သင့်ကလေးကို ကွန်ပျူတာနဲ့ ဘယ်လို မိတ်ဆက်မလဲ (၂)
ပထမဦးဆုံး အီးမေးလ်နှင့် ပိုအဆင့်မြင့်သော Software များ
ကလေးက ကြီးလာတာနဲ့အမျှ အီးမေးလ် အကောင့်တစ်ခု လိုချင်တယ်လို့ ပူဆာလာပါလိမ့်မယ်။ သူတို့ အဓိက ဆက်သွယ်လိုတာက အပြင်လောကက သူငယ်ချင်းတွေနဲ့ ဖြစ်ချင်လည်း ဖြစ်မယ်၊ မိသားစုချင်း၊ ဆွေမျိုးအချင်းချင်း ဆက်သွယ်လိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ အီးမေးလ်တွေဟာ စာဖတ်နိုင်စွမ်းရည် အတန်အသင့် မြင့်မားသလို စာရေး စာပြန်နို်င်ဖို့လည်း လိုပါတယ်။ အများအားဖြင့် ကလေးတွေ အီးမေးလ်တစ်ခု လိုချင်တယ် ဆိုတဲ့ အရွယ်ဟာ Grade 2 ကနေ Grade 3 အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ကျွန်တော့် သမီးလေးကတော့ သူငယ်တန်းပဲ ရှိသေးတယ် အီးမေးလ် ဆောက်ပေးဖို့ ပြောနေပါတယ်။ သူ့သူငယ်ချင်းကို စာရေးမလို့တဲ့။ ဒါပေမယ့် သူ့သူငယ်ချင်း ကတော့ အီးမေးလ်ဆိုတာ ဘာမှန်းတောင် မသိလောက်သေးပါဘူး။ တကယ်တော့ အဲဒီ Grade 3 အရွယ်အထိဟာ အီးမေးလ် သုံးသင့်တဲ့ အရွယ်မဟုတ်သေးဘူးလို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။ သို့သော်လည်း လူကြီးတစ်ယောက် က ကလေးနဲ့ မသင့်တော်တဲ့ Spam Mail တွေ ဖျက်မယ်၊ တည်းဖြတ်ပေးမယ်၊ ဖတ်ပြပေးမယ် ဆိုရင်တော့ သုံးလို့ရနိုင်ချေ ရှိပါတယ်။ Spam Mail အတော်များများဟာ ကလေးတွေနဲ့ မသင့်တော်တာတွေ များပါတယ်။ ကလေးကတော့ သူ့ အီးမေးလ်ထဲ ရှိသမျှ ဖွင့်ကြည့်မှာပါပဲ။ အဲဒီလိုမျိုး အခြေအနေတွေ မရောက်အောင် လူကြီးတစ်ယောက်ရဲ့ အကူအညီကို ရယူဖို့ အင်မတန် အရေးကြီးပါတယ်။
ကလေးတွေကို အီးမေးလ် သုံးခိုင်းမယ်ဆိုရင် အပြင်လောကနဲ့ တိုက်ရိုက်ဆက်သွယ်စေတာမျိုး မဖြစ်စေသင့်ပဲ၊ အန်တီ၊ ဦးလေး၊ အဖိုး၊ အဖွား စသည်ဖြင့် ဆွေးမျိုးများနှင့်သာ ချိတ်ဆက် ပေးထားတာမျိုး၊ သူငယ်ချင်းများနဲ့ ဆက်သွယ်မယ် ဆိုရင်လဲ လူကြီးတစ်ဦး အကူအညီ မပါပဲ မဆက်သွယ်စေတာမျိုးသာ ဖြစ်သင့်ပါတယ်။ အဲဒီအပြင် အပေါ်မှာ ပြောခဲ့သလို Spam Mail တွေကို ကလေးတွေ မဖွင့်မိစေဖို့ အထူးဂရုပြုရပါလိမ့်မယ်။ Web Mail တွေဖြစ်တဲ့ Gmail တို့ Yahoo Mail တို့ကို ကလေးတွေကို အသုံးပြုခိုင်းမယ်ဆိုရင် သူသုံးနေတဲ့ အချိန်အတွင်းမှာ Spam Mail တွေ၊ တစ်ခြား ကလေးနဲ့ မသင့်တော်တဲ့ အီးမေးလ်တွေ ဝင်လာနိုင်ပါတယ်။ အဲဒီလိုမျိုး အခြေအနေတွေ ရှိနိုင်တဲ့အတွက် Web Mail တွေဟာ ကလေးတွေအတွက် Safe မဖြစ်ပါဘူး။ ဒါကြောင့် ကလေးတွေကို အီးမေးလ် သုံးခိုင်းမယ်ဆိုရင် Outlook လို Email ကို Download ချလို့ရတဲ့ စနစ်တွေနဲ့သာ သုံးစေသင့်ပါတယ်။ ဒါမှ မလိုတာတွေကို ကြိုတင်ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်။ အဲဒီလို အီးမေးလ်တွေမှာ Download ချခွင့်ကို ကန့်သတ်လို့လည်း ရနိုင်တဲ့အတွက် ကလေးတွေ တိုက်ရိုက်သုံးတာမျိုးကို အကာအကွယ် ပေးနိုင်ပါတယ်။ ကျွန်တော့် အသိတစ်ယောက်ကတော့ သူ့ကလေး လေးတန်းက Gmail သုံးနေကြောင်း အွန်လိုင်းပေါ်မှာတော့ သူ့အသက်ကို ၁၆ နှစ်ဟုပြောကြောင်း ကောင်မလေးများနှင့်သာ စကားပြောကြောင်း ဂုဏ်ယူစွာ လာပြောဖူးပါတယ်။ သူ့အတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ ရင်လေးစရာ ဖြစ်နေပါတယ်။
သူတို့လေးတွေ အီးမေးလ်တွေဖွင့်ဖတ်တဲ့ နေရာမှာ Privacy ဆိုတာကို အလိုရှိကြမှာ သေချာပါတယ်။ ဘေးနားမှာ အဖေက လာကြည့်နေတာမျိုး၊ အမေက လာကြည့်နေတာမျိုး ကြာလာတာနဲ့အမျှ မလိုလားတဲ့ လက္ခဏာတွေ ပြလာပါလိမ့်မယ်။ ဒါကြောင့် အကူအညီပေးသူ လူကြီးအနေနဲ့ ကလေးတွေရဲ့ Privacy ကို အလေးထားပြီး ကူညီပေးဖို့ လိုပါတယ်။ အစောကတည်းက စိတ်မချရနိုင်တဲ့ ဝန်းကျင်၊ အပေါင်းအသင်းတွေကို ဖယ်ရှားပြီး ဖြစ်နေဖို့လိုပါတယ်။ အဲဒီလို ကြိုတင်ကာကွယ်မှု အပြည့်ယူထားပြီး ကလေးတွေအတွက် Privacy ကို တစ်ဖြည်းဖြည်းချင်း အသိအမှတ်ပြု လျော့ချ ပေးရပါမယ်။ စိတ်မချနိုင်စရာတွေကို Privacy မထိခိုက်နိုင်တဲ့ နည်းလမ်းတွေ သုံးပြီး တစ်ဖက်လှည့်နဲ့ ထိန်းကျောင်း ပေးသင့်ပါတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ Privacy ဆိုတာ ငယ်စဉ်ကတည်းက နားလည်အောင် သင်ကြား ပေးရတာမျိုးပါ။ Privacy အကြောင်းသိတဲ့ Privacy ကို အပြည့်အဝ လေးစားခံရတဲ့ ကလေးတွေဟာ မိမိကိုယ်ကို ယုံကြည်မှုအရာမှာ သူများတွေထက် ထူးချွန်တတ်ကြပါတယ်။ သူတစ်ပါးရဲ့ Privacy ကိုလည်း လေးစားတတ်ကြပါတယ်။ ဒါမှလည်း နိုင်ငံကြီးသား ပီသတဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်ကြပါတယ်။ Privacy ဆိုတာ လူတစ်ဦးချင်းစီရဲ့ အခြေခံအကျဆုံး လုံခြုံမှုဆိုတာ သိထားဖို့ လိုပါတယ်။
ကလေးတွေ အီးမေးလ်သုံးတာ အချိန်ကြာလာတာနဲ့အမျှ Spam Email တွေအကြောင်း အခြား လိုက်နာသင့်တဲ့ စည်းကမ်းတွေ အကြောင်းကို စနစ်တကျ ဖြည်းဖြည်းချင်း သင်ပေးသွားဖို့လည်း လိုအပ်ပါတယ်။ အွန်လိုင်းမှာ Register လုပ်တာကအစ လိုက်နာရမယ့် စည်းကမ်းတွေကို သင်ပေးရပါမယ်။ သူတို့လေးတွေ အဆင်မပြေတာတွေ တွေ့လာလို့ မေးလာတဲ့ အခါမှာလည်း စိတ်ရှည်ရှည်ထားပြီး သင်ကြားပေးဖို့ လိုပါတယ်။ လူကြီးတွေ အနေနဲ့ အီးမေးလ် သုံးတဲ့ ကိစ္စဟာ ထမင်းစား ရေသောက်ကိစ္စ ဖြစ်ပေမယ့် ကလေးတွေအတွက်က အင်မတန် အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါမယ်။ အဲဒီလို စနစ်တကျ သင်ပေးထားတဲ့ ကလေးတွေမှာ အီးမေးလ်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်း ပိုမိုမြင့်မားကြောင်း တွေ့ရပါတယ်။
အီးမေးလ်ကို ကောင်းကောင်း သုံးတတ်ပြီ ဆိုတဲ့အရွယ်ဟာ ကလေးတွေအတွက် အခြေခံ ပညာရေးဆိုင်ရာ Software တွေကို စွန့်ခွာပြီး အခြား မိသားစုသုံး Software တွေကို ချဉ်းကပ်ဖို့ အချိန်တန်ပြီလို့ ဆိုနိုင်ပါတယ်။ Simulation Game တွေ ဖြစ်တဲ့ အပြင်မှာ တကယ်လုပ်နေရသလို ခံစားရတဲ့ Game တွေ ဆော့ခိုင်းလို့ရပါပြီ။ လေယဉ်မောင်းတာမျိုး ကိုယ်ပိုင် တိရိစ္ဆာန်ရုံကို တည်ဆောက်ခိုင်းတာမျိုး စတဲ့ ဂိမ်းတွေပေါ့။ အဲဒီအရွယ် ကလေးငယ်တွေအတွက် ပျော်စရာတွေ တစ်ပုံကြီးပေါ့။ အခြား ထူးခြားဆန်ကျယ်မှု အသားပေးတဲ့ ဂိမ်းတွေ၊ ဉာဏ်စမ်း ပဟေဋ္ဌိတွေ၊ ဒီဇိုင်းချတဲ့ ဂိမ်းတွေ စသည်ဖြင့် သားတို့ သမီးတို့ အရွယ်နဲ့ ကိုက်တဲ့ ဂိမ်းတွေ တစ်ပုံကြီး ရှိနေပါတယ်။ အင်မတန်လည်း ပျော်စရာ ကောင်းပါတယ်။ ကလေးနဲ့ အတူတွေ ဂိမ်းတွေ ဆော့ပေးမယ်၊ သူတို့လေးတွေကလည်း စာဖတ်စွမ်းရည်ကို မြှင့်တင်မယ်နဲ့ တစ်ဖြည်းဖြည်းနဲ့ ကလေးတွေရဲ့ ဉာဏ်ရည် အဆင့်အတန်တွေ မြင့်မားလာတာကို လက်တွေ့ခံစား သိရှိနိုင်ပါလိမ့်မယ်။ ကလေးတွေ အနေနဲ့ Software တွေ သုံးရတာ အဆင်ပြေပြေ ရှိလာတာနဲ့အမျှ လူကြီးက အကူအညီပေးနေတာကို တဖြည်းဖြည်း လျော့ချလာရပါမယ်။ သူတို့လေးတွေ လွပ်လွပ်လပ်လပ် ဆော့ကစားပါစေ။ ဒါပေမယ့် ဘယ်လို အချိန် အကန့်အသတ် ထားရမယ်၊ ဘယ်လို စည်းကမ်းတွေ လိုက်နာရမယ်ဆိုတာတွေကို ပြောဖို့ ချမှတ်ဖို့ မမေ့ပါနဲ့။
အဲဒီအရွယ်က စလို့ ကလေးတွေ အနေနဲ့ Virtual World နဲ့ Real World ကို မျှမျှတတ နေတတ်အောင် သင်ပေးဖို့ လိုလာပါပြီ။ Virtual World ဆိုတာ ကွန်ပျူတာထဲက သူတို့ ကမ႓ာပါ။ Real World ဆိုတာတော့ သူတို့လေးတွေ ကျောင်းသွားမယ်၊ သူငယ်ချင်းတွေနဲ့ ကစားမယ်၊ ဆွေမျိုးတွေ အိမ်သွားလည်မယ် စသည်ဖြင့် အပြင် လူနေမှု ပုံစံပါ။ ဒီ ကမ႓ာနှစ်ခုကို မျှတအောင် နေတတ်ဖို့ သင်ပေးရတော့မယ် အချိန်ပါ။ အစပိုင်း ကွန်ပျူသုံးခါစ အချိန်မှာ စိတ်ပါမှသာ ကွန်ပျူတာရှေ့ ထိုင်တတ်ကြပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ ကွန်ပျူတာ ရှေ့က အတင်း ထခိုင်းရတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ Virtual World ထဲမှာ သူတို့ ဖြစ်ချင်တာတွေကို ပုံဖော်ရင်း မျောနေတတ်ကြပါတယ်။ Real World နဲ့ တစ်ဖြည်းဖြည်း အဆက်ပြတ် လာတတ်ပါတယ်။ ဒါကြောင့် လူကြီးတွေအနေနဲ့ အားကစား ကျန်းမာရေးက စလို့ ကလေးတွေအတွက် အသေးစိတ် မျှတအောင် ပြုစုပျိုးထောင်ပေးဖို့ အရေးတကြီး လိုအပ်လာပါပြီ။
ဒါပေမယ့် ကျွန်တော့် အမြင်အရတော့ ဒီနေရာမှာ လူကြီးတွေက အဲဒီလို ဘက်မျှအောင် ပြုပြင်ပေးဖို့ နေနေသာသာ ကလေးတွေ ကွန်ပျူတာကိုင်နေတာပဲ ဂရုစိုက်စရာမလိုဘူးဆိုပြီး ပစ်ထားတတ်ပါတယ်။ အလုပ်တွေ ရှုပ်နေတဲ့ အတွက်လည်း ကလေးငြိမ်နေရင် ပြီးရောဆိုပြီး သဘောထားတတ်ကြပါတယ်။ အဲဒီလို မိဘတွေအတွက် သတိပေးလိုတာက ကိုယ့်ကလေးကို အစစ်အမှန် ကမ႓ာကြီးနဲ့ ဝေးရာကို တွန်းပို့နေတာပါလားလို့ သိစေလိုပါတယ်။ အစစ်အမှန်ကမ႓ာကြီးနဲ့ ဝေးရာကို သွားနေတဲ့ ကလေးအတွက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာတော့ မိဘတွေ တွေးကြည့်ရင် သိလောက်ပါပြီ။
အီးမေးလ် အသုံးပြုခြင်းနှင့် အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစေခြင်း
ကလေးလည်း အသက်အရွယ် အတန်အသင့်ရောက်လာပြီ ကွန်ပျူတာလည်း ကောင်းကောင်း သုံးတတ်နေပြီ၊ အီးမေးလ်လည်း ကောင်းကောင်း သုံးတတ်နေပြီ ဆိုတဲ့အရွယ် ရောက်လာတဲ့အခါ လူကြီး မိဘတွေအနေနဲ့ ကလေးကို ဘယ်လို Software မျိုး ဝယ်ပေးရမှန်း မသိတဲ့ ပြဿနာ ဖြစ်လာပါလိမ့်မယ်။ အဲဒီလို အချိန်ရောက်ရင် လူကြီးမိဘတွေ အနေနဲ့ ကလေး ဘာစိတ်ဝင်စားလဲဆိုတာကို အကဲခတ်လို့ရနေပါပြီ။ ကလေးက ပုံတွေဆွဲရတာ ဝါဿနာပါသလား၊ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို စိတ်ဝင်စားတာလား၊ ဒါမှမဟုတ် Computer Program တွေ ရေးရတာ ဝါသနာပါသလား စသည်ဖြင့် လေ့လာနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောလိုတာက တစ်ချို့ မိဘတွေရဲ့ အမြင်မှားတွေပါ။ ကလေးတွေ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်း ပြုမှသာ ကွန်ပျူတာကိုင်သင့်တယ်လို့ ယူဆကြတာပါ။ တကယ်တန်း ကွန်ပျူတာဆိုတာ အသက်မွေးမှ မဟုတ်ပါဘူး။ နေရာတကာ ပါဝင်ပတ်သက်နေပါတယ်။ Computer နဲ့ ဖက်နေတိုင်း ကွန်ပျူတာနဲ့ အသက်မွေးမှာ မဟုတ်သလို ကွန်ပျူတာနဲ့ မဖက်လည်း အသက်မွေးချင် မွေးရနိုင်ပါတယ်။ အဓိက စိတ်ဝင်စားမှုပါ။ သူတို့လေးတွေ ဘာကိုစိတ်ဝင်စားသလဲ ကွန်ပျူတာ ဖန်သားပြင်ကနေ တစ်ဆင့် သူတို့ ဘာတွေ မြင်ချင်တာလဲ၊ ကြားချင်တာလဲ၊ သိချင်တာလဲ ဒါတွေ အပေါ် အခြေခံပါတယ်။ ကလေးက ခန္ဒာဗေဒဆိုင်ရာတွေ သိချင်တယ် ဆိုရင် အဲဒါနဲ့ ပတ်သက်တဲ့ Software တွေ ဝယ်ပေးနိုင်ပါတယ်။ တစ်ခြား သိပ္ပံစမ်းသပ်မှု ဆိုင်ရာတွေဆိုရင် အဲဒါနဲ့ ပတ်သက်တာတွေ တစ်ပုံကြီးပါ။ ဒီလိုမှမဟုတ်ပဲ Program ရေးရတာတွေ ဝါသနာပါတယ်ဆိုရင် Alice လို့ Scratch လို့ Software တွေ သင်ပေးနိုင်ပါတယ်။ အဲဒီအချိန်မှာ သူတို့ စိတ်ဝင်စားတဲ့ လမ်းကြောင်းအတိုင်း လူကြီးတွေ ဖြည့်ဆည်း ပေးရုံပါပဲ။ လမ်းညွှန်တဲ့ နေရာကနေ တည့်မတ်ပေးတဲ့ ဖေးမကူညီပေးတဲ့ အဆင့်ကို ပျော်ပျော်ကြီး ဆင်းပေးလိုက်ပါ။ မဆင်းလို့လည်း မရပါ။ အဲဒီအချိန်မှာ ကလေးတွေ တစ်ချို့သုံးတာတွေကို လူကြီးတွေတောင် နားမလည်တဲ့ ပြန်သင်ရတဲ့ အနေအထား ရောက်နေမှာ ဖြစ်လို့ပါ။
Virtual World နဲ့ Real World အားပြိုင်မှုက ပြင်းထန်သထက် ပြင်းထန်လာမှာ ဖြစ်သလို ကလေးတွေရဲ့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်လိုမှုကလည်း လူကြီးတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာပါလိမ့်မယ်။ နေရာတကာ လိုက်ပြောနေတာပဲ အဖေကတော့ မမိုက်ပါဘူး၊ အမေကတော့ မမိုက်ပါဘူး စသည်ဖြင့် မြင်လာပါလိမ့်မယ်။ ဂိမ်းမဆော့နဲ့ဆို ဆော့မယ်၊ မလုပ်နဲ့ဆို ရအောင်ကို လုပ်မယ် စသည်ဖြင့် ဆန့်ကျင်တာတွေ ကြံုလာရပါမယ်။ အဲဒီလို အခြေအနေအတွက် လူကြီးတွေကို အကြံပေးချင်တာက ကိုယ်တိုင်ကရော အဲဒီလို ဘဝမျိုး မဖြတ်သန်းခဲ့ရဘူးလား။ ကိုယ်လည်း ဖြတ်သန်းခဲ့ရမှာပါပဲ။ အဲဒီလို ဖြတ်သန်းခဲ့ရတုန်းက ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြန်လည်း သုံးသပ်ကြည့်ပါ။ ကလေးနဲ့ သင့်တော်မယ့် ချဉ်းကပ်နည်း ပုံစံတစ်ခုကို သေချာပေါက် ရလာပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ ငါကလူကြီးပဲ ငါပြောသမျှ နားထောင်ရမှာပေါ့ဆိုရင် ကလေးကို Virtual World ထဲကို ရောက်သထက်ရောက်အောင် နှစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ Real World မှာ မကျေနပ်ချက်တွေကို Virtual World မှာ ပေါက်ကွဲပါလိမ့်မယ်။ အပြင်မှာ မလုပ်ရသမျှ Virtual World မှာ လုပ်ပါလိမ့်မယ်။
သင့်ရဲ့ ကလေးက ဆယ်ကျော်သက်အရွယ်ထဲကို ရောက်လာတာနဲ့အမျှ ကြံုလာရမှာတွေကို ကြိုတင် တွက်ဆထားရမှာ မိဘတွေရဲ့ တာဝန်ပါ။ အဲဒီလိုပဲ ဘယ်ဟာတော့ မလုပ်ရဘူး၊ ဘယ်ဟာတော့ဖြင့် လုပ်ရမယ်စသည်ဖြင့် ပြောနေဖို့လည်း လိုပါတယ်။ အဲဒီလို ပြောဆိုတဲ့ နေရာမှာ ကလေးကို Real World က အမြင်တစ်ခုတည်းနဲ့ ပြောလို့မရဘူးဆိုတာ လူကြီးတွေ သတိထားဖို့ လိုပါတယ်။ သူတို့လေးတွေမှာ ကိုယ်တွေ မသိနိုင်တဲ့ Virtual World ဆိုတာလည်း ရှိနေတယ်ဆိုတာ သိထားဖို့ လိုပါလိမ့်မယ်။ အဲဒီတော့ အကောင်းဆုံး နည်းကို ပြောပါဆိုရင် ဆွေးနွေးတာပါပဲ။ တစ်ဖက်သတ် ပြောဆို စေခိုင်းတာမျိုး မဟုတ်ပဲ သူတို့လေးတွေနဲ့ အချိန်ယူ စကားပြောပြီး သူတို့ ဘာပြောချင်တယ် ဆိုတာလည်း နားထောင်၊ ကိုယ်ဘာဖြစ်စေချင်တယ် ဆိုတာလဲပြော စသည်ဖြင့် လုပ်သင့်တဲ့ အနေအထားတစ်ခု ရောက်လာအောင် စည်းရုံးဖို့ လိုပါတယ်။ ဗီတိုအာဏာနဲ့ အတင်းအကြပ် လုပ်မယ်ဆိုရင်တော့ အင်း ခင်ဗျားကြီးက အဖေပဲ လုပ်ထားဦးပေါ့ဆိုပြီး Virtual World မှာ သေနပ်နဲ့ တည်ပြီး ပစ်နေပါလိမ့်မယ်။
ကလေးတွေကို လွပ်လပ်ခွင့်ပေးလိုက်ပြီ ဆိုရင် မိဘတွေ အနေနဲ့ မဖြစ် ဖြစ်အောင် လုပ်ရမယ့် အချက်နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ ကလေးတွေအပေါ် ယုံကြည်မှုပါ။ ဒုတိယတစ်ခုကတော့ ကလေးတွေ အနေနဲ့ မိဘတွေအပေါ်မှာ မိဘတွေလို အုပ်ထိန်းနိုင်စွမ်း ရှိတယ်လို့ ယုံကြည်မှုပါ။ ကျွန်တော် တွေ့ရသလောက်တော့ ကလေးတွေကိုလည်း လူကြီးတွေက မယုံသလို၊ ကလေးတွေကလည်း လူကြီးတွေကို အုပ်ထိန်းနိုင်စွမ်း ရှိတယ်လို့ မယုံတော့ပါဘူး။ အဲဒီနေရာမှာ ယုံကြည်မှုဆိုတာ အပြန်အလှန် သဘောဆောင်တယ်လို့ မိဘတွေက မယူဆပဲ ငါမိဘပဲ မင်းတို့ကို ယုံတာ မယုံတာ အသာထား ငါတို့ကို ယုံဖို့လိုတယ်ဆိုပြီး အတင်းသတ်မှတ်ကြပါတယ်။ ဒီလို အခြေအနေဆိုရင်တော့ ခိုးကြောင်ခိုးဝှက်တို့ လုပ်ချင်တာလုပ်တာတို့ ဖြစ်ချင်ရာဖြစ်တို့ ဖြစ်လာမှာ သေချာနေပါတယ်။ ထက်တဲ့ ကလေးတိုင်းဟာ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ပိုပြီး တန်ဖိုးထားတတ်တဲ့ အတွက် မိဘတွေနဲ့ ပိုပြီး ပြဿနာ တက်လေ့ရှိတယ် ဆိုတာလည်း မိဘတွေ သိထားဖို့ လိုပါတယ်။
ယုံကြည်မှုဆိုတဲ့ နေရာမှာ အီးမေးလ်သုံးတာက အစ၊ အင်တာနက်သုံးတာအဆုံး ယုံကြည်မှု ထားဖို့ လိုပါတယ်။ ကိုယ့်သားသမီး အနေနဲ့ ဘယ်အတိုင်းအတာအထိ ယုံကြည်စိတ်ချရတယ်၊ ဘယ်အတိုင်းအတာအထိ လွတ်လပ်ခွင့် ပေးသင့်တယ်ဆိုတာ သေသေချာချာ သိထားဖို့ လိုပါတယ်။ သူတို့လေးတွေ ကိုယ်ပိုင်ဆုံးဖြတ်တဲ့ နေရာမှာလည်း ဘယ်အတိုင်းအတာထိ ခွင့်ပြုသင့်တယ် မပြုသင့်ဘူးဆိုတာကိုလည်း သိထားရပါလိမ့်ဦးမယ်။ မသိသေးဘူးဆိုရင်လည်း အဲဒီအရွယ်တွေမှာ သိအောင်လုပ်ဖို့ စမ်းသပ်ဖို့ အကောင်းဆုံး အနေအထားဆိုတာ သတိပြုပါ။ သာမာန်အားဖြင့် ပြောရမယ် ဆိုရင် အသက် ၁၃ နှစ်အရွယ်ဟာ ဘယ် သတင်းအချက်အလက်တွေ သူတို့အတွက် လိုအပ်တယ်ဆိုတာ ကောင်းကောင်းသိတဲ့ အရွယ်ဖြစ်လာပါပြီ။ ဒါကြောင့်လည်း Children Privacy Protection Act မှာ အသက် ၁၃ နှစ်အရွယ်က စလို့ ကန့်သတ်မှုတွေ လုပ်ထားတာပါ။ အဲဒီအရွယ်က စလို့ ဘယ် အချက်အလက်တွေက သူတို့အတွက် လိုတယ်၊ ဘာတွေကတော့ဖြင့် မလိုဘူး၊ ဘယ်လို အချက်အလက်တွေကတော့ဖြင့် သူများတွေကို မဝေမျှသင့်ဘူး စသည်ဖြင့် သိနေပြီ ဖြစ်ပါတယ်။ မိသားစုဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်း သိနေပါပြီ။
ကလေးတွေကို လွတ်လပ်ခွင့် ပေးလိုက်ပြီဆိုတာ လုပ်ချင်ရာလုပ်တော့ ငါတို့နဲ့ မဆိုင်တော့ဘူးဆိုပြီး ပစ်ထားဖို့ မဟုတ်ပါဘူး။ ကလေးတွေ အနေနဲ့ လွပ်လပ်ခွင့်လည်း ရှိတယ်၊ ဒါပေမယ့် မိဘတွေကလည်း စည်းကမ်းတွေကို လိုက်နာရဲ့လား၊ လုံခြံုမှုရှိရဲ့လာ စသည်ဖြင့် အမြဲတမ်း စောင့်ကြည့်နေတယ်ဆိုတာ သိစေဖို့ လိုပါတယ်။ တကယ်လည်း စောင့်ကြည့်ဖို့ လိုပါတယ်။ သူတို့လေးတွေ လုပ်သမျှ ကိုင်သမျှ တာဝန်ယူတတ်တဲ့ အကျင့်လေးတွေလည်း ပြုစု ပျိုးထောင်ပေးဖို့ လိုပါတယ်။ အီးမေးလ် ပို့တဲ့သူက ဘယ်သူတွေလဲ စသည်ဖြင့် မေးမြန်းတာမျိုး၊ Browser History တွေကို ကြည့်ပြီး စစ်ဆေးတာမျိုးတွေလည်း လုပ်ဖို့ လိုပါတယ်။ သူတို့ လိုက်နာရမယ့် စည်းကမ်းတွေဖြစ်တဲ့ ဘယ် Site တွေကိုတော့ မကြည့်ရဘူး စသည်ဖြင့် ကန့်သတ်ထားဖို့ လိုနေပါသေးတယ်။ အဲဒီလို ကန့်သတ်တဲ့ နေရာမှာလည်း Parental Control Software တွေကို အသုံးပြုပြီး ကန့်သတ်ထားရင် ပိုပြီး ကောင်းမွန် ပြည့်စုံမှာ ဖြစ်ပါတယ်။
လုံးဝ လွတ်လပ်ခွင့်ပေးခြင်း
သင့်အနေနဲ့ မိဘတစ်ယောက် အနေနဲ့ ငယ်ငယ်ကတည်းက သေသေချာချာ သင်ပေးထားပြီးပြီ၊ ကိုယ့်အနေနဲ့ အချန်ပြည့် အုပ်ထိန်း ထားတာမျိုးလည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေ တစ်ချိန်ချိန်မှာ မလွဲမသွေ ရောက်လာပါလိမ့်မယ်။ လုံးဝ လွပ်လပ်ခွင့် ပေးရပါတော့မယ်။ ကလေးတွေက မိသားစု ကွန်ပျူတာမှာ သုံးတာထက် သူတို့ ကိုယ်ပိုင် Laptop တွေနဲ့ ကျောင်းမှာ သုံးမယ်၊ ကိုယ်ဘာမှ ကန့်သတ်လို့ မရတော့ပါဘူး။ ဒီတော့ Privacy နဲ့ ပတ်သက်တာတွေ ယုံကြည်မှုနဲ့ ပတ်သက်တာတွေကိုလည်း လုံးဝ အပြည့်အဝ ပေးလိုက်ရပါတော့မယ်။ အဲဒီအချိန်မှာ ငါမသင်ပေးလိုက်ရ လေခြင်းဆိုရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်မှာ မိဘတွေ အနေနဲ့ စောင့်ကြည့်လို့ရတဲ့ အပိုင်းတစ်ခု ရှိပါတယ်။ သားသမီးတွေရဲ့ အမူအကျင့်တွေပါ။ အွန်လိုင်းမှာပဲ အချိန်ကုန်နေတာလား၊ အပြင်က သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တော့ဘူးလား စသည်ဖြင့်ပေါ့။ ဒီတော့လည်း သားရေ .. သမီးရေ … အချိန်ပြည့် အွန်လိုင်းမှာဆိုရင် ဘာတွေဖြစ်လာမလဲ သိတယ်နော်၊ ဆင်ခြင်ဦး။ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ကြတော့ဘူးလား၊ ထမင်းလေးဘာလေး ဖိတ်ကျွေးပါဦးပေါ့ဗျာ။
About Website ၏ Family Computing တွင် ခရစ်(စ်)တီ မိတ် ရေးသားသော Recommended Ages for Computer and Online Time အပေါ် အခြေခံပြီး ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။
Facebook comments:







How to install myanmarfonts
just go to http://www.alpha.com.mm/alphazawgyi2008/index.html and download the latest installer and install it into your computer.
[...] ဘယ်လို မိတ်ဆက်မလဲ (၁) နဲ့ (၂) ပါ။ အဲဒီမှာ ကျွန်တော် အပြည့်အစုံ [...]