်လာဦးမယ်။ ခုတော့ သွားတော့မယ်ဗျ။”
ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေကြီး ကျောပြင်ကို ငေးကြည့်ပြီး ကျန်ခဲ့လေသည်ပေါ့ဗျာ။
Facebook comments:




“ကလေးတွေအတွက် သီးသန့်သုံးလို့ရမယ့် Search Engine တွေ တော့ ရှိပါတယ်။ Yahoo Kids လိုပေါ့။”
ဒီနေရာမှာ Yahoo Kids က Search Engine မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်။ Yahoo Kids က ကလေးတွေအတွက် Portal Site တစ်ခုဆိုပိုမှန်မယ်ထင်တယ်။ Ask Kids (http://www.askkids.com/) လိုမျိုးမှသာ ကလေးတွေအတွက် content filtering လုပ်ထားတဲ့ search engine ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ …
အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါသည်။ ကျေးဇူးလည်း တင်ပါသည်။ အပြင်မှာ ဒီလို ကလေးတွေ အင်တာနက် သုံးရာတွင် အကာအကွယ်ပေးဖို့ အတွက် Software တွေ ရောင်းနေတာကိုလည်း တွေရပါသည်။ နောင်မှာ ကွန်ပြူတာတွေနှင့် အင်တာနက်တွေဟာ နေ့စဉ်နှင့် အမျှ ထိတွေနေရတော့မှာပါ။ သာမန် လူသုံးကုန်ကနေ မရှိမဖြစ် လိုအပ်လာလေမယ်လို့လည်း ယုံကြည်ထားပါတယ်။
သာမန် အသုံးပြုမဲ့ သူအတွက်ကတော့ ကွန်ပြူတာနှင့် ပတ်သတ်သော အသိဉာဏ် အင်မတန် နည်းပါးပါတယ်။ အကယ်၍များ ဒီလို အင်တာနက်ထဲကို စပြီး သုံးမဲ့ ကလေးတွေကို အကာအကွယ် ပေးနိုင်သော နည်းလမ်းတွေကို စုစီး ဆွေးနွေးပေးနိုင်မည် ဆိုရင်ဖြင့် အတိုင်းထက်အလွန် ကျေးဇူးတင်ပါတယ်။ အဓိကအားဖြင့်
၁။ chatroom များမှ မလိုလားအပ်သော လူများမှ ကာကွယ်ပေးရန်
၂။ ကွန်ပြူတာ အသုံးပြုချိန်ကို ထိန်းချုပ်နိုင်ရန်
၃။ သွားရောက်ကြည့်နိုင်သော Website များကို ထိန်းချုပ်ထားရန်
၄။ Search Engine များမှ မလိုလားအပ်သော စာသားများနှင့် ရုပ်ပုံများကို ပိတ်ပင်ထားနိုင်ရန်
၅။ Email များကို ထိန်းချုပ်ရန်
၆။ သွားရောက် လည်ပတ်ခဲ့သော Website များကို မိဘများက စစ်ဆေးနိုင်ရန်
၇။ မိဘများမှ သတိပြုရန် အချက်အလက်များ
ကလေးတွေ Public Chatroom သုံးတာကိုတော့ မသုံးသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဓိကက တော့ မိဘတွေပါပဲ။ ကလေးတွေကို အင်တာနက်သုံးခိုင်းမယ် ဆိုရင် သူတို့ကိုယ်တိုင် အင်တာနက် ဘာလဲဆိုတာ သေသေချာချာ သိဖို့ လိုပါတယ်။ အဲဒါမှလည်း သူတို့ သားသမီးတွေကို နည်းမှန်လမ်းမှန် သုံးတတ်အောင် သင်ပေးနိုင်မှာပါ။ ခုခေတ်မှာတော့ အင်တာနက်သုံးတယ်ဆိုရင် ကွန်ပျူတာ ကိုင်တတ်နေပြီလို့ ယူဆပြီး မသိတဲ့ မိဘတွေက သဘောကျနေကြပါတယ်။ သူတို့ သားသမီးတွေ ဘာတွေသုံးနေတယ်၊ ဘာတွေ ကြည့်နေတယ်ဆိုတာ မသိကြပါဘူး။ နောက် လူကြီး အကူအညီယူသင့်တဲ့အရွယ်မှာ လူကြီး အကူအညီပါမှကို အင်တာနက်သုံးစေသင့်ပါတယ်၊ ငြိမ်နေတာပဲဆိုပြီး လွတ်ထားတာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော် ရှေ့မှာ ရေးခဲ့တဲ့ ဆောင်းပါးမှာ အဲဒီအကြောင်း တော်တော်များများ ပါပြီးပါပြီ ခင်ဗျ
မှန်ပါတယ် ကလေးတွေက အတုသင် အတတ်သိပ်လွယ်တာ သူတို့မှာကောင်းတာမကောင်းတာ ကိုယ်ပိုင်ခွဲခြားနိုင်တဲ့ ဉာဏ်မရှိသေးဘူးလေ။ လူကြီးတွေက ဂရုစိုက်ပေးသင့်ပါတယ်။