အိုင်ဒီယာကွက်လပ်

ဒီနေ့ ကျွန်တော် ဂူးဂူးနဲ့ စကားပြောဖြစ်သည်။ ပြောဖြစ်သည့် အကြောင်းက လေ့လာနေသည့် အကြောင်းများ။ WordPress Template ဆွဲနေသည်။ Javascript လေ့လာနေသည်။ HTML + CSS စသည်ဖြင့်။ နောက်ထပ် သူငယ်ချင်းကလည်း Java၊ နောက်တစ်ယောက် ကလည်း C#, ASP.NET စသည်ဖြင့်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြ။ ဒီလိုနဲ့ ပြောဖြစ်ကြရင် နောက်ဆုံး မေးဖြစ်သည့် မေးခွန်းကတော့ အဲဒီ Tools တွေသုံးပြီး ဘာတွေ ရေးပြီးကြပြီလဲ ဆိုသော မေးခွန်း ဖြစ်သည်။

Tools

အဲဒီလို မေးလိုက်တော့ ဘယ်သူမှ မရေးဖြစ်ကြသေး။ ကျွန်တော်တို့တွေ အားလုံး တူသည့် အချက်တစ်ခုတော့ ရှိသည်။ လေ့လာသည့် နေရာတွင်တော့ အမြန်အဆန် လေ့လာနိုင်စွမ်းရှိ ကြသည်။ သူများ ရေးထားသည်ကိုလည်း အလွယ်တကူ သဘောပေါက်နိုင်စွမ်း ရှိသလို ပြန်ပြင်ဆိုရင်လည်း အစအဆုံး မြေလှန်ပြီး ပြင်နိုင်စွမ်း ရှိကြသည်။ နောက်ထပ် တူသည့်အချက်လည်း ရှိသေးသည်။ အိုင်ဒီအသစ်တစ်ခုကို အစအဆုံး ကိုယ့်ဘာသာ ရေးချဖို့တော့ တစ်ခုမှ မရှိသေးသည့် အချက်ဖြစ်သည်။

ထိုအကြောင်းကို ရောက်တော့ ကျွန်တော် Desktop Application တွေ ရေးတုန်းက အချိန်ကို သတိရမိသည်။ ငါ့ကိုမှ လာမအပ်တာ ငါဘယ်လို ရေးမလဲ ဆိုသော အတွေးဖြစ်သည်။ ထိုအချိန်က အဲဒီလို လာအပ်သူ ရှိမှသာ ရေးလို့ အိုင်ဒီယာချလို့ ရသော အနေအထား။ ကိုယ့်မှာ လေ့လာစရာ စနစ်တစ်ခု မရှိလျှင် ဘာရေးရမှန်း မသိသော အနေအထားသာ။ Dummy Project တွေ ဆိုတာကလည်း အိုင်ဒီယာ အနေနှင့် ကြည့်လျှင် သိပ် ထူးထူးထွေထွေ မရှိလှ။ ဒီတော့ Dummy Project တွေကို လုပ်ရတာ စိတ်မပါတော့။

ယခုတော့ Desktop Application တွေကို ရေးရတဲ့ဖက်ကို အာရုံမကျတော့။ Web ဖက်ကို ရောက်မှန်းမသိ ရောက်သွားတော့သည်။ ဒီလိုနဲ့ HTML, CSS တွေလေ့လာ၊ နောက် JavaScript တွေကြည့် စသည်ဖြင့် နောက်ဆုံးမှာ PHP ဖက်ကို ရောက်သွားသည်။ စခါစတုန်းက နေရာတကာ ကိုယ့်ဘာသာ ရေးဖို့သာ စိတ်အားထက်သန် နေသည်။ Ready made တွေ မသုံးဘူးဟု တင်းခံထားသည်။ နောက်ပိုင်းကြတော့ Ready made များ၏ အိုင်ဒီယာကို ဘယ်လိုမှ လိုက်မမှီတော့ ဒီလိုနှင့် လက်မြှောက် အရှုံးပေးပြီး Ready made များနှင့်သာ နေစဉ်နဲ့ အမျှ နပန်းလုံး ဖြစ်တော့သည်။ ဒါပေမယ့် ကျွန်တော် သတိထားမိတာ တစ်ခုရှိသည်။ Web ၏ လွပ်လပ်မှု။ အရင်က ကိုယ့်ကို လာအပ်မှ ရေးလို့ရသည့် အနေအထားမှာ အိုင်ဒီယာအတွက် အခွင့်မသာခဲ့။ ခုတော့ အဲဒီလိုမဟုတ်တော့ အိုင်ဒီယာအတွက် ကြိုက်သလို ကွန့်မြူးနိုင်စွမ်း ရှိနေသည်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အိုင်ဒီယာ ကွက်လပ်ကြီးကို ဖြည့်ခွင့်ရ နေပါလျှက် အိုင်ဒီယာဖက်ကို အာရုံမကျ Tools နောက်သာ တစ်ကောက်ကောက် လိုက်နေပြန်တော့သည်။

တစ်ခါက ကျွန်တော် တစ်နေရာမှာ ကြည့်လိုက်ရသည်။ လူတစ်ယောက်က Paint Program နှင့် ပုံများကို ရေးဆွဲနေသည်။ သူ့ကို တစ်ယောက်က မေးသည်။ ခင်ဗျားဗျာ။ ဒီပုံတွေ ဆွဲဖို့ တစ်ခြား ဒီထက် ကောင်းတဲ့ Program တွေ ရှိနေပါလျှက် ဘာဖြစ်လို့ Paint ကို သုံးနေတာလဲဟု။ ဒီတော့ သူက ကျွန်တော် သိတာ ဒီတစ်ခုပဲ ရှိတယ်ဗျ။ ဒါပေမယ့်ဗျာ အဲဒီ Program တွေက အရေးမကြီးပါဘူး။ ပုံတွေကသာ အဓိကပါဗျာ။ သူဆွဲထားသည် ပုံများကို ကြည့်တော့လည်း အမှန်တကယ်ကို လက်ရာ မြောက်လွန်းလှသည်။

အဲဒီ Paint ပန်းချီဆရာကို သတိရသွားတော့ ကျွန်တော်တို့က မူလ ပင်မရည်ရွယ်ချက် ဖြစ်တဲ့ ပုံဆွဲဖို့ကို မေ့နေပြီး Tools တွေကိုသာ ဟိုဟာ အသစ်ထွက် သင်လိုက်၊ ဒီဟာ အသစ်ထွက် သင်လိုက် လုပ်နေမိပါလားလို့ သတိရမိသည်။ ဒီကြားထဲ ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး ယောင်လျှင် ပိုဆိုးသည်။ Tools တွေထဲမှာတင် ချာချာလည် သွားနိုင်သည်။ Java ဆိုလည်း လိုက် Java၊ PHP ဆိုလည်း လိုက် PHP၊ iPhone Development ဆိုလည်း iPhone၊ Andriod ဆိုတော့လည်း Andriod။ ကျွန်တော်တို့ Education ထဲကနေ မထွက်နိုင်တော့။

ပျော်ပျော်ကြီးကို တစ်ခုပြီး တစ်ခုသင်နေတော့သည်။ ခုမှ သင်ခါစသူအတွက် သင်ကြားခြင်းဆိုတာ လိုအပ်တာ မှန်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ သင်ပြီးသူ အနေနှင့် သင်ကြားခြင်းနှင့် အိုင်ဒီယာကို တွဲဖို့ လိုသည်။ ခုတော့ ထိုသို့မဟုတ် ဟိုဟာလေး စမ်းလို့ ရသွားလိုက် ပျော်လိုက်၊ ဒီဟာလေး စမ်းလို့ ရသွားလိုက် ပျော်လိုက်နှင့် အကျေနပ်ကြီး ကျေနပ်နေကြသည်။ ကျွန်တော် ကိုယ်တိုင် အပါအဝင် ဖြစ်ပါသည်။ Life Long Learning ဆိုသည့်အတိုင်း အကျေနပ်ကြီး ကျေနပ်နေတော့သည်။

ထိုကဲ့သို့ ကျွန်တော်တို့ အိုင်ဒီယာတွေ ချဖို့ မေ့ခြင်းသည် ထုံးစံအတိုင်း ကျွန်တော်တို့ သင်ခဲ့ရသည့် ပုံစံနှင့် သက်ဆိုင်နေသည်။ Idea-oriented Learning Style နှင် ကျွန်တော် အပါအဝင် အများစုမှာ မယဉ်ပါးခဲ့။ အများအားဖြင့် Idea-less Oriented Learning များဖြင့်သာ နေခဲ့ရသည်။ ဒီတော့ အိုင်ဒီယာကိစ္စကို အမေ့ကြီး မေ့နေခဲ့တာ မစမ်း။ ပုံစံတူလား၊ လာထား။ အသစ်လုပ်ပါဆို နိုး ဆိုတာ ကျွန်တော်တို့ ထုံးစံ။

“ကျွန်တော်တို့ဆီမှာ စာသင်တဲ့အခါ စာအုပ်တစ်အုပ်ကို အရင်ဖတ်ခိုင်းတယ်။ အဲဒီ စာအုပ်ထဲက အိုင်ဒီယာတွေနဲ့ ကိုယ့်စိတ်ကူးထဲမှာ ဖြစ်လာတဲ့ အိုင်ဒီယာတွေ ပေါင်းပြီး Alice နဲ့ Program ရေးခိုင်းတယ်” ဒီစကားက အမေရိကန်နိုင်ငံမှာ ကျောင်းတက်နေသူ တူးတူးရဲ့ Programming သင်သည့် ပုံစံကို ပြောပြသော စကား။ ကျွန်တော် သူပြောသည့် စကားအပေါ်မှာ သေသေချာချာ စဉ်းစားမိသည်။ ဘာကြောင့် စာအုပ်ကို ဖတ်ခိုင်းရတာလဲ။ ငါတို့ဆီမှာ ဆိုရင်ကော အဲဒီလို ဘာမှ မဆိုင်တဲ့ စာအုပ်ကို ဖတ်ခိုင်းပါ့မလား ဆိုပြီး စဉ်းစားမိသည်။ သေချာတာ တစ်ခုကတော့ ဘယ်သူမှ ဖတ်မှာ မဟုတ်။ PHP ဆိုလျှင်လည်း PHP နဲ့ ပတ်သက်တာတွေ ဖတ်ဖို့ များသည်။ ဝတ္ထုတစ်ပုဒ်ကို ဖတ်ခိုင်းပြီး Program ရေးခိုင်းသည် ဆိုသည်မှာ မကြံအပ် မစည်ရာဟုပင် ဆိုနိုင်သည်။ အဲဒီလို ဘာကြောင့် ဖတ်ခိုင်းရပါသည်။ အဓိက အကြောင်းအရင်းကတော့ အိုင်ဒီယာသာ လျှင် ဖြစ်ပါသည်။ အိုင်ဒီယာတွေကို အရင်ချခိုင်းပြီး Program ကို နောက်က လိုက်ခိုင်းခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ Tutorial တွေ လိုက်လုပ်ကြပါသည်။ ဥပမာ – Website တစ်ခု အစအဆုံး Photoshop တွင် ဆွဲပြသည့် Tutorials ဆိုပါစို့။ အစအဆုံးလိုက်လုပ်ရင်း နောက်ဆုံးမှာ တစ်ပုံစံတည်း ဆွဲလို့ရသွားသည်။ ပျော်လိုက်သည့် ဖြစ်ခြင်း၊ တစ်နေကုန် ပီတိအဟုန် တက်နေတာ ခံစားခဲ့ရဘူးသည်။ ဒါပေမယ့် ကျွန်တော်တို့ အရေးအကြီးဆုံး အရာတစ်ခုကို မေ့ထားပစ်ခဲ့သည်။ ထိုအရာကတော့ ထို Website ရေးဆွဲသူက ဘယ်လို အိုင်ဒီယာနှင့် ရေးဆွဲသနည်း ဆိုသည့်အချက်ကို လေ့လာဖို့ ဖြစ်သည်။ ဒီလိုနှင့် တစ်ခုပြီးတစ်ခု လိုက်ကူးဆွဲရင်း၊ ကိုယ်ပိုင် အိုင်ဒီယာဆိုတာ ဝေးသထက် ဝေးနေတော့သည်။ အဓိကက အိုင်ဒီယာကွက်လပ်။ သူတို့ ဘယ်လို တွေးလို့ ဒီလိုလုပ်တာလဲ ဆိုသည့်အပိုင်းကို လေ့လာဖို့ သူတို့ အိုင်ဒီယာကို သိဖို့ ကွက််လပ် ဖြစ်နေခြင်း ဖြစ်သည်။

ဒါပေမယ့် အဲဒီလို သူများအိုင်ဒီယာတွေ အကဲ ဖြတ်ဖိို့ကျတော့ ကိုယ့်မှာ အိုင်ဒီယာကို လေ့လာနိုင်စွမ်း ရှိဖို့ လိုလာပြန်သည်။ ထိုကဲ့သို့သော သူများ အိုင်ဒီယာကို လေ့လာနိုင်စွမ်း၊ သိနိုင်စွမ်းရှိဖို့က မလွယ်ပြန်တော့။ ဒါပေမယ့် သင်လို့ မရသည့် ကိစ္စတော့ မဟုတ်ပါ။ ခက်သည့် ကိစ္စတစ်ခုသာ ဖြစ်ပါသည်။ ဥပမာ အိုးလုပ်သည့် လုပ်ငန်းကို သူငယ်ချင်း နှစ်ယောက် လုပ်သည် ဆိုပါစို့။ တစ်ယောက်က မြေအိုး ပုံစံအသစ်တစ်ခု လုပ်သည်။ ထိုအခါ အခြား တစ်ယောက်က အသစ်လုပ်သည့် အိုးကို ကြည့်ပြီး ကျွမ်းကျင်မှု အလိုက် အိုင်ဒီယာကို မြင်နိုင်စွမ်း ရှိသည်သာပင်။ ရေ ဘယ်လောက် ဆန့်သလဲ၊ အလေးချိန် ဒါဏ်ကို ခံနိုင်ရဲ့လား။ ဒီဇိုင်းလှလား။ ဘယ်နေရာမှာ လိုနေလဲ။ ဘယ်လို ထပ်ပြင်လိုက်ရင် ပိုကောင်းသွားမလဲ စသည်ဖြင့် မြင်နိုင်စွမ်းတွေ ရှိနိုင်ပါသည်။

ကျွန်တော်တို့ အနေနှင့်လည်း ထိုကဲ့သို့ မြင်နိုင်စွမ်းကို သင်ယူနိုင်ပါသည်။ ဘယ်လို သင်ယူရမလဲ။ တစ်ခါက ကျွန်တော် ကိုအောင်စည်သူနှင့် အင်တာဗျူးဖူးပါသည်။ သူပြောသွားသော စကားများထဲတွင် ထိုကိစ္စအတွက် အရေးပါသော အချက်တစ်ခုကို ကျွန်တော် သတိထားမိသည်။ ကျွန်တော် ကောက်နှုတ်ချက်ကိုသာ ဖော်ပြပါတော့မယ်။ အသေးစိတ်ဆက် Interview with Aung Sithu Kyaw Part I မှာ သွားဖတ် နိုင်ပါတယ်။

ကျွန်တော်ကြုံခဲ့တဲ့ Beginner တွေဖြစ်နိုင်တဲ့ အခက်အခဲတွေနဲ့ ဘယ်လို လုပ်သင့်တယ် ဆိုတာလေးကို ဆက်ပြော ကြည့်ရအောင်။ များသောအားဖြင့် ဂိမ်းလုပ်မယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာ Half Life လို Warcraft လို C&C လိုမျိုး ဂိမ်းတွေ လုပ်ဖို့ စဉ်းစား မိတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိတာက ဒီဂိမ်းတွေဟာ ရာချီတဲ့ လူတွေ ဒေါ်လာတွေ သန်းချီသုံးပြီး develop လုပ်ကြတယ်ဆိုတာပါ။ အဲတော့ စစချင်းမှာ ဒါမျိုးကို သွားစဉ်းစားရင် ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလောက်ကြီးတဲ့ ဂိမ်းမျိုးတွေ မဟုတ်ပဲ Casual Game လို့ခေါ်တဲ့ ဂိမ်းအသေးလေး တွေတောင် ပြီးဖို့ဆိုတာ အရမ်းခက်ပါတယ်။ ပထမဆုံး လေ့လာတဲ့ လူအနေနဲ့ ဘယ်လို ဂိမ်းမျိုး စလုပ်သင့်သလဲ ဆိုတာကို စာဖတ်ရင် ဒီလိုအစီအစဉ်နဲ့ အကြံပေးကြတာ တွေ့နိုင်ပါတယ်။ ပထမဆုံး အနေနဲ့ Pong လို ဂိမ်းလေး လုပ်သင့်ပါတယ်။ ဒီလို အသေးဆုံးလို့ ပြောလို့ရတဲ့ ဂိမ်းလေးမှာတောင် Real-time Programming, Input Processing, Basic Collision Detection အစရှိတဲ့ Game Programming Concept တွေ ပါပါတယ်။ ဒီ Game Play ကို ရေးနိုင်ပြီဆိုမှ နောက်တစ်ဆင့် အနေနဲ့ Game Menu Screen, Game Play Screen, Game Over Screen အဲဒါတွေ ထည့်ပြီး ပြီးပြည့်စုံတဲ့ Pong Game ဖြစ်အောင် ဆက်ရေး သင့်ပါတယ်။ ဒီအဆင့်လောက်ထိ လုပ်နိုင်ပြီဆိုရင် Tetrix လို ဂိမ်းမျိုး ရေးကြည့်ဖို့ အကြံပေးလိုပါတယ်။ ဒီမှာဆိုရင် ပိုပြီး Complex ဖြစ်တဲ့ Game Play Logic ကို စဉ်းစားပြီး ရေးကြည့် ရပါတော့မယ်။ ဒါကိုလည်း ရေးနိုင်ပြီ ဆိုရင် Pac Man လို ဂိမ်းမျိုး ရေးနိုင်အောင် ဆက်ကြိုးစား ကြည့်သင့်ပါတယ်။ Pac Man Game ဆိုတာ ပြောရရင် တော်တော် ရှုပ်လာပါပြီ။ Enemy တွေအတွက် AI တွေပါ ရေးရ ပါတော့မယ်။ ဒီသဘောတရားတွေ သဘော ပေါက်ပြီဆိုရင် BFG တို့ Reflexive တို့က ဂိမ်းတွေကို နမူနာယူ ဆော့ကြည့်ပြီး အဲဒီဂိမ်းတွေ အဆင့် (Game Play, Graphic, Sound Qualities) လောက် ရောက်အောင် ဆက်ရေးသင့်ပါတယ်။ ဒီအဆင့် ရောက်ပြီ ဆိုရင်တော့ ရောင်းတန်း ဝင်ပါပြီ။ ဒီ Portal တွေကို ဆက်သွယ်ပြီးပဲ ဖြစ်ဖြစ် ကိုယ်တိုင် Publish လုပ်ပြီးပဲ ဖြစ်ဖြစ် Release လုပ်ဖို့ ကြိုးစား သင့်ပါတယ်။ Release Game တစ်ခု ရှိတယ်ဆိုတာ ကိုယ့် Resume, Portfolio မှာပါရင် ဘယ်နေရာမှာ အလုပ် လျှောက်လျှောက် ရဖို့ အရမ်း Chance များပါတယ်။

ကိုအောင်စည်သူ ပြောသွားတာ မှတ်သားစရာ ကောင်းသည်။ ကျွန်တော်တို့ အသေးဆုံးလေးတွေကနေ စဖို့ လိုပါသည်။ ပြောတော့ HTML, CSS တင်မက PHP, MySQL အထိပင်ရောက်နေပြီ။ ဒီတင်မက PHP Framework တွေပါ ရောက်နေပြီဟု ပြောသည်။ ဘယ်မှာ မင်းရေးထားတဲ့ HTML, CSS Template ဆိုရင် ဘာပြောရမှန်း မသိတော့။ အများဆုံး သူများရေးထားသည့် Tutorials ကို လိုက်လုပ်ထားသည့် Template တစ်ခုလောက် ရှိရင် ကံကောင်း။ ကြံစည်နေသည်က PHP Framework နှင့် Page ရေးဖို့ တကယ့်လက်တွေ့တွင်မတော့ ကိုယ်ပိုင် HTML & CSS Template တစ်ခုပင် မရှိသေးသည့် အခြေအနေသာ များသည်။ ကျွန်တော်ကိုယ်တိုင် ထိုအထဲတွင် ပါပါသည်။

အမှန်တော့ HTML & CSS ကို အတိုင်းအတာတစ်ခု အထိ သင်ပြီးချိန်တွင်ပင် ကိုယ်ပိုင် Template တွေ ရှိနေသင့်ပြီ ဖြစ်သည်။ ထိုသို့ အိုင်ဒီယာချ ရေးရမည့်အစား နောက်တစ်ဆင့် သင်ဖို့သာ တာဆူနေတတ်သည်။ အဲဒီလို ရှေ့ဆက်သင်ယူတော့ ပိုဆိုးသွားသည် အရင်နည်းနည်း သိခဲ့တုန်းက နည်းနည်းသိသည့် အပေါ် အခြေခံပြီး အိုင်ဒီယာ မထုတ်ခဲ့သမျှ နောက်များများသိသည့် အခါ ပိုဆိုးတော့သည်။ အိုင်ဒီယာ တစ်ခုချဖို့အတွက် ပိုပြီးခက်လာသည့် အနေအထား ရောက်လာသည်။ ဟိုဟာလေး စမ်းရေးမယ်ဆို ဟိုဟာနဲ့ ကိုက်ပါ့မလား။ ဒီဟာာနဲ့ ကိုက်ပါ့မလား စသည်ဖြင့် ပေတံတွေက များလာသည်။ ဒီလိုနှင့် ထုံးစံအတိုင်း အိုင်ဒီယာ ကွက်လပ် ပေါ်လာပြန်သည်။ များများသိလေ ကွက်လပ် ပိုကြီးလေ ဖြစ်နေတော့သည်။

ကဲ ဒါဆို ကျွန်တော်တို့က ရှေ့ဆက် မသင်ရတော့ဘူးလား။ ဟာ သင်ရမှာပေါ့။ Life Long Learning ပါဆို။ ဒါပေမယ့် သင်ပဲ သင်နေလို့ မဖြစ် အိုင်ဒီယာလည်း အလုပ်ဖြစ်ဖို့ လိုသည်။ အိုင်ဒီယာ ကွက်လပ် ဖြည့်ဖို့ လိုပါသည်။ တစ်ထွာ တစ်မိုက်သိ၊ တစ်ထွာ တစ်မိုက်နှင့်တန်သော အိုင်ဒီယာကို ဖန်တီးနိုင်ရမည်။ တစ်ပေလောက်သိ တစ်ပေလောက်ရှိသော အိုင်ဒီယာ ဖြစ်လာရမည်။ ထိုကဲ့သို့ အိုင်ဒီယာ အဆက်အစပ်ရှိနေမှသာ အိုင်ဒီယာ ထုံကူးနိုင်မှသာ အိုင်ဒီယာနှင့် သင်ကြားမှု တစ်သားတည်း ကျနိုင်မည် ဖြစ်ပါသည်။ ဒီတော့ ကျွန်တော့်ကိုယ် ကျွန်တော် မေးကြည့်မိသည်။ မင်းဘာတွေ သိနေပြီလဲ PHP Framework တွေအထိ သိသည်။ မင်း အိုင်ဒီယာက ရော ဆိုတော့ နတ္တိ။ ဒီတော့ နွားတစ်ဖက်တည်း ဆွဲသော လှည်းနှင့်တူနေပြီး ဒီနေရာတွင် ပတ်ချာလည်နေတော့သည်။ ကဲ ဒီတော့ စာဖတ်သူရော ကျွန်တော့်လို မေးခွန်းမျိုး မေးမကြည့်ချင်ဘူးလား။

Facebook comments:

13 Responses

  1. အခွံ says:

    ဟူး.. Good Article..
    ကျွန်တောှ့ ပြသဿသနာလည်း ဒါပဲဗျာ.. :(
    Right.. ကိုယ်ပိုင် idea က နောက်ပိုင်း တောှတောှ ဒုကဿခပေးလာတယ်.. အကျင့်လည်း မရှိတော့လေ…
    အခုဆို ကျွန်ုပ်လည်း လေ့လာတာတွေ ရပ်ပြီး အပြင်မှာတွေ့သမျှကို ဘယ်လို object ဆောက်မလဲ ဘယ်လို program ရေးလို့ရမလဲ ဆိုတာပဲ စဉ်းစားနေမိတယ်…။
    လောလောဆယ်တော့ virus removal လေးတွေပဲ စမ်းရေးနေတယ်…။ own idea ပေါ့..

  2. phoesan says:

    တော်တော်မှန်ပြီး တော်တော်ကောင်းပါတယ်…

  3. strangemask says:

    ကောင်းတယ်ဗျို့။ ကျွန်တော်တို့က ပုံမှန်အတိုင်းလေးပဲ မျောချနေကြတာ များနေကြတာဗျ။ ဥပမာ php မှာ delete လုပ်တာမျိုးပဲ ဆိုပါတော့။ ရိုးရိုး page load ဖြစ်ပြီးမှ delete ဖြစ်မှာထက်စာရင် အဲဒီနေရာမှာ page load မဖြစ်အောင် ajax နဲ့ ဘယ်လို delete လုပ်မလဲ။ နောက်ပြီး php ကို ရိုးရိုးရေးထားတဲ့ project လေး ရှိရင် အဲဒါကို Framework နဲ့ ပိုပြီးကောင်းအောင် ဘယ်လိုပြန်ရေးမလဲ။ နောက်ထပ် ဘာ features တွေ ထပ်ထည့်လို့ရအုံးမလဲ။ ဒါမျိုးလေးတွေ ထပ်တွေးပြီး ရေးသင့်တယ်ဗျ။ အခုက ကိုသီဟ ပြောသလိုပဲ တစ်ခုလုပ်လိုက်တယ် ရသွားတယ် အဲဒါလေးနဲ့ ကျေနပ်နေတာများနေတယ်။ နောက်ပြီး တစ်ခုပြီးတစ်ခု လေ့လာနေတာထက်စာရင် တစ်ခုကိုပဲ ဇောက်ချလုပ်သင့်တယ်။ ကျန်တာတွေကလည်း လေ့လာတာတော့ လေ့လာတာပေါ့။ ဒါပေမယ့် အရံသဘောပေါ့။ Chandni Chowk to China ရုပ်ရှင်ထဲက စကားနဲ့ ပြောရမယ်ဆိုရင်တော့ သိုင်းကွက်ပေါင်း တစ်သောင်းကို ကျင့်ထားတဲ့သူကို မကြောက်ရဘူး သိုင်းကွက်တစ်ကွက်ထဲကိုပဲ အကြိမ်တစ်သောင်း ကျင့်ထားတဲ့ ရန်သူကို ကြောက်ရတယ် ဆိုသလိုပေါ့။ ပြောချင်တာတွေ ပြောလိုက်တာ scope လွဲသွားပြီလား မသိ :P

  4. creativefox21 says:

    ကောင်းလိုုက်တဲ့စာဗျာ … ဒီစာဖတ်ပြီးတော့ ရင်ထဲမှာ တစ်ခုုခုု ကျန်ခဲ့တယ်။ ကျေးဇူးပါဗျာ။

  5. Goo Goo says:

    ဟဲ ဟဲ.. သေချာ ပြန်စဉ်းစားကြည့်တော့ အိုင်ဒီယာ မရှိတာမဟုတ်ဖူးဗျ.. လုပ်ချင်တဲ့စိတ် ပြင်းပြင်းထန်ထန်မရှိတာ.. အဲဒီ စိတ်သာရှိကြည့် အိုင်ဒီယာဆိုတာ အလိုလိုထွက်လာမှာ… စိတ်က အဓိက.. အိုင်ဒီယာ ကြိုက်သလောက်ရှိ.. ရအောင် အကောင်ထည် ဖော်မယ်ဆိုတဲ့ စိတ်မရှိရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး.. (အဲဒါကို သိသိနဲ့ ပြင်နေတာ ခုထိမရသေးဘူး :D )

    • mgpyone says:

      it’s about “no passion and no strong desire, no continuous learning to know something deeply, then no pragmatic results as results” =(
      that’s really we are facing now (in Myanmar as far as I see) =|

      • Goo Goo says:

        အပြုံးလေးပြောတာ မှန်ပါ့။ ရူးရူးမူးမူးနဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်အရင်ရှိရမယ်။ ဥပမာ – ကျနော်ဗျာ Flash နဲ့ Video editing လေ့လာထားတယ် ထားပါတော့.. ကျူတိုရီရယ်တွေ လိုက်လုပ်ထားတယ်ပေါ့… ကိုယ့်ဟာကိုယ် ကိုယ်ပိုင်တော့ လုပ်မကြည့်ဖူးသေးဖူး.. အဲမှာဗျာ ကျနော် ကြိုက်နေတဲ့ ကောင်မလေးကို animation တွေနဲ့ slide show တွေနဲ့ VCD သီချင်းခွေ လုပ်ပေးချင်တဲ့ စိတ်ပေါ်လာပီဆိုပါတော့.. ဟဲ ဟဲ.. စလုပ်ပါပီဗျာ… အဲမှာ ဒီနားလေးက ဒီလိုလေးဆိုပိုကောင်းမယ်.. ဟိုဟာလေးက ဟိုလိုဆိုပိုကောင်းမယ်ဆိုတဲ့ အိုင်ဒီယာတွေတွေ… အစက ဘယ်နားသွားပုန်းနေမှန်း မသိတဲ့ အိုင်ဒီယာတွေ တပြုံတခေါင်းကြီး.. ဘယ်နေရာကမှန်းမသိ သေချာပေါက်ထွက်လာပါလိမ့်မယ်ဗျာ… အဲလိုနဲ့ ပီးသွားရော. ကိုယ်ပိုင်ထွက်သွားပီ.. ဒါပေမယ့် အဲလိုစိတ် ပေါ်လာအောင် လုပ်ယူဖို့က နည်းနည်းခဲယဉ်းမယ်..

        တချို့လူတွေကျ အဲလိုမျိုးက နဂိုပါလာတာ.. ဝါသနာနဲ့လဲဆိုင်တယ်… စေတန်တို့ဆို တစ်ခုခုဆိုလာထား ရေးပစ်မယ်ဆိုတာချည်းပဲ.. ကျနော်ကတော့ သူငယ်ချင်းတွေက သီချင်းလုပ်မယ်ဟေ့ဆို လာထားပဲ.. ဒါပေမယ့် အသက်မွေးဝမ်းကျောင်းအတွက် IT ကို ရွေးချယ်ပီးမှတော့ ဂီတကို ဝါသနာအဆင့်မှာပဲ ထားခဲ့တော့တယ်… IT မှာလဲ သီချင်းလုပ်မယ်ဆိုရင် ပေါ်လာတဲ့ စိတ်မျိုး ပေါ်လာအောင် ကြိုးစားမွေးယူရဦးမယ်… :D

  6. joker says:

    ကောင်းတယ်ဗျာ.. Post က
    ကျွန်တော်လဲ….ဟို template လေးမိုက်တယ်ဆို……စမ်းလိုက်…နဲ့
    ကိုယ်ပိုင် template က frame ကနေမတက်ဘူး…အဟတ်

  7. Zaw Ye Tun says:

    tutorial တစ်ခုလိုက်လုပ်လိုက် သူ လုပ်ပြထားတဲ့ အတိုင်း ဖြစ်သွားလိုက် တနေကုန် မစားနိုင် မသောက်နိုင်ဖြစ်အောင် ပျော်လိုက် နောက် နေ ့နောက် တစ်ခုလုပ်လိုက် အဲ့အတိုင်းပဲ ပျော်လိုက် နဲ ့အဲ့လိုတစ်ခုပြီးတစ်ခု လုပ်လိုက် ပျော်လိုက်နဲ ့ပဲ
    ၁၅ ခု အထက် လောက်လဲ ပြီးရော စစချင်းလုပ်ထားတဲ့ ဟာတွေ မေ့ကုန်ပြီး ငိုရတဲ့ အဖြစ်ရောက်ရပါလေရောဗျာ :’(
    သေသေချာချာ ရင်ထဲမှာ ကျန်ခဲ့တာ တစ်ခုကတော့ ငါလုပ်ခဲ့တာတွေ တော့ အများကြီးပဲ နောက်ဆုံး ငါ့အတွက်ကျန်တာက အချိန်ကုန် ခြင်းနဲ ့ငိုရခြင်းပါပဲလားဆိုတာသာ ကျန်ခဲ့တယ်ဗျာ
    အခု ကိုသီဟရဲ ့ဒီ POST ကိုဖတ်လိုက်ရတော့မှ အဖြေကိုတွေ ့သွားတော့တယ်
    ဘာလဲဆိုတော့ သူများဟာတွေ ကို လိုက်လုပ်ပြီး ပြန်အသုံးချမယ့် နေရာလဲ မရှိ ၊ အတုယူပြီးတော့လဲ ကိုယ့်ဟာ ဖြစ်အောင် မလုပ်လို ့ ဒီလို အချိန်သာကုန် ဘာမှမကျန်ဖြစ်ရတယ်ဆို ပြီး ဆင်ခြင်မိပါပြီဗျာ …..
    အိုင်ဒီယာကွက်လပ်လေး ဖြည့်ရတော့မယ် ……..

  8. mr.zeroman says:

    အိုင်ဒီယာ ကွက်လပ်ကို ဖြည့်နိုင်အောင် စွမ်းအားပေးတဲ့ ကိုသီဟ ကို ကျေးဇူးတင်ပါတယ် ခင်ဗျ..

  9. Alter says:

    အိုင်ဒီယာအရေးကြီးပုံလေးကို အကိုတင်ပြထားတာကောင်းတယ်ဗျာ.. ဒီတော့ စဉ်းစားမိတယ်.. အိုင်ဒီယာတွေကို ကျွန်တော်တို့ ဘယ်ကရမလဲပေါ့.. ဘယ်လိုလုပ်ယူရမလဲပေါ့.. ဒါမှမဟုတ်အလိုလိုထွက်လာတဲ့ အချိန်ကို စိတ်ရှည်ရှည်စောင့်ယူရမှာလား..
    ကျွန်တော်လည်း Web Design ဆွဲချင်တယ်.. Web Designer ဖြစ်ချင်တယ်ပေါ့.. ဒီတော့ သူများတွေ ဘယ်လိုရေးလဲ ဘယ်လိုဆွဲလဲဆိုတာတွေကို Tutorial တွေလုပ်.. လျှောက်သွားကြည့် လိုက်လေ့လာရင်း ဒါလေးတစ်ခု ကို ဘယ်နေရာမှာ နည်းနည်းပြင်လိုက်ရင် လုပ်စားလို့ရသွားမယ်.. ဟိုဟာလေးက လှလို့ ငါလုပ်မဲ့ ဆိုက်မှာသုံးမယ် စတဲ့ အတွေးတွေပဲဝင်လာတယ်.. ကိုယ့်ကိုယ်တိုင် ဖန်တီးမယ်.. နင်ကဒီလိုနည်းနဲ့ ဆွဲလား ငါက ဒီလိုနည်းနဲ့ဆွဲတယ်.. ဆိုတဲ့ အတွေးတွေတော့ ဝင်မလာဘူး.. နင်ရဲ့ပြောင်းပြန်လမ်းကို ငါရွေးမယ်ဆိုတာတော့ ဝေလာဝေး.. ဒီတော့ အဲဒီ သူများကို ကျွန်တော် မှီခိုနေရတော့တယ်.. ဒီတော့ ကျွန်တော် ဘယ်လိုလုပ်ရမလဲပေါ့.. တွေးကြည့်တော့ ကျွန်တော့်မှာ “သလိုသလို”တွေ များနေတာ သိလိုက်ရတယ်.. HTMLအရမ်းနားလည်ပြီးသလိုလို CSSကိုလိုရာ ခိုင်းလို့ ရနေပြီသလိုသလို jQueryနဲ့လည်းဒီလိုပါပဲ သလိုသလို တွေပေါ့.. သူတို့အကြောင်းကောင်းကောင်းတောင် သိအောင် မစောင့်ပဲ ဆွဲမယ်ဆိုတာကြီးက များနေတယ်.. ဒီတော့ ကျွန်တော့်အမြင်ပြောရရင် သူတို့ Code တွေအကြောင်းသာ ကောင်းကောင်းနားလည် ကောင်းကောင်းသိရင် မိမိကိုယ်တိုင် ဖန်တီးနို်င်လာလိမ့်မယ်လို့ ယုံကြည်မိတယ်..
    နောက်တစ်ခုက အိုင်ဒီယာအပိုင်း.. အင်တာနက်ထဲ သူတို့ဆွဲထားတဲ့ မြင်လိုက်ရတဲ့ Demo တွေကိုကြည့်လိုက်ရတော့ တစ်ချို့ဆို Web Site နဲ့တောင်မတူဘူး.. ပန်းချီဆရာတစ်ယောက် ပန်းချီဆွဲထားသလိုပဲ.. တကယ့်ကိုပဲ ရင်သက်ရှုမောဖွယ်ရာတွေပါ.. သူတို့ဆွဲတဲ့ Web Site အကြောင်းအရာနဲ့ ရေးဆွဲတဲ့ Design တစ်ချို့လှလှပပ လမိုင်းကတ် နေပြီး တစ်ချို့ဆို အကျွမ်းလွန်သွားတဲ့ ဂီတပညာရှင်လိုပဲ နိုင်နိုင်နင်းနင်း စည်းလွတ်ဝါးလွတ် ကိုပဲလှပနေပါတယ်.. ဒီတော့ Design ဆိုတဲ့အလုပ်မှာ အနုပညာများရှိရမလားလို့ ကျွန်တော်တွေးမိတယ်.. အနည်းဆုံးတော့ အရောင်တွေရဲ့ တွဲစပ်ပုံကို ပန်းချီဆရာနီးနီး ပိုင်နိုင်ရင် ကိုယ့်ရဲ့ ကျွမ်းကျင်မှု မြင့်လာလိမ့်မယ် ထင်တယ်.. နောက်မှ.. အဲဒီ HTML , Photo Shop စတဲ့ Tools တွေရော ကိုယ့်မှာ ရှိတဲ့ အရောင်တွေနဲ့ Web Site ရဲ့ အကြောင်းအရာအပေါ် Web Site နဲ့ ကိုယ့်နဲ့ တစ်သားတည်းဖြစ်အောင် ဝင်ခံစားလိုက်ရင်.. အို်ဒီယာ ထွက်လာမယ်လို့မြင်မိပါတယ်.. ကို Goo Goo ပြောသလို ကောင်မလေးကို ချစ်မိလို့ သူအကြောင်းခံစားမိလို့ အိုင်ဒီယာတွေ ထွက်လာသလိုပါပဲ..

  10. zyrum says:

    hi ko thiha, I want to ask you about programming. may i know your email ?

Leave a comment


*