မစ္စတာ အိုဘားမားနှင့် အင်တာနက်

ဂျာနယ်တွေမှာ နိုင်ငံရေးသမားတွေနဲ့ အင်တာဗျူးတွေ ပါနေတော့ အားကျမခံ ရေးပြီးသား ပြန်တင်လိုက် ပါတယ်။ သူတို့တွေ အင်တာဗျူးနေတော့ ကျွန်တော်လည်း မေးခွန်းတစ်ခု ဝင်မေးချင်ပါတယ်။ ခင်ဗျားတို့ Web 2.0 ကို သိလားဆိုတဲ့ မေးခွန်းပါပဲ။ ဒီဆောင်းပါးလေးက နိုင်ငံရေးနဲ့ နည်းပညာ ဆက်စပ်မှုကို အတိုင်းအတာတစ်ခုအထိ ပုံဖော်ပေးနိုင်မယ်လို့ ယူဆပါတယ်။ အားနည်းချက်များ ချွတ်ယွင်းချက်များ ပါရှိပါက စာရေးသူရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။ Popular News ဂျာနယ်မှာ ပါပြီးသားပါ။

အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲ ကာလကို တစ်ကမ႓ာလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ ပထမဦးဆုံး လူမည်းသမ္မတ၊ ကမ႓ာစီးပွားပျက်ကပ်၊ အပြောင်းအလဲကို တောင့်တမှု စသည့် သမိုင်းဝင် ဖြစ်ရပ်များကြောင့်လည်း လူစိတ်ဝင်စားမှုများရခြင်းလည်း ဖြစ်သည်။ ထို့ပြင် စိတ်ဝင်စားစရာ ကောင်းသည့် အချက်တစ်ခုမှာ အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို လူအများသိရှိစေရန် ဖြန့်ဝေရာတွင် အသုံးပြုသော ကြားခံမီဒီယာများတွင် ပုံမှန် သမားရိုးကျ ရေဒီယို၊ တယ်လီဗွီရှင်း၊ သတင်းစာ၊ လူထုစည်းဝေးပွဲများ၊ လူထုလှုပ်ရှားမှုများ အပြင် သမာရိုးကျ မီဒီယာမဟုတ်သော အင်တာနက်၏ Web 2.0 ဟူသော မီဒီယာ အသစ်တစ်ခု ပါဝင်လာခဲ့ပါသည်။ အဆိုပါ မီဒီယာသည် နိုင်ငံရေး၏ ဒုတိယစာမျက်နှာဟုပင် ဆိုရလောက်အောင် အလွန် တွင်ကျယ်ပြီး အလွန် ထိရောက်ခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ Web 2.0 သည် မည်ကဲ့သို့သော မီဒီယာဖြစ်ပါသနည်း။ တကယ်တော့ Web 2.0 မှာ အင်တာနက်၏ တိုးတက် ဖွံ့ဖြိုးလာမှုအပေါ် ပညာရှင်များက အကဲဖြတ်ပြီး နာမည်ပေးထားခြင်း ဖြစ်ပါသည်။ Web 1.0 တွင် အင်တာနက် မီဒီယာသည် တစ်ဖက်သတ် ဆန်သည်။ အင်တာနက် စာမျက်နှာများကို အသုံးပြုသူများ အနေဖြင့် ကိုယ်တိုင်ပါဝင် ပတ်သက်ခွင့် အနည်းငယ်သာ ရှိခဲ့သည်။ Web 2.0 တွင်မတော့ အသုံးပြုသူ တစ်ဦးချင်းစီ အင်တာနက် စာမျက်နှာ တစ်ခုစီအထိ ဖန်တီပေးနိုင်ခဲ့သလို အသုံးပြုသူများသည် အင်တာနက် စာမျက်နှာများတွင် မိမိကိုယ်တိုင် ပါဝင် ပတ်သက် နေရသလို ခံစားနိုင်မည် ဖြစ်သည်။ အခမဲ့အွန်လိုင်း စွယ်စုံကျမ်း Wikipedia တွင် မိမိကိုယ်တိုင် အကြောင်းအရာများကို ဝင်ရေးနိုင်လာခြင်း၊ လူမှုကွန်ယက်များ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်း၊ ဖိုရမ်များ၊ ဘလော့များ စသည်တို့သည် Web 2.0 ၏ အခန်းကဏ္ဍကို ပိုပြီး ပီပြင်လာစေခဲ့သည်။

“အင်တာနက်သာ မရှိရင် ဘာရက် အိုဘားမားလည်း ဖြစ်လာစရာ အကြောင်း မရှိသလို၊ အင်တာနက်သာ မရှိရင် ဘာရက် အိုဘာမားလည်း ဒီမိုကရက်တစ် သမ္မတလောင်းလည်း ဖြစ်လာစရာ အကြောင်းမရှိပါဘူး” ဟု ဟပ်(ဖ်)ဖင်တန်ဝက်ဆိုက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အရီရန်နာ ဟပ်(ဖ်)ဖင်တန်က ပြီးခဲ့သည့် နှစ်အတွင်းက ကျင်းပခဲ့သည့် Web 2.0 ဆွေးနွေးပွဲတွင် မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့သော စကားမျိုးကို ဆိုရလောက်အောင် အင်တာနက်က ရွေးကောက်ပွဲတွင် မည်မျှ အရေးပါခဲ့သနည်။ အဆိုပါစကားကို ယတိပြတ်ယုံကြည်နိုင်ရန် ခက်ခဲသော်လည်း အင်တာနက်ကို ကောင်းကောင်း မသုံးတတ်လျှင် မစ္စတာအိုဘားမား တစ်ယောက် အမေရိကန် သမ္မတဖြစ်လာစရာ အကြောင်းမရှိ ဆိုသော အချက်ကိုတော့ လက်ခံရမည်ဖြစ်သည်။

ဒီမိုကရက်တစ် ပါတီ၏ သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင်လည်း ဂျွန်အက်(ဖ်)ကနေဒီသည် ထိုအချိန်က မီဒီယာ အသစ်တစ်ခုဖြစ်သော တယ်လီဗွီရှင်း မီဒီယာကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပြီး နိုင်ငံရေးနှင့် တယ်လီဗွီရှင်းကို တစ်သားတည်းကျအောင် ပေါင်းစပ်နိုင်ခဲ့သည်။ ယခု လက်ရှိ အမေရိကန် သမ္မတ အိုဘားမားကတော့ အင်တာနက်နိုင်ငံရေးဆိုသော မျက်နှာစာအသစ်ကို Web 2.0 ဆိုသော အထိုင်ပေါ်တွင် အုတ်မြစ်ချ အသုံးပြုနိုင်ခဲ့သည်။ ဒီမိုကရက်တွေက မီဒီယာအသုံးချမှုတွင် ရီပတ်ပလစ်ကင်များထက် နှာတစ်ဖျားသာသည်ဟု ဆိုလျှင် မှားအံ့မထင်။ သို့သော် အိုဘားမား၏ ပြိုင်ဖက် ဂျွန်မက်ကိန်းသည်လည်း ခေသူမဟုတ်။ အင်တာနက်ဆိုသည့် ဆင်ရိုင်းကို ချွန်းအုပ်ပြီး ကောင်းကောင်း အသုံးချနိုင်ခဲ့သည်သာ။ “အပြောင်းအလဲ(Change)” ဆိုသော စကားလုံးက ဘယ်သူသမ္မတဖြစ်မည် ဆိုသည်ကို အဓိက ပုံဖော်သွားဟန်တူသည်။ တကယ်တော့ အမေရိကန် ပြည်သူတွေသာမက ကမ႓ာသူ၊ ကမ႓ာသား အားလုံးလိုလိုပင် ဂျော့ ဒဗလျူ ဘု(ရှ်)၏ ကောင်းဘွိုင်ဆန်ဆန် လုပ်ရပ်များကို မနှစ်မြိှ့တော့။ ဒီတော့ ဒီပုတ်ထဲက ဒီပဲ ဂျွန်မက်ကိန်းကို မရွေးဘဲ၊ “အပြောင်းအလဲ (Change)” ဟူသော စကားလုံးကို တွင်တွင်ရွတ်နေသော အိုဘားမားကို ရွေးခဲ့ဟန်တူသည်။ မည်သို့ဆိုစေ Web 2.0 ကတော့ နိုင်ငံရေးနှင့် တစ်သားတည်းကျသွားပြီ၊ နိုင်ငံရေးနှင့် အင်တာနက် တစ်သားတည်း ကျသွားပြီ ဆိုသည့်အချက်ကိုတော့ လက်ခံရမည်ဖြစ်သည်။

နိုင်ငံရေးနှင့် အင်တာနက် ချိတ်ဆက်မှုကို လွန်ခဲ့သော ၉၀ နှစ်လွန်ကာလများကပင် လူအများ သတိထားမိခဲ့ကြသည်။ အထင်ကရ နိုင်ငံရေးသမားများသည် သူတို့နှင့် ပတ်သက်သော အကြောင်းအရာများကို နည်းပညာ ကျွမ်းကျင်သော သူများ အကူအညီဖြင့် အင်တာနက် စာမျက်နှာများ လွင့်တင်ခဲ့ကြသည်။ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတွင် မတော့ အင်တာနက်က သတင်းဖြန့်ချီရေးနှင့် အပြန်အလှန် ငြင်းခုန် ဆွေးနွေးပွဲများကို အချိန်နှင့် တစ်ပြေးညီ လူအများ သိအောင် စွမ်းဆောင် နိုင်ခဲ့ပြန်သည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲအထိ အင်တာနက်သည် Instant News (ဖြစ်ဖြစ်ချင်း သိနိုင်သော သတင်း)၊ အလှူငွေကောက်ခံခြင်း၊ ဝါဒဖြန့်ချီခြင်း စသည့် အထိုင်များထက်မပိုခဲ့။ တစ်ဖတ်သတ် စီးဆင်းသည့် မီဒီယာပုံစံပေါ်တွင် ချက်ချင်း သိနိုင်ခြင်းဆိုသော ဂုဏ်သတ္တိတစ်ခုသာ သိသိသာသာ ပိုလာခဲ့သည်။ နိုင်ငံရေးတွင် အင်တာနက်က သိပ်အရေးမပါသေးသည့် သဘောဖြစ်သည်။

၂၀၀၈ ခုနှစ်ရွေးကောက်ပွဲကာလတွင်မတော့ သမ္မတလောင်းနှစ်ဦးစလုံး အင်တာနက်နှင့် ပတ်သက်လျှင် ၂၀၀၇ ခုနှစ် အစောပိုင်း ကာလများ ကတည်းက အသေးစိတ် ပြင်ဆင်ထားကြကြောင်း လေ့လာတွေ့ရှိရသည်။ အရင်လို အင်တာနက်ကို နောက်တန်းတွင် ပို့ထား၍ မဖြစ်နိုင်တော့မှန်း ရိတ်မိသိရှိခဲ့ကြသည်။ ပုံမှန် သမာရိုးကြနည်းလမ်းဖြစ်သော တရားဝင် ဝက်(ဘ်)ဆိုက်တစ်ခုထောင်၊ ပြီးရင် သတင်းဖြန့်၊ အလှူငွေကောက် စသည်တို့နှင့် လောက်သာ အင်တာနက်ကို တွေး၍ မဖြစ်တော့။

အင်တာနက်ကို လျော့တွက်၍ မရတော့ကြောင်းကို ရီပတ်ပလစ်ဂင် သမ္မတလောင်း ရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ရွန်ပေါက သက်သေပြ သွားခဲ့သည်။ ရွန်ပေါက အင်တာနက်ကို ချဉ်းကပ်ရာတွင် လမ်းရိုးအတိုင်း လွန်ခဲ့သော ၂၀၀၄ ခုနှစ်ကတည်းက ရှိခဲ့သော ပုံစံဟောင်းကြီး အတိုင်းချဉ်းကပ်သည်။ သူ၏ အတွေးအခေါ်များ၊ သတင်း အချက်အလက်များကို သမာရိုးကျ နည်းအတိုင်းသာ ဖြန့်ဝေသည်။ သမာရိုးကျ နည်းလမ်းများဖြင့် အင်တာနက်က တစ်ဆင့် အလှူငွေ စုဆောင်းသည်။ အရင်လမ်းဟောင်းကြီး အတိုင်းသာ တရားဝင် ဝက်(ဘ်)ဆိုက် (Official Website) တစ်ခုတည်ထောင် သတင်းဖြန့်၊ အလှူငွေကောက်။ ထိုထက်မပို။ ဒီတော့ ဂျွန်မက်ကိန်းကို စောစောစီးစီး အရှုံးပေးခဲ့ရသည်။

အိုဘားမားနှင့် ဂျွန်မက်ကိန်း တို့ကတော့ အင်တာနက်၏ အကြောကို ပိုပြီး နပ်သည်ဟု ဆိုရမည် ဖြစ်သည်။ တစ်ဖက်သတ် စီးဆင်းနေသော ပုံစံမျိုးကို အဓိက မထား။ သတင်းအချက်အလက် အပြန်အလှန် စီးဆင်းမှုရှိသော Web 2.0 အထိုင်ပေါ်မှာ တည်ဆောက်သည်။ ကိုယ်စားလှည် လောင်းများနှင့် ထောက်ခံသူများကို လူမှုကွန်ယက်များမှ တစ်ဆင့် ထိတွေ့သည်။ လူမှုကွန်ယက်များကို အချိန်နှင့် တစ်ပြေးညီ တည်ဆောက်ခဲ့ ကြသည်။ အိုဘားမားက အိုဘားမား အွန်လိုင်းကွန်ယက်ကို တည်ထောင်သလို၊ မက်ကိန်းကလည်း မက်ကိန်းကွန်ယက်ကို တည်ထောင်သည်။ အဆိုပါ ပင်မကွန်ယက်များသည် ချက်ချင်းဆိုသလိုပင် ထောက်ခံသူများအတွက် ဆွေးနွေးစရာနေရာ၊ သတင်းအချက်အလက် အပြန်အလှန် ဖြန့်ချီရာနေရာများ ဖြစ်လာခဲ့သည်။ သတင်းအချက်အလက် ဖြန့်ချီရာတွင်လည်း Official Website မှာ တဆင့် ဖြန့်ချီသည့် ပုံစံမဟုတ်တော့ ထောက်ခံသူ အချင်းအချင်း လူမှုကွန်ယက်များ မှတစ်ဆင့်၊ အီးမေးလ်များမှ တစ်ဆင့် ဖြန့်ဝေကြသည်။ သတင်းအချက်အလက်ကို ကိုယ်စားလှယ် များကသာ ဖြန့်ဝေသည့် ပုံစံမဟုတ်တော့။ ထောက်ခံသူများကပါ ပါဝင်ဖြန့်ဝေကြသည့် ပုံစံဖြစ်သည်။ ကိုယ်စားလှယ်များက ဖြန့်သည့်အခါ ဖတ်ချင်မှ ဖတ်မည်။ သူငယ်ချင်းကတစ်ဆင့် မျှဝေသည့်ပုံစံဖြစ်လာသော အခါ မဖတ်မဖြစ်၊ မကြည့်မဖြစ်တွေ ဖြစ်လာခဲ့ပြီး အလွန်ထိရောက်ခဲ့ ကြသည်။

အခမဲ့ အသုံးပြုနိုင်သော အွန်လိုင်း ပင်မဝက်(ဘ်)ဆိုက် (Portal) များဖြစ်သော MySpace, Twitter အစရှိသော နေရာများနှင့် အရုပ်နှင့် အသံတို့ကို အခမဲ့လွှင့်တင်နိုင်သော နေရာများသည် မဲဆွယ်စည်းရုံးရေးအတွက် အဓိက အင်ဂျင်များ ဖြစ်လာခဲ့သည်။ ဖိုရမ်များ၊ ဘလော့များ၊ meetup ကဲ့သို့သော ပိစိကွေး ပေါ်တယ်များပါမကျန် ခြေလှမ်းကျယ်ကျယ် လှန်းနိုင်ခဲ့ကြသည်။

အိုဘားမားရော ဂျွန်မက်ကိန်းပါ အင်တာနက်ကို ပါးပါးနပ်နပ် အသုံးချနိုင်ခဲ့ကြသော်လည်း အဓိကကွာခြားသော အချက်မှ အွန်လိုင်းမှ ထောက်ခံသူ အရေအတွက်ဟု ပြောလျှင် ရမည်ထင်သည်။ အရင်သမ္မတဟောင်းကြီး ပါတီကို စိတ်ကုန်နေကြ သောကြောင့် ဂျွန်မက်ကိန်းကို မထောက်ခံ ကြတာလည်း ဖြစ်ကောင်းဖြစ်မည်။ အိုဘားမားနှင့် ဂျွန်မက်ကိန်း အွန်လိုင်း ထောက်ခံမှုတွင် အိုဘားမားက အပြတ်အသတ်သာ နေတာတွေ့ရသည်။

Tendrr ဟု အမည်ရသော အွန်လိုင်း စစ်တမ်းကောက်ယူမှု တစ်ခု၏ အချက်အလက်များအရ MySpace ဟု အမည်ရသည့် လူမှုကွန်ယက်တွင် မစ္စတာအိုဘားမားအားက သူငယ်ချင်း အရေအတွက် ၈၄၄ ၉၂၇ ဦးရှိနေချိန်တွင် မစ္စတာ မက်ကိန်းက ၂၁၉ ၄၀၄ ဦးသာရှိကြောင်းတွေ့ရသည်။ ထို့ပြင် အွန်လိုင်းစာတိုစနစ်တစ်ခု ဖြစ်သော Twitter တွင် မစ္စတာအိုဘားမားက စာတိုလက်ခံရန်အဆိုပြုသူ ၁၁၈ ၁၀၇ ဦးရှိနေချိန်တွင် မစ္စတာမက်ကိန်းက ၄၉၄၂ ဦးသာရှိသည်။ မစ္စအိုဘားမား၏ တရားဝင် လွှင့်တင်ထားသော လူမှုကွန်ယက်ဖြစ်သည့် My.BarackObama တွင် အသင်းဝင်များ အနေဖြင့် ယခုတိုင် ဆွေးနွေးပြေဆို ရေးသားမှုများရှိနေဆဲ ဖြစ်သလို အသင်းဝင်အရေအတွက်လည်း တိုးတက်နေဆဲ ဖြစ်ကြောင်း တွေ့ရသော်လည်း မစ္စတာ မက်ကိန်း၏ လူမှုကွန်ယက်တွင်မတော့ ခြောက်ကပ်နေသည်။ ဆွေးနွေးချက် နတ္တိ၊ အသင်းဝင် အသစ်များလည်း မဝင်တော့ကြောင်း တွေ့ရသည်။

အခြား အွန်လိုင်းမီဒီယာများတွင် စစ်တမ်းကောက်ယူချက်များ အတိအကျမရှိ သဖြင့် အချက်အလက် တိတိကျကျ မသိရသော်လည်း မစ္စတာ အိုဘားမားသာ အပြတ်အသတ်သာမှာ ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ လူအများသည် တစ်ခါတစ်လေ တိုက်ရိုက်ပေးသောအခါ မယူချင်ယူချင် အင်တင်တင် ဖြစ်နေတတ်သော်လည်း လူမှုကွန်ယက်မီဒီယာ များမှတစ်ဆင့် သွယ်ဝိုက်သောနည်းဖြင့် ပေးသောအခါ အင်တင်တင် မလုပ်ကြတော့ကြောင်း တွေ့ရသည်။ တကယ်တော့ လူမှုကွန်ယက်များသည် ထိုထက်ပိုသော အားသာချက်များ ရှိနေသေးသည်။ အသုံးတတ်ဖို့ သာလိုသည်။

မစ္စတာအိုဘားမားကတော့ လူမှုကွန်ယက်များကို အကျိုးရှိရှိ အသုံးချသွားနိုင်ခဲ့သည်။ သို့သော် နောက်ခေါင်းဆောင်များ အနေဖြင့် လူမှုကွန်ယက်များကို မစ္စတာအိုဘားမား အသုံးချသလို အသုံးချနိုင်ဖို့ မလွယ်။ တစ်နေ့တစ်ခြား အလွန်လျှင်မြန်သော တိုးတက်နှုန်းဖြင့် တိုးတက်ပွားများနေသော လူမှုကွန်ယက်များတွင် အန္တရာယ်တွေလည်း အများအပြား ရှိနေသည်။ ဆိုက်ဘာမှုခင်းများ၏ သားကောင် အဖြစ်သို့ အချိန်မရွေးကျသွားနိုင်သလို၊ သတင်းဖြန့်ရာတွင်လည်း အချင်းချင်းအတင်းပြောကြသလို ချက်ချင်းပြန့်သွားနိုင်သဖြင့် သတင်းမှားများ၊ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုများ ပါဝင်လာနိုင်ပါသည်။ အကြမ်းဖက်သမားများ၏ ပစ်မှတ်များ ဖြစ်လာနိုင်သည်။

မည်သို့ဆိုစေ အမေရိကန်နိုင်ငံရေးနှင့် Web 2.0 ကတော့ ခွဲခြားမရတော့။ နောက်လာမည့် ရွေးကောက်ပွဲ များတွင်လည်း Web 2.0 ၏ အထိုင်ပေါ်တွင် ဆက်လက် လှုပ်ရှားကြရဦးမည် ဖြစ်သည်။ အင်တာနက်က သမ္မတကြီး အိုဘားမားကို ရွေးကောက် တင်မြှောက် လိုက်သည်ဟု ဆိုလျှင် ပိုအံ့မထင်။

Reference :
Obama’s Social Media Advantages
Obama and Internet

Facebook comments:

2 Responses

  1. the Bottom Billion says:

    အရမ်းကောင်းပါတယ် ……

    ကျွန်တော် တို ့ဆီမှာ ကော်နက်ရှင်တွေ ကောင်းလာတဲ့ တစ်နေ ့ …….

    လူထု ဆီ မှာ လုံလောက်တဲ့ အသိဉာဏ် ရှိလာတဲ့ တစ်နေ ့ ……..

    လူတိုင်း မှာ အခြေခံ အခွင့်အရေးတွေ မျှော်လင့် လို ့ရလာမယ့် တစ်နေ ့မှာ ဖြစ်လာ မှာ ပါ …..

    မဝေးတော့တဲ့ တစ်နေ ့ ပေါ့ ဗျာ

    • Thiha says:

      ကော်နက်ရှင်ကောင်းဖို့ထက် ရှေ့က မီးမှန်ဖို့ လိုသေးတယ်ဗျ :D

Leave a comment


*