အင်တာနက် သတင်းအချက်အလက် တည်ဆောက်ပုံ
ကျွန်တော့် အနေနဲ့ Barcamp Yangon 2011 မှာ အင်တာနက် သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) ဆိုတဲ့ အကြောင်းကို ဘားကမ့် ဒုတိယနေမှာ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီလို ပြောဖြစ်ခဲ့တယ်ဆိုတာ Barcamp စီစဉ်သူအားလုံးရဲ့ ကျေးဇူးကြောင့်ပါ။ သူတို့တွေ အပင်ပန်းခံ စီစဉ်ကူညီပေးခဲ့လို့သာ ကျွန်တော်တို့ ပြောခွင့်ရသလို၊ နားထောင်သူတွေလဲ အဆင်ပြေပြေ နားထောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စီစဉ်သူအားလုံးနဲ့ ကူညီဆောင်ရွက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ကျွန်တော် သတင်းအချက်အလက် တည်ဆောက်ပုံ (Information Architecture) ဆိုတဲ့ ခေါင်းစဉ်ကို ရွေးဖြစ်ရတဲ့ အဓိက အကြောင်း အရင်းကို အရင်ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် Website တွေဆောက်ပါတယ်။ Ready-made IA တွေပံ့ပိုးပြီးသား ဖြစ်တဲ့ WordPress လို CMS လိုဟာတွေ သုံးဖြစ်ပါတယ်။ ခု Myanmar Tutorials မှာလဲ အဲဒီလို WordPress ကို သုံးပါတယ်။ အဲဒီလို သုံးနေရင်း ပို့စ်တွေ ၆၀၀ လောက်ရှိလာတဲ့အခါ ပို့စ်တွေ အဆက်အစပ်မဲ့လာတာတွေ အများကြီး ဖြစ်လာပါတယ်။ အဲဒီမှာ ငါဘယ်လို ပြောင်းရင် ကောင်းမလဲဆိုတဲ့ အတွေးနဲ့ Website က ပို့စ်တွေကို ပြန်စီတော့ Joomla ထဲပဲ ထည့်ရမလား၊ ဒါမှမဟုတ် PHP Framework တစ်ခုနဲ့ သုံးရမလား စသည်ဖြင့် ပုံစံမျိုးစုံ စမ်းသပ်ဖြစ်ပါတယ်။ ဒါပေမယ့် အဖြေထွက်မလာပါဘူး။ နောက်ဆုံးမှာ ကျွန်တော်သွားတွေ့တာ တစ်ခုက တကယ့်ကို CMS တွေ မလာခင်မှာ အခြေခံကျတဲ့ Information Architecture (သတင်းအချက်အလက် တည်ဆောက်ပုံ)ဆိုတဲ့ အပိုင်းကို လစ်လျူရှုထားမိလို့ပဲ ဆိုတာ သွားတွေ့ပါတယ်။ အဲဒါနဲ့ IA အကြောင်းတွေကို လိုက်ဖတ်ရင်း ကျွန်တော် သိထားတာတွေ ပြန်ဝေမျှချင်တာနဲ့ ဒီတော့ပစ်လေးကို ရွေးဖြစ်ပါတယ်။ အားလုံး နားလည်နိုင်တဲ့ Level အထိ ရှင်းလင်းပုံကို လျော့ချပြီး ပြောဖြစ်ခဲ့ပါတယ်။
အင်တာနက်မှာ သတင်းအချက်အလက် စီစဉ်တည်ဆောက်ပုံဆိုတာ ဘာလဲ
သတင်းအချက်အလက် စီစဉ်တင်ဆက်ပုံဆိုတာ သတင်းအချက်အလက်တွေကို
1. ဘယ်လိုတည်ဆောက်မယ်
2. ဘယ်လိုအမျိုးအစား တူရာအလိုက်စုမယ်
3. ဘယ်လို အဆင့်ဆင့် ချိတ်ဆက်မယ်
ဆိုတဲ့ စနစ်တွေကို ပြောတာ ဖြစ်ပါတယ်။
ကျွန်တော် ဥပမာ ပေးရမယ်ဆိုရင် တိုက်အိမ်တွေ တည်ဆောက်သလိုပါပဲ။ တိုက်ခန်းတွေကို ဘယ်လိုဖွဲမယ့်၊ ဧည့်ခန်းကိုတော့ ဘယ်နေရာမှာ ထားမယ် ဘယ်လိုပုံလေးတွေ ကပ်ထားမယ်၊ ဘယ်နေရာကတော့ ဖြင့် ထမင်းစားခန်း၊ ဘယ်နေရာမှာတော့ ရေချိုးခန်း၊ စသည်ဖြင့် အခန့်ဖွဲ့စည်းပုံက စလို့ ဘာပုံလေးတွေ ကပ်မယ်၊ ဘယ်အရောင်လေးတွေ သုတ်မယ်က အစ စနစ်တကျ စီစဉ်တာမျိုးပါ။ Information Architecture (IA) ဆိုတာလဲ အဲဒီလိုပါပဲ Website တွေ အဓိက အကျဆုံးလို့ ပြောနိုင်တဲ့ Content တွေ ဖြစ်တဲ့ စာသားတွေ၊ ပုံတွေ စသည်ဖြင့် Multimedia တွေကို စနစ်တကျ စီစဉ်ထားတာ၊ အစုတွေ စုထားတာ၊ အဆင့်ဆင့် ချိတ်ဆက်ထားတာ ကို Information Architecture လို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ Information Architecture ကို သတင်းအချက်အလက် ဗိသုကာ ပညာလို့ အမည်ပေးထားပါတယ်။ သတင်းအချက်အလက် တည်ဆောက်ပုံ၊ သတင်းအချက်အလက် စီစဉ် တင်ဆက်ပုံဆိုပါတော့။ ကဲ ပြောနေကြာပါတယ်။ ပုံလေးတွေနဲ့ လေ့လာကြည့် ရအောင်
Blog Style
ဒါကတော့ အရံသင့် IA ပါ။ အသစ်တက်လာရင် နောက်ကို ရောက်ရောက်သွားမယ်၊ ရှေ့မှာ ဆယ်ပုဒ်လောက် ပြထားမယ်။ IA အကြောင်းကို ခေါင်းစားနေစရာ မလိုပါဘူး။ သူ့အတိုင်း ရှိပြီးသားကို တန်းသုံးလိုက်ရုံပါပဲ။
CMS Style
ဒီလောက် ရှုပ်ရှုပ်ထွေးထွေးအထိ CMS Style က အချက်အလက်တွေကို စီစဉ်ပေးနိုင်တယ် ဆိုဦးတော့ အဲဒီနေရာမှာတင် သတင်း အချက်အလက်တွေကို စိတ်ဝင်စားစရာ ကောင်းအောင် စီကြည့်ပါ။ တကယ်တန်း သုံးဖူးတဲ့သူ သိပါလိမ့်မယ်။ ဘယ်နေရာမှာ ဘာထားရမှန်း မသိလောက်အောင် ရှုပ်ထွေးနေတာကိုပါ။ ဟိုဟာလေး ထားရကောင်းနိုးနိုး၊ ဒီဟာလေး ထားရ ကောင်းနိုးနိုးနဲ့ ရွာပတ်ပါတော့တယ်၊ ကဲ အဲဒီနေရာက စပြီး IA ကို သိဖို့ စပြီး လိုလာပါတယ်။ Blog လောက်အထိ IA ကို မသိပဲ သွားလို့ရပေမယ့် အခုလို သတင်း Website တစ်ခုကို တည်ဆောက်တော့မယ့် သတင်းအချက်အလက်တွေ အများကြီး ချပြရတော့မယ်ဆိုရင် သတင်းအချက်အလက် တည်ဆောက်ပုံကို သိကို သိဖို့ လိုလာပြီဆိုတာ သတိထားမိပါလိမ့်မယ်။ ဒါပေမယ့် ဖြစ်လေ့ရှိတာက IA ကို ကျော်သွားတတ်တာပါ။ Blog တွေရေးတယ် Blog ကပေးတဲ့ IA စနစ်ကို အလွယ်တကူ သုံးလိုက်တယ်၊ နောက်တော့ ဒီထက် ရှုပ်ရှုပ်ရှက်ရှက်တွေ ပါလာတော့ CMSပြောင်းသုံးတယ်၊ အစပိုင်း အချက်အလက် နည်းတော့ မသိသာဘူး။ များလာတာနဲ့အမျှ အသုံးပြုသူတွေ အတွက် လိုချင်တဲ့ အချက်အလက်တွေကို ရှာမရတဲ့ ပြဿနာတွေ ဖြစ်လာပါတော့တယ်။ ကျွန်တော်အခု ပြထားတဲ့ သတင်း Website လိုဆို ဘယ်လို IA ကို သုံးမလဲ အရမ်းခက်သွားပြီဆိုတာ လူတိုင်း သတိထား မိပါလိမ့်မယ်။
Mass Information Style
အဲဒီလို သတင်းအချက်အလက်တွေ အများကြီးပေးရတဲ့အခါ IA ရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးပါလာပါပြီ။ Blog တွေ CMS တွေ Ready-made ပေးထားတဲ့ IA ကို သုံးနေရုံနဲ့ မဖြစ်နိုင်တော့ပါဘူး။ တကယ့်ကို IA အကြောင်းကို အတွင်းကျကျ သိထားမှသာ အလုပ်ဖြစ်မှာ တိကျတဲ့ အချက်အလက်တွေ စီစဉ်တင်ဆက် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကဲ ဒီတော့ IA အကြောင်းကို မပြောခင် IA ကို မသိပဲ တည်ဆောက်ထားတဲ့ Website တွေမှာ ဘယ်လို အခက်အခဲတွေ ဖြစ်လာမလဲဆိုတာ လေ့လာကြည့်ရအောင်
IA ကို မသိပဲ Website တွေ ရေးမယ်ဆိုရင်
- Website က ရှုပ်ထွေးနေမယ်၊ လိုချင်တဲ့ အချက်အလက်ကို ရှာရခက်လာမယ်
- တစ်ခုနဲ့တစ်ခု အဆက်အစပ်မဲ့လာမယ်
- အချက်အလက်တွေ များလာတာနဲ့အမျှ အရှုပ်ထုတ်ကြီးတစ်ခု ဖြစ်လာမယ်
တကယ်တန်း Website တစ်ခုကို ဝင်ကြည့်တဲ့သူကို ဆွဲဆောင်ဖို့ အချိန် ဘယ်လောက် ရပါသလဲ။ အချိန် စကန့်ပိုင်းပဲ ရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေရဲ့ သည်းခံနိုင်စွမ်းကို ချီးကျူးရပါတယ်။ သူများနိုင်ငံတွေမှာ စကန့်ပိုင်းလောက်သာ အချိန်ပေးတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာတွေက အချိန်တွေ အများကြီးပေး စိတ်ရှည်ရှည်ထားပြီး Website ကို ကြည့်တယ်ဆိုတာ ချီးကျူးစရာပါပဲ။ သိတော်မူတဲ့အတိုင်း ဆာဗာကြီးဒေါင်းနေလို့၊ ဟိုဟာဖြစ်လို့ ဒီဟာ ဖြစ်လို့နဲ့ ဒေါင်းတစ်လှည့်၊ မတက်တစ်လှည့်ဆိုတော့။ အဲဒီလို စကန့် ပိုင်းပဲ ရရတဲ့ ကြားထဲ အချက်အလက်ကို စီချင်သလို စီထားမယ်ဆိုရင် လာကြည့်တဲ့သူကို ဘယ်လိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကုန်ပစည်း ရောင်းတဲ့ website တွေမှာဆိုရင်လဲ အတူတူပါပဲ။ အသုံးပြုသူတွေ အနေနဲ့ သူတို့လိုချင်တဲ့ ကုန်ပစည်းကို ဘယ်လိုရှာရမှန်း မသိ၊ မတွေ့တာတွေ အများကြီး ဖြစ်လာနိင်ပါတယ်။ ကဲ ဒီအခြေအနေရောက်ပြီဆိုရင် IA က ဘယ်လောက်အရေးပါတယ်ဆိုတာ လက်ခံလို့ ရလောက်ပြီ ထင်ပါတယ်၊ ရှေ့ဆက်ပြီး IA ဆိုတဲ့ စနစ်တစ်ခု ဖြစ်လာဖို့ ဘယ်အချက်တွေ အပေါ်မှာ မူတည်ပြီး တည်ဆောက်ရမယ်၊ စဉ်းစားရမယ်ဆိုတာ လေ့လာ ကြည့်ရအောင်
IA ရဲ့ အခြေခံများ
- Goal (Website ရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမယ်)
- Usability (အသုံးပြုလို့ လွယ်ရမယ်)
- Readability (ဖတ်လို့လွယ်ရမယ်)
- Consistency (ညီညွတ်မျှတမှုရှိရမယ်)
- Hierarchy (အဆင့်ဆင့် ညီညွတ်မျှတစွာ ချိတ်ဆက်ထားရမယ်)
- Attractive (ဆွဲဆောင်မှုရှိရမယ်)
Goal ဆိုတာ ပန်းတိုင်ပါ။ Website ဆိုတာ အချက်အလက်တွေကို ပေးထားတာ ဖြစ်ပါတယ်။ ဘာအချက်အလက်တွေ ပေးချင်တယ်၊ အဲဒီ ပေးချင်တဲ့ အချက်အလက်က ပေးချင်တဲ့ Target Audience ကို တည့်တည့်ထိမယ်၊ ပေးချင်တဲ့ Taget Audience ဆီ ရောက်တယ်ဆိုရင် ရည်ရွယ်ချက် ပြည့်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် IA အနေနဲ့ အရင်ဆုံး အခြေခံရမယ့် အချက်ကတော့ Goal ပါ။
နောက်တစ်ခုက အသုံးပြုလို့ လွယ်ရပါမယ်။ အချက်အလက်တွေကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ လိုပါတယ်။ သုံးလို့ မလွယ်ရင် စာလဲ ဖတ်ကြမယ် မထင်ပါဘူး။
နောက်တစ်ခုက Readability ပါ။ ဖတ်လို့လွယ်ရမယ်။ ဒါက ပြောတော့သာ လွယ်တာပါ။ တကယ်တန်း အချက်အလက်တွေ ပေါင်းလန်နေတဲ့ Site တွေအတွက် ဖတ်လို့လွယ်ရမယ်ဆိုတာ ပြောသလောက် မလွယ်ပါဘူး။ အမျိုးအစားတူရာတွေ စုထားရမယ်။ ဖောင့် အကြီးအသေးက အစ၊ စာညွှန်းလေးတွေ စီတာ အဆုံး ဖတ်လို့ လွယ်အောင် ပံ့ပိုးပေးရပါတယ်။ တကယ်တန် Ajax လို နည်းပညာတွေကိုယ်တိုင်က ဖတ်လို့ လွယ်ဖို့အတွက် အသုံးပြုသူတွေ အဆင်ပြေစေဖို့အတွက် ဖြစ်လာတာတွေပါ။
နောက် Consistency (ညီညွတ်မျှတမှုရှိရမယ်) ဒါလည်း ပြောတာလွယ်သလော အလုပ်ခက်တဲ့ အထဲမှာပါပါတယ်။ ကျွန်တော် ဥပမာ ပေးရမယ်ဆိုရင် Content တစ်ခုမှာ ပုံနဲ့စာ ပါနေတယ်ဆိုပါစို့၊ စာကတော့ ဒီလိုမျိုး အဲဒါနဲ့ကိုက်တဲ့ ပုံလေးထည့်မယ်ဆိုရင်တောင် စဉ်းစားရမှာတွေ အများကြီး ရှိလာပါတယ်။ ရေးထားတာ ခွေးအကြောင်း၊ ပြထားတဲ့ပုံက ကြောင်ဆိုရင် ဘယ်လိုမှ ညီညွတ်မျှတမှု၊ လိုက်ဖက်မှု ရှိမှာ မဟုတ်တော့ပါဘူ။
နောက်တစ်ခုက အချက်အလက်တွေဆိုတာ Web Page တစ်ခုတည်းမှာ တစ်ခါတည်း တစ်ပြိုင်တည်း စုပြုံပြလို့ ရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အဆင့်ဆင့် ချိတ်ဆက်ပြီး ဒါလေးတော့ အမြည်း သိချင်လား ဝယ်ဖတ်ကြည့်ဆိုပြီး အဆင့်ဆင့် ချိတ်ဆက် ပြတတ်ဖို့ လိုပါတယ်။ ဒါလည်း ပြောတာလွယ်သလောက် အလုပ်ခက်ပါတယ်။
ဒီနေရာမှာ Home, About Us, blar blar စသည်ဖြင့် စွဲနေတဲ့ အစွဲတွေအရလဲ Page တွေကို Hierarchy ဆိုတာကို ဘယ်လိုမှ တည်မရတာ သိကြပါလိမ့်မယ်။ ဘယ်ဟာပြီး ဘာလာဆိုတာ တစ်ကယ် စီစဉ်ကြည့်တဲ့အခါမှာ သတင်းအချက်အလက် များလာတာနဲ့အမျှ ခက်လာတယ်ဆိုတာ အားလုံး အသိပဲ ဖြစ်မှာပါ။
နောက်ဆုံး တစ်ခုကတော့ ဆွဲဆောင်မှု ရှိရပါမယ်။ (လွယ်ပါတယ်ဗျာ ဝတ်မှုံရွေရည်နဲ့သာ ကြော်ငြာလိုက်ပေါ့။) အလကားပြောတာပါ၊ ကျွန်တော်တို့ ဆွဲဆောင်တဲ့အခါ Website တွေမှာ သတင်းအချက်အလက်တွေနဲ့ ဆွဲဆောင်ရပါတယ်။ စာတိုလေးဖတ်လိုက်တာနဲ့ အထဲက စာတွေ ဖတ်ချင်အောင် ဆွဲဆောင်သွားဖို့ လိုပါတယ်။
ဒီနေရာမှာ ကျွန်တော်ဖတ်ဖူးတဲ့ ဆရာမင်းလူရဲ့ ဆောင်းပါးတစ်ပုဒ်ထဲက အကြောင်းကို ဖောက်သည်ချ ချင်ပါတယ်။ ဆရာမင်းလူရဲ့ အကို မောင်ဝဏ္ဏထင်ပါတယ်။ သူကြော်ငြာတဲ့ပုံစံပါ။ မဖတ်နဲ့ဆိုပြီး စာလုံး အကြီးကြီးနဲ့ ရုပ်ရှင်ကြော်ငြာ ရှေ့မှာ ကပ်ထားပါတယ်။ အဲဒါကို တစ်နေရာက ထိုင်ကြည့်နေတာ လူတိုင်း ဖတ်ကြည့်သွားကြတာ တွေ့ရတယ်တဲ့။ မဖတ်နဲ့ဆိုတာကို ဖတ်ချင်တတ်ကြတဲ့ လူ့သဘောဆိုပါတော့။ အဲဒါလဲ ဆွဲဆောင်တဲ့ နည်းတစ်ခုပါပဲ။ ကျွန်ောတ် အဲဒီလို ဥပမာပေးရတာ ဆွဲဆောင်တယ်ဆိုတာ မလွယ်ဘူး၊ လူတွေရဲ့ အာရုံတွေကို ဖမ်းစားနိုင်ဖို့ မလွယ်ဘူးဆိုတာ သိစေချင်လို့ပါ။
ကဲ ဒီတော့ ကျွန်တော် ပြောသမျှထဲမှာ မလွယ်ဘူး ခက်တယ်ဆိုတာ ထည့်ထည့်ပြောသွားပါတယ်။ ဒီတော့ ဟာဗျာ အကုန်ခက်နေတာပဲ IA ကို မလေ့လာချင်တော့ဘူး ဆိုပြီး စိတ်မပျက်သွားပါနဲ့။ IA ကို ကကြီး၊ ခခွေးအဆင့်ကနေ ဆရာကြီး အဆင့်အထိ ခွဲခြားပြီး ချဉ်းကပ်နိုင်ပါတယ်။ Blog အဆင့်မှာဆိုရင် Blog အလျောက် တစ်ပုဒ်ခြင်းစီ အနေနဲ့ IA ကို သုံးနိုင်သလို အချက်အလက်တွေ များလာတာနဲ့အမျှ IA ကို အတွေ့အကြုံတွေ အပေါ်မှာ ပေါင်းစပ်ပြီး တည်ဆောက်သွားနိုင်ပါတယ်။ လေ့လာ သွားနိုင်ပါတယ်။ ကျွန်တော် စိုးရိမ်တာ တစ်ခုက မလေ့လာမိမှာကိုပါ။ လေ့လာနေပြီဆိုတာနဲ့ IA အကြောင်းကို သိနိုင်ပါတယ်။ HTML & CSS သင်တာလောက်တောင် မခက်ဘူးလို့ ဆိုချင်ပါတယ်။ ဒါပေမယ့် IA မှာ ဆရာကြီးဆိုတဲ့ အဆင့်ကတော့ အတွေ့အကြုံတွေ အများကြီးလိုမယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။
IA ၏ တည်ဆောက်ပုံများ
Single Page
ဒါကတော့ iPhone App တွေ ရောင်းတဲ့ Website တွေမှာ လေ့လာနိုင်ပါတယ်။ ဒါလိုချင်လား၊ ဒီကိုသွားပြီး ဝယ်လိုက်ပါပေါ့။ အရိုးရှင်းဆုံး IA ရဲ့ ပုံစံလို့ ဆိုနိုင်ပါတယ်။
Flat Structure
ဒါလဲ ရိုးရှင်းတဲ့ ပုံစံလို့ ဆိုနိုင်ပါတယ်။ Home Page တစ်ခုရှိမယ်၊ ဟိုဖက်သွားရင် တစ်မျက်နှာ၊ ဒီဖက်သွားရင် တစ်မျက်နှာ စာအုပ်ဖတ်သလိုပေါ့။
Index Page
ဒါလဲ အပေါ်က Flat Structure နဲ့ သိပ်တော့ မကွာပါဘူး။ Home Page ကို အမှီပြုထားပြီး အချင်းချင်း ချိတ်ဆက်ထားတဲ့ ပုံစံပါ။
Strict Hierarchy Pattern
သူကတော့ နည်းနည်း ရှုပ်လာပြီလို့ ဆိုနိုင်ပါတယ်။ Home Page နဲ့ ချိတ်ဆက်ထားတဲ့ အပြင် Sub Page တစ်ခုချင်းစီမှာလဲ Child Page လေးတွေ အများကြီး ရှိလာပါပြီ။
Co-existng Hierarchy Pattern
ရှုပ်သွားပြီဆိုတာ လူတိုင်း သတိထားမိပါလိမ့်မယ်။ တကယ်တော့ အပေါ်ဖက် အဆင့်မှာကတည်းက Ready-made IA တွေကို အားထားလွန်းနေတာ လျော့ချသင့်ပါတယ်။ ဒီလိုပုံစံဆိုရင်တော့ Ready-made IA တွေနဲ့ ဘယ်လိုမှ အလုပ်မဖြစ် တော့ဘူးပေါ့။ WordPress သုံးမရတော့ဘူး။ CMS သုံးမရတော့ဘူး ဆိုပါတော့။ ဒါပေမယ့် မဖြစ်ဖြစ်အောင် သုံးမယ်ဆိုရင် မရဘူးလားလို့ မေးချင် မေးနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ IA ကို မသိရင် သုံးလို့ကို ရမှာ မဟုတ်တော့ပါဘူး။ IA ဆိုတာ အတွေ့အကြုံ အသိပညာတွေအပေါ် အများကြီး မူတည်နေပါတယ်။ အဲဒီအတွက် စာဖတ်များခြင်း၊ Communication Skill (ပေါင်းသင်းဆက်ဆံရေး ကောင်ခြင်း၊ နည်းပညာကို နားလည်စွာ ကိုင်တွယ် ထိန်းကြောင်းနိုင်ခြင်း၊ အတွေ့အကြုံများခြင်းဆိုတဲ့ အချက်အလက်တွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ IA နဲ့ ပတ်သက်ရင် ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ကျန်နေပါသေးတယ်။ ရှေ့ဆက်မယ့် ပို့စ်တွေမှာ IA ကို ဘယ်လို Analysis လုပ်မယ်ဆိုတဲ့ အကြောင်းတွေကို ရှေ့ဆက်ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
Pattern များကို Sixrevision မှ ရယူထားခြင်း ဖြစ်ပါသည်။
Facebook comments:







most interesting post ever! exact timing for me
Btw, စွဲဆောင် is wrong spelling and ဆွဲဆောင် is the correct one. You used both.
Thanks, I will correct for that.
ကိုသီဟခင်ဗျား
Information Architecture (IA) ကိုအပေါ်စာကြောင်းမှာ IA အောက်ကအပိုဒ်မှာ
AI ဆိုပြီးတော့ ဖြစ်နေလို့ပါ။ အကိုရေးရင်းနဲ့ဖြစ်တတ်ပါတယ်။ဒါမှမဟုတ် နှစ်ခုများလားလို့ပါ။
အကို့ရဲ့ ပရိတ်သတ်
ဟုတ်ကဲ့ ကျွန်တော်ပြင်လိုက်ပါပြီခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျ
Nice post .. ko thiha ..
Cheers!
တကယ့်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ……. ရွှင်လန်းချမ်းမြေ့ပါစေ
Hi Ko Thiha,
One of the best post from you. Hoping your future post related to IA. If you have time, please share us BA (Business Architecture), AA (Application Architecture) and TA (Technology Architecture) also since BA,IA,AA and TA are architecture group and want to read those articles from experience guy like you. Thanks.
Thanks for the suggestion. I don’t know exactly BA, IA and AA are related each other. Thank you so much for that. I will read about that. I have enough knowledge to share, I write the posts for sure. Thanks again.
Great Post bro! I really wanna come.
Really great bro! I think as well as Information Architecture is important, Naming Architecture is too. Because even if the information of your product (website, blog, etc..) is great, but the Name of your product is not good.? Yeah! I think we’ll have to consider it too Just a suggestion bro. Thanks. Can’t wait to read another posts from you.
I attended your presentation on 2nd day of BarCamp Ygn. I found it really interesting. In fact, it was the first time I heard a word IA (Information Architecture). Thanks to Ko Thiha for introducing me something I didn’t notice. Hope to read more articles about IA.