Identity Theft ရန်မှ ကာကွယ်နိုင်ရန် အချက် (၁၀)ချက်

Identity Theft (ကိုယ်ရေးအချက်အလက် ခိုးယူအလွဲသုံးခြင်း) ဆိုသည်မှာ အဘယ်နည်း။ Identity Theft ဆိုသည်မှာ သူတစ်ပါးနှင့် ပတ်သက်သည့် အချက်အလက်များဖြစ်သော နာမည်၊ မှတ်ပုံတင်အမှတ်၊ ယဉ်မောင်းလိုင်စင်၊ Credit Card၊ ဘဏ်အကောင့် နံပါတ် စသည်တို့ကို ခိုးယူပြီး အသုံးချခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော ကိစ္စများသည် အပြင်လောကတွင်လည်း ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စတစ်ခု ဖြစ်သော်လည်း သတင်းအချက်အလက်များ လျှင်မြန်စွာ စီးဆင်းလာသော အင်တာနက်ခေတ်တွင် အလွန်လျှင်မြန်သော နှုန်းဖြင့် တိုးပွားလာခဲ့ပြီး ရာဇဝတ်မှုမြောက်သော ပြစ်ဒါဏ် ကျူးလွန်မှု ပုံစံတစ်ခုလည်း ဖြစ်သည်။ ID သူခိုးများ အနေနှင့် အခြားသူတစ်ဦး၏ အချက်အလက်များ ဖြစ်သည့် Credit Card၊ ဘဏ်အကောင့် စသည့်တို့နှင့် ပတ်သက်သော အချက်အလက်များကို မသမာသော နည်းလမ်းဖြင့် ရယူပြီး တစ်ပါးသူ၏ ပိုင်ဆိုင်မှု၊ ငွေကြေး စသည်တို့ကို ရယူကြသည်။

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်အဆင့် ကုန်သွယ်မှုဆိုင်ရာ ကော်မရှင်တစ်ခု၏ ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော စာရင်း ဇယားများအရ ကော်မရှင်အနေဖြင့် စားသုံးသူကို လိမ်လည် လှည့်ဖြားမှုအတွက် တိုင်ကြားသည့် အမှုပေါင်း ၆၈၅ ၀၀၀ ခု ရှိသည်ဟု သိရပြီး ၃၇ ရာခိုင်နှုန်းသော အမှုများသည် ID Theft နှင့် သက်ဆိုင်နေသည်ဟု သိရသည်။ အဆိုပါ စာရင်းဇယား များသည် ပြည်နယ်အဆင့် တစ်ခုအတွက်သာ ကောက်ယူထားခြင်းဖြစ်ပြီး တစ်ကမ႓ာလုံး အတိုင်းအတာတွင် အဆိုပါကိန်းဂဏ္ဍန်းထက် အဆမတန် များပြားပေလိမ့်မည်။ fightidentitytheft. com ၏ ခန့်မှန်းချက်အရ အမေရိကန် လူမျီုး ဆယ်သန်းခန့်သည် ID Theft ၏ သားကောင်များ ဖြစ်ခဲ့ကြသည်ဟု သိရသည်။ ငွေးကြေးဆုံးရှုံးမှု ပမာဏခန့်မှန်းချက် အရ ၅၀ ဘီလီယံထက်မနည်း ရှိမည်ဟု သိရသည်။

ထိုကဲ့သို့သော ID Theft ရန်မှ ကာကွယ်နိုင်ရန် လိုက်နာသင့်သော အချက်အလက်များကို တင်ပြရမည် ဆိုလျှင်

(၁) လုံခြုံမှု အပြည့်ပေးနိုင်သော Websites ဖြစ်မှသာ စျေးဝယ်သင့်ပါသည်။

တစ်ချို့သောသူများသည် အွန်လိုင်းမှ စျေးဝယ်ခြင်းဟု ဆိုလိုက်သည်နှင့် သူတို့အတွက် ID Theft အလုပ်ခံရတော့မည်ဟု ထင်တတ်ကြသည်။ ကြောက်ရွံ့ကြသည်။ သို့သော် ထိုသူများသည် ပြင်ပတွင် စျေးဝယ်သည့်အခါ (သို့မဟုတ်) စားသောက်ဆိုင်များတွင် ပိုက်ဆံရှင်းသည့်အခါ စာရေး (သို့မဟုတ်) စားပွဲထိုးကို Credit Card စသည်တို့ကို ပေးပြီး အလွယ်တကူ ပိုက်ဆံ ရှင်းခိုင်းတတ်လေသည်။ မိမိ Credit Card နှင့် ပတ်သက်သော အချက်အလက်များကို အလွယ်တကူ မှတ်သားသွားပြီး အလွဲသုံးစားလုပ်မည်ကို သတိမပြုမိကြချေ။ ထို့အပြင့် Credit Card တွင် ပါဝင်သော Magnetic Strip ကို အလွယ်တကူ ကူးယူသွားနိုင်သည်ကို သတိမပြုမိကြချေ။ တကယ်တန်း အွန်လိုင်းတွင် စျေးဝယ်သည့်အခါ လုံခြံုစိတ်ချရသော အခြေအနေ တစ်ခုလည်း ရှိသည်။ နာမည်ကြီးသော ဂုဏ်သတင်းမွေးသော Website များကို ရွေးချယ်ပြီး Transaction များကို ပြုလုပ်သည့်အခါ SSL Encryption ပြုလုပ်ထားသော စနစ်ဖြင့် ဆက်သွယ် ဝယ်ယူသင့်ပေသည်။ (ထိုစနစ်သည် ယုံကြည်စိတ်ချရသော လုံခြံုရေးဆိုင်ရာ အွန်လိုင်းအဖွဲ့အစည်းများတွင် မှတ်ပုံတင်ပြီး လုံခြံုစိတ်ချရမှာသာ ခွင့်ပြုချက်ပေးထားသော စနစ်ဖြစ်သည်။) https:// နှင့် စပြီး စိတ်ချရသော Site ဖြစ်ပါက သော့ပုံစံလေး ပေါ်လာမည်ဖြစ်သည်။ အဆိုပါ သော့ကို ကလစ်ခေါက်ကြည့်ပါက ဘယ်အဖွဲ့အစည်းမှ အသိအမှတ်ပြု ထားကြောင်း စသည်တို့ကို ကြည့်နိုင်ပေသည်။

သို့သော် စိုးရိမ်စိတ်ကြီးမားလွန်းသူ တစ်ဦးက ထိုကဲ့သို့ လုံခြံုစိတ်ချရအောင် Encryption လုပ်ထားသော်လည်း ကြားမှ ငွေပေးချေခြင်း အချက်အလက်များကို ခိုးယူနိုင်သေးသည်ဟု ဆိုလျှင် ငြင်း၍ မဖြစ်နိုင်ပေ။ တကယ်တန်းတွင်လည်း Scam Site ဟုခေါ်သည် လုံခြံုစိတ်ချရသည်ဟု အလွဲသုံးစား လုပ်ထားသော ဆိုက်များ ရှိနိုင်သောကြောင့် ဖြစ်သည်။ Browser က စိတ်ချရပါသည်ဟု သော့ပုံစံလေး ပြနေသော်လည်း စိတ်မချရသည့် အဖြစ်မျိုး ရှိနိုင်ပေသည်။ ထို့ကြောင့် Amazon တို့ Microsoft တို့မှာ ဝယ်တာက မစ္စတာဂျိုး၏ Website တွင် ဝယ်တာထက် အများကြီး စိတ်ချရသည်ဟု ဆိုနိုင်ပေသည်။ မိမိအနေဖြင့် Amazon ကို သိသော်လည် မစ္စတာဂျိုး၏ Website ကို မသိနိုင်သောကြောင့် ဖြစ်လေသည်။

(၂) ကိုယ်ရေး အချက်အလက်များကို ကာကွယ်စောင့်ရှောက် ကန့်သတ်ထားပါ။

Online မှာ ဖြစ်ဖြစ်၊ Offline မှာ ဖြစ်ဖြစ် Credit Card No ကို လုံခြံုအောင် သိမ်းဆည်းရသည့် အချက် အတူတူပင် ဖြစ်ကြောင်း လူတိုင်းသိကြသည်။ တစ်ခါတစ်ရံတွင် နာမည်တစ်ခု ရရုံဖြင့် ID Theft အတွက် လုံလောက်သော အချက်အလက် ဖြစ်သွား နိုင်ပေသည်။ နာမည်တစ်ခု သိရုံဖြင့် အခြား အချက်အလက်များကို အလွယ်တကူ စုံစမ်းသိရှိ သွားနိုင်သည်။ မိမိအမည်သည် အများတကာ ခေါ်နေကြ မှည့်နေကြ နာမည်မျိုး ဆိုလျှင် ရှာဖွေဖို့ မလွယ်သော်လည်း အများနှင့် လုံးဝ မတူသော နာမည်တစ်ခု ဖြစ်ပါက လူများကို ရှာဖွေနိုင်သော ရှာဖွေရေး အင်ဂျင်တစ်ခုကို အသုံးချပြီး မိမိလိပ်စာ၊ မိမိ ဖုန်းနံပါတ်၊ အိမ်လိပ်စာ စသည်တို့ကို ရရှိသွားနိုင်သည်။ အဆိုပါ အချက်အလက်များကို သိရှိပြီး နောက်တွင် မိမိ နေထိုင်သော အိမ် မည်မျှ တန်သည် စသည်တို့ကို လေ့လာပြီး ပစ်မှတ်ထားရမည့် သားကောင်အဖြစ် အလွယ်တကူ သတ်မှတ် နိုင်ပေသည်။ အွန်လိုင်းတွင် မိမိနှင့် ပတ်သက်သော ဓာတ်ပုံများကို ရှာဖွေပြီး ကားနံပါတ်က ဘယ်လောက် စသည်တို့ကို သိရှိနိုင်ပြန်သည်။ ထို့ကြောင့် အွန်လိုင်းတွင် မိမိနှင့် ပတ်သက်သော အချက်အလက်များကို နည်းနိုင်သမျှ နည်းအောင် ကန့်သတ်ထားဖို့ လိုပေသည်။ အချက်အလက်များများ ရှိလေ၊ သားကောင်ဖြစ်ဖို့ နီးစပ်လေ ဖြစ်သည်ဟု မှတ်ယူထားရမည် ဖြစ်သည်။

(၃) PINs၊ Password စသည်တို့ကို ကာကွယ်စောင့်ရှောက် ကန့်သတ်ထားပါ။

မိမိနှင့် ပတ်သက်သည့် Password (လှို့ဝှက် အမှတ်အသား) များကို အလွယ်တကူ မသိရှိနိုင်သည့် ပုံစံဖြစ်အောင် စီစဉ်ထားပါ။ ဘဏ်အတွက် ဖြစ်စေ၊ အွန်လိုင်း ငွေခြေစနစ်အတွက် ဖြစ်စေ၊ အခြား မည်သည့် ငွေကြေးဆိုင်ရာ ကိစ္စအတွက် ဖြစ်စေ Password များကို အလွယ်တကူ မသိရှိနိုင်အောင် Strong ဖြစ်အောင် ပေးသင့်ပေသည်။

အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည် အဖေနာမည်၊ အမေနာမည်၊ မှတ်ပုံတင်အမှတ်၊ မွေးနေ့ စသည်တို့ကို မပေးသင့်ပေ။

  • ကောင်းမွန် ပြည့်စုံသော Password တစ်ခုသည် ရှည်လျှားရမည်။ (အနည်းဆုံး ၁၄ လုံးခန့်ရှိသင့်သည်။)
  • ရှုပ်ထွေးသော အမှတ်အသားများ ဖြစ်သည့် #$%!^ စသည်တို့ ပါဝင်သင့်သည်။
  • ထို့ပြင် စာလုံးများကို ရေးသား ရာတွင်လည်း အကြီးအသေး စသည်ဖြင့် စီစဉ်ရေးသားသင့်သည်။
  • စာသားသက်သက် မဖြစ်စေပဲ ဂဏ္ဍန်း၊ စာသား စသည်ဖြင့် ရောနှောပေးသင့်သည်။
  • ထို့ပြင့် အဘိဓာန် စသည်တို့တွင် ရှာဖွေတွေ့ရှိနိုင်သော စကားလုံးမျိုးလည်း မဖြစ်သင့်ပေ။
  • PIN နံပါတ် စသည်တို့ကို ရွေးချယ်ရတွင်လည်း အစဉ်လို မဖြစ်စေပဲ Random ဖြစ်သင့်သည်။
  • အလွယ်တကူ ခန့်မှန်း၍ ရနိုင်သော လမ်းအမှတ် စသည်တို့ မဖြစ်သင့်ပေ။

ထို့ပြင် Password နှင့် PIN စသည်တို့ကို ချမရေးထားသင့်ပေ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝေမျှ သုံးစွဲခြင်း မပြုသင့်ပေး။ မတတ်သာသည့် အဆုံး (အရေးပေါ် ကိစ္စရှိလာသည့်အခါ သူငယ်ချင်း စသည်တို့ကို အကူအညီတောင်းပြီး ငွေထုတ်ခိုင်းရသည့်အခါ) သုံးခိုင်းပြီ ဆိုလျှင်လည်း သုံးပြီးသည်နှင့် Password၊ PIN စသည်တို့ကို ချက်ချင်း ပြောင်းလဲ ပစ်သင့်သည်။

(၄) ကွန်ပျူတာတွင် အရေးကြီးသော အချက်အလက်များရှိပါက ကာကွယ်စောင့်ရှောက် ကန့်သတ်ထားပါ။

အကယ်၍ မိမိအနေဖြင့် မိမိကိုယ်ပိုင် ကွန်ပျူတာတွင် ငွေကြေးဆိုင်ရာ အချက်အလက်များ၊ ကိုယ်ရေး အချက်အလက်များ သိမ်းဆည်းဖို့ လိုအပ်မည်ဆိုပါက Files များကို Encryption လုပ်နိုင်သော စနစ်တစ်ခုကို အသုံးပြုပြီး သိမ်းဆည်း သင့်ပေသည်။ Windows SEF သို့မဟုတ် အခြား Third-party Software တစ်ခုကို အသုံးပြုပြီး သိမ်းဆည်း သင့်သည်။ မိမိ စက်၏ Antivirus Software များကို Update အမြဲဖြစ်နေအောင် စီစဉ်ပေးပြီး Firewall ကဲ့သို့သော ထိုးဖောက် ဝင်ရောက်မှုကို ကာကွယ်နိုင်သည့် စနစ်များ ထည့်သွင်းထားသင့်သည်။ ထို့ပြင် မိမိ အသုံးပြုနေသည့် Operating System နှင့် အခြား Application များကို Update ဖြစ်နေအောင် ပြုလုပ်ဖို့ လိုမည် ဖြစ်သည်။ ထိုကဲ့သို့ Update များ ပြုလုပ်ရာတွင် လုံခြံုရေးနှင့် ပတ်သက်သော Security Updates များကို အဓိက ဦးစားပေး Update ပြုလုပ် သင့်ပေသည်။ Anti-spyware စသည်တို့ကို အကာအကွယ် ပေးနိုင်သည့် Program များကို ထည့်သွင်းထားသင့်သည်။ File-sharing Program စသည်တို့ကို အသုံးပြုရာတွင်လည်း ဂရုစိုက်ပြီး စနစ်တကျ အသုံးပြုရမည် ဖြစ်သည်။ Website များကို လည်ပတ်ရာတွင်လည်း အန္တရာယ်ရှိသော Code များရှိနိုင်သည့် Website များကို ရှောင်ရှားသင့်သည်။ အခြားသူများ ပေးပို့ထားသော မေးလ် Attachment များကို ဖွင့်မည်ဆိုလျှင် ယုံကြည်စိတ်ချရသော သူဖြစ်မှသာ ဖွင့်သင့်ပေသည်။ အခြားသူများ ပေးပို့လာသော Links များကိုလည်း အလွယ်တကူ မဖွင့်ပဲ ယုံကြည် စိတ်ချရမှာသာ ဖွင့်သင့်သည်။

အရေးကြီးသည့် အချက်အလက်များကို Laptop, Tablet နှင့် အခြား မိုဘိုင်းဖုန်း အစရှိသည်တို့တွင် မလိုအပ်ပဲ မထည့်သင့်ပေ။ အကယ်၍ ထည့်သွင်း သယ်ဆောင်ရမည် ဆိုလျှင်လည်း အခြား Storage Devices များတွင် ထည့်သွင်းပြီး ချိတ်ဆက် အသုံးပြုသင့်သည်။ အရေးကြီးသည့် အချက်အလက်များနှင့် သယ်ဆောင်၍ လွယ်သူသော Devices များကို ခွဲခြားထားဖို့ လိုသည်။ ထို့ပြင် အဆိုပါ အလွယ်တကူ သယ်ဆောင်သွားနိုင်သော Devices များတွင် Automatic Login စသည့် အလိုအလျှောက် စနစ်အတွင်း ဝင်သွားနိုင်သည့် စနစ်များ ပိတ်ထားဖို့ လိုမည်ဖြစ်သည်။

မိမိ အသုံးမလိုတော့သည့် ကွန်ပျူတာ အဟောင်း စသည်တို့ကို အခြားသူတစ်ဦးသို့ လွဲပြောင်းမည်ဆိုလျှင် မိမိ အချက်အလက်များ လုံးဝမပါရှိသွားစေရန် ဂရုစိုက်ဖို့ လိုမည်ဖြစ်သည်။ Format ချရုံသက်သက်နှင့် မလုံလောက်ပေ။ စိတ်ချသေချာသော Recovery လုံးဝ မပြုလုပ်နိုင်သည့် အခြေအနေတစ်ခု ဖြစ်အောင် အရင်ဆောင်ရွက်ပြီးမှ လွဲပြောင်း ပေးသင့်ပေသည်။ HDD အစရှိသည့် အချက်အလက် သိုလှောင်ရာ နေရာများကို ဖျက်စီးပစ်ခြင်း၊ သို့မဟုတ် လွဲပြောင်း မပေးခြင်း စသည်တို့နှင့်လည်း ကာကွယ်နိုင်ပေသည်။

(၅) အခြား Identity တစ်ခုနှင့် အင်တာနက်ကို သုံးပါ။

အင်တာနက်သုံးစွဲမှု အပိုင်းတွင် အတွေ့အကြံု ရင့်ကျက်သူများ အဆိုအရ e-mail အသုံးပြုရာတွင် ပုံစံမျိုးစုံ အသုံးပြုသင့် သည်ဟု သိရသည်။ Hotmail, Gmail, Yahoo စသည်ဖြင့် အကောင့်မျိုးစုံ ဆောက်ထားသင့်သည်။ အဆိုပါ အီးမေးလ်များကို Website များတွင် Register လုပ်သည့်အခါ တစ်ခုနှင့် တစ်ခုလွဲပြီး အသုံးပြုသင့်သည်။ တစ်ခုမှာ Hotmail နှင့် Register လုပ်လျှင် တစ်ခုမှာ Gmail နှင့် Register လုပ်ခြင်းကို ဆိုလိုသည်။ ထို့ပြင် မိမိအနေဖြင့် အဆိုပါ Website နှင့် ငွေရေးကြေးရေးဆိုင်ရာ၊ စီးပွားရေားဆိုင်ရာ ကိစ္စကြီးငယ် မရှိဟု ဆိုလျှင် မိမိ၏ ပင်မမူလ Identity Email ကို ပေးဖို့လိုမည် မဟုတ်ချေ။

အချို့သော Website များသည် အခမဲ့ Register လုပ်နိုသည်ဟု ဆိုပြီး Register User များ၏ List များကို Marketing လုပ်ချင်သူများအား ရောင်းစား တတ်လေသည်။ ထိုအခါ ID Theft များ အနေဖြင့် Marketing အယောင်ဆောင်က အဆိုပါ Email List များကို ဝယ်ယူရရှိသွားနိုင်လေသည်။ ထို့ကြောင့် မိမိတွင် Identity နှင့် ပတ်သက်၍ မူကွဲမျိုးစုံ ထားမည်ဆိုလျှင် ID Theft များအနေဖြင့် ခြေရာခံရ ခက်သွားပေလိမ့်မည်။ ဥပမာ ဆိုရသော် မောင်အောင်ဆိုသော အမည်ဖြင့် Website A တွင် Register လုပ်သည့်အခါ မောင်အောင်နှင့် သက်ဆိုင်သည့် အီးမေးလ်ဖြစ်သည့် mgaun … သုံးသည်။ အခြား Website တစ်ခုတွင် မောင်အောင်ဘု အမည်ဖြစ့် Register လုပ်ပြီး email ကိုလည်း အခြားတစ်ခု သုံးမည် စသည်ဖြင့် Identity မျိုးစုံ သုံးထာခြင်းဖြင့် ID Theft များ ခြေရာမခံနိုင်အောင် ပြုလုပ်နိုင်ပေသည်။ သို့သော် ထိုကဲ့သို့ အကောင့်အများကြီး သုံးသည့်အခါ မေ့လျော့နိုင်သည့် သဘောလည်း ရှိကြောင်း သတိထားဖို့ လိုမည် ဖြစ်သည်။ ထို့ပြင် မိမိ Register လုပ်လိုက်သည့် Website များနှင့် ပတ်သက်လျှင် မှတ်မှတ်သားသား ရှိသင့်သော အချက်များလည်း ရှိသေးသည်။ Website A ကို Register လုပ်လိုက်မှ Spam အီးမေးလ်တွေ ဆက်တိုက် ဝင်လာသည် ဆိုလျှင် အဆိုပါ Website အနေဖြင့် မိမိ၏ အီးမေးလ်ပါသော List ကို ရောင်းစားလိုက်ပြီ (သို့မဟုတ်) အလွဲသုံးနေပြီဟု သိနိုင်ပေသည်။ ထိုအခါ အဆိုပါ Website နှင့် ပတ်သက်သော အချက်အလက်များ အပေါ်တွင် ဂရုစိုက်နိုင်မည် ဖြစ်သည်။

ဆက်ပါဦးမယ် …

Facebook comments:

Leave a comment


*