Intellectual property နှင့် ကျွန်တော်တို့

Customized Software Development လုပ်ဖို့ လိုအပ်သည့် လုပ်ငန်းတစ်ခုသို့ Background Study လုပ်ရန် သွားရောက်ခဲ့စဉ်က အမှတ်တရ ဖြစ်နေသော အဖြစ်အပျက်တစ်ခုကို ဖောက်သည်ချ ချချင်သည်။ Background Study အတွက် ပြောသင့်ဆွေးနွေးသင့်သူများနဲ့ ဆွေးနွေးတော့ တာဝန်ရှိသူတစ်ဦးက မင်တို့ Software တွေများကွာ။ တစ်ခွေ တစ်ထောင်နဲ့ ဝယ်လို့ ရနေတာတွေ မဟုတ်လားဟု ပြောလာသည်။ သူ့အနေနဲ့ အမှန်တကယ်ကို Customized Software တစ်ခုအတွက် ကုန်ကျစရိတ်ကို သေသေချာချာ မသိလို့ ပြောတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ အများကြီး အတွေးဆန့်မိသည်။

တကယ်တော့ ကျွန်တော်အဲဒီလို တစ်ခွေတစ်ထောင်နဲ့ ရနေတာ အင်မတန် ကောင်းသည်။ လေ့လာသူများအတွက် အမှန်တကယ်ကို စျေး သက်သက်သာသာ နဲ့ အသုံးပြုနိုင် လေ့လာနိုင်သော အထောက်အပံ့ကောင်းကို ပေးစွမ်းနိုင်စွမ်းရှိသည်။ ဥပမာအနေနဲ့ Adobe Creative Suit တစ်ခုကို အသုံးပြုချင်တယ် ဆိုပါစို့။ ကိုယ့်မှာက စက်ရှိပြီးသား။ ဒါပေမယ့် Operating System ကလည်း လိုဦးမှာ ဖြစ်သည်။ ဒီတော့ Windows 7 တင်ထားမည်။ အဲဒီအပေါ်မှာ Adobe Creative Suite 4 ကို တင်မယ် ဆိုပါက ကုန်ကျစရိတ်က အားလုံးပေါင်းမှ မြန်မာငွေ နှစ်ထောင် မကျော်ပါ။ ဒါပေမယ့် ခိုးကူးထားသည့် အခွေကို မသုံးပဲ တကယ့်အစစ်အမှန် Copyright တွေကို သုံးမည်ဆိုလျှင် Windows 7 အတွက် အနည်းဆုံး ဒေါ်လာ ၁၀၀၊ Adobe Creative Suite အတွက် အနည်းဆုံး ဒေါ်လာ ၅၅၀ အထက်မှာ ပေးရမှာ ဖြစ်သည်။ ဒါပေမယ့် စုစုပေါင်း ကုန်ကျငွေကျပ် ၂၀၀၀ လောက်နဲ့ ရနေတော့ လေ့လာလို သူတွေအတွက် အင်မတန်အဆင်ပြေသွားသည်။ မဟုတ်လျှင် ဘယ်လိုမှ မချဉ်းကပ်နိုင်တော့။

ဒါကကောင်းတဲ့အချက်။ တကယ်တော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ခိုးသုံးနေကြတာသာ ဖြစ်သည်။ ခိုးသုံးသည် ဆိုကတည်းက ကိုယ့်အတွက် ကောင်းသည်။ သူ့အတွက် မကောင်း ဆိုတာကိုတော့ အားလုံး လက်သင့်ခံပြီးသား ဖြစ်မည်ထင်သည်။ Win-Lose ပုံစံချဉ်းကပ်နည်းဟုသာ ဆိုရမည် ဖြစ်သည်။ ဒီတော့ ငါတို့မှ မတတ်နိုင်တာကွာဟု စောတက တက်နိုင်သည်။ အတိုင်းအတာ တစ်ခုအထိ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ပိုက်ဆံပေးသုံးလို့ရသည့် အခြေအနေ ရှိသည်များကိုပင် ပိုက်ဆံမပေးပဲ သုံးသည်ကတော့ ပြောစရာများရှိလာပြီ။ ကျွန်တော်တို့ အကျင့်တွေ ပါနေပြီလား။ အဲဒီလို အကျင့်တွေက ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်သနည်း စတာတွေကို လေ့လာထားဖို့ သင့်ပြီဟု ကျွန်တော်တော့ ထင်သည်။

ခိုးကူးခြင်းအလေ့အထကို ကျွန်တော် သတိထားမိသည်က စတီဒီယိုသီချင်းများ ဖြစ်သည်။ သီချင်းများကို နားထောင်သည့် အလေ့အထ များလာသောအခါ အော်ရီဂျယ်နယ် သီချင်းများ၏ နှလုံးသားများကို ဖမ်းဆုတ်နိုင်လာသလို သူတို့ကြိုးစား အားထုတ်မှုများ၏ တန်ဖိုးကိုလည်း နားလည် တတ်လာသည်။ ဒီလို အော်ရီဂျင်နယ် သီချင်းများကို နားထောင်တတ်သော အလေ့အထ ရှိစဉ်ကတည်းက သူတို့အခွေကို ကော်ပီကူးထားသော သီချင်းခွေများကို နားထောင်သည့်အခါ စိတ်ထဲမှာ မသိုးမသန့် ဖြစ်ခဲ့သော်လည်း သူများမိုးခါးရေသောက် ကိုယ်လည်း သောက်သည့် ပုံစံထဲမျောသွားသဖြင့် သိပ်တော့ မထူးခြား။ ဒါပေမယ့် အဲဒီလို အော်ရီဂျင်နယ် သီချင်းကို ကော်ပီလုပ်ပြီး ပြန်ဆိုသည့်အခါ သေသေချာချာ မဆိုနိုင်ပဲ ဆိုသူများကိုတော့ ဒေါသထွက်မိသည်။ ဖျက်စီးလေခြင်းဟု စိတ်ထဲမှာလည်း ထင်မိသည်။ ထိုကဲ့သို့ ကော်ပီ သီချင်းများ ရေလဲသုံးနေကြရင်း ကော်ပီခွေ ယဉ်ကျေးမှု ဖြစ်လာသည်။ သူတို့က အဝေးကို ကော်ပီကူးသည်။ သူတို့အခွေကိုတော့ အလွယ်တကူပင် ကော်ပီကူးပြီး တစ်ခွေ သုံးရာလောက်နှင့် ချရောင်းကြသည်။ ဒီတော့ အမှန်တကယ် သီချင်းကို သေသေချာချာ ကိုယ်ပိုင်သံစဉ်လုပ်သူများပါ အထိနာ ကုန်တော့သည်။ ကျွန်တော်ကတော့ တူသောအကျိုးပေးသည်ဟု လက်ခံယုံကြည်သည်။ သူတို့ နှလုံးသားများနှင့် ရင်းထားသော သီချင်းများကို သီချင်းစာသားသွတ်ပြီး ကော်ပီ လုပ်သည့်အတွက် ကိုယ့်အခွေများကို ကော်ပီ အလုပ်ခံရသည်ဟုသာ ယူဆသည်။

ဒါက စတီဒီယိုတေးလောက။ နည်းပညာလောကမှာကော ဘာတွေ ဖြစ်နေပြီလဲဟု ပြန်ကြည့်ကြည့်ပါ။ ကော်ပီယဉ်ကျေးမှုသည် ခိုင်ခိုင်မာမာကြီး အမြစ်တွယ် နေပြီဆိုတာ ဘယ်သူမှ မငြင်းနိုင်တော့ဟု ဆိုရမည်။ တကယ့်ကို အများညီ အမှန်တရား တစ်ခုပင် ဖြစ်နေပြီဟု ဆိုရမည်။ ကျွန်တော်တို့ ခိုးသုံးနေကြသည်ကို မေ့လိုက်ကြပြီလား။ သီချင်းတွေတုန်းက သူတို့နောက်မှာ နှလုံးသားတွေ၊ ကြိုးစားအားထုတ်မှုတွေ ဦးနှောက်တွေ ရှိနေသည်။ ကျွန်တော်တို့ နည်းပညာ ပစ္စည်းများ၏ နောက်တွင် ပို၍ပင်ဆိုးသည်။ နှလုံးသားများ၊ ဦးနှောက်များ၊ ကြိုးစားအားထုတ်မှုများ၊ တီထွင် ဖန်တီးမှုများ၊ အဖွဲ့အစည်းများ၊ ငွေကြေးကုန်ကျမှုများ၊ အချိန်များ စသည်ဖြင့် အရင်းအနှီးပေါင်းစုံ ရှိနေသည်။ ဒါပေမယ့် ကျွန်တော်တို့ သီချင်းများလောက်ပင် တန်ဖိုးထား လေးစားမိကြရဲ့လားဟု လေ့လာစမ်းစစ်မိသည်။ အများညီ၍ “ဤ” ကို “ကျွဲ” ဟု ဖတ်နေကြရင်း ဦးနှောက်ဖောက်စား ယုံသာမက တန်ဖိုးကိုပါ မသိတော့သည့် အခြေအနေအထိ ရောက်နေပြီဟု ကျွန်တော် သုံးသပ်မိသည်။ တူသော အကျိုးပေးသည်ဟူသော လောကနိယာမအရ ကျွန်တော်တို့ ဘာတွေ ပြန်ပေးရနိုင်သနည်း။

ဒီနေရာမှာ ကျွန်တော် တတ်နိုင်သလောက် အတွေးဆန့် မိခြင်းသာ ဖြစ်သည်။ ပညာရှင်တစ်ယောက် မဟုတ်သည့်အတွက် စစ်စစ်ပေါက်ပေါက် လေ့လာနိုင်စွမ်းမရှိဟု ကြိုတင်ဝန်ခံပါသည်။ ကျွန်တော်တို့ ဘာတွေ ပြန်ပေးရနိုင်သနည်း ဆိုသည့် မေးခွန်း၏ အဖြေကို ရှာဖွေရင်း အဖြစ်အပျက် တစ်ခုကို သတိရမိသည်။ ကျွန်တော်တို့ မြန်မာစာဖောင့်များကို စတင်အသုံးပြုကြစဉ်က ဖြစ်မည်ထင်သည်။ Win Font ဟု ထင်ပါတယ်။ အဆိုပါ ဖောင့်ကို တီထွင်သူက စီးပွားဖြစ်ထုတ်လုပ်သည်လား။ ဒါမှမဟုတ် အလကားပေးသုံးသည်လား။ ဘာမှကို သေသေချာချာ မသိ။ ကောင်းကောင်း ကြီးကို အလကားသုံးကြတော့သည်။ ဘယ်သူတီထွင်မှန်းပင် မသိတော့။ ကျွန်တော့်အထင် ကိုဇော်ထွဋ်ဖြစ်မည် ထင်သည်။ ဒါပေမယ့် ကျွန်တော် ကတော့ ဖောင့်ကို တီထွင်သူအတွက် အများကြီး နစ်နာသည်ဟု ယူဆသည်။ စီးပွားဖြစ်ထုတ်မည် ဆိုပါက စီးပွားရေးအရ ဆုံးရှုံးသည်။ GPL နဲ့ ဖြန့်မည် ဆိုဦးတော့ အသိအမှတ်ပြုခံရမှု ဆုံးရှုံးသည်။ နောက်ဆုံး မြန်မာစာဖောင့်ကို သုံးနေသော သူများကပင် ကွန်ပျူတာနှင့် တွဲပါလာသော နဂိုရ ပိုင်ခွင့်ဟု ထင်နေကြတာများသည်။ ကွန်ပျူတာ တစ်လုံးဝယ် မြန်မာစာ ပါပြီးသား ဆိုသည့် အယူအဆ စွဲသွားပြီ။

တကယ်တော့ Product များပင် မဆိုထားနှင့် အိုင်ဒီယာများတွင်ပါ အသိအမှတ်ပြုသင့် တန်ဖိုးထားသင့် လေးစားသင့်သော အချက်များ အများကြီး ရှိနေသည်။ တစ်ခါက ဗီဒီယိုအသိုင်းအဝိုင်းက သူငယ်ချင်း တစ်ယောက်နှင့် စကားပြောဖြစ်တော့ သူငယ်ချင်းက ပြောသည်။ သူတို့ လုပ်ချင်သည့် အိုင်ဒီယာကို လက်ဖက်ရည်ဆိုင်မှာ အသံကျယ်ကျယ်ဖြင့် မပြောရဲကြောင်း၊ ပြောတာနှင့် ခိုးဖို့ စောင့်နေကြသည်တဲ့။ ကျွန်တော်ကတော့ သူငယ်ချင်း ပြောတာ နည်းနည်းလွန်သည်ဟု ထင်မိသော်လည်း တကယ်တန်း အခွေတွေထွက်လာတော့ ကြည့်မိသည်။ တစ်ယောက်က ခြောက်လျှင် ကျန်တဲ့သူ တွေပါ လိုက်ခြောက်ကြသည်။ ယခုဆိုလျှင် မခြောက်ဘူးသည့် မင်းသား မရှိတော့ဟု ထင်သည်။ ဒီလို ပုံစံတူတွေ တစ်ခွေပြီး တစ်ခွေ ထွက်နေ ကြတာ စာဖတ်သူများ သိပြီး ဖြစ်မည်ထင်သည်။ ထိုကဲ့သို့သော အိုင်ဒီယာ တန်ဖိုးမထားမှုများသည် ဒုနှင့်ဒေး။ ဒီတော့ ကိုယ့်အိုင်ဒီယာကို ချမပြနှင့် ချပြတာနှင့် ဆွဲစားသွားမှာ သေချာသည်။ နည်းပညာထုတ်ကုန်ဆိုသည်မှာ အိုင်ဒီယာမှ အရင်းခံရခြင်း ဖြစ်တော့ ပိုဆိုးသည်။ နည်းနည်းမှ ကြိုမပြောနှင့် အကုန်ကူးချ ကြတော့မည်။

ကျွန်တော့်အမြင်အရတော့ ကျွန်တော်တို့တွေ ခိုးသုံးတွေထဲမှာ နစ်ရင်း ကျွန်တော်တို့ နှလုံးသားများ၊ ဦးနှောက်များကို မသိမသာတစ်မျိုး၊ သိသိသာသာ တစ်မျိုး အခိုးခံနေကြရသည်။ နောက်ဆိုလျှင် ဆန်းသစ်တီထွင်ရသော အလေ့အထ တစ်ခုလုံး မျိုးတုံးသွားနိုင်မည့် အန္တရာယ်ပါ ရှိနေသည်ဟု ကျွန်တော်မြင်သည်။ ကျွန်တော်အနေနှင့် ကွန်ပျူတာ နည်းပညာလောကတွင် ဒုတိယမျိုးဆက်တွင် ပါသည်ဟု ထင်သည်။ ကျွန်တော်တို့၏ ရှေ့မျိုးဆက်မှ သင်ကြားရေး အကြောင်းပြထားသော ခိုးသုံးကျင့်များကို လက်ဆင့်ကမ်း လက်ခံခဲ့ကြသည်။ ကျွန်တော်တို့ နောက် တတိယမျိုးဆက်ကို ဘယ်လို လက်ဆင့်ကမ်းမည်နည်း။ သေချာတာ တစ်ခုကတော့ “ကျွဲ” ဖြစ်သွားသော အမှန်တရားအဖြစ်သာမက နဂိုတွဲပါလာသော အခွင့်အရေး အဖြစ်အနေနှင့်ပါ လွဲပြောင်းပေးတော့မည်ဟု မြင်နေသည်။

ကျွန်တော်ကတော့ ကျွန်တော်တို့ အကျင့်ဆိုးများကို လွဲပြောင်းမပေးသင့် လုံးဝယုံကြည်ပါသည်။ ဒါမှသာ နည်းပညာတိုးတက်မှု ရေခံမြေခံဖြစ်သော တီထွင်ဆန်းသင်မှုကိုပါ အညွှန့်သတ်လိုက်သလို မဖြစ်မှာ ဖြစ်သည်။ လူငယ်များ စိတ်တွင် ငါတို့တီထွင်လည်း အလကားပါကွာ။ သူတို့က ခိုးကူးသွားမှာပါ ဆိုသည့် အမြင်နှင့်ဆိုလျှင် သွားပြီ။ ဒီနေရာမှာ ဥပဒေပြုရေးဖက်ကိုလည်း လက်ညိုးထိုးရမည်။ သူတို့ကလည်း ဦးနှောက် အရင်းအနှီး၊ အိုင်ဒီယာ အရင်းအနှီးများအတွက် ဘာဥပဒေမျှ ကျွန်တော်ရေရေရာရာ မတွေ့သေး။ ကျွန်တော့် လေ့လာမှု ညံ့ဖျင်းသည်လား။ တစ်ခါမျှ ဦးနှောက်အရင်းအနှီး နှင့် ပတ်သက်ပြီးတရားစွဲတာ မတွေ့သေး။ အဲ တစ်ခုတော့ ရှိသည်။ စတီဒီယိုတေးလောကမှာတော့ တရားစွဲတာတွေ။ တောင်းပန်တာတွေ။ ပြန်လှန် ပြင်ဆင်ချက်တွေ သတင်းစာမှာ ကြော်ငြာတာတွေ တွေ့လိုက်ရသည်။ နည်းပညာလောကမှတော့ တစ်ခါမှ မတွေ့ရ။

ကျွန်တော်တို့ ဒီလိုခိုးကျင့်များကို မည်ကဲ့သို့ ဖျောက်ကြမည်နည်း။ အချိန်နှင့်အမျှ အမြစ်တွယ်နေသော ကိစ္စကို လွယ်လွယ်နဲ့တော့ ပြင်မရတော့ဟု ကျွန်တော်ထင်သည်။ ဥပဒေပြုရေးဖက်ကလည်း အကာအကွယ်ပေးသော ဥပဒေများ ပြဌာန်းပေးဖို့ လိုသည်။ ဒါက အစိုးရနှင့် ဆိုင်သော အပိုင်း။ ကျွန်တော်တို့ အပိုင်းအရ ကျွန်တော်တို့ ပြင်သင့်သော အချက်များကို ချရေးမိသည်။ ကျွန်တော်ရေးတာတွေ မလုံလောက်ပါဟု ကြိုတင် ဝန်ခံပါရစေ။ ဒီတော့ စာဖတ်သူများ အနေနှင့်လည်း ထပ်ဖြည့်သင့်သည်များကို ထပ်ဖြည့်ပေးကြဖို့ တိုက်တွန်းလိုပါသည်။ လှုံ့ဆော်ရေးအပိုင်း၊ အသိပညာ ဖြန့်ဝေရေး အပိုင်း၊ လိုက်နာဆောင်ရွက် စေသည့် အပိုင်းဆိုပြီး အများကြီး လုပ်ဖို့ လိုတာတော့ သေချာသည်။ ကျွန်တော်ကတော့ အသိပေးရုံသာ တတ်နိုင်ကြောင်း ဝန်ခံပါသည်။

  • သင်ကြားရေး အထောက်အကူပြု ခိုးသုံးသောအခါ ခိုးသုံးသော Software များ၏ တန်ဖိုးကို သိထားဖို့ လိုမည် ဖြစ်သည်။ သူတို့ ဒီလောက် ကြိုးစားထားလို့ ဒီလိုသုံးရတာပါလားဟူသော အသိမျိုး ကျေးဇူးတရားကို နားလည်းသော သဘောထားများ ထားသင့်သည်။
  • တတ်နိုင်လျှင် ဝယ်သုံးပါ။ ဒါကတော့ Laptop များဝယ်သည့်အခါ Original Operating System ပါသော Laptop များ အသုံးပြုသည့် စနစ်ကို သဘောကျသည်။ လူများအနေနှင့် စက်ကို ၁၀ သိန်းပေးဝယ်နိုင်သော်လည်း Software အတွက် တစ်သိန်းမပြောနှင့်။ တစ်သောင်းတောင် အကုန်မခံလိုသည့် အကျင့်များကို ဖျောက်သင့်သည်။ တတ်နိုင်လျှင် မျှပြီးသုံးသင့် သုံးဖို့ လိုသည်။ မင်းကလည်း ဘယ်မှာ Original တွေ ရောင်းလို့လဲဟု မေးစရာရှိပါသည်။ အရှင်းဆုံးအဖြေကတော့ ဝယ်သူ မရှိလို့ မရောင်းတာဟုသာ ဖြေရမည် ဖြစ်သည်။ Kaspersky ကို ကျွန်တော်တို့ ဝယ်သုံးနေကြသည့် လမ်းကြောင်းကို ကြည့်လျှင် Operating System များလည်း ဝယ်သုံးနိုင်စရာ အကြောင်းရှိပါသည်။ ထိုကဲ့သို့ Local အတွက် စျေးတစ်မျိုးသတ်မှတ် ပေးသော စနစ်များလည်း ဖြစ်ထွန်းလာနိုင်စရာ အကြောင်းရှိနိုင်ပါသည်။
  • ဝယ်မသုံးနိုင်ပါက အခမဲ့ပေးထားသော Software များကိုသာ သုံးပါ။ အထင်ရှားဆုံး ဥပမာကတော့ Ubuntu ဖြစ်သည်။ အားလုံးအခမဲ့ရနိုင်သည်။ ဒါပေမယ့် အခမဲ့ဆိုသော အချက်သည် အလကားမဟုတ်ပါ။ ဒါကြောင့် တီထွင်ဖန်တီးထုတ်လုပ်ထားသူ၏ စေတနာကိုတော့ တန်ဖိုးထား လေးစားဖို့ လိုမည်ဖြစ်သည်။
  • Online တွင် Web Page များ ဖိုရမ်များ အသုံးပြုသော အခါတွင်လည်း အခမဲ့ရသော အရာများကိုသာ သုံးမည်ဆိုပါက လုံးဝ မခိုးသင့်။ Template လေးတစ်ခု ခိုးသုံးမည်။ ဟိုဟာလေး တို့ထိတို့ထိခိုးမည် ဆိုလျှင်လည်း မဖြစ်သင့်။ ဒါပေမယ့် ကျွန်တော့် တွေ့သော ဖိုရမ်များသည် vBulletin ကို ပိုက်ဆံပေး သုံးနေတာတွေ့ရသည်။ အလွန်ကောင်းမွန်သော အလေ့အထဖြစ်ကြောင်း အသိအမှတ် ပြုအပ်ပါသည်။ Warez တွေမှာ သွားယူ၊ ပြီးရင် အလကားသုံးလို့ ရနိုင်ပါလျှက် ပိုက်ဆံပေးသုံးသော စိတ်ဓာတ်ကို တန်ဖိုးထားမိသည်။ ကိုယ်က ခိုးသုံးလျှင် သူများက ပြန်ခိုးမည်ဆိုသည့် အချက်ကို ကောင်းကောင်း သဘောပေါက်ထားသင့်သည်။
  • အချင်းချင်း တီထွင်ထားသော အရာများကို အသုံးပြုမည်ဆိုပါက သူက အခမဲ့သုံးခွင့်ပြုသည်လား။ အသုံးပြုသည့်အခါ ဘာတွေ လိုက်နာရမည်လဲ စတာတွေကို အရင်လေ့လာသင့်သည်။ သူက အခမဲ့သုံးပါ ဆိုဦးတော့ Credit ပေးဖို့ လိုမည်။ သူ့ Website ကို ပြန်ပြီး Link ချိတ်ပေးသင့်သည်။ သူက စီးပွားရေးအရ အသုံးပြုခွင့် ပြုသည်လား။ မပြုဘူးလား ဆိုသည့် အချက်များကိုလည်း သိအောင် လုပ်ရမည်။ နောက်ဆုံး  စီးပွားရေးအရ သုံးသည့်အခါ ပိုက်ဆံပေးရမည်ဆိုပါက တတ်နိုင်သော အခြေအနေတွင်ရှိပါက ပေးဖို့ ကြိုးစားသင့် သည်။ မပေးနိုင်ပါက လုံးဝ မသုံးနှင့်တော့ဟု ဆိုရမည်။
  • e-book များနှင့် ပတ်သက်လျှင်လည်း ပြောစရာ အများကြီး ရှိနေပါသည်။ ကိုယ်က ဝယ်မသုံးနိုင်သေးခင် ဟိုဖိုရမ်မှာရှာ ဒီဖိုရမ်မှာရှာ အလကား ခိုးဒေါင်းပြီး သုံးတာကို ကိုယ့်ရပိုင်ခွင့်ဟု မမှတ်ယူသင့် သူတို့ ကြိုးစား အားထုတ်မှုများကို အသိအမှတ်ပြု တန်ဖိုးထားရမည်။ ပိုက်ဆံပေး သုံးနိုင်ပါက ပိုက်ဆံပေးပြီးသာ သုံးသင့်ပါသည်။
  • ဖိုရမ်များအနေနှင့် ခိုးကူးများနှင့် ပတ်သက်သော အရာများကို ဖြန့်ဖြူးပေးမည် ဆိုပါက စေတနာအရင်းခံ စိတ်တွင် သူတကာ လေ့လာရ လွယ်ကူအောင် စီစဉ်ပေးခြင်း ဖြစ်သော်လည်း ဦးနှောက် အရင်းအနှီးများကို တန်ဖိုးထားတတ်အောင် တတ်နိုင်သမျှ ဝယ်သုံးစေရန် ပညာပေးသင့်သည်။

ကျွန်တော်စဉ်းစားမိသလောက်တော့ ဒီလောက်မျှသာ ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ဝန်ခံပါသည်။ ကျွန်တော်လည်း သူခိုးတစ်ယောက်သာ ဖြစ်ပါသည်။ ဒါပေမယ့် သူခိုးဖြစ်ကြောင်း အသိအမှတ်ပြုပြီး နောင်တွင် ခိုးကျင့် ခိုးကြံပျောက်အောင် ပြင်ဆင်နေသူ ဖြစ်ပါသည်။ အလေးအနက်ထား ပြင်ဆင်သင့်သော အချက်ဖြစ်သလို နောင်လက်ဆင့်ကမ်းရမည့် မျိုးဆက်အတွက် ပြုပြင်စရာများ ဖြစ်သည့်အတွက် ရေးလိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်လို ခံစားချက်များနှင့် ရေးသားထားသော ဘလော့များလည်း ရှိပါလိမ့်မည်။ ကျွန်တော့် စာများတွင် လိုအပ်ချက်များ၊ မှားယွင်းချက်များ ရှိပါက ကျွန်တော့ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း ကြိုတင် ဝန်ခံအပ်ပါသည်။ နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

Facebook comments:

6 Responses

  1. Brain Hacker says:

    ရေးထားတာလေးတွေ တော်တော်ကောင်းပါတယ်..
    ကျွန်တော်လည်းအခုမှစဉ်းစားမိတယ်ဗျ.. ကျွန်တော်လည်းခိုးသုံးနေသူတစ်ဦးပဲ.လို ့ခံယူမိတယ်ဗျ…
    ခိုးတဲ ့လူရှိနေသ၍တော ့ခိုးသုံးတဲ ့သူလည်းရှိဦးမှာပဲ..

    နောက်လည်းရေးနိုင်ပါစေ…

  2. ကော်ပီလို့ ခေါ်တဲ့ Cover Version နဲ့ပတ်သက်တာတော့ ဆွေးနွေးစရာတစ်ချို့ ရှိပါတယ်။ သီချင်းတစ်ပုဒ်ကို Cover Version လုပ်လို့ရပါတယ်။ ဥပမာအားဖြင့် Don McLean ရေးခဲ့တဲ့ Starry Starry Night ကို နိုင်ငံအသီးသီးက Cover Version… See More လုပ်ဆိုထားတာ သီချင်းအပုဒ်ပေါင်း သုံးဆယ်ကျော်ရှိပါတယ်။ သံစဉ်ကိုယူပြီး စာသားဖလှယ်တဲ့ ပုံစံမျိုးပါ။ မြန်မာနိုင်ငံမှာလည်း အဲ့ဒီသီချင်းကို ဝင်းမင်းထွေးရေးပြီး ထူးအိမ်သင်ဆိုထားတဲ့ ဗင်းဆင့်ဗင်ဂိုး သို့တမ်းချင်းဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ဆီက ဲ့ Cover Version ဆိုတာနဲ့ပတ်သက်ပြီး မလွတ်ကင်းတာ တစ်ချက်တော့ရှိပါတယ်။ မူရင်းရေးသူ၊ ဆိုသူတွေ ကို အကြောင်းမကြားနိုင်သေးတဲ့ အချက်ပါ။ ဒါကလည်း တိုင်းပြည်အနေအထားနဲ့ ဆိုင်ပါသေးတယ်။ မြန်မာနိုင်ငံက အခုချိန်ထိ LDC တိုင်းပြည်စာရင်းက မထွက်နိုင်သေးပါဘူး။ ကော်ပီသီချင်းတွေကို ကာကွယ်ပြောချင်တဲ့ သဘောလည်း မဟုတ်ပါဘူး။ ကော်ပီကို ပေါပေါပဲပဲ လုပ်နေသူတွေ ကြောင့်သာ ကော်ပီသီချင်းကောင်းတွေအပေါ် အမြင်မှားစရာ အနေအထား ရောက်လာခဲ့တာပါ။ လက်ရှိအချိန် ကိုယ်ပိုင်သံစဉ် နာမည်တပ်ပြီး နိုင်ငံခြားသံစဉ်တွေ မှီးထားတဲ့(သူတို့ကတော့ ကော်ပီယူတယ်လို့ဝန်မခံပဲ ကိုယ်ပိုင်သံစဉ်ဆိုတာကြီးပဲ ပြောကြပါတယ်။) သီချင်းတွေအများကြီးပါပဲ၊ ဘယ်သူတွေလဲဆိုတာ ထည့်ပြောရင်တော့ သူတို့ပရိသတ်တွေက မျက်စိမှိတ်ပြီး လာရမ်းကားနေကြမှာ မြင်ယောင်သေးတော့တယ်။

    ဆောင်းပါးပါ ကျန်ရှိသော သုံးသပ်ချက်များကိုတော့ သဘောကျလက်ခံမိပါတယ်။ :)

    • ခုလို ဝင်ရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ … Cover Version ဆိုတာကို အခုမှ ကြားဖူးပါတယ်ခင်ဗျာ၊ ခုလို သိခွင့်ရတဲ့အတွက်လည်း အထူးပဲ ဝမ်းမြောက်မိပါတယ်

    • sirus says:

      မသိတာလေးတစ်ခု သိလိုက်ရတဲ့အတွက် စာရေးသူရော ကွန်မန် ့ပေးသူပါ ကျေးဇူးပါ။

  3. pandora says:

    နိုင်ငံဖွံ့ဖြိုးတဲ့ အဆင့်တစ်ခု ရောက်မလာခင်မှာ ဒီလိုပြဿနာတွေတော့ ဖြတ်သန်းရမှာပါပဲ။ ဒါပေမယ့်လည်း ကော်ပီသီချင်းတွေရေးကြ ဆိုကြတဲ့အခါ မူရင်းပိုင်ရှင်တွေဆီက အကြောင်းကြောင်းကြောင့် အကြောင်းမကြားနိုင် ခွင့်ပြုချက်မယူနို်င်ရင်တောင်မှာ အနည်းဆုံးတော့ ဒါဟာကော်ပီဖြစ်ကြောင်း မူရင်းဘယ်သူဘယ်ဝါဆီက မှီငြမ်းထားကြောင်း အသိအမှတ်ပြု ဝန်ခံချက်လေးတွေ ဖော်ပြတဲ့ အလေ့အထလေး ရှိလာရင်ကောင်းမယ်။ အခုတော့ တချို့သီချင်းတွေဆိုရင် ကိုယ်ပိုင်လိုလို ထင်ယောင်ထင်မှား ခံစားနေရာကနေ ကော်ပီလို့နောက်မှ သိရပြီး ဖီးလ်ငုပ်သွားရတာတွေ ရှိနေတယ်။ နိုင်ငံခြားသားတွေရှေ့မှာ မြန်မာစတီရီယို သီချင်းတွေ ဖွင့်ရမှာတောင် မရဲဖြစ်လာရတယ်။

Leave a comment


*