ကျွန်တော်နှင့် ဟို့စတင်များ

သုံးကျောင်းပြောင်းတဲ့ ဘုန်းကြီး၊ သုံးလင် ပြောင်းတဲ့ မိန်းမ ဘာဖြစ်တယ်ဆိုလား။ ကျွန်တော်လဲ Hosting တွေပြောင်းရလွန်းလို့ အဲဒီ အဆိုနဲ့သာဆို ဖွတ်ဖွတ်ညက်ညက် ကျေနေလောက်ပြီခင်ဗျ။ ဒါပေမယ့် တစ်ရွာမပြောင်း သူကောင်းမဖြစ်၊ သေချင်တဲ့ကျား တောပြောင်းဆိုသလို ဟိုနားပြောင်းလိုက်၊​ ဒီနားပြောင်းလိုက် တစ်နေကုန် မူးအောင် သောက်စရာမလိုပဲ မူးနောက်နေအောင် Hosting တွေ ကြားထဲမှာ ချာချာလည် နေခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေ အခြေခံပြီး ဒီဆောင်းပါးဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော်၏ ပထမဦးဆုံး ဟို့စ်စတင်

ခုတစ်လော ပထမဦးဆုံးဆိုတာတွေပဲ တွေးမိနေတော့ ဒါလဲ ပထမဦးဆုံးပါပဲ။ (ဒါကို ကိုဟန်ဇော်က ကျွန်တော်ပြောတဲ့အထဲမှာ ပထမဦးဆုံး နှစ်ခုကျန်နေတယ်ဆိုပြီး အချွန်နဲ့ မနေပါသေးတယ်။ သူပြောတဲ့ ပထမဦးဆုံး နှစ်ခုက ပထမဦးဆုံး ဇနီးနဲ့ ပထမဦးဆုံး ကလေးတဲ့၊​ ကဲ ကျွန်တော် ဘယ်လို ဖြေရပါ့ဗျာ၊​ အလကား​ပြောတာပါ၊ ဖြေစရာက ရှိပါတယ်။ ကျွန်တော့် ပထမဦးဆုံး ဇနီးက ခုလက်ရှိ ရူမညီးတဲ့ ချစ်ဇနီးပါ။ ခုသမီးလေးက ပထမဦးဆုံး သမီးပါပဲဗျာ။ ယုံတယ်ဆို ကွန်မင့် မရေးကြပါနဲ့၊​ ဟိဟိ)

ကဲ ချော်တောငေါ့ နေတာနဲ့ ဟို့စတင် အကြောင်း မရောက်တော့ဘူး။ ကျွန်တော် ပထမဦးဆုံး ဟို့စ်စတင်ကတော့ Lunarpage ဆိုတာပ ကျွန်တော် Lunarpages ဆိုက်ကို ဝင်ကြည့်တော့ UNLIMITED ဆိုတဲ့ စကားလုံးကြီးတွေ ပြူးနေအောင် တွေ့ရာကနေ စပါတယ်။ လာထား အာဘွား အဲလေ မဟုတ်ပါဘူး။ လာထား အားရပါးရ တင်မယ်​ဟေ့ ဆိုပြီး ကျွေးကျော် ငါဝယ်ထားတာ UNLIMITED ကြီးဆိုပြီး သွေးနာထင် ရောက်နေ အဟုတ်ကြီး ဟုတ်နေခဲ့တယ် ဆိုပါတော့။

မှတ်မှတ်ရရ ဟို့စ်စတင် သက်တမ်း တစ်နှစ်ပြည့်တဲ့ အချိန်မှာ Hosting Space 2G တောင် မနည်းတင်ထားရတာ အမှတ်ရမိပါတယ်။ Bandwidth ကို လေ့လာကြည့်ပြန်တော့လဲ 5G ကျော်တဲ့လကို မရှိဘူး။ တကယ်တန်း ပြောရရင် 5G ကျော်တာဆိုလို့ တစ်လတည်း။ ဒါတောင် တရားခွေတွေ တင်လိုက်တဲ့ အတွက်ကြောင့်ပါ။ နောက်တော့ လိုချင်တာတွေ များလာ၊ ဟိုဟာရမလား မေးကြည့်တော့ မရ၊ ဒီဟာရလား မေးကြည့်တော့ မရနဲ့ နောက်ဆုံး လူနာပေ့က​နေ စွန့်ခွာခဲ့ပါတယ်။ အဲဒီအချိန်အထိ Shard Hosting ဆိုတာတောင် သေသေချာချာ မသိသေးပါဘူး။

ကျွန်တော်နှင့် အိမ်မက်ဟို့စ်စတင်

နောက် ကိုရာဗီတို့ အညွန်းကောင်းတာနဲ့ Dreamhost ကို ပြောင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ Myanmar Tutorials  ကို စနေပါပြီ။ ကျွန်တော့်အထင် Lunarpages မှာ နှစ်နှစ်လောက်ထိ နေခဲ့တယ် ထင်ပါတယ်။ ကျွန်တော့် Hosting ပြဿနာတွေရဲ့ အစဟာ Dreamhost  က စခဲ့တယ်လို့ ဆိုရမယ် ထင်ပါတယ်။ သူကျတော့ တစ်မျိုး အကုန်ရပါတယ်။ Shell Access လဲ ရပါတယ်။ အဲဒီအပြင် OSQA လို Python Based Django Framwork အခြေခံတွေကိုတော့ သုံးနိုင်ပါတယ်။ နောက်တော့ Myanmar Tutorials က Traffic တွေတက်လာ ရိုးရိုး Shared Hosting မှာ သွက်သွက်ခါလာပါတယ်။ မတက်တစ်ချက် ပျက်တစ်ချက် တစ်ခါလာ ၅၀၀ တစ်ခါလာ ၅၀၀ ဆိုတာပဲ ပြလာပါတော့တယ်။ သူတို့ကို မေးကြည့်တော့ သူတို့ ပြောရှာပါတယ်။ မင်းဆိုက်မှာ Traffic တွေ တက်လာတာတဲ့။ ဝမ်းသာအားရကြီးကို ပြောတာခင်ဗျ။ သူတို့အထင် ဒီလောက် Traffic ဆို ဒီလောက်တော့ ပိုက်ဆံဝင်နေပြီလို့ တွက်ပုံရပါတယ်။ Dreamhost PS  ဆိုတာကို သုံးဖို့ ညွှန်းပါလေရော။ ဘာလဲဟဲ့ Dreamhost PS ဆိုတာကို ရှာကြည့်တော့ အော … Shared Hosting ရဲ့ အထက်မှာ VPS ဆိုတာ ရှိပါသေးလားဆိုတာ သိလာရပါတယ်။

ဗွီပီအက်(စ်)တဲ့ဟေ့

ဒီလိုနဲ့ သူတို့က အစမ်းသုံးခိုင်းတဲ့ တစ်လကို ပျော်ပျော်ကြီး သုံးကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပေးထားတဲ့ Memory ကလဲ လန်းမှလန်း 2G ကျော်ကျော်ကြီးဆိုတော့ လန်းလိုက်တဲ့ ဖြစ်ခြင်း တိန်ကနဲ၊​ တိန်ကနဲ တိန်တိန် မြည်နေပါတယ်။ အဲဒီအပြင် VPS ဆိုတဲ့အတိုင်း XCache ဆိုတာလို PHP Cache တွေ သုံးလို့ရလာတော့ ပျော်လိုက်တဲ့ ဖြစ်ခြင်း၊ တစ်ပတ်လဲကြာရော၊​ Memory ရဲ့ အောက်ဆုံး အဆင့် 300MB  အထိချလိုက်ပါတယ်။ တစ်လကို ၁၅ ဒေါ်လာတဲ့။ ဟုတ်ပီပေါ့။ ဒီလောက်ဆို မဆိုးသေးဘူးပေါ့။ အဲဒီမှာ တစ်ခုထူးခြားတာက On the fly Memory ကို တိုးလို့ လျော့လို့ရတာပါ။ အဲဒါက အစတော့ တကယ့်ကို အသုံးတည့်တဲ့ အခြေအနေပါ။ နောက်တော့မှ တကယ့် ပြဿနာဖြစ်နေပါတော့တယ်။

Myanmar Tutorials က နောက်တစ်ခါ ဗွေဖောက်လာပါတယ်။ မတက်တစ်ချက်၊ ပျက်တစ်ချက် ဖြစ်လာပြန်ပါတယ်။ အဲဒါနဲ့ သူတို့ Control Panel ထဲကို ဝင်ကြည့်တော့ Graph မှာလဲ အဆင်ကိုပြေလို့ ဘာဖြစ်လို့ ဒေါင်းနေရမှန်း အဖြေရှာမရပြန်၊ ကိုယ်ကလိထားတာတွေ များလို့လား ဆိုပြီး ဟိုဟာတွေ ပြန်ဖြုတ် ဒီဟာတွေ ပြန်ဖြုတ် ဘယ်လိုပင် ဖြုတ်သော်လဲ ပါမလုံ၊​ ပုံမလာတော့။ နောက်ဆုံး မတတ်သာသည့်အဆုံး သူတို့ကို မေးကြည့်တော့ အဲဒီ Graph ကို မယုံပါနဲ့တဲ့။ သေဟဲ့ နဒ္နိယ၊ မဖြစ်ချေဘူးဆိုပြီး Bash Shell ထဲဝင် top -c နဲ့ ကြည့်လိုတော့မှ လားလား Memory  က လောက်မှ မလောက်ပဲဆိုတာ သွားတွေ့ပါတယ်။ အဲဒီတော့ Panel ထဲကို ဝင် Memory လေးကိုတိုး အစတော့ ၄၀၀ မလောက်၊​နောက် ၅၀၀ မလောက်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ၅၀၀ မှာ ရပ်ထားလိုက်ပါတယ်။

ဒေတာဘေ့စ်က ပေးတဲ့ သင်ခန်းစာ

အဲဒီအချိန်မှာ ကုန်ကျစရိတ်က တစ်လကို ဒေါ်လာ ၃၅။ တော်သေးတာက ကိုမင်းသူကူထား ​ပေလို့။ ဒါပေမယ့် နောက်တော့လဲ Myanmar Tutorials  က ထပ်ဗွေဖောက်လာပြန်ပါတယ်။ ဒီတစ်ခါတော့ မဟုတ်တော့ဘူးဆိုပြီး Memory ကိုကြည့်တော့ Memory ကလဲ အေးဆေး။ Database ဆိုက်ကိုကြည့်တော့ မျက်လုံးပြူးသွားပါတော့တယ်။ အားပါး 100MB တောင် ကျော်နေပါပေါ့လား။ ကိုစေတန့်ကို မေးကြည့်တော့ သူ ဘလော့ရေးလာတာ လေးနှစ်လောက် ရှိပြီတဲ့ ၅၀တောင် မပြည့်ဘူးဆိုတော့။ သူ​​လေးနှစ်ရေးတာတောင် ဒီလောက်မရှိ။ ငါများ အရေးကောင်း လွန်းလို့လားဆိုပြီး သေသေချာချာ စစ်ကြည့်တော့ ကိုစေတန် ရေးထားတာရဲ့ သုံးပုံတစ်ပုံတောင် မပြည့်သေး။

နောက်တော့ တစ်ခုချင်း အသေးစိတ်လိုက်စစ်၊​ Database ထဲဝင် ဘာတွေပိုနေလဲကြည့်နဲ့ တော်တော် အချိန်ကုန်သွားပါတယ်။ ဘယ်လိုမှ အဖြေမရပါဘူး။ နောက်ဆုံးမှာတော့ Revision တွေကြောင့်ဆိုတာ သွားတွေ့ပါတယ်။ သိတောင်မူကြတဲ့အတိုင်း ကွန်က ခပ်ကောင်းကောင်း ဆိုတော့ သိမ်းထားလိုက်တဲ့ Revision တစ်ချို့ ပို့စ်တွေမှာဆို တစ်ရာတောင် ကျော်နေသဗျ။ မဖြစ်ချေဘူးဆိုပြီး အသည်းအသန် နည်းလမ်းရှာ ဖျက်ချလိုက်တော့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်အောင် ဖြစ်သွားပါတယ်။ ဘယ်နှယ်ဗျာ။ တစ်ရာကျော်ကနေ ၁၉ ဆိုတော့ မိတ်ဆွေ စဉ်းစားသာကြည့်တော့ဗျာ။

တစ်ခန်းမရပ်တဲ့ ပြဇာတ်

အဲ … ဘယ်လိုပြောရမလဲဆိုတော့ အဲ .. (ဟာ တွံ့တေးသိန်းတန် ဖြစ်ကုန်ပြီ)​ ကျွန်တော်နဲ့ ဟို့စ်စတင် ဇာတ်လမ်းက ဒီနေရာမှာ တစ်ခန်းရပ်မယ်လို့ ပရိသတ်ကြီး ထင်ရင် မှားသွားပါလိမ့်မယ် ခင်ဗျ။ တစ်လကို ၃၅ ဒေါ်လာနဲ့ ဟုတ်မလိုလို ရှိတဲ့ အချိန်မှာ ထဖောက် လာပြန်ပါတယ်။ ဒီတစ်ခါ ဒေတာဘေ့စ်ကလဲ သေးပါတယ်။ ကျန်တာလဲကောင်းပါတယ် ဆိုမှ ဘာဖြစ်ရပြန်တာလဲဆိုတော့ Comment Query တွေကြောင့် SQL Server နဲ့ အဆက်အသွယ် ပြတ်ပြတ်သွားတာတဲ့။ သူတို့ပြောတာတာ့ မင်းတို့ဆိုက်က Query Size အရမ်းကြီးတယ်တဲ့။

ဒီလိုလုပ်ပါ၊​ ဟိုလိုလုပ်ပါဆိုပြီး Third Party Commenting System တွေကို ညွှန်းလာ ပါတယ်။ ကျွန်တော်လဲ အားရဝမ်းသာနဲ့ အလကားရတဲ့ အပြင် ဒီဇိုင်းကလဲ အရမ်းလန်းတဲ့ Third Party Comment System တွေ ထည့်လိုက်ပါတယ်။ အဲဒီမှ စတွေ့တာပါပဲ။ Comment Box က တက်ချင်တက်တယ်၊​ မတက်ချင် မတက်ဘူး။ ပေါ်ချင်ပေါ်တယ်၊​ မပေါ်ချင်မပေါ်ဘူး။ အဲဒါနဲ့ Background မှာ Original Comment System ကိုပါ ဖွင့်ထားရတဲ့ အနေအထား ဖြစ်လာပါတယ်။ နဂိုကတည်းက ဆန်အိပ်က လေးပါတယ်ဆိုမှ ဆီပုံးပါ ထမ်းခိုင်းသလို ဖြစ်လာပါတယ်။

နောက်ဆုံး မတတ်နိုင်တဲ့အဆုံး သူတို့ဆီ မေးကြည့်တော့ SQL PS ဝယ်ပါတဲ့။ ဟိုက်ရား VPS မှာ ကိုယ်ပိုင် MySQL Server နဲ့ သုံးနေတယ် ထင်တာ။ MySQL Server ကြီးက Shared ကြီးပါလာဆိုတာ အဲဒီအချိန်မှ သိရပါတယ်။ ဒါများ လွယ်လွယ်လေးဆိုပြီး Bash Shell ထဲဝင် MySQL Server သွင်းမယ်ဆိုတော့ ဘယ်လိုမှ သွင်းမရပါဘူးခင်ဗျ။ ထပ်ဝယ်ရမယ်ဆိုရင် DreamHost PS က ၃၅ ဒေါ်လာ။ SQL PS က ၃၅ ဒေါ်လာ။ သေပီဆရာ။

ပြောင်းရပြန်ပြီ

ဒီလိုနဲ့ သုံးကျောင်းပြောင်းတာပဲ ဖြစ်ဖြစ်၊​သုံးလင် ပြောင်းတာပဲ ဖြစ်ဖြစ်၊ တစ်နေရာရာတော့ ရွေ့ရတော့မယ်ဆိုတော့ Virpus ဆိုတဲ့ Cheapest VPS Hosting ဆီ ရောက်သွား ပါတော့တယ်။ စျေးကလဲ ချိုချက်၊ လန်ထွက်နေတာပဲလို့ ပြောရလောက်အောင် ချိုပါတယ်။

Virpus မှာ VPS ကို စာတွေဖတ်၊​Unmanaged ဆိုတဲ့အတိုင်း ဘာတစ်ခုမှကို အကူအညီ မပေးပဲ User Name နဲ့ Password လေးပေးပြီး OS လေး တင်ပေးထားတာကို Web Server ဖြစ်အောင် ထိုင်ရပါ​တော့တယ်။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေတာနဲ့ Direct Admin ဆိုတဲ့ Control Panel တစ်ခု ထပ်ဝယ်လိုက်ရပါတယ်။ အဲဒီကျမှ အော … Shared Hosting ဆိုတာ ဒီလိုကိုးဆိုတာ သိလာရပါတော့တယ်။ အဲဒီ Control Panel တွေက အဲဒီလို ညာလို့ရအောင် ဖန်တီး ပေးထားလေရော့သလား မသိ။ နောက်မှာ HDD Size ဘယ်လောက် ရှိရှိ BandWidth  ဘယ်လောက်ရှိရှိ Unlimited ဆိုတာတွေ တစ်သီကြီး တပ်လို့ရနေပါတယ်။

ဆက်ပါဦးမယ်ခင်ဗျ …

Facebook comments:

6 Responses

  1. Aung Aung says:

    Thanks for sharing ur experience . . .
    hope now is stable :)

  2. Masoeyein says:

    ဒကာတော်
    အတော်ပျော်နေပုံထင်ပ။ ဖတ်လို့လဲ ကောင်းသဗျာ။ ဗဟုသုတလဲ ပွားသဗျာ။
    အဲဒီနောက် စိတ်ဓာတ်လဲ ကျသဗျာ။
    ငါသိတာ ဘာမှ မရှိပါလားလို့။
    စိတ်ဓာတ်လဲ တက်သဗျာ။
    သူ ဒီအဆင့်ရောက်လာတယ်ဆိုတာ ဒီလုိ လုပ်ခဲ့ရတာပါလား။

    • THIHA says:

      တင်ပါ့ တပည့်တော် စာတွေ ရေးချင်နေတာ တော်တော်ကြာပါပြီ ဘုရား ခုမှ အချိန်လေးရတုန်း စာပြန်ရေးရတာပါ။

  3. Thet says:

    Hi Bro,

    Would you mind explaining the Pros & Cons of using Host Monster Hosting.

    Thanks Bro.

    • THIHA says:

      Host Monster က ကောင်းပါတယ်ခင်ဗျ အရင်က MZ က အဲဒီ အပေါ်မှာပါ ဒါပေမယ့် နောက်ပိုင်း Traffic တွေ များလာတော့ ပိတ်လိုက်ပြီး ပြန်မဖွင့် ပေးတော့ဘူးခင်ဗျ

Leave a comment


*