သင့်ကလေးကို ကွန်ပျူတာနဲ့ ဘယ်လို မိတ်ဆက်မလဲ

သင့်ရဲ့ ကလေးကို ကွန်ပျူတာနဲ့ ဘယ်အရွယ်မှာ မိတ်ဆက်ပေးတာ မှားတယ်၊ ဘယ်အရွယ်မှာ မိတ်ဆက်ပေးတာ မှန်တယ်ဆိုပြီး အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကလေးကို စက်ဘီးတစ်စီး ပထမဦးဆုံး ဝယ်ပေးဖို့ ဆုံးဖြတ် ရသလိုပေါ့။ လမ်းကို သေသေချာချာ လျှောက်တတ်စ အရွယ်ကတည်းက ဘီးထောက်လေးတွေ ပါတဲ့ စက်ဘီးမျိုး ဝယ်ပေးမလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စက်ဘီးအတူတူ စီးနိုင်တဲ့ အရွယ်ကျမှ တကယ့် စက်ဘီးဝယ်ပေးမလား ကြိုက်သလို ဖြစ်နိုင်ပါတယ်။ အဲဒီလိုပါပဲ။ ကလေးကို မိသားစု ကွန်ပျူတာနဲ့ ဘယ်အရွယ်မှာ မိတ်ဆက်ပေးမယ် ဆိုတာ မိသားစု လူနေမှုပုံစံ၊ နည်းပညာအပေါ် ကိုယ့်ရဲ့ တန်ဖိုးထားမှု၊ အရေးအကြီးဆုံးက ကလေးရဲ့ အသင့်ဖြစ်မှု အပေါ်မှာ မူတည်နေပါတယ်။ ဒီဆောင်းပါးမှာ ကလေးတစ်ယောက်ကို ကွန်ပျူတာနဲ့ ဘယ်လို မိတ်ဆက်ပေး သင့်တယ်၊ ဘယ်လိုသုံးစေသင့်တယ်၊ အင်တာနက်ကို ဘယ်လိုသုံးစေသင့်တယ် စသည်ဖြင့် ရေးသွားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာနှင့် စတင် မိတ်ဆက်ခြင်း

မိသားစု လူနေမှုပုံစံအပေါ်မှာ မူတည်တယ်လို့ အပေါ်မှာ ပြောခဲ့ပါတယ်။ ကိုယ့် မိသားစု လူနေမှုပုံစံက နည်းပညာ ပစ္စည်းတွေနဲ့ ဝန်းရံထားတယ်၊ နေရာတကာ ကွန်ပျူတာ မပါရင် မပြီးဘူးဆိုတဲ့ အနေအထားမှာ ကလေးကို မျက်စိပွင့်ကတည်းက သူ့ဓာတ်ပုံလေးတွေ ကွန်ပျူတာပေါ်မှာ iPad ပေါ်မှာ ပြပေးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ကလေးတစ်ယောက်ဟာ အနည်းဆုံး ၆ လ အရွယ်ရှိမှ စက်ပစ္စည်း ကိရိယာတွေကို ကောင်းကောင်း သိနိုင်စွမ်းရှိပါတယ်။ အဲဒီလို ခြောက်လ ကျော်လာပြီဆိုတာနဲ့ အရောင်တွေ၊ ဓာတ်ပုံတွေ၊ အသံတွေကို သိနိုင်စွမ်းရှိလာပါပြီ။ အဲဒီတော့ ကွန်ပျူတာပေါ်မှာ iPad စတာတွေ အပေါ်မှာ အရောင်လေးတွေ ပြပေးတာမျိုး၊ ဓာတ်ပုံလေးတွေ ပြပေးတာမျိုး၊ သီးချင်လေးတွေ ဖွင့်ပေးတာမျိုး လုပ်ပြီး ကလေးကို မိတ်ဆက်ပေးလို့ ရပါပြီ။

ကလေးတစ်ယောက်ဟာ အသက် ၁ နှစ်ကနေ ၂ နှစ်အတွင်း အကြောင်းအကျိုး ဆက်စပ်မှု သဘောတရားတွေကို နားလည်နိုင်စွမ်း ရှိလာပါတယ်။ ကီးဘုတ်ကို နူးနူးညံ့ညံ့ ကိုင်တွယ်ဖို့ လိုတယ်ဆိုတာမျိုးကအစ သိလာပါပြီ။ အဲဒီလို အရွယ် ကလေးတွေအတွက် ခလုပ်ကလေးတွေ ထိရုံတို့ရုံနဲ့ ကစားလို့ရတဲ့ ဂိမ်းလေးတွေ ရှိပါတယ်။ လက်နဲ့ ထိလိုက်တဲ့ အချိန်မှာ ပန်းတွေ ပွင့်လာတာမျိုး၊ တစ်ခုခု ကလေးတွေ စိတ်ဝင်စားမယ့် အရာတွေ ဖြစ်လာတာမျိုး ဂိမ်းလေးတွေ ဆော့ခိုင်းလို့ ရပါတယ်။ ကလေးကလည်း သဘောကျတယ်၊ စိတ်ဝင်စားတယ်ဆိုရင် ကီးဘုတ်ကို ဘယ်လိုသုံးရတယ်၊ Mouse ကို ဘယ်လိုသုံးရတယ် စသည်ဖြင့် အခြေခံအဆင့် သင်ပေးလို့ ရပါပြီ။ ဒါပေမယ့် အရမ်းတော့ မျှော်လင့်မထားပါနဲ့။ အသက် ၁နှစ်ကနေ ၂နှစ်အတွင်းဆိုတာ စူးစမ်းတတ်တဲ့ အရွယ်သာ ရှိသေးပြီး သင်ယူတတ်တဲ့ အရွယ် မဟုတ်သေးပါဘူး။ ဒါကြောင့် ကီးဘုတ်တွေ Mouse တွေကို ကောင်းကောင်း ကိုင်နိုင်မှာ မဟုတ်သေးပါဘူး။

လူကြီးအကူအညီဖြင့် Software များ အသုံးပြုစေခြင်း

ကလေးတွေ အသက် ၃ နှစ်ကနေ ၄ နှစ်အတွင်း ရောက်လာပြီ ဆိုရင်တော့ တကယ့် Software တွေဖြစ်တဲ့ ပုံပြင်ပြောပြတဲ့ ဂိမ်းတွေ၊ ဉာဏ်စမ်းဂိမ်းတွေ စသည်ဖြင့် စသုံးဖို့ အသင့်ဖြစ်ပါပြီ။ အဲဒီအရွယ်မှာ ကီးဘုတ်ကို ဘယ်လိုကိုင်မယ်၊ Mouse ကို ဘယ်လို သုံးမယ် သင်ပေးလို့ ရပါပြီ။ ကီးဘုတ်က ဘာအတွက် Mouse က ဘာအတွက် ဆိုတာတွေကိုလည်း သိအောင် ပြောလို့ရပါပြီ။ စာလုံးလေးတွေကို သိနိုင်စွမ်းလည်း ရှိလာပါပြီ။ အဲဒီအရွယ်တွေအတွက် ကွန်ပျူတာ Software တွေကလည်း အများကြီး ရှိပါတယ်။ သင့်တော်သလို မိတ်ဆက်ပေးပြီး သုံးခိုင်းလို့ ရပါပြီ။ အများစု Focus လုပ်တဲ့ အဓိကထားတဲ့ ပုံစံတွေကတော့ အရောင်တွေ အကြောင်း၊ ပုံသဏ္ဍန်တွေ အကြောင်း၊ စာလုံးတွေ အကြောင်း၊ ဂဏ္ဍန်း နံပါတ်တွေ အကြောင်း စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အလေ့အကျင့် ပေးလေ့ရှိလဲဆိုရင် အရောင်တူတွေ အုပ်စုခွဲမယ်၊ စာလုံးတွေ ပြန်စီမယ်၊ အကြီး အသေးရွေးမယ်၊ ပုံစံတူတွေ ခွဲမယ် စတာတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီအပြင် တစ်ခုနဲ့ တစ်ခု လိုက်ဖက်ညီတဲ့ ပုံစံတွေကို ခွဲခြားနိုင်စွမ်းရှိအောင် သင်ပေးလို့ ရပါတယ်။ ၃ နှစ် ၄ နှစ်အရွယ်ဆိုတာ သီချင်းသံတွေ အနုပညာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီး ပုံဆွဲတာတွေ၊ အရောင်ချယ်တာတွေ ကိုလည်း သင်နိုင်စွမ်း ရှိလာပြီလို့ ဆိုပါတယ်။ လူကြီးတစ်ယောက် အကူအညီနဲ့ပဲ ကွန်ပျူတာ ကိုင်သင့်တဲ့ အရွယ်မှာ ကလေးကို စနစ်တကျ တည်ဆောက်ထားတဲ့ သင်ထောက်ကူပြု Software တွေ (အများစုကတော့ အမှား/အမှန် ခွဲခြားခိုင်းတာ များပါတယ်)နဲ့ လွပ်လွပ်လပ်လပ် လေ့လာလို့ရတဲ့ စူစမ်းလို့ရတဲ့ Software တွေကို ဘက်မျှအောင် စီစဉ်ပေးဖို့ လိုပါတယ်။ သူတို့ ဘာတွေ ဖန်တီးလို့ရလဲ၊ ဘယ်လို စူးစမ်းလေ့လာလို့ ရလဲဆိုတဲ့ အချက်တွေကိုလည်း သိအောင် လုပ်ပေးဖို့ လိုပါတယ်။

အဲဒီအရွယ်က စလို့ ကွန်ပျူတာနဲ့ မိတ်ဆက်ပေးတဲ့ နေရာမှာ အရေးအကြီး သတိပြုရမယ့် အချက်ကတော့ ကွန်ပျူတာ ကိုင်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် သင်ပေးဖို့ပါ။ အချိန်အကြာကြီး ကွန်ပျူတာကို မကိုင်စေသင့်ပဲ၊ အချိန်အကန့်အသတ်တစ်ခုနဲ့ သုံးခိုင်းတာမျိုး ဖြစ်သင့်ပါတယ်။ အနေအထားမှန်ကန်စွာ ထိုင်တတ်အောင် မော်နီကို အကွာအဝေးမှန်မှန် ကြည့်တတ်အောင် သင်ပေးဖို့ လိုပါတယ်။ ခုခေတ်မှာတော့ iPad လို Tablet ကွန်ပျူတာတွေ ပေါ်လာပြီ ဖြစ်တဲ့အတွက် ကလေးတွေအတွက် ကွန်ပျူတာနဲ့ မိတ်ဆက်ပေးတဲ့ နေရာမှာ အရင်ထက် ပြည့်စုံတဲ့ ဝန်းကျင်တစ်ခု ဖြစ်လာနေပါပြီ။ ကလေးတွေ အလွယ်တကူ ထိတွေ့ပြီး သင်ယူနိုင်ဖို့ အခွင့်အရေးတွေ ရှိလာနေပါပြီ။

Software များကို လွတ်လွတ်လပ်လပ် အသုံးပြုစေခြင်း

ခုခေတ်မှာ ကလေးတွေအတွက် Software Packages တွေ အများကြီး ရှိနေပါတယ်။ စာကို တစ်လုံးမှ ဖတ်စရာမလိုပဲ ကလေးတွေအတွက် အဆင်ပြေအောင် လုပ်ထားတတ်ကြပါတယ်။ ကလေးအနေနဲ့လည်း Mouse ကို ဘယ်လို သုံးမယ်ဆိုတာ ကောင်းကောင်းသိနေပြီ သုံးလည်း သုံးတတ်နေပြီ ဆိုရင် ကွန်ပျူတာကို လူကြီး အကူအညီမပါပဲ သူတို့လေးတွေ ကိုယ်တိုင် သုံးလို့ရတဲ့ အရွယ်ရောက်ပြီးလို့ သတ်မှတ်နိုင်ပါတယ်။ အများအားဖြင့်တော့ အသက် ၄ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ မူကြိုကျောင်းသုံး Software လေးတွေကို လူကြီး အကူအညီမပါပဲ သုံးနိုင်ကြပါတယ်။ သင့်အနေနဲ့ သင်ပေးချင်တယ် ဆိုရင်တော့ ကွန်ပျူတာကို ဘယ်လိုဖွင့်ရတယ်၊ ဘယ်လို ပိတ်ရတယ် လောက် သင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ သင်ပေးစရာ မလိုပဲ တတ်ကြပါလိမ့်မယ်။ သူတို့လေးတွေ ကြိုက်နှစ်သက်တဲ့ Software တွေကို ဘယ်လိုဖွင့်မယ်က အစ တစ်ခါပြလိုက်ရုံနဲ့ တတ်ကြပါတယ်။ အဲဒီအရွယ်မှာ မိသားစု ကွန်ပျူတာ သုံးတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်လေးတွေ ချထားသင့်ပြီး သုံးချင်ရင် ခွင့်တောင်းပြီးမှာ သုံးစေတာမျိုး ဖွင့်သင့်တဲ့ Software ကို ကန့်သတ်ထားတာမျိုးတွေ လုပ်ထားဖို့ လိုပါတယ်။ ကလေးကိုလည်း လိုက်နာတတ်အောင် သင်ပေးထားရပါမယ်။

လူကြီးအကူအညီဖြင့် အင်တာနက်သုံးစေခြင်း

Website တော်တော်များများကို အသုံးပြုမယ်ဆိုရင် စာဖတ်နိုင်စွမ်း အနည်းနှင့်အများ လိုအပ်လေ့ရှိပါတယ်။ ဒီတော့ ကလေး တစ်ယောက်အနေနဲ့ ရိုးရှင်းတဲ့ စာကြောင်းလေးတွေကို မဖတ်နိုင်သေးတဲ့ အရွယ်မှာ အင်တာနက် သုံးဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒီလို မဖတ်နိုင်ဘူးဆိုတာလဲ First Grade လောက်မှာပါ။ အဲဒီနောက်ပိုင်းတော့ ရိုးရိုးရှင်းရှင်းစာတွေကို ဖတ်နိုင်လာပါတယ်။ သို့သော်လည်း စာသိပ်ဖတ်စရာမလိုတဲ့ လူကြီးတစ်ယောက် အကူအညီနဲ့ သုံးလို့ရပြီး ကလေးတွေနဲ့ သင့်တော်တဲ့ Website တွေ ရှိနေပါတယ်။ အဲဒီလို နေရာတွေကို သင်နဲ့အတူ ကလေးကို သုံးခိုင်းလို့ ရပါတယ်။ ကလေးက ရိုးရှင်းတဲ့စာတွေ ဖတ်နိုင်ပြီ၊ လူကြီးတစ်ဦး အကူအညီနဲ့ အင်တာနက်လည်း သုံးနိုင်ပြီ ဆိုရင် အင်တာနက် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်ကလေးတွေ သင်ပေးလို့ရပါပြီ။ ကလေးတွေ အရွယ်နဲ့ သင့်တော်တဲ့ Website တွေကို ရွေးချယ်ပြီး သုံးခိုင်းလို့ရပါပြီ။ ဘေးကနေ အကူအညီပေးဖို့တော့ လိုဦးမှာ ဖြစ်ပါတယ်။ အကူအညီပေးဖို့ လိုနေသေးတဲ့ အရွယ်အထိ၊ သူတို့ဘာသာ လွတ်လွတ်လပ်လပ် မသုံးချင်သေးတဲ့အထိ လူကြီး အကူအညီနဲ့ အင်တာနက်ကို သုံးစေသင့်ပါတယ်။ မဝင်သင့်တဲ့ Website တွေကို မဝင်အောင်၊ မိသားစုဆိုင်ရာ စည်းကမ်းတွေကို ချမှတ်ထားပြီး ဘေးကနေ စနစ်တကျ ထိန်းသိမ်းပေးဖို့ အင်မတန် အရေးကြီးပါတယ်။ ကွန်ပျူတာ ကိုင်နေတာပဲ လွတ်ထားလိုက်ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

အဲဒီလို အင်တာနက်ကို စတင်အသုံးပြုတဲ့ အချိန်မှာ ကလေးတွေ အနေနဲ့ သူတို့စိတ်ဝင်စားတဲ့ အရာလေးတွေကို သိမ်းထားချင်တာ မှတ်တမ်းလေးတွေ ရေးချင်တာ စတဲ့ စိတ်ဝင်စားမှုတွေ ပြလာနိုင်ပါတယ်။ အဲဒီလို သိမ်းထားချင်တာတွေ ရှိလာရင် မှတ်ထားချင်တာတွေ ရှိလာခဲ့ရင် ကွန်ပျူတာမှာ ဘယ်လို သိမ်းရမယ်၊ တစ်ယောက်နဲ့ တစ်ယောက် သိမ်းထားတဲ့ ဖိုင်တွေအပေါ်မှာ ဘယ်လို ထိန်းသိမ်းရမယ် စသည်ဖြင့် Privacy နဲ့ ပတ်သက်တာတွေ သင်ပေးနိုင်ပါတယ်။ စာအုပ်မှာ ဒိုင်ယာရီ ရေးသလိုပေါ့ သူများတွေ မဖတ်စေလိုတာတွေ ရှိမယ်ဆိုတာ သူတို့လေးတွေ သိအောင်လုပ်ပေးပါ။ သူတို့လေးတွေ ရေးထားတဲ့ သိမ်းထားတဲ့ အရာတွေ အပေါ်မှာ Fully Private လုံးဝသီးသန့်ဖြစ်အောင် ဖန်တီးပေးမလား သိမ်းခွင့် ပေးမလားဆိုတာကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် Privacy ကို လေးစားတတ်ဖို့ဆိုတာ ငယ်စဉ်ကတည်းက သင်ပေးရမယ့် ကိစ္စဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ငါရေးလိုက်လို့ အဖေသိသွားရင်၊ အမေသိသွားရင် ဆိုတဲ့ စိုးရိမ်စိတ်တွေ မဖြစ်စေပဲ လွပ်လွပ်လပ်လပ် ရေးသား၊ သိမ်းဆည်းစေပြီး တစ်ဖက်လှည့်နဲ့ ထိန်းသိမ်းပေးသင့်ပါတယ်။

ဆက်ပါဦးမယ် …

Facebook comments:

4 Responses

  1. Aung Aung says:

    ကောင်းလိုက်တဲ့ စာမူဗျာ . . . နောက် လေး၊ငါး နှစ်လောက်ကျရင် လက်တွေ့ အသုံးပြုနိုင်အောင် မှတ်သားသွားပါတယ်ဗျာ :D

  2. [...] ကွန်ပျူတာနဲ့ ဘယ်လို မိတ်ဆက်မလဲ (၁) နဲ့ (၂) ပါ။ အဲဒီမှာ ကျွန်တော် [...]

Leave a comment


*