တီထွင်ဆန်းသစ်မှုရှိသော အိုင်ဒီယာများ အလုပ်ဖြစ်ရေး (၂)
တီထွင်ဆန်းသစ်မှုရှိသော အိုင်ဒီယာများ အလုပ်ဖြစ်ရေး (၁) ကိုဖတ်ချင်တယ်ဆိုရင် ဒီမှာ ဖတ်လို့ရပါတယ်။ ဒါကတော့ ဒုတိယပိုင်းပါ။
တစ်ခါတစ်ရံမှာ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို ရုတ်တရက် အမှတ်မထင် ရလာတတ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် စိတ်ညစ်လို့ ကြေးနန်းကြိုး တစ်ချောင်းကို လိမ်ကျစ်နေရင်း တွယ်ချိတ်လို ကြေးနန်းကို ခွေပြီး ကုတ်အားရှိတဲ့ ပုံစံတစ်ခုကို ဖန်တီးနိုင်တဲ့ အိုင်ဒီယာ ရလာတာမျိုးပေါ့။ ဒါပေမယ့် အဲဒီလို ရုတ်တရက် ပေါက်ဖွားလာတဲ့ အိုင်ဒီယာကို အလုပ်ဖြစ်အောင် မလုပ်ကြည့်ဘူးဆိုရင်လည်း အလကားပါပဲ။ အဲဒီလို ရုတ်တရက် ရလာတဲ့ အိုင်ဒီယာကို အလုပ်ဖြစ်အောင် ဖန်တီးတဲ့ နေရာမှာလည်း အခက်အခဲတွေ မျိုးစုံ ရှိနေပြန်ပါတယ်။
တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို စတင်ဖွဲ့တည်လာရာကနေ စျေးကွက်တင်နိုင်တဲ့ အခြေအနေအထိ ရောက်ဖို့ဆိုရင် ကျရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကျရှုံးမှုတွေကို ကျော်ဖြတ်ဖို့ ဆိုတဲ့နေရာမှာလည်း အချိန်မရွေး၊ အဆင့်မရွေး ကြုံနိုင်ပါတယ်။ နောက်ဆုံး အဆင့်ရောက်နေပြီ ဆိုတဲ့အချိန် မှာတောင် ပြဿနာတွေက ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘယ်လောက် အိုင်ဒီယာကောင်းပါစေ၊ ဘယ်လောက် စာရင်းဇယားတွေအရ အလုပ်ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေပါစေ၊ ကျရှုံးသွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ အဲဒီလို အချိန်မရွေး Fail ဖြစ်နိုင်တာကို သိထားပြီး အလောင်းအစား အရမ်းဆန်တာမျိုး မဖြစ်စေဖို့ ထိန်းသိမ်းရပါမယ်။ ဒါပေမယ့် စွန့်စားလိုတဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ထားဖို့ လိုပါလိမ့်မယ်။ အဲဒီလို အစွန်းနှစ်ဖက် လွတ်တဲ့ အခြေအနေတစ်ခုကို ရွေးချယ်လျှောက်လှမ်းပြီး ကိုယ့်အိုင်ဒီယာတွေ အလုပ်ဖြစ်လာအောင် ဆောင်ရွက်ရပါမယ်။ ရှေ့ဆက်ရပါမယ်။
အရမ်းပြီးပြည့်စုံတဲ့ အိုင်ဒီယာတွေနဲ့ နှိုင်းယှဉ်ပြီးလည်း စိတ်ဓာတ်မကျပါနဲ့။ တကယ်ကိုယ်တွေ့နေရတဲ့ အိုင်ဒီယာက အထပ်ထပ် ကောင်းသထက် ကောင်းအောင် ဖန်တီးပြီးသား အိုင်ဒီယာ ထုတ်ကုန် ဖြစ်နေလို့ပါ။ တကယ်တန်း သူတို့ စခဲ့တဲ့ ပထမဦးဆုံး အခြေအနေကို ပြန်ကြည့်ရင် အများကြီး ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ အခုလို Perfect ဖြစ်တဲ့ အဆင့်တစ်ခုကို ရောက်ဖို့ သူတို့တွေ အနေနဲ့ အရှုံးတွေ အကြိမ်ကြိမ် ရင်ဆိုင် ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ပီကာဆို အနေနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ဖန်တီးမှုပေါင်း ၂ သောင်းခန့် (တကယ်တော့ ငါးသောင်းလောက် ရှိတယ်လို့ ဆိုကြပါတယ်) ဖန်တီးခဲ့ပြီး တကယ်တန်း အောင်အောင်မြင်မြင် ဖြစ်တဲ့ အနုပညာ ဖန်တီးမှုအရည်အတွက်က သူ တစ်သက်လုံး ဖန်တီးလာတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်ပဲ ရှိပါတယ်။ အိုင်းစတိုင်း အနေနဲ့လည်း စာတမ်းပေါင်း ၂၅၀ ခန့်ပြုစုပြီး တကယ်တန်း အောင်မြင်တဲ့ စာတမ်းက အနည်းငယ်ပဲ ရှိခဲ့ပါတယ်။
အောင်မြင်တဲ့ အိုင်ဒီယာကို ဘယ်လို ရွေးချယ်မလဲ
အိုင်ဒီယာလေးတစ်ခု ရလာတယ်။ အဲဒီ အိုင်ဒီယာနဲ့ ပတ်သက်တာတွေပဲ အကောင်အထည်ဖော်တယ်။ မအောင်မြင်ဘူးဆိုတာနဲ့ ရပ်ပစ်တာမျိုး၊ တစ်ခြား အရာတွေအကုန်လုံး နောက်တန်း ပို့ပစ်တာမျိုး မဖြစ်သင့်ပါဘူး။ တကယ်တော့ ဘဝဆိုတာ လမ်းတစ်ကြောင်းတည်း လျှောက်ရတာမျိုး မဟုတ်ပါဘူး။ ရွေးချယ်ပိုင်ခွင့်ဆိုတာ ကိုယ့်လက်ထဲမှာ ရှိပါတယ်။ အဲဒီအပြင် တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အောင်မြင်တယ် ဆိုတာ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေနဲ့ ရင်းနှီးရပြီး ၃၀၀၀ ပုံ တစ်ပုံလောက် အောင်မြင် တတ်တာမျိုးလည်း ရှိတတ်တယ်ဆိုတာ မမေ့ပါနဲ့။
တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေဆိုတာ အနာဂတ်ကို လှမ်းမျှော်ကြည့်နိုင်သူတွေ ခန့်မှန်းနိုင်သူတွေသာ ဖန်တီးနိုင်တယ်လို့ ထင်စရာရှိပါတယ်။ အတန်အသင့်တော့ ဟုတ်တယ်လို့ ဆိုနိုင်ပေမယ့် မရှိမဖြစ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တီထွင်ဆန်းသစ်မှုတွေ ဘယ်နေရာက ထွက်ပေါ်လာတတ်သလဲလို့ လေ့လာကြည့်ရင် နှစ်နေရာ ရှိပါတယ်။ တစ်ခုကတော့ လိုအပ်ချက်အရ ထွက်ပေါ်လာတတ်ပြီး နောက်တစ်ခုက creative spark (တီထွင်ဖန်းတီးမှုဆိုင်ရာ ဉာဏ်အလင်းပွင့်မှု) က ထွက်ပေါ်လာတတ်ပါတယ်။
ဆန်းသစ်တီထွင်မှုတွေ လုပ်တော့မယ်၊ ကိုယ်ကလည်း ကိုယ်မှာရှိတဲ့ အချိန်တွေ၊ ငွေတွေ အစရှိတဲ့ Resources (အရင်းအမြစ်)တွေ အသုံးချရတော့မယ်ဆိုရင် ချိန်ဆဖို့ လိုအပ်လာပါပြီ။ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်တဲ့ အနေအထားမှာ အရင်းအမြစ်တွေကို ဘယ်လို ချိန်ဆပြီး အသုံးချမလဲဆိုတဲ့ ကိစ္စက ခန့်မှန်းရ အင်မတန်ခက်တဲ့ ကိစ္စတစ်ခုပါ။ အဲဒီအတွက် ပညာရှင်တွေ အကြံပြုတာကတော့ အသေးဆုံး၊ အနည်းဆုံး၊ အသက်သာဆုံး စပါလို့ ဆိုပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဝန်လည်း ဖြစ်ရမယ်၊ ကုန်ကျစရိတ်လည်း အနည်းဆုံး ဖြစ်ရမယ်၊ စသည်ဖြင့် ချိန်ဆတာမျိုးကို ဆိုလိုပါတယ်။ အလောင်းအစားပြုသလိုပေါ့။ အနည်းဆုံးလောင်းတော့ ရှုံးရင် နည်းနည်းပဲ ရှုံးမယ့် သဘောပေါ့။ Risk ကို အနည်းဆုံးယူလိုက်တာပါ။
အဲဒီလို ကိုယ်လည်း တတ်နိုင်တဲ့ အသေးဆုံးဘောင် အတွင်းက စမယ်ဆိုရင် ကိုယ့်အနေနဲ့ ဘယ်လောက် စွန့်စားရမယ်ဆိုတာလည်း ခန့်မှန်းလို့ ရနိုင်ပါတယ်။ အဲဒီလို စွန့်စားရမယ့် ပမာဏကို ခန့်မှန်းနိုင်တယ်ဆိုတာ အင်မတန် အရေးပါတဲ့ သဘောမှာရှိပါတယ်။ ဒါမှလည်း စိန်ခေါ်မှုတွေကို ကျော်လွားနိုင်မှာပါ။ နည်းနည်းပဲ လှမ်းတော့ နည်းနည်းပဲ ရင်ဆိုင်ရမယ်လို့ ဆိုလိုပါတယ်။ အရင်းအမြစ်တွေကိုလည်း နည်းနည်းပဲ အသုံးချဖို့ လိုပြီး ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စွမ်း ရှိစေပါတယ်။ စီမံကိန်းချတဲ့နေရာမှာလည်း အကြီးကြီးတွေ ချထားမယ်ဆိုရင် ပြီးမြောက် အောင်မြင်အောင် အချိန်တွေ အများကြီး ယူရမှာ ဖြစ်တဲ့အတွက် စီမံကိန်းကိုလည်း တစ်ပိုင်တစ်နိုင်ချဖို့ လိုဦးမှာဖြစ်ပါတယ်။ အားလုံးကို ခြံုပြောရရင် တစ်ပိုင်တစ်နိုင်က စပါလို့ ဆိုလိုတာပါပဲ။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း အရေးကြီးဆုံး လိုအပ်ချက်နှစ်ခုက စိတ်ဓာတ်တက်ကြွ ပျော်ရွှင်မှုနဲ့ ယုံကြည်မှုပဲ ဆိုတာမမေ့ပါနဲ့။
နည်းဗျူဟာတွေ (နည်းဗျူဟာဆိုတော့ စကားလုံးက အရမ်းကြီးသွားတယ်လို့ ထင်နေဦးမယ်၊ တကယ်တော့ နည်းလမ်းတွေပါ) ကို ဖော်ဆောင် အကောင်အထည်ဖော်တဲ့ နေရာမှာ အချိန်၊ ငွေကြေးစတဲ့ အရင်းအနှီးတွေကို သုံးစွဲရတာမျိုးလည်း ရှိသလို၊ ရှှေ့ဆက်ရမယ့် ခရီးအတွက် လမ်းသစ်ထွင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လို အခြေအနေမျိုး ဖြစ်နေပါစေ နည်းဗျူဟာတွေ ချတဲ့နေရာမှာ အလုံးစုံပြည့်စုံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ် အကောင်အထည်ဖော်နေတဲ့ အိုင်ဒီယာကို တစ်ခါတည်း လမ်းဆုံးရောက်အောင် ပို့နိုင်တဲ့ နည်းဗျူဟာ ဆိုတာမျိုးလည်း မရှိပါဘူး။ နည်းလမ်းတွေကို ရှာဖွေတဲ့နေရာမှာ ဥပမာပေးရရင် ခု ကိုယ့်ရှေ့မှာ မြင်နေရတာ ကွင်းပြင်၊ အဲဒီကွင်းပြင်ကို အရင်ဖြတ်ဖို့ နည်းလမ်းတွေ ရှာရပါမယ်။ အဲဒီ ကွင်းပြင်ကို ဖြတ်ပြီးမှ တွေ့ရမယ့် တောအုပ်အတွက် မစဉ်းစားပါဘူး။ အဲဒီလို တစ်ဆင့်ခြင်း ကျော်ဖြတ်သွားဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။
အဲဒီလို တစ်ဆင့်ခြား ကျော်ဖြတ်သွားရင် တစ်ချိန်မှာ သေချာပေါက်တွေ့ရမှာ နှစ်ခုက အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုပါ။ အောင်မြင်မှုဆိုတဲ့ နေရာမှာလည်း စျေးကွက်တင်လို့ရတယ်ဆိုတဲ့ အနေအထားတစ်ခုသာ ဖြစ်ပြီး ပြုပြင်မွန်းမံ စရာတွေ အများကြီး ရှိနေဦးမှာပါ။ ရှုံးနိမ့်တယ်ဆိုတဲ့ နေရာမှာလည်း အိုင်ဒီယာက လုံးဝမဖြစ်နိုင်တော့ဘူးလို့ သိလိုက်ရတဲ့ သဘောကို ဆိုလိုပါတယ်။ အချိန်၊ ငွေကြေးစတဲ့ အရင်းအမြစ်တွေ ကုန်သွားလို့ဆိုတာမျိုးကို ရှုံးနိမ့်တယ်လို့ မသတ်မှတ်ပါဘူး။ အိုင်ဒီယာတစ်ခု အလုပ်မဖြစ်နိုင်ဘူးလို့ သေသေချာချာ တိတိကျကျ သိလိုက်ရတဲ့ အခြေအနေဆိုတာ တကယ်တော့ အိုင်ဒီယာရဲ့ အမှားထက် လမ်းကြောင်းရဲ့ အမှား ဖြစ်နေတတ်ပါတယ်။ ဒီတော့ လမ်းကြောင်းကို ပြောင်းဖို့သာ စဉ်းစားရလေ့ရှိပါတယ်။ အိုင်ဒီယာတွေရဲ့ သဘောကိုယ်တိုင်က ကွင်းဆက်တွေ ရှိနေတတ်တဲ့အတွက် အကောင်းဆုံး အိုင်ဒီယာကို အလွယ်တကူ ချိန်းပြောင်းသွားလို့ ရနေတတ်ပါတယ်။ အိုင်ဒီယာ ကွင်းဆက်ဆိုတာကို နားလည်ဖို့ဆိုရင် အိုင်ဒီယာ အသစ်အဆန်းတစ်ခုကို လက်တွေ့အလုပ်ဖြစ်အောင် ကြိုးစားတယ်၊ အဲဒီလို ကြိုးစားနေရင်း ဒီထက်ကောင်းတဲ့ အိုင်ဒီယာကို ရလာနိုင်ပါတယ်။ အဲဒီ ဆင့်ပွားဆင့်ပွား ကွင်းဆက်တွေ ဖြစ်နေတာမျိုးကို အိုင်ဒီယာကွင်းဆက်လို့ ဆိုလိုပါတယ်။ ဒီလို သဘောကို တကယ် လုပ်နေတဲ့သူမှသာ သိနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် ဘာမှမလုပ်တဲ့သူက သိနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို ပိုကောင်းတဲ့ အိုင်ဒီယာတွေကို လုပ်ရင်းကိုင်ရင်း ရလာတဲ့အခါ အင်မတန် ပျော်ဖို့ကောင်းသလို စိတ်ဓာတ်တက်ကြွမှု၊ ယုံကြည်မှုတွေလည်း တိုးလာစေပါတယ်။
ဆန်းသစ်တီထွင်မှု ရှိသော အိုင်ဒီယာများကို အနီးကပ် လေ့လာခြင်း
Pablo Ruiz Picasso ဆိုရင် ပန်းချီအနုပညာနဲ့ ပတ်သက်ပြီး လူတိုင်းမသိသူ မရှိလို့ ဆိုနိုင်ပါတယ်။ သူက စပိန်လူမျိုး အနုပညာရှင်တစ်ယောက် ဖြစ်ပြီး တစ်ခေတ်မှာ တစ်ယောက်လို့ဆိုနိုင်တဲ့ ပင်ကိုယ် အရည်အချင်း ရှိသူ ဖြစ်ပါတယ်။ သူက နည်းလမ်းပေါင်းစုံ၊ သီအိုရီပေါင်းစုံ၊ အိုင်ဒီယာပေါင်းစုံကို ပေါင်းစပ် အသုံးချပြီး ပန်းချီဆွဲလေ့ရှိပါတယ်။ အဲဒီလို သူ့ရဲ့ အလုပ်တွေကနေ သူကို အင်မတန်ကျော်ကြားတဲ့ အနေအထားကို တွန်းပို့ခဲ့ပြီး ၂၀ ရာစု အကျော်ကြားဆုံး အနုပညာရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအပြင် သူ့ဖန်တီးခဲ့တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အယူအဆတွေဟာ အခုအချိန်အထိ လွမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ ပီကာဆိုက အနုပညာနဲ့ ပတ်သက်ရင် ငယ်ကတည်းက ဝါသနာပါခဲ့သူ ဖြစ်ပြီး သူ့အနုပညာတွေကို ကမ႓ာကြီးကို ချပြဖို့ အမြဲတမ်း စိတ်အားထက်သန်နေခဲ့သူ ဖြစ်ပါတယ်။ အတားအဆီး၊ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ခဲ့ပြီး ငွေကြေးချမ်းသာမှု၊ အောင်မြင်မှုတွေကို သူမတူအောင် ရခဲ့ပါတယ်။ ပီကာဆိုက အောင်မြင်မှုရဲ့ သော့ချက်ကို အခုလို ပြောပြခဲ့ပါတယ်။ “အောင်မြင်မှု အားလုံးရဲ့ အခြေခံက အလုပ်” ပါတဲ့။ အမြဲတမ်း ကြိုးစားပြီး အလုပ်လုပ်နေတယ် ဆိုတာနဲ့ အရှိန်ဆိုတာ ဖြစ်လာပြီး အောင်မြင်မှုဆီကို တစ်ဆင့်ခြင်း တွန်းပို့ပေးတယ်လို့ ဆိုပါတယ်။
ပီကာဆိုရဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဘဝအစမှာ ကြိုးစားခဲ့ရပုံတွေကို လေ့လာကြည့်ရအောင်။ သူက နေ့ပိုင်းမှာ အိပ်လေ့ရှိပြီး ညပိုင်းမှာမှ အလုပ်လုပ်လေ့ရှိပါတယ်။ အဲဒီလို ညပိုင်းမှာ ဆင်းရဲဒုက္ခခံပြီး ပန်းချီတွေကို ရေးဆွဲခဲ့ပါတယ်။ တီထွင်ဖန်းတီးသူတွေရဲ့ ထုံးစံအတိုင်း အိပ်ရေးပျက်ခဲ့ရတဲ့ ရက်တွေ အများကြီး ရှိခဲ့ပါလိမ့်မယ်။ ပီကာဆိုကို အဓိက တွန်းအားပေးခဲ့တာ၊ စိတ်ဓာတ်မြှင့်တင်ပေးခဲ့တဲ့ အရာကတော့ ဝါသနာပါ။ အရူးအမူးကို ဝါသနာပါတဲ့ အပြင် တီထွင်ဆန်းသစ်မှုမျိုးစုံ ချဉ်းကပ်မှုမျိုးစုံကို အသုံးချခဲ့ပါတယ်။ ပီကာဆို ဆွဲခဲ့တဲ့ ပန်းချီကားတွေကို လေ့လာကြည့်မယ်ဆိုရင် အစောပိုင်းကာလမှာ Blue Period (အပြာရောင်ကဲ ပန်းချီကားတွေ ရေးဆွဲတဲ့ကာလ)၊ Rose Period(နှင်းဆီရောင်ကဲ ရေးဆွဲတဲ့ကာလ)၊ အဖရိကစတိုင်း လွှမ်းမိုးမှု များတဲ့ကာလ၊ Cubism၊ Realism၊ Surrealism စသည်ဖြင့် အိုင်ဒီယာတွေ အဆင့်ဆင့် ပြောင်းလဲရေးဆွဲ ခဲ့ပါတယ်။ ၂၀ရာစုမှာပန်းချီအနုပညာမှာ ရှေ့ဆောင်လမ်းပြအဖြစ်နဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့တယ်ဆိုရင် မမှားပါဘူး။
ပီကာဆိုဆိုတာ သူမတူအောင် ထူးချွန်မှုများနဲ့ ပြည့်နှက်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပင်ကိုယ်က ထူးချွန်တဲ့အပြင် မိမိကိုယ်ကို စိတ်ဓာတ်မြှင့်တင်တဲ့ နေရာမှာလည်း အင်မတန် ကျွမ်းကျင်ပါတယ်။ ပန်းချီဆွဲတဲ့ အခါမှာလည်း စိတ်ကူးထဲပေါ်လာသမျှ အားလုံးကို အမိအရ ဖမ်းဆုတ်ပြီး ရေးဆွဲနိုင်စွမ်းရှိပါတယ်။ သူ မသုံးခဲ့တဲ့ နည်းလမ်း မရှိသလောက်အထိပါပဲ။ ပီကာဆို ဆွဲခဲ့တဲ့ ပန်းချီကား အရေအတွက်ဟာ ခန့်မှန်းခြေအရ ၅၀၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အဲဒီလို အများကြီး ဆွဲခဲ့တဲ့အထဲမှာ ဒါဇင်အနည်းငယ်သာ အကြီးကျယ်ဆုံး အခမ်းနားဆုံး အနုပညာ လက်ရာတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဲဒီ ဒါဇင်အနည်းငယ်က လွဲလို့ ကျန်တဲ့ အနုပညာ လက်ရာတွေဟာ ပြခန်းထဲမှာ ဖုန်တက်ပြီး ကျန်နေပါတယ်။ ဒါကြောင့် ဆန်းသစ်တီထွင်တဲ့ နေရာမှာ အောင်မြင်တဲ့ ပမာဏနဲ့ ရှုံးနိမ့်တဲ့ ပမာဏကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှုံးနိမ့်မှုက အဆမတန် များနေပါတယ်။ ဒါပေမယ့် အဲဒီလို ရလာတဲ့ အောင်မြင်မှု အနည်းငယ်က အချမ်းသာဆုံး ၂၁ ရာစုရဲ့ အကျော်ကြားဆုံးစတဲ့ အနေအထားတွေကို တွန်းပို့နိုင်ပါတယ်။
Frank Epperson ၏ ရေခဲချောင်း
Frank Epperson ဆိုတာ အမေရိကန်နိုင်ငံသား သာမန် လက်လုပ်လက်စား တစ်ယောက်သာ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ရေခဲချောင်းဆိုတဲ့ စားစရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီလို ရှာဖွေတွေ့ရှိခဲ့တာက နေ နောက်ပိုင်းမှာ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတစ်ခု ဖြစ်လာပါတယ်။ ဖရန့် အနေနဲ့ သူရဲ့ အိုင်ဒီယာကို စျေးကွက် မတင်နိုင်ခင် အချိန်အထိ အိမ်ခြံမြေလုပ်ငန်းတွေမှာ စိတ်မပါ လက်မပါ ကျင်လည်နေခဲ့ရပါတယ်။
ဖရန့် အသက် ၁၁ နှစ်လောက်မှာ Epsicle ဆိုတာကို တီထွင်ခဲ့ပြီး လူသိများတဲ့ နာမည်ကတော့ Popsicle ပါ။ အဲဒီ အချိန်တုန်းက ဖရန့်ရဲ့ စမ်းသပ်တွေ့ရှိပုံကို ပြန်ပြောရမယ်ဆိုရင် Soda နဲ့ ရေကို ရောစပ်ပြီး Soda Pop အဖြစ် စမ်သပ်ခဲ့ပါတယ်။ အဲဒီလို စမ်းသပ်ရင်း မတော်တဆဆိုသလို ရောစပ်ထားတဲ့ ခွက်က အိမ်အပြင်ဖက်မှာ ကျန်ခဲ့ပါတယ်။ ရာသီဥတုကလည်း ရေခဲတဲ့ ရာသီဥတုဆိုတော့ ခွက်ထဲမှာ မွှေတဲ့တုတ်နဲ့အတူ အေးခဲ သွားခဲ့ပါတယ်။ အဲဒီလို အေးခဲသွားတဲ့ ဆော်ဒါနဲ့ ရောထာတဲ့ ရေတဖြစ်လဲ ရေခဲချောင်းကို နံနက်ပိုင်းမှာ ဖရန့် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ အဲဒီလိုသာ ရေခဲချောင်း လုပ်ချင်တယ်ဆိုရင် ရေခဲအောင် အေးတဲ့ ရာသီဥတု ဖြစ်နေဖို့ လိုပါတယ်။ အဲဒီလို ရာသီဥတုအပေါ် မှီခိုနေရတဲ့ ဒုက္ခကို ရေခဲသေတ္တာတွေ ပေါ်လာပြီး နောက်ပိုင်း ကျော်လွှားနိုင်ခဲ့ပါတယ်။ အဲဒီလို ရေခဲချောင်းတွေ ထုတ်နိုင်ပြီဆိုတော့မှ သူ့နာမည်ကို တံဆိပ်ကပ်ပြီး သူ့ အိုင်ဒီယာကို စျေးကွက်တင်ဖို့ ကြိုးစားပါတယ်။
ကံမကောင်းချင်သေးတော့ ဖရန်ရဲ့ Popsicle ရေခဲချောင်းကို ရေခဲမုန့်လုပ်ငန်းရှင်တွေက စျေးကွက်မှာ ဖြန့်ဝေပေးဖို့ စိတ်မဝင်စားကြပါဘူး။ အချိန်ကာလ အတော်ကြာကြာအထိ ဖရန့်ရဲ့ အိုင်ဒီယာကို စျေးကွက်မှာ တင်လို့ မရခဲ့ပါဘူး။ အချိန်က အလုပ်မဖြစ်တဲ့ အချိန်ဆိုတော့ စောင့်ရုံမှတစ်ပါး အခြားမရှိပေါ့။ ဟိုက ငြင်းလိုက်၊ ဒီက ငြင်းလိုက်နဲ့ ဒါဏ်တွေကို ခံရင်း တကယ့်ကို အပြည့်စုံဆုံး အိုင်ဒီယာကို မရမခြင်း တစ်ဆင့်ခြင်း ကြိုးစားရင်း အကောင်အထည် ဖော်ခဲ့ရပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာတော့ ကံပေါ်ပြီလို့ ဆိုရမှာပါတယ်။ Popsicle Patent (Popsicle ကိုု တစ်ဦးတည်း မူပိုင်ထုတ်လုပ်ခွင့်) ကို ရ နှစ်အထိ ရရှိခဲ့ပြီး Epsicle ရေခဲချောင်းကို စတင်ထုတ်လုပ် ဖြန့်ချီခွင့် ရရှိခဲ့ပါတယ်။ ခု ကလေးတွေ ခုံခုံမင်မင် စားနေကြတဲ့ ရေခဲချောင်းတွေအ Popsicle ကပေါ့။ ခုကာလမှာတော့ Popsicle အရေအတွက် သန်းရာပေါင်းများစွာ အမေရိကန်မှာ ရောင်းနေရပြီး အရသာ အမျိုးပေါင်း သုံးဆယ် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
Alexander Graham Bell ၏ ခေတ်သစ် ဆက်သွယ်ရေး
Alexander Graham Bell ဟာ စကော့တလန်သား သိပ္ပံ ပညာရှင်တစ်ယောက် ဖြစ်ပြီး ငယ်စဉ်ကတည်းက စမ်းသပ်တီထွင်ရတာ၊ တစ်ခုခုကို ဖန်တီးနေရတာ အလွန်ဝါသနာကြီးတဲ့သူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဝါသနာကြီးတဲ့ အတွက်ကြောင့် အသက် ၁၂ နှစ်အရွယ်မှာပဲ ရိုးရှင်းတဲ့ အခွံချွတ်စက်တစ်ခုကို တီထွင် နိုင်ခဲ့ပါတယ်။
ဂရေဟမ်ဘဲလ် ငယ်ရွယ်စဉ် အချိန်ကတည်းက သူ့အမေဟာ တစ်ဖြည်းဖြည်းနဲ့ အကြား အာရုံပျက်ယွင်းတဲ့ ရောဂါခံစားနေရပါတယ်။ အဲဒီလို မိခင် အကြားအာရုံပျက်ယွင်းတာအပေါ် အခြေခံပြီး အသံထွက်ပေါ်လာတဲ့ စနစ်တွေကို လေ့လာရာကနေ တယ်လီဖုန်းရဲ့ တီထွင်မှု အစဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဘဲလ် စတင်ပြီး တီထွင်ခဲ့တုန်းက တယ်လီဖုန်းအဆင့် မရှိသေးပဲ တယ်လီဂရပ်(ကြေးနန်း) အဆင့်ပဲ ရှိပါတယ်။ ပထမဦးဆုံး Harmonic Telegraph ကို အရင်တီထွင်နိုင်ခဲ့ပြီး Telegraph Wire တစ်ချောင်းအပေါ်မှာ တစ်ခုထက်ပိုတဲ့ Message တွေ ပို့လို့ရပါတယ်။ တယ်လီဂရပ်ကို တစ်ဖြည်းဖြည်း အဆင့်မြှင့်တင်ပြီး တယ်လီဖုန်း ဖြစ်လာခဲ့တာပါ။ အဲဒီလို အောင်မြင်လာတဲ့ အချိန်မှာ တယ်လီဂရပ်၊ တယ်လီဖုန်းဆိုတာ ဖြစ်လာခဲ့ပေမယ့် ရှုံးနိမ့်မှုတွေ အကြိမ်ကြိမ် ဖြတ်ကျော် လာခဲ့ရမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါပဲ။ Harmonic Telegraph ကို တီထွင်ခဲ့ပြီး နောက်ပိုင်းမှာ Phonautograph ဆိုတဲ့ ဖုန်းလိုင်းတစ်လိုင်းအတွင်းမှာ ကြေးနန်းစာတွေ အများကြီး တစ်ပြိုင်တည်း ပို့လို့ရတဲ့ စနစ်ကို တီထွင်ခဲ့ပါတယ်။ အဲဒီကနေ တစ်ဆင့် အသံအခြေပြု တယ်လီဖုန်းတွေရဲ့ အခြေခံဖြစ်တဲ့ acoustic telegraphic ကို အစပျိုးနိုင်ခဲ့ပါတယ်။ ဆန်းသစ်တီထွင်တဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်အောင် တည်ဆောက်တဲ့ အမြင်အရ ကြည့်မယ်ဆိုရင် ဘဲလ် အနေနဲ့ ပန်းတိုင် အသေ သတ်မှတ်ထားခြင်း မရှိပါဘူး။ သူလုပ်လာတဲ့ သူတီထွင်လာတဲ့ အတွေ့အကြံုတွေ အပေါ် အခြေခံပြီး အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာတာမျိုးဆိုတာ သတိထားမိပါလိမ့်မယ်။
အဲဒီလို အဆင့်ဆင့်တိုးတက် ပြောင်းလဲလာရင်း နောက်ဆုံးမှာ Thomas Watson ရဲ့ အကူအညီနဲ့ အသံအခြေခံထားတဲ့ တယ်လီဖုန်းကို တီထွင်နိုင်ခဲ့ပါတယ်။ လျှက်စစ်စီကြောင်းကို အသုံးချပြီး ဝါယာကြိုးက တစ်ဆင့် အသံပို့လွတ်တဲ့ အိုင်ဒီယာကနေ အစပြုပြီး တစ်ဖြည်းဖြည်းခြင်း အဆင့်မြင့်တင် လာရာကနေ အခုအချိန်မှာ သုံးနေတဲ့ တယ်လီဖုန်း စနစ်တွေ ဖြစ်လာခဲ့ပါတယ်။ ဘဲလ်အနေနဲ့ အခြား တီထွင်စမ်းသပ်မှုများ မျိုးစုံကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
Jack Dorsey ၏ အသေးစား ဆက်သွယ်ရေး
ဂျက်ဒေါစေး ဆိုတာ အမေရိကန်နိုင်ငံသား Software Architect တစ်ဦး ဖြစ်ပြီး Instant Messenger လို့ခေါ်တဲ့ အွန်လိုင်း စာတိုပို့စနစ်ကို စိတ်ဝင်စားသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူစိတ်ဝင်စားတဲ့ စာတိုပို့စနစ်က သူများတွေနဲ့ မတူပါဘူး။ သူလိုချင်တဲ့ ပုံစံက သူငယ်ချင်းတွေရဲ့ တင်လိုက်တဲ့ စာတွေကို အမြဲတမ်း မြင်နေချင်တာမျိုးပါ။ ပုံမှန် IM(Instance Messenger) တွေ အနေနဲ့ သီးသန့်သဘော တစ်ယောက်နဲ့ တစ်ယောက် ပြောကြဆိုကြ ဆက်သွယ်ကြတဲ့အခါမျိုးမှာသာ မြင်ရတာမျိုးပါ။ အဲဒီလို အိုင်ဒီယာ တစ်ခု ဖြစ်တည်လာတာကနေ အစပြုပြီး အခုချိန်မှာ လူတိုင်းသုံးနေတဲ့ Twitter ဆိုတာ ဖြစ်လာတာပါပဲ။ အိုင်ဒီယာက နဂိုရှိပြီးသား အိုင်ဒီယာအပေါ်မှာ ထပ်တိုးတန်ဖိုးထည့်သွားတာပါပဲ။ အင်မတန် ရိုးရှင်းပါတယ်။
ဂျက် တကယ်စိတ်ဝင်စားခဲ့တဲ့ အပိုင်းတွေကို လေ့လာကြည့်မယ်ဆိုရင် သူနေတဲ့ မြို့မှာ ရှိတဲ့ လူတွေ ဘာတွေလုပ်ကြတယ် ဆိုတာမျိုးတွေ သိချင်နေတတ်ပါတယ်။ အဲဒီလို သိချင်တဲ့အတွက် သူ ဘယ်သွားသွား မြေပုံတစ်ခုတော့ အမြဲတမ်း ဆောင်သွားတတ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားတဲ့ အရာတစ်ခုကတော့ မင်းဟတ်တန်က မြို့တွင်း သယ်ယူပို့ဆောင်ရေးပါ။ အင်းမတန်ရှုပ်ထွေးတဲ့ ပို့ဆောင်ရေးစနစ်ကို သတင်းအချက် အလက် Database တွေကို ဘယ်လို သိမ်းဆည်းမလဲ ဆိုတဲ့ အပိုင်းကိုလည်း အင်မတန် စိတ်ဝင်စားခဲ့တာ တွေ့ရပါတယ်။ အဲဒီလို စိတ်ဝင်စားမှုကနေ တစ်ဆင့် အိုင်ဒီယာအဖြစ် ကူးပြောင်းခဲ့ပြီး အဲဒီလို အိုင်ဒီယာကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ အနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက် သတင်းတိုတွေကို အချိန်နဲ့ တစ်ပြေးညီ ပို့နိုင်အောင် Real-time Messaging Systems တစ်ခု ရေးသား ခဲ့ပါတယ်။ သူရည်ရွယ်ခဲ့တဲ့ Real-time Messaging System ဟာ ခရီးသည် ပို့ဆောင်ရေးယဉ်တွေ၊ တက်စီတွေ၊ အခြား အရေးပေါ် ယဉ်တွေရဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အပေါ်မှာ အဓိကထား တည်ဆောက်ခဲ့တာပါ။
အဲဒီလို Real-time Messaging System ကို တည်ဆောက်နေရင်း လုံးဝ မတူတဲ့ ကွဲပြားခြားနားတဲ့ အမြင်တစ်ခု မြင်လာပါတယ်။ အဲဒီ အမြင်ကတော့ သယ်ယူပို့ဆောင်ရေးနဲ့ မဆိုင်တော့ပဲ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သက်ဆိုင်လာပါတယ်။ သူငယ်ချင်းတွေရဲ့ မှတ်ချက်စာတိုတွေကို အမြဲတမ်း မြင်ရအောင် စွမ်းဆောင်ပေးနိုင်တဲ့ Real-time Messaging System ပါ။ အဲဒီလို အိုင်ဒီယာကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ဂျက် အနေနဲ့ နည်းပညာတွေ တစ်ခုပြီး တစ်ခု စမ်းသပ်ခဲ့ပါတယ်။ အဲဒီလို အကြိမ်ကြိမ် စမ်းသပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျက် အိုင်ဒီယာရတာ ၂၀၀၀ ခုနှစ်ကတည်းကပါ။ ဒါပေမယ့် ရှစ်နှစ်လုံးလုံး ပြည့်ပြည့်စုံစုံ ပုံပေါ်မလာခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ လူတိုင်း သုံးနေကြတဲ့ Twitter ဆိုတာ ဖြစ်လာခဲ့တာပါပဲ။ ဂျက်ရဲ့ ထူးခြားချက်က သူ့အိုင်ဒီယာကို အကောင်အထည်ဖော်တဲ့ နေရာမှာ နည်းပညာတိုင်းကို စမ်းသပ်ခဲ့ပြီး အလုပ်မဖြစ်ဘူးဆိုတာနဲ့ ချက်ချင်းပြောင်းလဲတာပါ။ တစ်ခုနဲ့ အဆင်မပြေရင် နောက်တစ်ခုနဲ့ စမ်းသပ် အဲဒီလို နောက်တစ်ခု၊ နောက်တစ်ခု စမ်းသပ်ရင် နောက်ဆုံးမှာ အောင်မြင် လာခဲ့တာပါ။
ဆန်းသစ်တီထွင်တဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှည် သည်းခံဖို့ နောက်မဆုတ်တန်း ကြိုးစားနိုင်ဖို့ အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုပါတယ်။ အဓိက အကျဆုံး အပိုင်းက တီထွင်ဖန်တီးသူဆိုတာ လမ်းမရှိတာကို လမ်းဖောက်ရတဲ့သူပါ။ ဒါကြောင့် အကြိမ်ကြိမ် စဉ်းစား၊ အကြိမ်ကြိမ် ကြိုးစားရင်း အကောင်းဆုံးလမ်းကို ရွေးချယ်ရပါတယ်။
တီထွင်ဖန်တီးမှုတွေဆိုတာ လိုအပ်ချက်အရ ထွက်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အသေးအဖွဲလေးက အစ လစ်လျူမရှုပဲ အာရုံစိုက်ဖို့ လေ့လာဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ သေးငယ်တဲ့ ပြဿနာတွေ၊ အဲဒီ ပြဿနာတွေကို ဖြေရှင်တဲ့ အိုင်ဒီယာတွေဟာလည်း အကြီးကြီး အလုပ်ဖြစ်လာနိုင်ပါတယ်။ အိုင်ဒီယာ ရလာပြီဆိုရင်လည်း ဘာမှမလုပ်ပဲ အိုင်ဒီယာကို အိုင်ဒီယာအတိုင်း မထားပါနဲ့။ လက်တွေ့ အကောင်အထည် ပေါ်လာအောင် စမ်းသပ် တီထွင်ဖို့ လိုပါတယ်။ တီထွင်စမ်းသပ်တဲ့ နေရာမှာလဲ ဆန့်ကျင်ဖက် သဘောတရာတွေကိုပါ ထည့်သွင်း စဉ်းစားတတ်ဖို့ လိုပါတယ်။ တီထွင်ဖန်တီးလိုစိတ်ကိုလည်း အမြဲတမ်း မွေးမြူထားပြီး တစ်ဆင့်ခြင်း လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့ အမျှ၊ တီထွင်ဖန်းတီးမှု လည်း အရှိန်ရလာပါလိမ့်မယ်။ ကံကောင်း အကြောင်းလှတဲ့ အခြေအနေတစ်ခု ရောက်လာပြီဆိုရင် သင့်ရဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်လာတာ မြင်လာရပါလိမ့်မယ်။ တိုးတက်လာမယ်၊ အောင်မြင်လာမယ်၊ အဲဒီကနေ တစ်ဆင့် ငွေရေးကြေးရေးအရရော လုပ်ငန်းအရပါ အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။ သူများတွေတောင် အောင်မြင်နေကြတာ ကျွန်တော်တို့ရော ဘာကြောင့် မအောင်မြင်နိုင်ရမှာလဲ။
Facebook comments:










-နလန်မထူနိုင်အောင်ပြန်ထလို့မရတဲ့ အခြေအနေမဖြစ်ရအောင် တပိုင်တနိုင်စွန့်စားမှုမျိုးပဲလုပ်သင့်ကြောင်း
-ပေါ်လာတဲ့အိုင်ဒီယာကို ပေါ်ပေါ်ချင်း အစမပြုမိရင် အတွေးဟာအတွေးပဲဖြစ်နေမှာပဲဆိုတဲ့ကြောင်း
-ကြိုးစားတိုင်းမှာလဲ ထပ်ခါထပ်ခါ ကြိုးစားဖို့ လို့ကြောင်း
ကျနော် မှတ်ယူသွားပါတယ် လွဲမှားစွာယူမိရင်လဲ
အကြံပေးစေလိုပါတယ်
ကျေးဇူးတင်ပါတယ် နောင်လဲများများရေးသားနိုင်ပါစေ…