ကျွန်တော်နှင့် ဘားကမ့် အပိုင်း(၂)
ကျွန်တော် အခုလို အတွေ့အကြုံတွေ ပြန်ဝေမျှတယ်ဆိုတာ နောက်ပြီး အခုလို ရှည်ရှည်ဝေးဝေး ရေးနေတယ်ဆိုတာ အကြောင်း ရှိပါတယ်ခင်ဗျ။ စာဖတ်သူ အနေနဲ့ ရုပ်လုံးကြွလာအောင် နောင်တစ်ချိန် ဘားကမ့်ဆိုတာ ဒီလာပါလားဆိုတာ သိလာအောင် ရည်ရွယ်ပါတယ်။ အဲဒီလိုပဲ အတွေ့အကြုံတွေကို ပြန်ဝေမျှကြပါလို့ ဖိတ်ခေါ် တိုက်တွန်းချင်ပါတယ်။
တစ်ရက်က Operational Based (or) Functional Based ပြောရရင် ဝေမျှတဲ့ဖက်ကို ရွေးချယ်ပြီး ဖြစ်လို့ ဒုတိယနေ့ဘားကမ့်မှာတော့ Advocacy Based တောင်းဆိုတဲ့ဖက်ကို ရွေးချယ်ဖြစ်ပါတယ်။ ကျွန်တော်ရွေးချယ်ဖြစ်တဲ့ ခေါင်းစဉ်ကတော့ ’ လွှတ်တော်တွင် အိုင်တီနှင့် ပတ်သက်၍ ကျွန်တော် (ကျွန်တော်တို့) ပြောစေချင်သည့် အကြောင်းအရာများ ’ လို့အမည်ရပါတယ်။ ကျွန်တော်အနေနဲ့ Myanmar Tutorials မှာ အခြား Contributor တွေက တစ်ခြားဖက်က ကွက်လပ်တွေကို ဖြည့်ကြမှာဆိုတော့ ကျွန်တော်ကတော့ ဒီဖက်၊ Advocacy ပိုင်းကို အဓိကထား ရေးသွားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အိုင်တီအနေနဲ့ ဘာတွေတောင်းဆိုသင့်တယ်၊ ဘာတွေ ရေးဆွဲပြဌာန်းသင့်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာတွေ လေ့လာဆောင်ရွက် လိုက်နာသင့်တယ်၊ နိုင်ငံတကာမှာ အိုင်တီနဲ့ ပတ်သက်ပြီး ပေါ်လစီမိတ်ကာတွေကို ဘယ်လို သတ်မှတ်ကြတယ်။ ဘယ်လိုရေးဆွဲပြဌာန်းကြတယ် စသည်ဖြင့် အဲဒီဖက်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုလဲ တန်းစီပြီး ရေးသွားတော့မှာ ဖြစ်ပါတယ်။
အဲဒီလို ရေးတဲ့နေရာမှာ ဘာကောင်မှမဟုတ်တဲ့ ကျွန်တော့်အနေနဲ့ ရေးရမှာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ ရှိနေတဲ့ သူငယ်ချင်းများ၊ ညီအကို မောင်နှမများ အနေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို ဝေမျှကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော် ဒီတော့ပစ်ကို ရွေးဖြစ်တာ အမေ့ရဲ့ စကားတစ်ခွန်းဖြစ်တဲ့
- ကျွန်မတို့ နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီနောက်မှာ ကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကို ရောက်ဖို့ဆိုတာ အခုနည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်။ အားလုံး ဝိုင်းရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့သာ မြန်မြန်ဆန်ဆန် တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတွေ ရှိတယ်။
ဆိုတဲ့ စကားအပေါ်မှာ မူတည်ပြီး ရွေးချယ်ဖြစ်တာပါ။ ဒီနေရာမှာ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ အဲဒီလို ဆုံးမစကားတွေ နားထဲချောချောချူချူ မဝင်နိုင်ခဲ့တာ ကြာပါပြီခင်ဗျာ။ တကယ့်ကို ပကတိရိုးသားဖြူစင်မှု၊ ပကတိ စေတနာတွေကြောင့်သာ နားထဲ၊ နှလုံးသားထဲ တန်းတန်းမတ်မတ် ဝင်နိုင်စွမ်းရှိတာ ဖြစ်မယ်လို ကျွန်တော် ယူဆမိပါတယ်။ အဲဒီလို ခေါင်းဆောင်တစ်ယောက် ရှိနေတာ ကျွန်တော့်အတွက် တကယ့်ကို ဝမ်းသာ ဂုဏ်ယူစရာပါပဲခင်ဗျာ။
ကျွန်တော် ပြောဖြစ်တဲ့ အကြောင်းအရာတွေကို ကျွန်တော် အသေးစိတ် အကျယ်ချဲ့ပြီး ရေးမှာ ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ ဆက်မရေး တော့ပါဘူးခင်ဗျ။ ဒါပေမယ့် ကျွန်တော် ကျေးဇူးတင်တဲ့ အနေနဲ့ လေးစားတဲ့အနေနဲ့ ကျွန်တော့် တော့ပစ်အပေါ်မျာ ဝိုင်းဝန်းဆွေးနွေးပေးကြတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးလိုပါတယ်ခင်ဗျ။ ကျွန်တော် ဒီတော့ပစ်ကို ရွေးချယ်ဖြစ်ပြီး ပြောဖြစ်တော့ ဘယ်သူမှာ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ထင်ထားတာ တကယ်တော့ အဲဒီလို မဟုတ်ပဲ၊ ကျောင်းသားတွေရော အပြင်လူတွေရော၊ အဲဒီအပြင် စာရေးဆရာကြီး တစ်ယောက်ကပါ ဆွေးနွေးပေးသွားတဲ့အတွက် စိတ်ထဲမှာ အတိုင်းမသိ ဝမ်းသာ ကျေနပ်မိပါတယ်။
နောက်တစ်ခုက ကျွန်တော်ပြောတဲ့ တော့ပစ်နဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေကို သိစေချင်တာ ဖြစ်တာနဲ့အညီ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်တစ်လေများ ရှိမလားဆိုပြီး မေးကြည့်ဖြစ်ပါတယ်။ တစ်ယောက်မှ ရှိတာမတွေ့ရပါဘူး။ ဒါကလဲ ဟိုဖက်မှာ အစည်းအဝေးတွေ ရှိနေတဲ့အတွက် မလာနိုင်တာကြောင့်လား၊ စိတ်ဝင်စားစရာ မဟုတ်ဘူးလို့ မြင်တာကြောင့်လား မပြောတတ်ပါဘူး။ တစ်ယောက်မှ မရှိတာ တွေ့ရပါတယ်။
အပြန်အလှန် ပါဝင်ဆွေးနွေးပေးတဲ့ သူတွေအားလုံးမှာ အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီး တိုးတက်စေလိုတဲ့ စေတနာတွေ အများကြီး ရှိနေကြတာတွေ့ရပြီး ရင်ထဲမှာ ပြောစရာတွေ ပြည့်နှက်နေပေမယ့် ဘာပြောရမှန်း မသိတဲ့ ခံစားချက်မျိုး ခံစားနေရတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ပွင့်အန်ထွက်လာတဲ့ စကားတွေမှာလဲ အပါယ်ခံနေရတဲ့ ခံစားချက်တွေ၊ အလေးဂရုအပြုမခံရတဲ့ ခံစားချက်တွေ၊ ပြုပြင်ပြောင်းလဲ စေလိုမှုတွေ အများကြီးတွေ့နေရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် ဘာမဟုတ်တဲ့ ပုရွက်ဆိတ်ကလေး တစ်ကောင်အတွက် အားဆေးတွေ ဖြစ်စေပြီး ရှေ့ဆက်ဖို့ ခွန်အားတွေ ရစေပါတယ်။ အဲဒီအပြင် ကျွန်တော်နဲ့ နာမည်တူသူ ကိုသီဟဆိုသူက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်များများ ပြောဆိုဆွေးနွေး သွားတဲ့အပြင် Hosting ကိုသုံးနှစ်အထိ လှူမယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ ကျွန်တော်လဲ ပုရွက်ဆိတ်တော့ နှစ်ကောင် ဖြစ်လာပြီဆိုပြီး အားတက်မိပါတယ်။ ကျွန်တော်တို့ အတူတူ တွန်းကြရအောင်လား။ ပုရွက်ဆိတ်လေးတွေ အများကြီး စုကြရအောင်။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်ခင်ဗျ။
ကျွန်တော်တို့ဟာ functioning လို့ခေါ်တဲ့ လုပ်ငန်းဆောင်တာဖက်မှာ နစ်နေရုံနဲ့ မလုံလောက်ပါဘူး။ Advocacy လို့ခေါ်တဲ့ဖက်ကို သွားဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့မှာ တောင်းဆိုစရာတွေ အများကြီး ရှိနေပါတယ်။ အဲဒီလို တောင်းဆိုစရာတွေနဲ့ ပတ်သက်ပြီး အသိပညာ ဖြန့်ဝေစရာတွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။ အဲဒီလို အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ တောင်းဆိုနိုင်မှသာ ရမှာ ဖြစ်ကြောင်းနဲ့ တောင်းဖို့ သိမှသာ တောင်းနိုင်မှာ ဖြစ်ကြောင်း သိထားဖို့ လိုမယ်ထင်ပါတယ်ခင်ဗျ။ လွှတ်တော်ဆိုတဲ့ နေရာမှာ စီတီ (Communication Technology) အပိုင်းမှာသာ ပြောသွားတာတွေ့ရပြီး အခုထက်ထိ အိုင်တီအကြောင်းပြောတာ မတွေ့ရသေးပါဘူး။ မပြောဘူးဆိုတဲ့ နေရာမှာ မပြောတတ်တာ မပြောနိုင်တာလဲ ဖြစ်နိုင်သလို၊ ပြောစရာ မလိုသေးဘူးလို့ ယူဆတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲဒီအကြောင်းတွေကို စာတွေဆက်တိုက် ရေးတော့မှာဆိုတော့ ကျွန်တော် ရှေ့ဆက်ရေးသွားပါ့မယ်ခင်ဗျ။
ကျွန်တော် နေ့လည်ပိုင်းမှာ Myanmar NLP Lab က Spell Check နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နားထောင်ဖြစ်ပါတယ်။ ကျွန်တော် အရမ်းစိတ်ဝင်စားတဲ့ မြန်မာစာနဲ့ ပတ်သက်တဲ့ အကြောင်းဖြစ်တာနဲ့အညီ စိတ်ဝင်တစား နားထောင်မိပေမယ့် ကျွန်တော့်မှာ အားမရတဲ့ အချက်တွေ အများကြီး ရှိလာပါတယ်။ ကျွန်တော့်အနေနဲ့ Myanmar NLP Lab ကနေ တကယ့်ကို ကျယ်ပြန့်တဲ့ တကယ့်ကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အရာတွေကို ချပြစေချင်ပါတော့တယ်။ အမှားအယွင်းတွေ ရှိနေသေးတဲ့ အနေအထားတစ်ခု ချမပြစေချင်ပါဘူး။ ကျွန်တော် အဲဒီလိုပြောရတာ ရေးသူများဖက်ကို အပြစ်တင်လိုရင်း မဟုတ်ပါ။ ရေးသားသူ ဖန်တီးသူများအနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ကြိုးစားရ ေးသားနေရမယ်ဆိုတာ ကျွန်တော် ကိုယ်တိုင် Developer တစ်ယောက် ဖြစ်တာနဲ့အညီ ကျွန်တော် ခံစားနားလည်နိုင်ပါတယ်။ ဒါပေမယ့် သာမာန်စောင့်ကြည့်သူများ အနေနဲ့ Complete Set တွေကို မြင်လိုကြမှာ အသေအချာပါပဲ။ ဘာတွေတော့ ရနေပြီ၊ ဘယ်နေရာတွေမှာ ရယူသုံးစွဲနိုင်ပါတယ်။ ကျွန်တော်တို့ Application တွေအတွက် ဘယ်လောက်အထိ အာမခံနိုင်ပါတယ် စတဲ့ အာမခံချက်တွေကို ကြားချင် မြင်ချင်နေကြပါပြီ။ အဲဒီအတွက် တိုက်တွန်းလိုတာက Myanmar NLP အနေနဲ့ မြန်မာစာနဲ့ ပတ်သက်ပြီး Processing ဆိုတဲ့ Level ကို အမြန်ဆုံး ရုပ်လုံးကြွလာအောင် အကောင်အထည် ဖော်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီလို ဖန်တီးတယ်ဆိုတာ National Level မှာပါ မြန်မာစာနဲ့ ပတ်သက်ပြီး ပွဲလည်တင့်လာမယ့် အနေအထားကိုလဲ တစ်ခါတည်း ရောက်စေမှာ ဖြစ်တဲ့အတွက် Complete Set တွေကို ချပြကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျ။
ကျွန်တော်တို့ အဖွဲ့လိုက် ဘယ်တော့ပစ် နားထောင်ရင် ကောင်းမလဲဆိုပြီး ခေါင်းစဉ်တွေကို ကြည့်တော့ I Love U Ko Ko Ye ဆိုတဲ့ တော့ပစ်ကို သတိထားမိပါတယ်။ အဲဒါနဲ့ Ubuntu ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်အောင်၊ Community တစ်ခုအဖြစ် အသိအမှတ်ပြုလာအောင်၊ OpenSource Community တစ်ခုလို လူတိုင်း ခံစားနားလည်နိုင်အောင် တည်ဆောက်နေတဲ့ ကိုကိုရဲဆီ ချီတက်ဖြစ်ပါတယ်။ ကိုကိုရဲဆီသွားတော့ ဟိုးအရင် MZ နှစ်ပတ်လည်ပွဲမှာ ပြောသွားတဲ့ တီမော်ဒယ်ဆိုတာနဲ့ ပတ်သက်ပြီး မှတ်မိနေပါတယ်။ သူပြောတဲ့ ပုံစံက တီကို ပြောင်းပြန်လှန်ထားတဲ့ ပုံစံပါ။ general level မှာ အားလုံးကို သိအောင်လုပ်ပြီး တစ်ခုခုမှာ ချွန်သွားအောင် လုပ်ကိုင်ဆောင်ရွက် သွားတဲ့ ပုံစံပါ။ ကျွန်တော် အရမ်း သဘောကျပါတယ်။
ဒါပေမယ့် ကိုကိုရဲဆီ အသွားမှာ ကိုဇော်မင်းတင်တို့နဲ့ တွေ့ပါတယ်။ သူက မသွားနဲ့ လူတွေပြည့်နေတယ်လို့ ပြောပါတယ်။ ကျွန်တော်လဲ သွားတော့ ကြည့်ဦးမှဆိုပြီး ရောက်သွားတော့ တကယ့်ကို ပြည့်ကျပ်နေတာ တွေ့ရပါတယ်။ ဒီလောက် လူများမှာ သေချာတဲ့ အိုင်လပ်ယူ ကိုကိုရဲပွဲကို အခန်းသေးသေးလေးမှာ ထားလိုက်တာ စိတ်ထဲမှာ အတော်လေးကို ဘဝင်မကျ ဖြစ်ရပါတယ်။ ပွဲစီစဉ်သူများ ဘယ်လို အနေအထားကြောင့် အဲဒီလို ဖြစ်သွားရတယ်ဆိုတာ မသိပေမယ့် ကိုကိုရဲလို စပီကာအတွက် အခန်းအကျယ်ကြီး တစ်ခန်းလိုမှာ အသေအချာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့လဲ ကိုကိုရဲပွဲကို မတက်ရတော့ စိတ်ပျက်လက်ပျက်နဲ့ Main Building ထဲ ပြန်ရောက်လာပါတယ်။ ဘယ်တော့ပစ်ကို သွားရင်ကောင်းမလဲဆိုတာကို ကြည့်မိတော့ How to disorganize ဆိုလား၊ ပြည်တွင်း ဘားကမ့်ပါတွေနဲ့ နိုင်ငံတကာ ဘားကမ့်ပါတွေ စုပြောကြမယ်ဆိုတော့ စိတ်ဝင်စားတာနဲ့ သွားဖြစ်ပါတယ်။ တကယ်တန်း ပြောတာတွေကို နားထောင်ဖြစ်တော့ သူတို့အချင်းချင်း မညီညွတ်ကြတာကို လူရှေ့သူရှေ့ လာချပြနေသလို ဖြစ်နေပါတယ်။ တကယ်တန်း ကျွန်တော်တို့ အပြင်က အမြင်အရ ဘားကမ့်ကြီးဟာ အဆင်ပြေပြောနဲ့ ဖြတ်ကျော်နေတယ်။ အားလုံး လိုချင်တာတွေ ယူချင်တာတွေ ရနေတယ်လို့ ထင်မြင်ယူဆထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တန်း ပွဲမှာတော့ ဘာတွေမှန်းမသိတာတွေ ပြောနေပါတယ်။ လူတစ်ယောက်က အိပ်ချင်မူးတူး ပုံစံနဲ့ ဘားကမ့်က တစ်နှစ်ထက် တစ်နှစ် စုတ်ပြတ်လာကြောင်း၊ သောက်သုံးမကျ ဖြစ်လာကြောင်း နှစ်ခါလောက် ထပ်ပြီး ပြောသွားပါတယ်။ အဲဒီလိုပြောတော့ ကျွန်တော် ဒေါသထွက်လာပါတယ်။ ကျွန်တော် ကိုယ်တိုင် စပီကာ တစ်ယောက်အနေနဲ့ အစွမ်းကုန် ကြိုးစားပါဝင်ထားတဲ့ ဘားကမ့်မှာ သူကဖြင့် ဒီနေ့မှ ရောက်လာ ဘာမှလဲ ဝင်ရောက်ဆွေးနွေးခြင်းမရှိ၊ ဘာမှလဲ မကြည့်ပဲနဲ့ စုတ်ပြတ်သတ်နေတယ်ဆိုတော့ ကျွန်တော် စိတ်ထဲမှာ တော်တော်လေးကို မကျေမနပ် ဖြစ်ရပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီအချိန်က ကျွန်တော် အတော်လေးကို ဒေါသဖြစ်သွားပါတယ်။ သူဆိုလိုတဲ့ စကားက ဘားကမ့် စီစဉ်တဲ့သူတွေကို ပြောတာဆိုရင်တောင် ကျွန်တော်တို့ အားလုံးရှိနေတဲ့ ရှေ့မှာ လူတတ်ကြီးလုပ်ပြီး မပြောသင့်ပါဘူး။ ကျွန်တော်တို့ကိုပါ အားတက်သရော တော့ပစ်တွေတင် ဆွေးနွေးကြတဲ့သူတွေကိုပါ စော်ကား လိုက်သလိုပါပဲ။ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တာလား၊ ဒါမှမဟုတ် လူးဝါးမဝသေးတာလား ကျွန်တော် မသိပါဘူး။ သူတို့ကိုယ်တိုင် စတင်လာတဲ့ ဘားကမ့်အပေါ်မှာ အဲဒီလို နှပ်ပစ်တဲ့ စကားမျိုး လုံးဝကို မပြောသင့်ပါဘူး။ တကယ်တန်း ပြောသင့်တဲ့ ပုံစံက တော့ပစ်တွေကို လိုက်နားထောင် လိုက်ဆွေးနွေး၊ ပြီးတော့မှ လိုအပ်ချက်တွေအပေါ် ထောက်ပြဝေဖန်တာမျိုး ဖြစ်သင့်ပါတယ်။ အဲဒီလို သောက်သုံးမကျဘူးဆိုတော့ အပြောမျိုးကိုတော့ လမ်းဘေးက မူးလဲနေတဲ့ အရက်သမားတောင် ပြောတတ်ပါတယ်ခင်ဗျ။
ကျွန်တော် တကယ်ဖြစ်စေချင်တဲ့ ဝေဖန်ချက်က အဲဒီလို မဟုတ်ပါဘူး။ ဘယ်သူကတော့ဖြင့် ဘယ်နေရာမှာ ဘယ်လိုပြောသွားတယ်၊ ဘယ်လိုအားနည်းချက်တွေ ရှိတယ် စသည်ဖြင့် အပြုသဘော ဝေဖန်စေချင်တာပါ။ အခုတော့ ပွဲကို ဒီနေ့မှလာ၊ ဒီအချိန်မှတက် ဒီက မျက်ခွက်တွေ အကုန်လုံးကို တံတွေးနဲ့ အထွေးခံ လိုက်ရသလို ခံစားရပါတယ်။ နောက်တစ်ခု ကျွန်တော် အဲဒီပွဲမှာပဲ ဘဝင်မကျတာ တစ်ခု ပြောချင်ပါတယ်။ ကျွန်တော်တို့ ဘားကမ့်ကို ဝင်ခါစက ကမ်းလှမ်းတဲ့ စာစောင်လေးတွေပါ။ ကျွန်တော် ဖတ်ကြည့်ပြီး သဘောကျတာနဲ့ ဘားကမ့်ဆိုတာ ဘာလဲဆိုတာကို သမီးလေးကို အဲဒီ စာလေးတွေ ဖတ်ပြဖြစ်ပါတယ်။ သမီးလေးက သဘောကျတဲ့အတွက် စာရွက်လေးကို ကိုင်ထားပါတယ်။ “ဖေဖေ၊ အရုပ်လေးတွေက ရောင်စုံလေးတွေဆိုရင် ကောင်းမယ်နော်”လို့ ကျွန်တော့်ကို ပြောတော့ သူတို့ကလဲ အများကြီး ဝေရတာလေ သမီးရယ် ရောင်စုံဆို ဘယ်တတ်နိုင်မလဲလို့ ပြန်ပြောဖြစ်ပါတယ်။ အဲဒီတော့ သမီးက “အဲဒီ ပုံလေးတွေ စာလေးတွေရေးတာ ဘယ်သူလဲ” ပြန်မေးပါတယ်။ ကျွန်တော်က ဒေါင့်မှာ သေးသေးလေး ရေးထားတဲ့ စာမှာ နန်းညီဆိုတာ သိလိုက်တော့ မမနန်းညီပေါ့၊ မီးမီး ဘာလုပ်မလို့လဲ” ဆိုတော့ “မီးမီး အဲဒီ မမကို တွေ့ရင် ရောင်စုံလေးတွေနဲ့ ဆွဲခိုင်းမလို့လို့ ပြောပါတယ်။ ကျွန်တော် အဲဒီမမက ဂျမ်းဘုံဆိုတဲ့ ကာတွန်းလေးတွေကို ရောင်စုံလေးတွေနဲ့ ဆွဲတာ ဆိုတော့ မီးမီးကြည့်ချင်တယ်၊ မီးမီးကြည့်ချင်တယ်လို့ အော်နေပါတယ်။
ကျွန်တော်ဆိုလိုချင်တဲ့ သဘောကို ကျွန်တော်နဲ့ ကျွန်တော့်သမီး ပြောစကားတွေအရ သိပြီး ဖြစ်ပါလိမ့်မယ်။ မန္တလေးက ဘားကမ့် သူ့သဘောနဲ့သူ ကောင်းသလို ကျွန်တော်တို့ ရန်ကုန် ဘားကမ့်ကလဲ သူ့သဘောနဲ့သူ ကောင်းတာတွေပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မယ်ဆိုရင် မန္တလေးသူနဲ့ ရန်ကုန်သူ ဘယ်သူလှသလဲ ပြောသလို နှိုင်းယှဉ်သလို ဖြစ်နေမှာ ဖြစ်ပါတယ်။ နောက် ရန်ကုန်ဘားကမ့်ကို ဒီထက်မက အောင်မြင်စေလိုတယ်တဲ့။ လူတွေ အများကြီးလာတာ အောင်မြင်တာ မဟုတ်ဘူးတဲ့။ ဒီနေရာမှာ ပရိသတ်တစ်ယောက်က ထမေးသွားပါတယ်။ ဘားကမ့်အောင်မြင်တယ်ဆိုတာ ဘယ်အပေါ်မှာ အခြေခံပြီး သတ်မှတ်တာလဲပေါ့။ လူတွေ ဝေမျှလိုတာတွေ ဝေမျှမယ်၊ လူတွေရသွားမယ်ဆိုရင် အောင်မြင်တယ် မဟုတ်ဘူးလားဆိုတော့ အဲဒီလိုပါပဲတဲ့။ အဲဒီတော့ ကျွန်တော်လဲ ပရိသတ်တွေကို ထမေးဖြစ်ပါတယ်။ ဒီဘားကမ့်ကြီးမှာ အကျိုးမရှိတဲ့သူ ဘယ်သူတွေ ရှိလဲပေါ့။ အကျိုးမရှိတဲ့သူတွေ လက်ညိုးထောင်ပါဆိုတော့ ဘယ်သူမှ မထောင်ပါဘူး။
တကယ်တော့ အဲဒီလို ဘားကမ့်ပွဲမှာ လူတွေရှေ့ချပြရမယ့် ကိစ္စမဟုတ်ပါဘူး။ အားလုံး အတုယူနိုင်အောင် ဆိုတဲ့ အချက်နဲ့ ပြောတယ်ဆိုရင်တောင် ကျွန်တော်တို့ ဘာမှမရလိုက်ပဲ အင်တိုက်အားတိုက် ဝင်ဆွေးနွေးတဲ့ စပီကာတွေကိုရော နားထောင်သူတွေကိုပါ အခန်းထဲထည့် စော်ကားသလို ခံစားရပါတယ်။ ဒီနေရာမှာ မထိုက်ထိုက်နဲ့ သူငယ်ချင်းတွေရဲ့ စေတနာကို နားလည်နိုင်ပေမယ့် ဆွမ်းဆန်ထဲ ကြွက်ချေးရောသွားတဲ့ အကွက်တစ်ခုအဖြစ် မှတ်သားလိုက်ရပါတယ်။ အဲဒီလို ပြောနေကြ ဆိုနေကြတာတွေကို စိတ်ပေါက်ပေါက်နဲ့ ထပြောတဲ့ သူတစ်ယောက် ရှိပါတယ်။ မနောက်နေကြပါနဲ့ပေါ့။ ဒါပေမယ့် အဲဒီလို ပြောတဲ့သူ အနေနဲ့ဘဲ ကိုဝိန်းတို့ ကိုကိုရဲတို့ဟာ စေတနာအရာမှာ အင်မတန်ကောင်းမွန်ပြီး အဲဒီလိုပဲ နောက်နောက်ပြောင်ပြောင် နေတတ်တယ်ဆိုတာ မသိတဲ့အတွက် ပြောတယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ။ ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေပါတယ် ဘားကမ့်ရေ။
နောက်တော့ ကျွန်တော်တို့ ပိတ်ပွဲအခမ်းအနားကို တက်ဖြစ်ပါတယ်။ အဲဒီပွဲကတော့ အမေ့ရဲ့ နှုတ်ခွန်းဆက်စကားကို ပြန်နားထောင်ခွင့်ရတာကလွဲလို့ အင်မတန် ခြေထောက်ညောင်းတဲ့ အချိန်လို့ ဆိုချင်ပါတယ်။ အချိန်အကြာကြီး ကျင်းပရမယ့် ပိတ်ပွဲကို ထိုင်စရာမရှိတဲ့ ကျင်းပတဲ့အတွက် အတော်လေးကို ကသိကအောင့်နိုင်ပါတယ်။ ကျွန်တော်ကတော့ မတတ်နိုင်တဲ့အဆုံး စတိတ်စင်ပေါ် တက်ထိုင်လိုက်တဲ့ အတွက်အဆင်ပြေသွားပေမယ့် လူအတော်များများ ခြေထောက်ညောင်းတဲဒါဏ် မခံနိုင်တဲ့အတွက် ပြန်ကုန်ကြသလို အချိန်လဲ အတော်လေးကို ကြာသွားပါတယ်။ မဲဖောက်တဲ့နေရာမှာလဲ မဲပေါက်သူတွေ ပြန်သွားလို့ အကြိမ်ကြိမ်ပြန်နှိုက်ရပါတယ်။ ဇွဲကောင်းကောင်းနဲ့ စောင့်နေသူတွေသာ မဲပေါက်တဲ့ သဘောဖြစ်နေပါတယ်။ အဲဒီလို အခြေအနေမှာ ပရိသတ်တွေ ပျင်းနေမှာ စိုးတဲ့အတွက် ကိုဝိန်းနဲ့ ကိုကိုရဲတို့ လူရွှင်တော် ရွှေဖလားလုပ်နေရပါတယ်။ အတိုင်အဖောက်လဲ ညီတော့ ကျွန်တော်တောင် ကိုဝိန်းနဲ့ ကိုကိုရဲ လူရွှင်တော် ရွှေဖလား ဝင်ပြိုင်ရင် အတော်အဆင်ပြေမယ်လို့ တွေးမိပါတယ်။ သူတို့ ပြောသွားတဲ့ မှတ်သားမိတဲ့ ဟာသတစ်ခုကို ပြန်ဖောက်သည်ချ ရမယ်ဆိုရင် ကိုဝိန်းက “မဲပေါက်တဲ့သူကို ကိုကိုရဲက သုံးညအိပ် ငါးရက်ခရီး” ဆိုတော့ ကိုကိုရဲက “ငါးရက်က ကျွန်တော်နဲ့ပါ သုံးညက ကိုဝိန်းနဲ့ ဖြစ်ပါတယ်” လို့ ပြန်ပြောပါတယ်။ ဘယ်လောက် အတိုင်အဖောက် ညီလိုက်သလဲဗျာ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘားကမ့် ဒုတိယနေ့ဟာလဲ ပြည့်ပြည့်စုံစုံနဲ့ ပြီးသွားပါတယ်။ ကျွန်တော် စိတ်ထဲမှာ ကြိတ်ပြီး ကျေနပ်နေမိပါတယ်။ ဒီလောက် ကြီးမားတဲ့ပွဲကြီးကို စီစဉ်တင်ဆက်ပေးတဲ့ သူတွေကိုရော စပွန်ဆာပေးတဲ့သူတွေကိုရော ကျွန်တော် အင်မတန်ကျေးဇူးတင်မိပါတယ်။ အမေပြောတဲ့ ပညာဆိုတာ ရှိုထားဖို့မဟုတ်ဘူး။ ပညာဆိုတာ ဖရောင်းတိုင်လိုပဲ ကိုယ်က မီးကူးပေးလိုက်လို့ ကိုယ့်ဆီမှာ မီးငြိမ်းသွားတာမျိုး မဟုတ်ဘူး။ ပညာဆိုတာ အလင်းရောင်ပါဆိုတဲ့ အနေအထားအရ ပညာအလင်းရောင်တွေ ကူးစက်ခွင့်ရတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အဲဒီလို ပညာအလင်းရောင်တွေဟာ ရှေ့ဆက်ပြီး မုံရွာဘားကမ့်၊ ပုသိမ်ဘားကမ့် စတာတွေကတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်ပြန့်နှံ့နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်ခင်ဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ …
သီဟ (Myanmar Links)
Facebook comments:








ဒုတိယနေ့ မတက်နိုင်ပေမယ့် ဆရာပြန်ရေးပေးလို့ စုံစုံစိစိပြန်သိလိုက်ရတယ်။ ကျေးဇူးပါ …
thank you brother
အမြဲအားပေးလျက်ပါ။