Mobile in 2011 အတွက် ခန့်မှန်းချက် (၅)ခု
မိုဘိုင်းတွေကတော့ ၂ဝ၁ဝ ခုနှစ်မှာ အကြီးအကျယ် ပေါက်ကွဲ အောင်မြင်ခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ရမှာ တွေကတော့ Smartphone တွေ၊ iPad ထွက်လာတာ အဲဒီအပြင် Mobile တွေရဲ့ စွမ်းဆောင်ရည်တွေ အံ့မခန်း တိုးတက် ကောင်းမွန်လာတာ၊ အချက်အလက် ပို့လွှတ်မှုဆိုင်ရာ အမြန်နှုန်းတွေ မြန်ဆန်လာတာ စတာတွေပါပဲ။ Mobile Developer များ အနေနဲ့လည်း Moble Apps တွေရဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်တွေကို ဆထက်တပိုးတိုးပြီး ဖွင့်ဆိုနိုင်လာခဲ့ပါတယ်။
(၁) Tablet ကိုင်ဆောင်မှုတွေ၊ Tablet နဲ့ ပတ်သက်ပြီး ရူးသွပ်မှုတွေ ပိုများလာမယ်
Mark Zuckerberg ကတော့ iPad ကို မိုဘိုင်းအဖြစ် မယူဆပါဘူး။ အဲဒီ အဆိုကို လေးစားစွာနဲ့ ငြင်းပယ်ပါရစေ၊ မိုဘိုင်းဖြစ်ခြင်း (Mobility) ဆိုတာ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ သဘောအပေါ်မှာ အခြေခံပါတယ်။ အိပ်ကပ်ထဲ ထည့်သွားလို့ရမှ မိုဘိုင်းမဟုတ်ပါဘူး။
လူတိုင်းလူတိုင်းရဲ့ ၂ဝ၁ဝ အပေါ် အကဲဖြတ်ချက်တွေမှာ အဓိက တူညီတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ၂ဝ၁ဝ ဟာ Tablet တွေရဲ့ နှစ်လို့ အကဲဖြတ်တာပါပဲ။ တကယ်တန်းတော့ အဲဒီ အကဲ ဖြတ်ချက်ဟာ Tablet တစ်ခုတည်း အပေါ်မှာ အကဲဖြတ်တဲ့ အကဲဖြတ်ချက် ဖြစ်နေပါတယ်။ အဲဒီ Tablet ကတော့ iPad ပါ။ သေချာပါတယ် ၂ဝ၁၁ ဟာလည်း iPad ရဲ့ အောင်မြင်တဲ့ နှစ်တစ်နှစ် ဖြစ်နေဦးမှာပါပဲ။ ဒါပေမယ့် ပြိုင်ဖက်ကောင်းတွေ အများကြီး ရှိလာမယ့် နှစ်တစ်နှစ်လည်း ဖြစ်လာပါလိမ့်မယ်။
အဲဒီလို Tablet တွေ အားပြိုင်တဲ့ နေရာမှာလည်း အဓိကကျတဲ့ ယှဉ်ပြိုင်မှုဟာ အသုံးပြုသူတွေရဲ့ အတွေ့အကြုံ အပေါ်မှာ အများကြီး မူတည်နေပါလိမ့်မယ်။ အသုံးပြုသူတွေ ဘယ်လောက် Smooth ဖြစ်အောင် ဖန်တီးပေးနိုင်သလဲ၊ ဘယ်လောက် ကောင်းအောင် ပံ့ပိုးပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ ယှဉ်ပြိုင် ကြရပါလိမ့်မယ်။ အဲဒီလို ယှဉ်ပြိုင်မှုတွေကို Blackberry ရဲ့ Demo မှာ Motorola ရဲ့ Teasers တို့မှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
(၂) ဓာတ်ပုံတွေ မျှဝေတာကနေ ဗီဒီယိုတွေ မျှဝေလာကြလိမ့်မယ်
မိုဘိုင်းကနေ တစ်ဆင့် ဓာတ်ပုံတွေ အပြန်အလှန် ပေးပို့ကြတာ ၂ဝ၁ဝ မှာ အကြီးအကျယ်ကို ဖွံ့ဖြိုးခဲ့ပါ တယ်။ အဲဒီလို ဖွံ့ဖြိုးမှုကနေ Instagram လို PicPlz လို App တွေ ရှေ့တန်းရောက်လာခဲ့ပါတယ်။ မိုဘိုင်းဖုန်း ကင်မရာများ တိုးတက် ကောင်းမွန်လာတာနဲ့အတူ မိုဘိုင်းဖုန်းတွေနဲ့ ရိုက်တဲ့ ဓာတ်ပုံတွေဟာလည်း အချင်းချင်း မျှဝေစရာ ဖြစ်လာပါတယ်။
မိုဘိုင်းဖုန်းတွေမှာ ဗီဒီယို ရိုက်နိုင်ခဲ့တာ အချိန်ကာလအားဖြင့် အတော်ကြာမြင့်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအပြင် ဗီဒီယိုတွေကို Quality သိပ်မကောင်းတဲ့ အနေအထားကနေ ခုနောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ ဗီဒီယိုကို HD Quality အဖြစ် ရိုက်လာနိုင်နေပါပြီ။ ဒါပေမယ့် ဓာတ်ပုံတွေလို မျှဝေကြသလိုမျိုး အဆင့်ကို မရောက်သေးပါဘူး။
အဲဒီလိုအချိန်မှာ တစ်ဖက်ကလည်း တကမ္ဘာလုံးမှာရှိတဲ့ Wireless Provider တွေဟာ 4G ဆိုတဲ့ စနစ်ကို မိုဘိုင်းတွေမှာ သုံးနိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်သလို ၂ဝ၁၁ မှာ သုံးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် Bandwidth တွေဟာလည်း အရင်ထက် ကောင်းလာတော့မှာ သေချာပါတယ်။
အဲဒါတွေအပြင် Compression Technoligies (ဖိုင်ဆိုက်ကို Quality မပျက် သေးငယ်သွားအောင် လုပ်နိုင်တဲ့ နည်းပညာ) တွေကလည်း ပိုမိုကောင်းမွန်လာပြီး မိုဘိုင်း ကိရိယာအချင်းချင်း အလွယ်တကူ ပို့လို့ ရလာနေပါတယ်။ အဲဒီအပြင် Smartphone တွေမှာ ပါဝင်လာတဲ့ ပုံရိပ်ဖမ်းစနစ်တွေဟာလည်း 1080p video တွေအထိကို အထောက်အပံ့ ပေးနိုင်လာပါတယ်။ အဲဒီ အဓိပ္ပါယ်ကတော့ Full HD Video တွေ Smartphone တွေမှာ ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ဒါပေမယ့် ဗီဒီယိုတွေကို ဝေမျှကြတဲ့အခါ အရင် ဓာတ်ပုံတွေ ပို့သလို အရမ်း လွယ်ကူဦးမှာ မဟုတ်သေးပါဘူး။
(၃) HTML5 App တွေ ဒီထက်ပိုပြီး ပေါက်ကွဲထွက်ပေါ် လာကြလိမ့်မယ်
ခုချိန်မှာ Mobile Developers တွေ အကြီးအကျယ် ဆွေးနွေးငြင်းခုန်နေကြတဲ့ အပိုင်းကတော့ Native လား၊ Web Apps လား ဆိုတာပါပဲ။ ဒီထက်နားလည်အောင် ပြောရရင် Native ဖြစ်တဲ့ Smartphone OS အပေါ်မှာ Development လုပ်မှာလား၊ HTML5 အခြေပြု Web Application အနေနဲ့ Development လုပ်မှာလားဆိုပြီး ဆွေးနွေးကြတာပါ။
Mobile OS တွေ အပေါ် အခြေခံထားတဲ့ Native Apps တွေဟာ Hardware(ကိရိယာ)ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်အောင် စွမ်းဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ Mobile OS တွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေ ကိုလည်း အတိအကျ ပေါင်းစပ်းပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် Web Apps တွေရဲ့ အားသာချက်ကလည်း ရှိနေပြန်ပါတယ်။ Web Apps တွေဟာ HTML5 ဆိုတဲ့ Internation Standard အပေါ်မှာ အခြေခံထားတဲ့အတွက် HTML5 ရတဲ့ ဘယ် Device မဆို အလွယ်တကူ ချိတ်ဆက်လို့ ရနေပါတယ်။ အဲဒီအပြင် အကြိမ်ပေါင်း မြောက်များစွာ Update ပြုလုပ်နေရတဲ့ နေရာတွေမှာလည်း အဆင်ပြေမှု ရှိသလို အသုံးပြုသူ User ကို စမ်းသပ်သုံးစွဲ စေခြင်း ကိစ္စတွေမှာလည်း အဆင်ပြေစေပါတယ်။
ခုနောက်ပိုင်း HTML5 မှာ System-level (စနစ်အဆင့်) နဲ့ ကိရိယာ (Device) ဗဟိုပြု လုပ်ဆောင်ချက်တွေအထိ ကိုင်တွယ် ထိန်းကျောင်းနိုင်လာတာ တွေ့ရပါတယ်။ အဲဒီအပြင် Developer တွေ အနေနဲ့ HTML5 ကို အခြေခံထားတဲ့ အခြေခံ Application ကို တည်ဆောက်ပြီး Native Wrapper အတွင်းမှာ ပေါင်းထည့်ပြီး သုံးလို့ရလာတဲ့အတွက် Native ရဲ့ စွမ်းဆောင်ရည်တွေကိုပါ အသုံးချလို့ရလာ နေပါတယ်။
အဲဒီလို အသုံးပြုနေတဲ့ ပုံစံကို Chrome Web Apps တွေ့မှာ လေ့လာနိုင်ပါတယ်။ Chrome Web Apps များဟာ တစ်နေ့တခြား ကြောက်စရာကောင်းလောက်အောင် တိုးတက်များပြား လာနေတာ တွေ့ရပါတယ်။ HTML5 Apps တွေ အနေနဲ့ Web Apps တွေ အနေနဲ့ အလွယ်တကူ ပေါင်းစပ်လို့ ရလာတာ တွေ့ရပါတယ်။
အဲဒီလို HTML5 Apps တွေရဲ့ အိုင်ဒီယာမျိုးတွေကို Appcelerator’s ရဲ့ Titanium လို Development Toolkits အနေနဲ့ ရှိနေခဲ့တာ ကြာပါပြီ။ နောက်ပိုင်းမှာ Mobile Devices တွေရဲ့ Screen အရွယ်အစားတွေကလည်း အမျိုးမျိုးရှိလာမယ်။ အဲဒီလို အရွယ်အစားအမျိုးမျိုးတွေ အတွက် ချုံ့နိုင်ချဲ့နိုင်စွမ်း အရှိဆုံး Web Apps တွေဟာလည်း ဒီထက် ခေတ်စားလာမှာ သေချာပါတယ်။
(၄) Flash အနေနဲ့ Mobile Device တွေမှာ အရမ်းအသက်ဝင်လာဦးမှာ မဟုတ်ပါဘူး
အဲဒီလို Flash အနေနဲ့ Mobile Device တွေမှာ အရမ်း အသက်မဝင်လာနိုင်သေးတဲ့ အဓိက အချက်တွေကတော့ Apple Device တွေမှာ Support မလုပ်တာ၊ HTML5 ရဲ့ စွမ်းအားနဲ့ စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် Flash ကို အထောက်အပံ့ပေးတဲ့ Mobile Device တွေ တစ်စထက် တစပိုမိုများပြားလာနေပါတယ်။ RIM, Andriod စတာတွေက ကောင်းကောင်း Support လုပ်ပါတယ်။
Adobe အနေနဲ့လည်း Flash ကို မိုဘိုင်းကိရိယာတွေမှာ ပိုပြီးသင့်တော်လာအောင် အသုံးဝင်လာအောင် အဆင့်မြှင့်တင်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် Flash အနေနဲ့ အခုအချိန်အထိ Device တိုင်းမှာ အံဝင်ဂွင်ကျ မဖြစ်သေးပါဘူး။ လက်ရှိသုံးနေတဲ့ Flash ရဲ့ Content တွေကို မိုဘိုင်း ကိရိယာတွေနဲ့ သင့်တော်အောင် Optimized လုပ်ပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ Developer တွေ အနေနဲ့ကလည်း HTML5 ကို ပိုပြီး အားသန်နေကြတဲ့အတွက် Flash အတွက် အားနည်းနေပါတယ်။
Flash 10.1 ကတော့ တကယ့်ကို အကြီးမားဆုံး အဆင့်မြှင့်တင်မှုတွေ ပါဝင်ပါတယ်။ အဲဒီအပြင် Flash 10.2 မှာ ဒီထက်ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် Flash အနေနဲ့ ၂၀၁၁ မှာ Mobile Device မဖြစ်မနေ သုံးကြတဲ့ အဆင့်ကို ရောက်ဦးမှာ မဟုတ်သေးဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် အဲဒီလို ပြောလိုက်တာ Flash တော့ သေသွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ Flash ဆိုတာလည်း တစ်ချိန်က ကတ္တီပါ၊ ဖိနပ်စီး ရွှေထီးဆောင်းခဲ့တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် HTML5, CSS3 နဲ့ JavaScript နဲ့ Native Libraries တွေဟာ Smartphone တွေမှာ ကြီးစိုးနေဦးမှာ ဖြစ်တဲ့အတွက် Flash အတွက် မိုဘိုင်း Device တွေမှာ နေရာ အပြည့်အဝ ရယူနိုင်ဦးမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။
(၅)Verizon iPhone တွေ ထွက်လာလိမ့်မယ်
Apple အနေနဲ့ AT&T နဲ့ iPhone နဲ့ ပတ်သက်ပြီး ၂၀၁၂ အထိ စာချုပ် သက်တမ်း တိုးမြှင့်ဖို့ သဘောတူညီချက် ရယူထားပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် ၂၀၁၁ မှာ Verison iPhone တွေ တွေ့လာရမယ်လို့ ခန့်မှန်းပါတယ်။ မမြင်ရရင် လည်အဖြတ်ခံမယ်လို့ ပြောလို့ရတဲ့ ခန့်မှန်းမှုလို့ ဆိုချင်ပါတယ်။ တကယ့်ကို ထွက်နေတဲ့ ကောလဟာလတွေဟာလည်း လုံးဝ လစ်လျူရှုလို့ မရအောင် များပြားနေပါတယ်။
ပထမအနေနဲ့ Verizon က သူရဲ့ LTE Network ကို ဖြန့်ကျက်ခဲ့တယ်။ အဲဒီ LTE ဆိုတာ Long Term Evolution Network တစ်ခုဖြစ်ပြီး 4G အဆင့်ရှိပါတယ်။ ဒါကြောင့် CDMA ဆိုတဲ့ အတားအဆီးကို iPhone အတွက် ကျော်ဖြတ်ပေးပြီး ဖြစ်သွားစေပါတယ်။
ဒုတိယအနေနဲ့ Verizon အနေနဲ့ iPad ရဲ့ အခန်းကဏ္ဍမှာ နေရာဝင်ယူပြီး ဖြစ်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့ Verison က iPhone ကို လုံးဝ အလိုရှိနေတာ ရှင်းလင်းမြင်သာ နေပါတယ်။ AT&T အနေနဲ့လည်း သူတို့ရဲ့ သဘောတူညီချက်ဟာ အချိန်မရွေး ပျက်သွားနိုင်တယ်လို့ သိနေပြီ ဖြစ်ပါတယ်။ AT&T နဲ့ ပတ်သက်တဲ့ အဓိကျတဲ့ Factor ကတော့ စားသုံးသူတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေပါတယ်။ စားသုံးသူတွေ အနေနဲ့ iPhone ကို AT&T ကနေ မဝယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ နေ့ဟာ AT&T နဲ့ စာချုပ်ပျက်တဲ့နေ့ပဲလို့ ဆိုရပါလိမ့်မယ်။
Mashable မှ Christina Warren ရေးသားသော 5 Predictions for Mobile in 2011 ကို ဆီလျှော်သလို ဘာသာပြန်ဆို ဖော်ပြပါသည်။
Facebook comments:







