ကျွန်တော်နှင့် ဟို့စ်စတင်များ (၂)
Cheap Hosting များ၏ မာယာ
ကျွန်တော် ရှေ့ကအပိုင်းမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော် Virpus ကို ပြောင်းခဲ့တယ်လို့။ အဲဒီလို ပြောင်းဖြစ်တာလဲ MYiD က ကိုရောင်စိန် ဘယ်ကနေ ရှာရှာဖွေဖွေ တွေ့ထားလဲတော့ မသိပါဘူး။ သူညွှန်းတာနဲ့ ပြောင်းဖြစ်တာပါ။ စျေးသက်သာတာတော့ မပြောပါနဲ့ သွားကြည့် လိုက်ပါ။ ကျွန်တော် အဲဒီ VPS ကိုသုံးတော့ VPS အကြောင်း Linux Server တွေ အကြောင်း အတော်ကလေး သိခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် အဲဒီလို Memory 1G နောက်ပြီး Burstable Memory နဲ့ ပေါင်းရင် 2G လောက်ရှိတဲ့ VPS က အသံတွေ စကြားလာရပါတယ်။ ဆိုက်က မတက်ဘူး။ အဆင်မပြေဘူး ဆိုတာတွေ စုံနေအောင် ကြားလာရပါတယ်။ နောက်တော့ အီးမေးလ်ထဲကို စာတစ်စောင် ရောက်လာပါတယ်။ သင့် ဗွီပီအက်က တစ်ခြား Node တွေကို အနှောက်အယှက်ပေး နေတယ်တဲ့ အဲဒီအတွက် ခဏရပ်ထားပါတယ်တဲ့။ သင်ကြိုက်တဲ့ အချိန်မှာ ပြန်ဖွင့်နိုင် ပါတယ်တဲ့။
ရော … ခက်နေပြန်ပါပြီ။ ကျွန်တော် ဒီလို Message မျိုးကို Shared Hosting မှာပဲ မြင်ဘူးတယ် ထင်နေတာ။ ဘယ်နှယ် ဒီမှာပါ လာပြနေပါပေါ့လား။ ဒီလိုနဲ့ Open VZ Panel ထဲဝင်။ ဆာဗာကို ပြန်နှိုးတော့၊ ကိုရွှေဆာဗာက အပျင်းကြီးတယ်ထင်ပါ့။ တက်မလာပါဘူး။ ဒီလိုနဲ့ မဖြစ်ချေဘူးဆိုပြီး Support Ticket ဖွင့်ပြီး လှမ်းမေးတော့ တစ်ရက်နဲ့လဲ အကြောင်း မပြန် နှစ်ရက်နဲ့လဲ အကြောင်းမပြန်။ စိတ်တော်တော် လေလာပါတယ်။ စိတ်ပေါက်ပေါက် ရှိတာနဲ့ အီးမေးလ်တွေ လှမ်းပို့ ခဏခဏ နားပူနားဆာလုပ်တော့မှ အကြောင်းပြန်လာပါတယ်။
သူတို့ Server Maintenance လုပ်တာ Node Failure ဖြစ်သွာတယ်ဆိုလား။ နောက်တော့ ပြန်တက်လာပြန်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းကတည်းက Backup Server ကလဲ အလုပ် မလုပ်တော့ပါဘူး။ OpenVZ ကနေ Backup Quota တစ်ခုရတဲ့ဟာ အလုပ်မလုပ်တော့ သူတို့ Forum ထဲ ဝင်ကြည့်ပါတယ်။ အဲဒီမှာ သူတို့ Backup Server ကြီး ပျက်နေပါတယ်တဲ့။ ဘယ်တော့ပြန်ကောင်းမယ် ဆိုတာ မပါပါဘူး။ စိတ်ပျက်စတော့ ပြုလာပါပြီ။
နောက်တော့ မှတ်မှတ်ရရ ယူနီကုဒ်အကြောင်း ရေးလိုက်တဲ့ ပို့စ်အပြီးမှာ Hosting Provider ဆီက Reminder တွေ တစ်ခုပြီး တစ်ခုရောက်လာ ပါတော့တယ်။ မင်းဆာဗာက တစ်ခြား Node တွေကို ထိခိုက်နေပါတယ်။ ကျွန်တော်လဲ Top -c လေးနဲ့ ထိုင်ကြည့်နေတော့ CPU Overload က အားပါးပါး။ ၁ အောက်မှာပဲ ရှိရမယ်လို့ ပြောတဲ့ဟာက ၂၀ ကျော်တွေ ၃၀ ကျော်တွေ Process တွေ တစ်ခုပြီးတစ်ခု Kill လုပ်တော့လဲ တစ်ခုပြီး တစ်ခု တက်တက် လာပါတယ်။ နောက်ဆုံးမှာ စိတ်လေလာပြီး ဆာဗာကို ဒေါင်းထားလိုက်ပါတော့တယ်။
အဲဒီနောက်မှာ အီးမေးလ် တစ်စောင် ရောက်လာပါတယ်။ တော်တော်ထူးဆန်းတယ်လို့ ပြောရပါမယ်။ သူတို့ဆာဗာတွေကို အတိုက်ခံရတယ်တဲ့။ Node ပေါင်း ၁၉ ခုလောက် ပျက်သွာတယ်တဲ့။ ကာတွန်းထဲက သူခိုးကြီး ငထက်ဖျားလို ညွတ်ချွာဘုရားလို့ ထအော်မိပါတယ်။ လုံးဝကို ပျက်သွားတာပါတဲ့။ အဲဒီလို ဒုက္ခပေးတဲ့ကောင်ကို တရားပါ ဆွဲဦးမယ်ဆိုလား။ ဆက်ပြီး သုံးချင်တယ်ဆိုရင် ဘယ်လို Offer တွေ ပေးမယ်ဆိုတာတွေကော စုံနေတာပါပဲ။ နောက်ဆုံးမှာ ဖတ်လိုက်ရတဲ့ Customer တွေက Virpus ကို ဩဘာပေးထားတဲ့ တစ်ခုက Fake VPS ဆိုလား။
Dedicated Server ဆိုပါလား
ဒီတစ်ခါတော့ ကိုငွေထွန်းရဲ့ ကျေးဇူးလို့ဆိုရပါမယ်။ သူက Myanmar Tutorials ကို မဒေါင်းစေချင်ပါဘူး။ ဒီတော့ ချက်ချင်းကို Dedicated Server ဝယ်ပေးပြီး Myanmar Tutorials ကို ပြောင်းဖို့ အကူအညီပေးပါတယ်။ အဲဒီအချိန်မှာ ကို EverLearner တို့ ကိုအောင်အောင်တို့က အကူအညီပေးမယ် ဆိုတဲ့ အကြောင်း ပြောလာကြပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်ခင်ဗျ။ Dedicated Server တဲ့။ အားပါးပါး Xeon Dual Core 3.0, Mem 2G, HDD 250G နောက်ပြီး WHM & cPanel နဲ့ဗျ။ လန်ထွက်နေပြန်ပါတယ်။ ဒါပေမယ့် တစ်ခု သတိထားမိတာက WHM & cPanel ကို တင်လိုက်တော့ Memory 2G က 400MB လောက်ပဲ လက်ကျန်ရှိပါတော့တယ်။
Dedicated Server ပေါ်မှာ နှစ်လလောက် ကြာတော့ ကျွန်တော် ကိုငွေထွန်းကို အားနာ လာပါတယ်။ အဲဒီအပြင် အဲဒီ Dedicated Server မှာ ထူးဆန်းတာ တစ်ခုက Hosting နဲ့ ဒိုမိန်း ချိတ်မိဖို့ ငါးရက်လောက် စောင့်လိုက်ရတာပါ။ VRT Server က ထင်ပါတယ်။ နောက်ပြီး Speed Test လုပ်ကြည့်တော့ နည်းနည်း လေသွားပါတယ်။ Server to Server ချိတ်တာကို 5MB/s တောင် မရပါဘူး။ အော် လောကကြီးမှာ ဒါမျိုးတွေလဲ ရှိပါလားလို့ စိတ်ထဲမှာ မှတ်သား မိပါတယ်။ အဲဒီအပြင် အဆိုးဆုံးတစ်ခုက WHM & cPanel ပါ။ စားလိုက်တဲ့ Memory၊ ဘယ်လောက်ပဲ Optimized လုပ်လုပ် ကျမသွားဘူး လက်ကျန်က ၃၀၀ နဲ့ ၄၀၀ ပဲ။ ဒီတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆိုသလို ပြန်ဖြစ်လာပါတယ်။
ဝယ်လိုက် ပိုက်ဆံ ပြန်တောင်းလိုက်
ကိုငွေထွန်းကို အားနာတာက တစ်ကြောင်း၊Dedicated Server ရဲ့ ပြဿနာတွေက တစ်ကြောင်းနဲ့ နောက်ဆုံးမှာ Cloud Server တွေဖက် ခြေဦးလှည့်ပြန်ပါတယ်။ နောက် Review တွေဖတ် ဟိုဟာကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုးနဲ့ ကိုလူပျိုအားကိုးပြီး ဟိုဟာ ဝယ်လိုက် အဆင်မပြေလိုက်၊ ဒီဟာ ဝယ်လိုက် အဆင်မပြေလိုက်နဲ့ တော်တော်လေးကို ရွာလည် နေပါသေးတယ်။
အဲဒီအချိန်မှာ MMTuts လဲ ကျွဲကူးရေပါဆိုသလို ဒေါင်းနေပါတယ်။ Spry မှာ ဝယ်တယ်၊ Response က ပြန်မလာ၊ IP နှစ်ခုပြောပြီး တစ်ခုထဲ ပေးထားပြန်ရော၊ နောက်တော့ VPS Optimized cPanel ဝယ်တော့လဲ ပိုက်ဆံသာ ယူသွားတယ် Account Activation က မလုပ်ပေးပြန်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး ပိုက်ဆံ ပြန်တောင်းလိုက်ပါတယ်။ အဲဒီကျတော့ ချောနေတာပဲ ပြန်ပေးတာ။
နောက်တစ်နေရာ Host Gator တဲ့။ သင့် အကောင့်ကို စစ်နေပါတယ်လို့ စာပြန်လာပါတယ်။ အဲဒီအချိန်မှာ အလုပ်တွေ မအားတဲ့ ကြားထဲက ဝယ်ပေးရတဲ့ သူငယ်ချင်းကိုလဲ တော်တော့်ကို အားနာလာပါတယ်။ သူက ဖုန်းဆက်ပါတဲ့ မဆက်ဘူးဆိုတော့ Passport မိတ္တူပေးပါတဲ့။ ပေးလိုက်တော့ မြန်မာမို့လို့ မရောင်းပါဘူးတဲ့။ တစ်ခါတည်းကို ပိုက်ဆံပါ ပြန်ပေးလိုက် ပြန်ပါတယ်။
နောက်တစ်ခု ChimeHost ဆိုတာကို ရောက်ပြန်ပါတယ်။ အညွှန်းတွေကလဲ ကောင်းဆိုတော့ ဝယ်ဖြစ်တယ် ဆိုပါတော့။ ဒါပေမယ့် Account Activation ကို တစ်ရက်နဲ့လဲ မလုပ်ပေး၊ နှစ်ရက်နဲ့လဲ မလုပ်ပေး နောက်ဆုံး စိတ်လေလာပြီး Support Ticket တစ်သီကြီး ဖွင့်တာတောင် အကြောင်းပြန်မလာတာနဲ့ Money Back Request လုပ်လိုက်ပါတယ်။ အဲဒီကြမှ ပိုက်ဆံပြန်ပေးပါတယ်တဲ့။ ဒါပေမယ့် သူတို့ အကောင့် Activation Process အနည်းဆုံး နှစ်ရက်ကြာပါတယ်တဲ့။ ကျွန်တော်လဲ စောင့်နေရတာ လေးရက်ရှိပြီလို့ ပြန်မပြောဖြစ်ပါဘူး။ ကျေးဇူးတင်ပါတယ်လို့ တောင် မပြောလိုက်ရပါဘူး။ နောက်တစ်ခါ အကောင့်ကို Login ဝင်တော့ ပိတ်သွားပါပြီတဲ့။
အော အခု Hosting လား။ ဒီအကြောင်းကိုတော့ ကျွန်တော် မပြောသေးဘူးဗျာ။ နောက်များမှ အလျဉ်းသင့်သလို ပြောပြပါ့မယ်ဗျာ။ စောင့်ကြည့်ရဦးမယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီတစ်ခါတော့ မြန်မာဝက်(ဘ်)ဆိုက်တွေမှာ ပြဿနာတစ်ခု ဖြစ်တဲ့ Sustainable ဆိုလား အဲဒါမျိုး ဖြစ်အောင် လုပ်ရဦးမယ်ခင်ဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ
Facebook comments:






Now u r in good hand .. BurstNet is doing good business n have good reputation .. Tough Scranton is not the best ip transit, they do have XO and Cogent oc192 rings to HK and SG so Myanmar can get good speed and low latency..
begineer သမားတွေအတွက် ဘယ်webhosting ကောင်းလဲခင်ဗျာ