How to learn from e-books (2)

24 Hour ကို လေ့လာပြီးတာနဲ့ ရှေ့ဆက်ပြီး လေ့လာသင့်တဲ့ စာအုပ်ကတော့ Illustrated e-book တွေနဲ့ Step-by-step e-book တွေပါ။ အခြေခံအဆင့်ကနေ စပြီး အတိုင်းအတာတစ်ခုအထိ မြင့်တဲ့ အဆင့်အထိ သင်ပေးနိုင်သည်။ ကျွန်တော်ကတော့ Step-by-step ထက် Illustrated တွေကို ပိုသဘောကျသည်။ စာတွေကို ဒီအတိုင်းမရှင်း ပုံများ၊ ဇယားများဖြင့် ရှင်းလင်းပြတတ်သည်။ Illustrated တွေကို လေ့လာရတာ ပျော်စရာ ကောင်းသည်။ 24 hour တုန်းက ရှုပ်လာသမျှ ဒီနေရာမှ ရှင်းတော့သည်။ ဘယ်နေရာမှာ ဘာကြောင့် ဘယ်လိုသုံးသွားသည် စသည်ဖြင့် အတိုင်းအတာ တစ်ခုအထိ ဆဝါးနိုင်သည်။ အဲဒီလို စာအုပ်မျိုးတွေကိုလည်း တတ်နိုင်လျှင် အစအဆုံး သေသေချာချာ တစ်ခုမကျန် လုပ်ထားသင့်သည်။ ဒါမှ ရှေ့ဆက် တက်လို့ ကောင်းမည်။

Illustrated ကို လေ့လာပြီးပြီး ဆိုလျှင်တော့ အတိုင်းအတာ တစ်ခုအထိ ခရီးပေါက်လာပြီဟု ဆိုရမည် ဖြစ်သည်။ အမှန်တကယ် လေ့လာသူဆိုလျှင် သူခိုင်းတာ လိုက်လုပ်နေရတာထက် ကိုယ်က ပြန်ခိုင်းချင်လာတတ်သည်။ အဲဒီအတွက် ပြဿနာတွေတက်လာသည်။ ဖြေရှင်းစရာတွေ များလာတတ် သည်။ ဟိုဟာကော မရဘူးလား။ ဒီဟာကော လုပ်လို့ မရဘူးလား။ ဒီဟာက လုပ်ရတာ ဒီလောက် ရှည်ရလား စသည်ဖြင့် သိချင်စိတ်တွေ များလာလိမ့်မည်။ အဲဒီလို လူမျိုးအတွက် စာအုပ်တစ်အုပ်ပေးချင်သည်။ ဟိုဟာချက်ချင် ဒီဟာချက်ချင် ဖြစ်နေသည့် သူအတွက် ဟင်းချက်နည်း စာအုပ်ဟု ဆိုလျှင် မှားအံ့မထင်။ လာပါပြီ Recipes e-book ပြဿနာကဘာ၊ ဘယ်လို ဖြေရှင်းမည် စသည်ဖြင့် တွေ့ရမည်။ ရေငတ်တုန်း ရေတွင်းတဲ့ ကျဆိုသလို တစ်သက်လုံး ရေတွင်းထဲက တက်မလာအောင် Recipes တွေကို ဆွဲဆောင် ထားတော့သည်။ ငါလုပ်ချင်နေတာ ဒါပါလားဆိုပြီး ပြဿနာကို ကြည့်လိုက်၊ အဖြေကို စမ်းကြည့်လိုက်နှင့် လွတ် ပျော်စရာကောင်းသည်။ တစ်ခုတော့ ရှိသည်။ ဒီစာအုပ်ကိုတော့ အားလုံး မဖတ်ရင်လည်း ဖြစ်နိုင်သည်။ ကိုယ်လိုသည့် ပြဿနာရှိမှ အသင့် ဖတ်လိုက်ရုံနှင့် လုံလောက်သည်။

ပြဿနာတွေကတော့ ဟုတ်ပါပြီ။ ဖြေရှင်းတဲ့ နည်းလည်းသိပါပြီ။ ခက်တာက လေ့လာနေရင်း၊ လက်တွေ့စမ်းသပ်နေရင်း လိုအပ်ချက်တွေက ပေါ်လာ ပြန်သည်။ Recipes က အကန့်အသတ်တွေကို မြင်လာသည်။ ကဲ ဒီတစ်ခါတော့ Professional e-book တွေ၊ Reference Guide တွေ ဖတ်ဖို့ လိုလာပြီ။ အဲဒီလို Professional တွေ၊ Reference Guide တွေက ကောင်းလွန်းနေသည်။ ကောင်းလွန်းတော့ ခုမှ စလေ့လာမည့်သူတွေ အတွက် အင်မတန်လေးသည်။ ဒါကြောင့် Over View တွေ၊ How (ဘာကြောင့် လုပ်ရတယ်) ဆိုတာတွေကို အတိုင်းအတာ တစ်ခုအထိ သိပြီးမှ စသင့်သည်။ Professional တွေ၊ Reference တွေက How တွေ စုပြုံပေးတော့သည်။ ဒီတော့ အဲဒီလိုစာအုပ်မျိုးတွေကို ကိုယ်က အမှန်တကယ် သိချင်မှ ဖတ်တာ ကောင်းသည်။ မဟုတ်လျှင် အင်မတန် ပျင်းဖို့ ကောင်းနိုင်သည်။ ဟန်လုပ်ချင်သည် ဆိုရင်တော့ ဘာမှ မပြောလို။ ခုမှ စလေ့လာသည့် Beginner တစ်ယောက်က Professional စာအုပ်ကို ကိုင်ပါက ဟန်ပြရုံ၊ ခေါင်းခုအိပ်ရုံသာ ဖြစ်နေလိမ့်မည်။

ကဲ … ဒီအဆင့် ရောက်ပြီ ဆိုရင်တော့ ကိုယ့် အရည်အချင်းကို ကိုယ် ပြန်စမ်းသပ်ဖို့သာ ကျန်တော့သည်။ Real World Project တွေ အဓိက ပါဝင်သည့် e-book တွေ ရှာတော့ဟု ပြောရမည် ဖြစ်သည်။ Guided အနေနဲ့ သုံးပြီး Project တစ်ခုလုံးကို အစအဆုံး လုပ်ကြည့်ပါတော့။ ပထမ သူပြောတဲ့ Project တွေကို သေသေချာချာ လုပ်ကြည့်ဖို့ ညွှန်းလိုသည်။ နောက်မှ ကိုယ်ပိုင် စိတ်ကူးနှင့် ပုံဖော်လို့ပဲ ဖြစ်ဖြစ်၊ တစ်ခြား Project တွေကို လေ့လာပြီးပဲ ဖြစ်ဖြစ် ကိုယ်ပိုင် Project တွေ လေ့လာပါတော့။ ဒါပေမယ့် တစ်ခုတော့ ရှိသည်။ လေ့လာခဲ့သည့် အစအဆုံးကို ပြန်ကြည့်မည် ဆိုလျှင် Why ဆိုသော မေးခွန်းကိုတော့ အဖြေမပေးနိုင်ကြောင်း တွေ့ရမည် ဖြစ်သည်။ Why ကို သိမှသာ Project တစ်ခုလုံး အစအဆုံး သေသေချာချာ လုပ်နိုင်ပါလိမ့်မည်။ ဒါကြောင့် Why ကို ဆက်လေ့လာဖို့ ညွှန်းလိုသည်။ Why က ဘာတွေလဲ။ ကျွန်တော် Post အသစ်တစ်ခု ရေးပါဦးမည်။

ကိုယ်ရေးနေသည့် Project တွင် အခက်အခဲများ ရှိလာပါက အင်တာနက်ကို ကောင်းကောင်း အသုံးချတတ်ဖို့လိုလာပြီ ဖြစ်သည်။ သို့သော် အင်တာနက်ဆိုတာ ကိုယ်လိုချင်တာသာ ရှာဖို့ သုံးစေချင်သည်။ သူရှာပေးတာတွေ တစ်ခုပြီး တစ်ခုလိုက်ကြည့်ပြီး အချိန်အကုန် မခံသင့်ပေ။ အထူးသဖြင့် Tutorials ဆိုက်များကို လေ့လာသင့်သည်။ အွန်လိုင်းမှာ ပညာရှာပုံကတော့ ပြောစရာ တစ်ပုံတစ်ပင် ရှိသေးသည်။

ကျွန်တော်နှင့် စကားပြော ဖြစ်သော လူငယ်လည်း အတိုင်းအတာ တစ်ခုအထိ သဘောကျသွားမည်ဟု ထင်သည်။ သို့ပေမယ့် အပြောလွယ် သလောက် အမှန် တကယ်လေ့လာသည့်အခါ ဘာသာစကား အခက်အခဲ၊ လုံ့လဝီရိယ အားနည်းတာတွေကလည်း ရှိသေးသည်။ စာအုပ်တွေကို အကုန်အစင် မဖတ်နိုင်ပဲ လည်နေတတ်တာလည်း ရှိသေးသည်။ ဒီတော့ သင် တကယ်ဝါသနာပါသလား၊ တကယ်လေ့လာတော့မှာလား ဆိုတာ အရင်မေးသင့်သည်။ ဒါလေ့လာပြီးရင် ဘာရမှာလဲ ဆိုသည့်နေရာတွင် ငွေကြေး၊ လူအထင်ကြီးမှု စသည်ဖြင့် တစ်ခြားဟာတွေ မျှော်လင့် နေလို့ကတော့ ကန်တော့ဆွမ်းဟု ပြောရမည်။ Learner for learning လို့ပဲ ဆိုဆို၊ learning for learner လို့ပဲ ပြောပြော လေ့လာခြင်းအတွက် လေ့လာသူ၊ လေ့လာသူအတွက် လေ့လာခြင်းသာ ဖြစ်ရမည် ဖြစ်သည်။ သို့ မဟုတ်ပါက တစ်ခြား လိုအပ်ချက်များနှင့် တန်းညှိနေပြီး၊ ဥပမာ ငွေကြေး ဆိုတာတွေနဲ့ လိုက်ညှိနေပြီး အလုပ်မဖြစ်နိုင်တော့။ တကယ်တော့ နည်းပညာ ခေတ်ကြီးထဲတွင် တစ်သက်လုံး လေ့လာသွားဖို့ လိုသည် မဟုတ်ပါလား။

Facebook comments:

4 Responses

  1. [...] ဆိုသော အချက်ကိုတော့ How to learn from e-book Part I နဲ့ How to learn from e-book Part II ဆိုပြီး နှစ်ခု ရေးခဲ့ပြီး [...]

  2. aungbanthar says:

    ကိုသီဟရေးထားသလိုပဲ ကျွန်တော်လဲ အရင်က ၂ နှစ်လောက်ကိုအဲလိုဖြစ်နေခဲ့တာ စက်ထဲမှာထည့်ထားတာ ebook တွေ
    စုထားတာ အစုံပဲ ဘာသာရပ်အလိုက်တောင်ခွဲထားသေးတယ် နို့ပေမဲ့ ကျွန်တော်ဘာကို စိတ်ဝင်စားမှန်းကိုယ့်ကိုယ်ကို
    မသိဘူး အခုသိပြန်တော့လဲ အဲဒီဘာသာရပ်ရဲ့ စာအုပ်တွေက သောင်းခြောက်ထောင် ကျွန်တော်အကြံပြုခြင်တာကတော့
    introduction to ဘာဘာ beginner to အဲလိုစာအုပ်မျိုးတွေတစ်အုပ်ကိုပဲပြီးအောင်ဖတ်စေချင်ပါတယ် အဲဒီတစ်အုပ်ကို
    နားမလည်တာလဲဖတ် လည်တာလဲဖတ် စာအုပ်ဆုံးသွားရင် နောက်ထပ် ဘာဖတ်ရမလဲဆိုတာ ကိုယ့်ဟာကိုယ်သိလာမှာ
    ပါ ဘာမှမသိခင်မှာ ဟိုတစ်အုပ်ဖတ်လိုက် ဒီတစ်အုပ်ဖတ်လိုက်ဆိုရင် လောလောဆယ်ဖြစ်နေတဲ့ ပြသနာလောက်
    ကတော့ အဆင်ပြေနေဦးမှာပဲဗျ တကယ်ရေရေလည်လည်တတ်ဖို့တော့ အဲလိုမျိုးနဲ့ မဖြစ်နိုင်ဘူးဗျ ပြောချင်တာတော့
    ဘယ်ဘာသာရပ်ပဲလေ့လာလေ့လာ ပထမဆုံး စဖတ်တဲ့စာအုပ်ကိုပြီးအောင်ဖတ်စေချင်တာပါ (ကျွန်တော်လို အချိန်မကုန်
    စေချင်တာပါဗျာ သိလိုက်တဲ့အချိန်က ၂ နှစ်ကုန်သွားပြီ)

  3. stringlive says:

    ကို သီဟရေ ..

    EBooks တွေကို အလွယ်တကူ ခွဲခြား လေ့လာနိုင်အောင် မျှဝေပေးတဲ့ အတွက် ဒီ Post ကို ဖတ်နေသူတွေ အားလုံး ကိုယ်စား အထူးကျေးဇူးပဲ ဗျာ …

Leave a comment


*