ကျွန်တော်နှင့် Presentation များ

ကျွန်တော် Presentation အကြောင်းတွေ ရေးမယ်ဆိုတော့ ကျွန်တော် အရင်ဆုံး သတိရမိတာက ဆရာကြီး ဦးဝင်းနိုင် အင်္ဂလိပ်စာသင်တန်းမှာ ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော် သင်တန်းကို စတက်ခါစက ဆရာက ကျွန်တော့ဘေးမှာ လာထိုင်ပါတယ်။ ပြီးတော့ Presenter ကို မေးခွန်းတွေ မေးပါတယ်။ ကျွန်တော်ကတော့ ဆရာကဘေးမှာ ဖြစ်နေတဲ့အပြင် နောင်တစ်ချိန်မှာ ငါလဲ အဲဒီလို စင်ပေါ်တက်ပြီး ပြောရမှာပါလားဆိုပြီး ချွေးစေးတွေ ပြန်လာပါတယ်။ နောက်တော့ ဆရာကြီးဆီကို အကြောင်းအမျိုးမျိုး ကြောင့် မရောက်ဖြစ်တော့ပါဘူး။ ဒါပေမယ့် ဆရာကြီး တပည့်တွေ ဖြစ်တဲ့ ကျွန်တော့ သူငယ်ချင်းတွေကတော့ လူရှေ့သူရှေ့မှာ ပြောရဲဆိုရဲ ဖြစ်လာကြပြီး အတော်လေးကို ဟန်ကျနေတာ တွေ့ရတော့ ဪ ဆရာက ဒါတွေကို ပေးနေတာပါလားလို့ သတိရမိပါတယ်။

နောက်တော့ ဆရာကြီး ဦးမြကြိုင် အင်္ဂလိပ်စာ သင်တန်းမှာပါ။ အဲဒီမှာလဲ Advanced Class မှာ Presentation လုပ်ရတာ ရှိပါတယ်။ Topic တစ်ခုကို တည်ပြီး ဆွေးနွေးရတဲ့ ပုံစံပါ။ ကျွန်တော်ကတော့ အဲဒီ Topic ကို ကြည့် ပြောချင်တာတွေ အရမ်းများနေပါတယ်။ နောက်ဆုံး မိုက်ကရိုဖုန်းကို လှမ်းတောင်းပြီး ပြောမယ်ဆိုတော့ ဘယ်လိုမှ အသံထွက်မလာတော့ပါဘူး။ ဒူးတွေတုန်၊​ ရင်တွေတုန်ပြီး ဘယ်လိုမှ အသံထွက်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ မိုက်ကရိုဖုန်းကို ပြန်ပေးလိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ မိုက်ကရိုဖုန်းနဲ့ ပြောရတာကို တော်တော်လေး လန့်သွားပါတယ်။ ခုချိန်ထိ မိုက်ကရိုဖုန်း ကိုင်ရင် လက်တွေ တုန်နေတုန်းပါပဲ။ နောက်ပိုင်းတော့ ကျွန်တော် စင်ပေါ်တက်ရင် မိုက်ကရိုဖုန်း မကိုင်ရတဲ့ နည်းလမ်းကို ရှာပြီးပဲ တက်ဖြစ်ပါတော့တယ်။

ဒီဆောင်းပါးမှာတော့ ကျွန်တော် လေ့လာမိသလော Presentation Style တွေ အကြောင်းကို ပြောပြချင်ပါတယ်။ တကယ်တန်း Presentation ဆိုတာ စာရေးရတာနဲ့ မတူပါဘူး။ စာရေးတာက အချိန်မရွေးပြန်ပြင်နိုင်ပေမယ့် Presentation မှာတော့ Live သွားရပါတယ်။ အဲဒီအတွက် ကိုယ့်မှာ အသေအချာ ပြင်ဆင်ထားမှသာ အဆင်ပြေနိုင်ပါလိမ့်မယ်။ အဲဒီလို Presentation လုပ်တဲ့နေရာမှာ Slide-show မပါတာနဲ့ ပါတာ အတော်လေးကို ကွာပါတယ်။ မပါပဲ ဒီအတိုင်း အလွတ်ပြောကြည့်တာ အတော်လေးကို ခက်တာ တွေ့ရပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ Presentation တွေ အကြောင်းကို ပြောရမယ် ဆိုရင်

Aided Presentation

အဲဒီလို Aided Presentation တွေကို စတင် သတိထားမိတာကတော့ မောင်ပြုံးတို့ စီစဉ်တဲ့ Mobile ပွဲမှာ ကိုထူးမြင့်နောင် ပြောသွားတဲ့ Presentation ကနေ စတယ်လို့ ဆိုနိုင်ပါတယ်။ ကိုထူးမြင့်နောင်က Presentation Slides တွေကို တကယ့်ကို အကောင်းစား စီစဉ်လာပါတယ်။ သူ့ကို မမြင်ရပဲ Presentation Slide တွေကို ကြည်ရုံနဲ့တင် လူတွေရဲ့ စိတ်ဝင်စားမှုကို စွဲစုထားနိုင်ပါတယ်။ အဲဒီလို Aided Presentation တစ်ခုကို တည်ဆောက်တာကို လေ့လာကြည့်တော့

စ၊​ လည်၊​ ဆုံး သုံးပါလုံး ညီညွတ်မျှတခြင်း

Presentation စတာနဲ့ တစ်ပြိုင်တည်း အရာအားလုံးကို အစီအစဉ်တကျ ချိတ်ဆက်လာလိုက်တာ နောက်ဆုံး Presentation ပြီးတဲ့အထိ တစ်ခုမှ လွတ်ထွက်သွားတယ် ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒါဖြစ်တယ်။ ဒါကတော့ ဒါနဲ့ ဆက်စပ်နေတယ်။ ဒီနေရာကတော့ သီးသန့် အခန်းကဏ္ဍဖြစ်တယ် စသည်ဖြင့် စနစ်တကျ ချိတ်ဆက်ထားပါတယ်။

သိချင်စိတ်ကို နိုးဆွ ဆွဲခေါ်နိုင်ခြင်း

ကိုထူးမြင့်နောင် Presentation လုပ်တဲ့ဟာကိုပဲ​ ပြန်ညွှန်းရမယ် ဆိုရင် မိုဘိုင်းဖုန်းတွေမှာ ဒီလို Software တွေ တည်ဆောက်ထားတယ်။ ဘယ်လို Software တွေ ရှိတယ် စသည်ဖြင့် ပြောနေတဲ့ အချိန်မှာ ကျွန်တော်တို့ နားထောင်တဲ့သူတွေ အနေနဲ့ အဲဒီ Software တွေကို ဘယ်လို ရေးသလဲဆိုတာ သိချင်စိတ်တွေ ဖြစ်လာပါတယ်။ အဲဒီအချိန်ကြမှ ဘယ်လို တည်ဆောက်ထားတယ်ဆိုတာကို ပြပါတယ်။ ဘယ်လိုတည်ဆောက်ထားတယ် ဆိုတာကို ပြတဲ့အချိန်မှာ ကျွန်တော်တို့ကော ပါဝင် တည်ဆောက်လို့ မရဘူးလားဆိုတဲ့ သိချင်စိတ် ထပ်ဖြစ်လာပါတယ်။ အဲဒီလို သိချင်စိတ် ဖြစ်လာတာနဲ့ ဘယ်လိုတော့ဖြင့် ပူးပေါင်းဆောင်ရွက်လို့ရတယ် ဆိုပြီး ထပ်ပြောပါတယ်။ အဲဒီလို Navigation System ကို စနစ်တကျ တည်ဆောက်ထားပါတယ်။

Presentation Slide များ၏ စီစဉ်တင်ဆက်ပုံ ကောင်းမွန်ခြင်း

အဲဒီလို Aided Presentation တွေမှာ Slide တစ်ခုနဲ့ တစ်ခုပြောင်းတဲ့အခါ ဒီအတိုင်း Fade In, Fade Out လောက်နဲ့ တစ်ခန်းပြီး တစ်ခန်းပြောင်းတာမျိုး လုပ်လေ့ မရှိပါဘူး။ Slide တစ်ခုခြင်းစီမှာ ရှိတဲ့ Content တွေမှာကို အသေးစိတ် Animation တွေ ထည့်သွင်းဖို့ လိုပါတယ်။ အဲဒီလို Animation တွေ ထည့်သွင်းတဲ့ နေရာမှာလဲ အလကားနေရင်း လျောက်ထည့်နေတာမျိုး မဖြစ်ရပဲ အဆက်အစပ်ရှိရှိ ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ နမူနာ တစ်ခုကြည့်လိုက်ရင် ဖြစ်မယ်ထင်ပါတယ်။

Presentation နဲ့ Slide ကို တစ်သားတည်းကျအောင် စီစဉ်ထားခြင်း

အဲဒီလို Aided Presentation တွေမှာ Slide နဲ့ စကားပြောတာကို တစ်သားတည်းကျအောင် စီစဉ်ထားလေ့ရှိပါတယ်။ ဓားသမားလက်နဲ့ ဓားကို တစ်သားတည်းကျအောင် လေ့ကျင့်ထားသလိုပေါ့။ တစ်ဖက်က ပြောနေပြီ Slide က မပြောင်းသေးဘူး။ Slide ကပြောင်းနေပြီ လူက မပြောသေးဘူဆိုတာ မျိုး ဖြစ်လို့ မရပါဘူး။ အားလုံး ချိန်သားကိုက် စီစဉ်ထားဖို့ လိုပါတယ်။

ကျွန်တော် လေ့လာမိသလောက် Aided Presentation တွေ အကြောင်းကတော့ ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ Aided Presentation တွေတည်ဆောက်တဲ့အခါ လိုအပ်မယ့် လိုအပ်ချက်တွေလဲ ရှိပါလိမ့်ဦးမယ်။ နောက် ကျွန်တော် လေ့လာမိသလောက် Aided Presentation တွေရဲ့အားသာချက် အားနည်းချက်တွေကို သုံးသပ်ရမယ်ဆိုရင်

အားသာချက်များ

  1. ကုန်ပစ္စည်းများ ကြော်ငြာရာတွင် အင်မတန် ထိရောက်မှုရှိခြင်း
  2. Presenter အတွက် စကားပြောရဆိုရ သက်သာခြင်း
  3. လူအများ စိတ်ဝင်စားမှုကို အခြား Presentation စနစ်များထက် ပိုမိုလွယ်ကူစွာ ရယူနိုင်ခြင်း
  4. လူအများ၏ စိတ်ဝင်စားမှုကို စ၊​ လည်၊​ ဆုံး သုံးပါးလုံးအတွက် ထိန်းထားနိုင်ခြင်း

အားနည်းချက်များ

  1. အသေးစိတ်ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် အချိန်ကုန်ခြင်း
  2. Presentation အပေါ် စိတ်ဝင်စားမှုအား များသွားသည့်အတွက် Presenter ပြောသည့် စကားများအတွက် နားထောင်သူဖက်မှ​ လွတ်သွားနိုင်ခြင်း
  3. Aided Presentation ဖြစ်သည်နှင့်အညီ အခြား စက်ပစ္စည်း ကိရိယာများ (ကွန်ပျူတာ၊ ပရိုဂျက်တာ စသည်ဖြင့်)​ လိုအပ်ခြင်း

Non-aided Presentation

Presentation Skill မှာ ဘယ်လို နာမည်တပ်တယ်တော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ ကိရိယာ အကူအညီ မရယူပဲ ပြောတာ ဖြစ်တဲ့အတွက် Non-aided Presentation လို့ပဲ နာမည်တပ်လိုက်ပါတယ်။ စာရေးဆရာတွေ စာပေဟောပြောပွဲတွေ လုပ်တဲ့အခါ အများအားဖြင့် Non-aided Presentation တွေ လုပ်တာ များပါတယ်။ အင်မတန်ခက်တယ်လို့ ဆိုနိုင်ပါတယ်။ ဆရာအော်ပီကျယ်ရဲ့ ဟောပြောပွဲအခွေကို ကျွန်တော်ကြည့်ရင်း ဆရာတို့ အရမ်းတော်ပါလားလို့ အားကျ ဂုဏ်ယူမိပါတယ်။ ဒီအတိုင်း အလွတ်ပြောရတယ်ဆိုတာ လုံးဝ Presenter အပေါ်မှာသာ လူတွေရဲ့ အာရုံက ရှိနေပါတယ်။ ပြောသမျှအားလုံး အဆက်အစပ်ရှိရှိ ပြောသွားနိုင်မှသာ လူစိတ်ဝင်စားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

တစ်ခါက ကျွန်တော် MCPA က စီစဉ်တဲ့ Visualization and Simulation အကြောင်း ဟောပြောပွဲကို တက်ဖြစ်ပါတယ်။ အဲဒီမှာ ပြောတဲ့ ဂုရုကြီးက မလေးကလို့ သိရပါတယ်။ ကျွန်တော် သူ့ Presentation ကို နားထောင်ဖြစ်တဲ့အခါမှာ သူက Non-aided Presentation မှာရော Aided Presentation မှာပါ အင်မတန် ကျွမ်းကျင်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ စကားနဲ့ ပြောရမယ်ဆိုရင် ပုံပြောကောင်းတယ်ပေါ့။ ဒါပေမယ့် ပုံပြောကောင်းတယ်ဆိုလို့ မဟုတ်တာတွေ လျောက်ပြောတာလို့ မထင်ပါနဲ့ဦး။ တကယ့်ကို ပုံပြင်ကောင်းတစ်ခု နားထောင် နေရသလို အပြောကောင်းတာပါ။

သူပြောသွားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး နိဒါန်းချီတော့ သူပြောမှာ ဘာမှနားမလည်တဲ့ အကြောင်းတွေကို ပြောမှာ မဟုတ်ကြောင်း အလွယ်တကူ နားလည်နိုင်တဲ့ အရာတွေ ဖြစ်ကြောင်း အစချီပြီး ဖိုက်တာ လေယဉ်တွေ အကြောင်းကနေ စပြီး ပြောပါတယ်။ လူတိုင်း စိတ်ထဲမှာ Simulation အကြောင်းကို သိချင်စိတ်တွေ​ ဖြစ်လာအောင် လူတိုင်း သိတာကနေ စပြီး ပြောပါတယ်။ ကျွန်တော် အဲဒီ မလေးက ဂုရုကြီး ပြောသွားတဲ့ Presentation ကို တစ်သက်လုံး အမှတ်တရ ဖြစ်နေတော့မှာ သေချာပါတယ်။

Non-aided Presentation တွေရဲ့ သဘောတရားတွေကတော့ အင်မတန် ကျယ်ပြန့်မယ် ထင်ပါတယ်။ ကိုယ်က နည်းပညာ အကြောင်းကို ပြောမယ်ဆိုရင် နည်းပညာအကြောင်းကို သိရုံနဲ့ မလုံလောက်ပါဘူး။ လူတွေ ဘယ်လို သိအောင် ပြောမလဲဆိုတာကို သိအောင် အရင်လုပ်ဖို့ လိုပါတယ်။ ကျွန်တော် လေ့လာမိသလောက် Non-aided Presentation တွေရဲ့ အကြောင်းတွေကို ပြောရမယ်ဆိုရင်

Target Audience ကို သိခြင်း

ဒါကတော့ ကိုယ်ပြောရမယ့် လူတွေရဲ့ အသက်အရွယ်၊​ ပညာအရည်အချင်း၊​ နားလည်နိုင်မှု​စွမ်းရည် စသည်ဖြင့် အားလုံးကို သိတာကို ဆိုလိုပါတယ်။ ကိုယ်ကကလေးတွေကို ပြောရမှာ ဖြစ်ပေမယ့် တကယ်တန်း ပြောတဲ့အခါ လူကြီး နားလည်တဲ့ စကားနဲ့သွားပြောရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ်က ပြောရမှာ လူငယ်တွေ၊​ အဲဒါကို လူကြီးတွေက ဆူသလို သွားပြောနေရင် အဆင်ပြေ မှာ မဟုတ်ပါဘူး။ General Audience လို ဘယ်သူ ဖြစ်ဖြစ် ထိအောင် ပစ်ဖို့ကတော့ မလွယ်ပါဘူး။ ဒါကြောင့် အများဆုံး Target Audience ကို အဓိကထား ပစ်မှတ်ထားပြောလေ့ရှိပါတယ်။

သိချင်စိတ်၊​ သိလိုစိတ်များကို နှိုးဆွပြီး ပြောဆိုနိုင်ခြင်း

ဒါကတော့ အပေါ်မှာလဲ ပြောပြီး ဖြစ်ပါတယ်။ သိလိုစိတ်၊​ သိချင်စိတ်ကို မနှိုးဆွနိုင်ရင် Presentation က အသက်ဝင်လာမှာ မဟုတ်ပါဘူး။ သိချင်စိတ်၊​ သိလိုစိတ်ကို နှိုးဆွတဲ့ နေရာမှာ ကိုယ့် Presentation ကို လာနားထောင်တဲ့သူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲစုထားမှသာ ဖြစ်နိုင်တာမျိုးပါ။ အဲဒီလို အချိန်ပြည့် ဆွဲစုထားနိုင်ဖို့ Presenter တွေနဲ့ အခြားနည်းလမ်းတွေ အများကြီး အသုံးပြုရပါတယ်။ Aided Presentation တွေကို သုံးရတယ်ဆိုတာလဲ အဲဒီလို စိတ်ဝင်စားမှုကို ဆွဲစုထားနိုင်ဖို့အတွက်ပါ။

ပျော်စရာကောင်းအောင် ပြောခြင်း

ဒါကတော့ ကိုယ်ပြောလိုက်တဲ့ Presention အပေါ်မှာ လူတွေ ပျော်ပျော်ရွှင်ရွှင် နားထောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ နည်းနည်းရယ်ရအောင် ပြောဖို့ ဆိုလိုပါတယ်။ အချိန်ပြည့် ရယ်မောနေအောင် ပြောမယ် ဆိုပြန်ရင်လဲ ဟာဒယရွှင်ဆေး တိုက်ကျွေးနေသလို ဖြစ်ပြီး အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လူတွေ မအိပ်ချင်အောင် အာရုံစိုက်လာအောင် ရယ်စရာလေးတွေ ကြားညှပ်ပြီး ပြောပေးဖို့ လိုပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အချိန်ပြည့် ကိုယ့်ကို ရယ်စရာကောင်းတဲ့ လူတစ်ယောက်အဖြစ် ထိုင်ကြည့်နေတာမျိုး မဖြစ်အောင် ဂရုစိုက်ရပါမယ်။

မေးခွန်းများကို ပါးနပ်လိမ်မာစွာ မေးမြန်းခြင်း

Non-aided Presentation တွေရဲ့ အားတစ်ခုက မေးခွန်းတွေ မေးတာပါ။ လူတိုင်းက ထပြီး တစ်ယောက် တစ်ပေါက် ဖြေမှာ မဟုတ်ပေမယ့် မေးခွန်းတွေကို ပါးပါးနပ်နပ်နဲ့ မေးဖို့လိုပါတယ်။ နားထောင်သူတွေ အနေနဲ့ စိတ်ထဲမှာ မေးခွန်းရဲ့ အဖြေကို တွေးနေပြီ ဆိုတာနဲ့ စိတ်ဝင်စားမှုကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးခွန်းတွေကို ဒါလေးတောင် မသိဘူးလား ဆိုတဲ့ ပုံစံမျိုးနဲ့ မမေးမိဖို့လိုပါတယ်။ ကိုယ်က မရည်ရွယ်ပေမယ့် မေးခွန်းမေးတဲ့အခါမှာ အဲဒီလို ပုံစံ ပေါက်ပေါက်သွားတတ်သာ သတိထားဖို့ လိုပါတယ်။ နောက် ကိုယ့်အနေနဲ့ မေးခွန်းတွေကို မေးတဲ့အခါမှာ ဒီမေးခွန်းတွေကိုတော့ ကိုယ် ဖြေပေးမယ်၊​ ဒီမေးခွန်းတွေကိုတော့ စဉ်းစားစရာအဖြင် ချန်ခဲ့တယ် စသည်ဖြင့် သေသေချာချာ ခွဲခြားထားဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင် ဒီလူကြီး မေးချင်တာတွေ မေးသွားပြီး ဘာမှလဲ​မဖြေသွားဘူးဆိုပြီး စိတ်ထဲမှာ ထင်နေပါလိမ့်မယ်။

ရပ်တည်ချက်မှန်ကုန်ခြင်း၊​ ရိုးသားခြင်း

Presentation လုပ်တဲ့အခါမှာ တစ်ခါတစ်လေမှာ တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ လိုအပ်တာတွေ ရှိပါတယ်။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ ကိုယ်ရပ်တည်ထားတဲ့ ရပ်တည်ချက်အပေါ်မှာ မှန်မှန်ကန်ကန် သိထားသလို သေသေချာချာလဲ ပြောနိုင်ဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ ရိုးသားဖို့ လိုပါတယ်။ Presenter က ရိုးရိုးသားသား သိတာကို သိတယ်၊​ မသိတာကို မသိဘူး။ ရိုးရိုးသားသား ပြောရဲဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ လူတွေ အထင်သေးမှာ စိုးတဲ့အတွက် မသိတာကို သိဟန်ဆောင်တာမျိုး၊​ ကိုယ်မသိလို မဖြေနိုင်တာကို အချိန်ကြောင့် ဘာကြောင့် ညာကြောင့်ဆိုပြီး လွဲချတာမျိုးဆိုရင် ပရိသတ်တွေက သိရှိရိပ်မိဖို့ လွယ်ပါတယ်။ မသိတာကို မသိဘူးလို့ ပြောလိုက်တာ အကောင်းဆုံးပါပဲ။

ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ မသိဘူးလို့ ပြောရခက်တာတွေ​ ရှိပါတယ်။ ဒီအကြောင်းကို မသိဘူးလို့ ပြောလိုက်ရင် ကိုယ်ပြောနေတဲ့ Presentation တစ်ခုလုံး ပစ်ရလောက်အောင် ဖြစ်သွားနိုင်တာမျိုးတွေ​ ရှိနေပါတယ်။ အဲဒါကတော့ Presentation ပြင်ဆင်စဉ်ကတည်းက သိသင့်သိထိုက်တာ၊​ လူတွေ ဘာတွေ မေးနိုင်တယ်ဆိုတာကို သိအောင်လုပ်တာတွေမှာ အားနည်းနေလို့ပါပဲ။

တတ်နိုင်သမျှ ကိုယ်ပြောမယ့် စကားလုံးတိုင်းရဲ့ အတိမ်အနက် သဘောတရားတိုင်းကို သိထားဖို့ ကြိုးစားထားဖို့ လိုပါတယ်။ အဲဒီလို နေရာမှာ ကိုငွေထွန်းကို ဥပမာပေးရပါမယ်။ သူက Presentation လုပ်တဲ့အခါမှာ သူမသိတာ တစ်ခုမှ မပြောပါဘူး။ သူပြောပြီဆိုရင်လဲ မေးသမျှ အကုန်ဖြေနိုင်အောင် စီစဉ်ပြီး ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကိုငွေထွန်း Ted@Youth ပွဲမှာ ပြောသွားတာကို ကြည့်ရင် သိနိုင်ပါတယ်။ သူကတော့ တစ်ချို့ Presentation တွေမှာ Presenter တွေရဲ့ ချောင်ပိတ်နေတဲ့ အခက်အခဲတွေကိုပါ ဝင်ဖြေရှင်းပေးလေ့ရှိတာ တွေ့ရပါတယ်။

Non-aided Presentation တွေမှာ ကျွန်တော် မကြိုက်တာတွေ​တော့ ရှိပါတယ်။ ဥပမာ လူတကာက အပြစ်တင်ချင်နေတာ၊​ ပြောချင်နေတာ တစ်ခုကို ကိုယ်က လူစွမ်းကောင်းလုပ်ပြောပြီး လူတွေ စိတ်ဝင်စားမှုကို ရယူတာမျိုးပါ။ ဥပမာ ပေးရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေ ညံ့တယ်ဆိုတာမျိုးကို ထိပ်မှာတပ်ပြောပြီး ဘယ်လိုညံ့ကြောင်း ဟာသထုတ်တာမျိုးပါ။ တကယ်တန်းက အဲဒီလို ညံ့တာတွေ ရှိတယ်၊​ ဘယ်လိုပြုပြင်သင့်တယ် ဆိုတာမျိုး ပြောရမှာပါ။ အဲဒီလို ပြောရမယ့်အစား ဘယ်လိုညံ့ကြောင်း၊​ ဘယ်လို ရယ်စရာကောင်းကြောင်း၊ ဟာသတွေ မျိုးစုံပြောပြီး တစ်ဖက်သတ် ဖဲ့နေတဲ့ ပုံစံမျိုးကို ကျွန်တော် မကြိုက်ပါဘူး။ ဆရာအော်ပီကျယ် ရဲ့ ဟောပြောပွဲမှာဆိုရင် နှစ်ဖက်လုံးကို ညီညွတ်မျှတအောင် ပြောသွားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ညံ့ချက်တွေကိုလဲ​ပြောသလို ကျွန်တော်တို့ ပြုပြင်သင့်သည်များကိုလဲ ပြောသွားပါတယ်။ Non-aided Presentation များ၏ အားနည်းချက် အားသာချက်တွေကို ဆက်ပြီး လေ့လာကြည့်ပါမယ်။

အားသာချက်များ

  1. Aided Presentation များကဲ့သို့ ကိရိယာ တန်ဆာပလားများ မလိုအပ်ခြင်း
  2. အခမ်းအနား အပြင်လိုအပ်ချက် နည်းခြင်း
  3. Presenter ကျွမ်းကျင်မှုရှိရင် ရှိသလို ပရိသတ်များကို စွဲဆောင် စည်းရုံးနိုင်စွမ်းရှိခြင်း
  4. Personal Branding တွင် အခြား Presentation ထက်ပိုမို အခွင့်အရေး ရရှိနိုင်ခြင်း

အားနည်းချက်များ

  1. လူအပေါ်မှီခိုလွန်ခြင်း
  2. Aided Presentation များကဲ့သို့ အခမ်းအနား အပြင်အဆင်ကို ဂရုစိုက်မှု မရနိုင်ခြင်း
  3. Aided Presentation များတွင် ရနိုင်သော အားသာချက်များ မရရှိနိုင်ခြင်း

ကျွန်တော် Presentation အကြောင်းတွေ ပြောတော့ ကျွန်တော် အကြိုက်ဆုံး Presentation တစ်ခုကို ထုတ်နှုတ်ပြချင်ပါတယ်။ အဲဒါကတော့ အရင်တုန်းက အမေရိကန် သမ္မတလောင်း ဖြစ်ခဲ့ပြီး​ ဒုတိယသမ္မတလဲ ဖြစ်ခဲ့တဲ့ ခုတော့ Green Revolution တွေ လုပ်နေတဲ့ မစ္စတာ အယ်ဂိုးရဲ့ ရုပ်ရှင်ကို ညွှန်းချင်ပါတယ်။ အဲဒီ ရုပ်ရှင်နာမည်က ‘An Inconvenient Truth’ ဆိုတဲ့ ရုပ်ရှင်ပါ။ Documentary ပါ။ အဲဒီ ရုပ်ရှင်မှာ မစ္စတာ အယ်ဂိုး ဂရမ်မီရသွားပါတယ်။ Aided Presentation အရာမှာကော၊​ non-aided presentation အရာမှာပါ နှစ်ခုလုံး မျှတအောင် ချိတ်ဆက်ပြီး အကောင်းဆုံး စီစဉ်တင်ဆက် ပြောသွားတာ တွေ့ရပါတယ်။ ၂၁ ရာစုမှတော့ မစ္စတာ အယ်ဂိုးလောက် Presentation ကောင်းတာ မတွေ့ဖူးသေးပါဘူး။

အားလုံးကို ခင်မင်လေးစားလျှက်

သီဟ (MyanmarLinks)

Facebook comments:

2 Responses

  1. ShanPyaeBo says:

    quality posts are coming & coming…MT, thumb up

  2. aemon says:

    I’ve got a chance to attend the presentation of Malaysia guru also. But I was not at MCPA, we were at ICCA Conference. His presentation is very nice! The one i like is his long hair :P

Leave a comment


*