အရည်ပျော်သွားသော အိပ်မက်များ အကြောင်း

ဘာ … သား ဘာပြောလိုက်တယ်၊ ကံစမ်းမဲ ပေါက်လို့ ဟုတ်လား၊

ပေါင်ခြောက်သောင်းတောင် …

….

….

အံ့ဩ ဝမ်းသာမှုတို့ဖြင့် ကိုအေးမောင် စကားဆက်မပြောနိုင်အောင် အသံတိတ်သွားသည်။

အော် … အေးအေး … ညနေကျ အကိုကြီး အောင်မြင့်ဆီ သွားပြီး အကျိုးအကြောင်း ပြောရင်းနဲ့ အကူအညီ တောင်းကြည့်လိုက်မယ် သား … ဝမ်းသာလိုက်တာကွာ …

….

….

အေးပါကွာ … အေးအေး …

….

ကိုအေးမောင် ဖုန်းချလိုက်သည်။ ဖုန်းပြောနေသည်ကို ဘေးမှ ဝိုင်းနားထောင်နေကြသည့် မိန်းမနှင့် ကျန်သည့် ကလေးလေးယောက် ကလည်း အံ့အားသင့် မှင်သက်မိနေသည့် မျက်နှာများနှင့် ကိုအေးမောင် ဘာပြောမလဲကို နားထောင်နေကြသည်။ ဒူဘိုင်းရောက်နေသည့် သားဆီမှ ကံစမ်းမဲ ပေါက်သည့် သတင်းအကျိုးအကြောင်းကို မိသားစုကို ရှင်းပြလိုက်သည့်အခါ အကုန်လုံး ဝမ်းသာအားရဖြင့် စကားတွေ တစ်ယောက်တစ်ခွန်း ပြောကုန်ကြသည်။ နိုကီရာ ဖုန်းကုမ္ပဏီမှ ပေါက်သည့် ကံစမ်းမဲ ဖြစ်သည်ဟု ဆိုသည်။ ရရှိမည့် ဆုငွေက စတာလင်ပေါင် ခြောက်သိန်း။ မြန်မာကျပ်ငွေနှင့်ဆို ကာလပေါက်ဈေး သိန်းခုနှစ်ထောင်ကျော်။ ဒါ သူတို့ ဘဝအတွက် တကယ့်ကို ဘုရားမခြင်းပင်။ ဝမ်းသာလိုက်သည်မှာ ဘယ်လို ပြောရမည်မသိ။ မိန်းမဖြစ်သူက အိမ်တွေ ဘယ်နေရာမှာ ဘယ်နှစ်လုံး ဝယ်မည်ဟု ပြောနေသည်။

ကိုအေးမောင်တို့ မိသားစုတွင် သားသမီး ငါးယောက်ရှိသည်။ စီးပွားရေးက အဆင်မပြေ။ မိသားစုဝင် များသည့်အပြင် ကိုအေးမောင်သည်လည်း ကျန်းမာရေး မကောင်းသဖြင့် အရင်လို သိပ်မရှာဖွေနိုင်တော့။ ဒီလို အချိန်တွင် အကြီးဆုံး သားဖြစ်သူကို ဒူဘိုင်းနိုင်ငံတွင် အလုပ်တစ်ခုရအောင် စီစဉ်ပေးလိုက်နိုင်သဖြင့် စိတ်အေးရမည် ကြံရုံရှိသေးသည်။ အခု သားဖြစ်သူမှာ အလုပ်အဆင်မပြေသဖြင့် ပြန်လာရမည် ဆိုသည်ကို ပြီးခဲ့သည့် တစ်ပတ်ကမှ သိကြသည်။ အလုပ်အေးဂျင့်ကို ပေးထားရသည့် ပွဲစားခအတွက် အကြွေးတွေကလည်း ရှိနေသည်။ အိမ်ပိုင်လည်း မရှိသေးသဖြင့် သူ၏ မိတ်ဆွေ ဦးအောင်မြင့်တို့၏ တိုက်ခန်းတစ်ခန်းကို ငှားနေကြသည်။

ဦးအောင်မြင့်သည် ရေကြောင်း အင်ဂျင်နီယာ တစ်ယောက် ဖြစ်သည်။ တစ်သက်လုံး ရှာဖွေလာခဲ့ပြီး နောက်ဆုံးတစ်ခေါက် သင်္ဘောမှ အဆင်း အပြီးတိုင် အနားယူလိုက်သည်မှာ သိပ်မကြာသေး။ သားသမီးတွေလည်း စင်္ကာပူနိုင်ငံတွင် ကျောင်းတက်၊ အလုပ်လုပ်ဖြင့် ရောက်နေကြသည်။ ဇနီးနှင့်အတူ စင်္ကာပူသို့ သားသမီးတွေဆီ သွားလိုက် ပြန်လိုက်ဖြင့် အလည်အပတ် ခဏခဏ ရောက်နေသူ ဖြစ်သည်။ ထိုကြောင့် ဒီလို ကိစ္စမျိုး ဦး အောင်မြင့်နှင့် သွားရောက်တိုင်ပင်ရန် စိတ်ကူးမိခြင်း ဖြစ်သည်။ ကိုအေးမောင်တို့သည် အင်္ဂလိပ်စာ သိပ်မတတ်သည့် အပြင် သူ့သား ပြောသည့် အီးမေးလ်တွေ အင်တာနက်တွေနှင့် လုပ်ရမည့် ကိစ္စတွေ အတွက်လည်း ဘာဆို ဘာမှ မသိကြသူများသာ။

ညနေစောင်းသည်နှင့် ဦးအောင်မြင့်တို့ နေသည့် လမ်း (၅၀)ဖက်သို့ ကိုအေးမောင်ထွက်လာခဲ့သည်။ ဟိုရောက်တော့ ဦးအောင်မြင့်ရော သူ့ဇနီးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသည်။ အကျိုးအကြောင်းကို ပြောပြတော့ အားလုံး ဝမ်းသာဖြစ်မိကြသည်။ တကယ်တော့ ဦးအောင်မြင့်တို့ အနေနဲ့လဲ ထိုကဲ့သို့သော အတွေ့အကြုံမရှိဘူးသေး။ စိတ်ရင်းရိုးသားသူများ ပီပီ တစ်ဖက် မိသားစုအတွက် ဝမ်းသာပီတီ ဖြစ်ကာ မုဒိတာ ပွားမိကြခြင်း ဖြစ်သည်။ လိုအပ်သည့် အကူအညီမှန်သမျှပေးမည် ဖြစ်ကြောင်း၊ သူတို့အနေဖြင့်လည်း နောက်လထဲတွင် စင်္ကာပူထပ်သွားဖို့ အစီအစဉ်ရှိကြောင်း၊ လိုအပ်တာတွေ ဟိုရောက်တဲ့အခါ အားလုံး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောဖြစ်သည်။ အားလုံး၏ မျက်နှာများတွင် အပြုံးပန်းတွေ ဝေလို့။

xxxxxxxxxxxxxxxxxxxxxxxxx

နောက်နေ့တွင် ဦးအောင်မြင့်နှင့် ကိုအေးမောင်တို့ အင်တာနက်ဆိုင်သွားပြီး ဒူဘိုင်းမှ သားတော်မောင် ပို့လိုက်သည့် အီးမေးလ်ကို အတူဖတ်ကြည့်သည်။ သားတော်မောင်၏ အဆိုအရ ကံစမ်းပေါက်သည့် အကြောင်းကို SMS Message မှ ရခြင်းဖြစ်သည်ဟု သိရသည်။ ထို Message ထဲတွင် ဆက်သွယ်ရမည့် လိပ်စာပါသည်။ ထို့ကြောင့် ဆက်သွယ်ရမည့် လိပ်စာအတိုင်း ဦးအောင်မြင့်က အီးမေးလ်ပို့ပြီး မည်သို့ဆက်လုပ်ရမည်ကို မေးမြန်းစုံစမ်းကြည့်သည်။ တစ်ဖက်မှလည်း နောက်တစ်နေ့တွင် ပြန်စာရောက်လာသည်။ ဆက်သွယ်ရမည့် ဘဏ်မန်နေဂျာမှအစ ဆက်လုပ်ရမည့် အစီအစဉ်တွေ အကုန်လုံး တိတိကျကျ ရေးထားသည့်အတွက် ပို၍ ယုံကြည်လာကြသည်။ စိတ်ကူးယဉ် အိမ်မက်တွေလည်း ပိုပြီး ရုပ်လုံးကြွလာသည်။

နောက်ဆုံးတွင် မိမိ၏ စင်္ကာပူ ဘဏ်အကောင့်ကို ပေးပြီး ထိုအကောင့်ထဲသို့ မဲပေါက်သည့် ဆုငွေကို ထည့်ပေးနိုင်ကြောင်း ပြောလိုက်သည်။ ထိုနောက် တစ်ဖက်မှ အီးမေးလ် တစ်စောင် ထပ်ရောက်လာသည်။ ထိုဆုငွေကို လက်ခံရန် ကွန်ပျူတာ စနစ်တစ်ခုတွင် မှတ်ပုံတင်ရန် လိုအပ်ပြီး မှတ်ပုံတင်ကြေး ဒေါ်လာ ၇၅၀ ပေးသွင်းရမည် ဖြစ်ကြောင်း၊ ထိုအကြောင်းကို ဦးအောင်မြင့်က ကိုအေးမောင်တို့ မိသားစုကို ရှင်းပြသည်။ ကိုအေးမောင်တို့ မိသားစုလည်း ထို ဒေါ်လာ ၇၅၀ ကို ရှာဖွေရန်အတွက် အကြံထုတ် ကြရပြန်သည်။ ဦးအေးမောင်တို့ဖက်ကလည်း ငွေရှာ၊ ဦးအောင်မြင့်တို့ကလည်း စင်္ကာပူသို့ အလည်သွားရင်း ဆုငွေထုတ်ဖို့ ပြင်ဆင်ကြသည်။

xxxxxxxxxxxxxxxxxxxxxxxxx

သားရယ် … အဖြစ်ကတော့ အဲဒီလိုပါပဲ …

အဲဒီအကြောင်းကို အန်တီ့ သားရော သမီးရော မဖြစ်နိုင်ဘူးလို့ ပြောကြတယ်၊ သားကို အကြံတောင်းကြည့်တာပါ၊ အဲဒါ ဖြစ်နိုင်သလား ….

ဒါကတော့ ဦးအောင်မြင့်၏ ဇနီး ဒေါ်ခင်ခင်က ကျွန်တော့်ကို ဇာတ်ကြောင်းကုန်စင် ရှင်းပြနေခြင်းဖြစ်သည်။ သူတို့ မိသားစုသည် စင်္ကာပူတွင် ကျွန်တော်တို့နှင့် တစ်အိမ်တည်းမှာပင် တစ်ခန်းငှား၍ နေကြသူများ ဖြစ်သည်။ ကျွန်တော် တော်တော် အံ့အားသင့်သွားမိသည်။ အကြောင်းမှား အင်တာနက်တွင် အလိမ်အညာ Scam များနှင့် မြန်မာနိုင်ငံမှ လူကြီးပိုင်း မည်သို့မှ သက်ဆိုင်လိမ့်မည်ဟု မျှော်လင့် မထားသောကြောင့် ဖြစ်သည်။ ကျွန်တော်လည်း မဖြစ်နိုင်ကြောင်းနှင့် အင်တာနက်ပေါ်မှ အလိမ်အညာများအကြောင်းကို ကိုယ်သိသလောက် ရှင်းပြသည်။ ဘဏ် အကောင့် ပေးလိုက်မိသည့် အန်ကယ် ဦးအောင်မြင့်လည်း လန့်ဖြတ်ပြီး အကောင့်ထဲမှ ငွေးများကို ချက်ချင်းသွားထုတ်သည်။

ကျွန်တော်လည်း ကိုယ့်ဆီရောက်ဖူးသော ထိုကဲ့သို့ ပုံစံတူ sms message တစ်ခု ဖုန်းထဲတွင် ရှိနေသေး၍ သက်သေအဖြစ် ပြလိုက်သေးသည်။ အလွယ်ဆုံး စစ်ဆေးနိုင်သည့် နည်းလမ်း အနေဖြင့် ထိုသို့ အီးမေးလ်များရပါက အီးမေးလ်လိပ်စာ၏ ဒိုမိန်းကို ပထမဦးဆုံး စစ်သင့်ကြောင်း ပြောပြလိုက်သည်။ အီးမေးလ် ဒိုမိန်းဆိုသည်မှာ အီးမေးလ် နာမည်၏ နောက်တွင် @ သင်္ကေတ နောက်ဖက်တွင် ပါသော အပိုင်းကို ဆိုလိုကြောင်းနှင့် gmail.com, hotmail.com တို့ကဲ့သို့သော free email များနှင့် ဆုံးပါက ဘာမှ ပြန်ပို့ မနေသင့်ကြောင်းနှင့် တရားဝင် အမှန်အကန် စာဆိုပါက တရားဝင် Website ၏ အီးမေးလ် လိပ်စာနှင့် လာမှသာ စိစစ်သင့်ကြောင်း ရှင်းပြရသည်။

ပြဿနာက အခုမှ စတော့သည်။

ဒုက္ခပါပဲသားရယ် … သူတို့တွေက တကယ့်ကို ယုံနေကြတာ …

အမှန်မဟုတ်ဘူးဆိုတာများ သိလိုက်ရင် ရူးများသွားမလား မသိဘူး …

စိတ်ညစ်လိုက်တာ …

အန်တီခင်က ရင်ဖွင့်စကားဆိုလာသည်။ ပိုဆိုးသည်က တကယ်လို့ မဟုတ်ဘူး ပြောလိုက်တော့မှ ကိုယ်က ဒီငွေတွေ လိုချင်လို့ ကြံတယ်ထင်ရင် ပိုရှုပ်ပေတော့မည်။ ပေါင်ခြောက်သိန်းဆိုသည့် ငွေက နည်းနည်းနောနော မဟုတ်။

နောက်ဆုံး ဖြေရှင်းရမည့် နည်းလမ်းများကို စဉ်းစားရင်း လုပ်သင့်သည့် နည်းလမ်းတစ်ခုကို ရလာသည်။ ဒူဘိုင်းမှ ကိုအေးမောင်၏ သားမှတစ်ဆင့် အမှန်ကို ရှင်းပြခိုင်းရန်ဆုံးဖြတ်လိုက်ရသည်။ ကို အေးမောင်တို့ မိသားစုအတွက်တော့ စိတ်မကောင်းဖြစ်ကြရသည်။ သေချာပေါက် ချမ်းသာပြီဟု လေးလေးနက်နက် ယုံကြည်နေပြီး စိတ်ကူးယဉ် အိပ်မက်တွေနှင့် အစွမ်းကုန် မျှော်လင့် နေကြသူများ အနေဖြင့် အလိမ်အညာကွက်ကြီး ဖြစ်နေကြောင်း သိလိုက်ရလျှင် တော်တော်ခံစား ကြရမည် ဖြစ်သည်။

ကျွန်တော်တို့သည် မျှော်လင့်ချက်မဲ့သလောက် ဖြစ်နေသည့် အချိန်မျိုးတွင် ကိုယ်ဖြစ်စေချင်သည့် အရာကို အမှန်ပဲဟု အလွယ်တကူ လက်ခံတတ်ကြသည်။ ထို့ပြင် ဗဟုသုတပိုင်းဆိုင်ရာ အားနည်းချက်များကြောင့်လဲ အလွယ်တကူ ယုံကြည်မိကြပြန်သည်။ တကယ်တော့ ထို အလိမ်အညာများသည် ယုတ္တိရှိမရှိ၊ လေးလေးနက်နက် စဉ်းစားကြည့်လျှင် အမှန်ကို သိနိုင်ပေသည်။ သို့သော် ယုံနိုင်စရာ မက်လုံး​ကောင်းကောင်းနှင့် လူတို့၏ လောဘ သဘာဝကို ပေါင်းစပ် ရောမွှေပြီး စနစ်တကျပြင်ဆင် လိမ်ညာသောအခါ သားကောင်ကို အလွယ်တကူ ဖမ်းမိတတ်ကြောင်း သတိပြုရမည် ဖြစ်သည်။ မြန်မာပြည်၏ အင်တာနက် ခပ်နှေးနှေးကိုပင် မဆီမဆို ကျေးဇူးတင်ရမည်။ အရမ်းမြန်ပြီး အလွယ်တကူ ငွေလွဲပြောင်းနိုင်ပါက အခုချိန်ဆို ကိုအေးမောင်တို့ မိသားစု မြွေပါလည်း ဆုံး၊ သားလည်း ဆုံးသည့် အဖြစ်မျိုး တိုးနေပေရော့မည်ဟု ကျွန်တောက် သက်ပြင်းချ တွေးတောမိပါသည်။

ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုအပေါ်တွင် အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။

Facebook comments:

3 Responses

  1. Aung Aung says:

    good article…
    it should also be appeared in printed media in mm

  2. Lionslayer says:

    >>တရားဝင် Website ၏ အီးမေးလ် လိပ်စာနှင့် လာမှသာ စိစစ်သင့်ကြောင်း ရှင်းပြရသည်။

    တချို့အီးမေးတွေက ရှားရှားပါးပါး ဒိုမိန်းနဲ့လာတာပါတွေ့ဖူးတယ်။ Email Forward လုပ်ရင် ဆိုနီက လက်တော့ပေးမယ်ဆိုပြီး ပျော်နေတဲ့ လူကို အတုကြီးလို့ သွားပြောလို့ စိတ်ဆိုးတာ ခံရသေးတယ်။ :P

    အခုနှစ်ပိုင်း မဲပေါက်ဘာပေါက် လိမ်တာမဟုတ်ဘဲ ရုပ်ခန့်ခန့် ဘိုယောက်ျား ခပ်ဟော့ဟော့ ဘိုအမျိုးသမီးတွေပုံနဲ့ ဆိုရှယ်နက်ဝပ်တွေကနေ အသိမိတ်ဆွေဖွဲ့ ရည်းစားလုပ် အယုံသွင်း ငွေတောင်းတဲ့ ဇာတ်လမ်းတွေ ရှိလာပြီ။ အချဉ်တော့ မမှတ်နဲ့။ မလေးက ဆရာဝန်အမျိုးသမီးတောင် အဲဒီနည်းနဲ့ အလိမ်ခံလိုက်ရတာ သတင်းစာထဲ ဖတ်လိုက်ရတယ်။

    • Aung Aung says:

      ဟိုး အရင်​တုန်း​က scripts တွေ လျှောက်⁠လျှောက်​စမ်း​တာ အီး​မေးလ်​ကို ကြိုက်​တဲ့ ဒို​မိန်း​နဲ့ ပို့​လို့​ရ​တဲ့​ဟာ စမ်း​ဖူး​တယ်။
      ဒါ​ပေ​မယ့် သူ​က မူရင်း​ကိုယ်​ပို့​တဲ့​စာ​ကို reply လုပ်​မှ စာပြန်​လက်ခံ​လို့​ရ​တယ် . . .

Leave a comment


*