Hosting များနှင့် ကျွန်တော်
ကျွန်တော် ဒီရက်ပိုင်း စာတွေမရေးနိုင်တာ သတိထားမိကြပါလိမ့်မယ်။ စာမရေးနိုင်ရခြင်း အဓိက အကြောင်းအရင်း ကတော့ Myanmar Tutorials ရဲ့ တစ်နေ့ထက် တစ်နေ့ မြင့်လာတဲ့ Traffic နဲ့ ကိုက်ညီအောင် Shared Hosting ကနေ Managed VPS၊ နောက် Managed VPS ကနေ Unmanaged VPS တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းနေရလို့ပါ။ Shared Hosting ကို စသုံးဖူးတာ နှစ်အတော်ကြာပါပြီ။ အစပိုင်းတုန်းကတော့ Lunarpages မှာ သုံးပါတယ်။ အဲဒီ Lunarpages မှာ သုံးနေတာ ကြာတော့ FastCGI လည်း မရ၊ ဟိုဟာလည်း မရ၊ ဒီဟာလည်း မရနဲ့ နောက်ဆုံး တစ်ခြား Shared Hosting တစ်ခု ဖြစ်တဲ့ DreamHost ကို ပြောင်းပြန်ပါတယ်။ ကဲ ဒီတော့ Shared Hosting တွေနဲ့ ပတ်သက်ပြီး ကျွန်တော် တွေ့ကြုံလာခဲ့တာလေးတွေ ပြောကြည့်ရအောင်
Shared Hosting ဆိုတာ ဘာလဲ
Shared Hosting ဆိုတာ ဘာလဲလို့ မပြောခင်၊ Shared Hosting လို့ဆိုလိုက်တာနဲ့ အများအားဖြင့် ဘာတွေ တွေ့ရလဲ၊ စျေးကွက်မှာ ဘယ်လို ဆွဲဆောင်ကြလဲဆိုတာကို လေ့လာကြည့်ရအောင်။ ပထမဦးဆုံး သိသာထင်ရှားတဲ့ အချက်ကတော့ စျေးသက်သာတာပါပဲ။ တစ်လကို ၄ ဒေါ်လာ၊ ၅ ဒေါ်လာ လောက်ပဲ ပေးရတဲ့ Hosting Provider တွေတောင် ရှိပါတယ်။ နောက်ထပ် သိသာတဲ့ ဆွဲဆောင်မှု တစ်ခုကတော့ Unlimited ဆိုတဲ့ စကားလုံးပါပဲ။ Unlimited Space ကြိုက်သလောက် ထည့်သိမ်း အေးဆေး၊ Unlimited Bandwidth ကြိုက်သလောက်သုံး အေးဆေး၊ Unlimited Domain ကြိုက်သလောက် ဒိုမိန်းတွေ လာချိတ် အေးဆေး၊ စသည်ဖြင့် ရေးထားတတ်ကြပါတယ်။ Hosting နဲ့ ဆိုင်သမျှ အားလုံး Unlimited (အကန့် အသတ်မရှိ) ဆိုတာတွေပဲ စျေးကလည်း သက်သာဆိုတော့ လူတိုင်းသုံးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီအပြင် Free Domain ဆိုတာလည်း ပေးလိုက်ပါသေးတယ်။
သူတို့ ဘာကြောင့် Unlimited ပေးနိုင်ကြတာလဲ
ကျွန်တော့် အတွေ့အကြံုအရ Shared Hosting ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သုံးခဲ့တာပါ။ အကုန် Unlimited တွေပါပဲ။ ဒါပေမယ့် တစ်နှစ်လုံးလုံး သုံးသမျှ ပြန်စစ်ကြည့်မယ်ဆိုရင်
- Domain – 4
- HDD Space – 30GB
- Bandwidth per Month – 30G/m
အပေါ်မှာပြောခဲ့တဲ့ အနေအထားနဲ့ တစ်နှစ်လုံးလုံး ရှိနေခဲ့ပါတယ်။ Site လေး ရေးလိုက် ပြန်ဖျက်လိုက်၊ ဟိုဟာ လေ့လာလိုက်၊ ဒီဟာလေ့လာလိုက်နဲ့ Domain တစ်ခု လာချိတ်ဖို့ဆိုတာကလည်း သိတဲ့အတိုင်း တစ်နှစ်ကို ၁ဝ ဒေါ်လာ လောက်အနည်းဆုံး ပေးရပါတယ်။ ဒီတော့ ဒိုမိန်း အများကြီးလည်း မချိတ်နိုင်ပြန်ပါတယ်။ အဲဒီအပြင် HDD Space တွေ Unlimied ဆိုပြန်ပါတယ်။ တကယ်တန်း ကိုယ့်ကို ပေးထားတဲ့ Space မှာ အချက်အလက်တွေ တင်ဖို့ ဆိုပြန်တော့လဲ ကွန်နက်ရှင်မကောင်းတာနဲ့ တင်စရာ မရှိတာနဲ့ တစ်နှစ်လုံးနေမှ 30G လောက်ရှိတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် သဲအင်းဂူ ဆရာတော်ကြီး တရားတော်တွေကို အွန်လိုင်းက တစ်ဆင့်နာနိုင်ဖို့အတွက် တင်ပေးထားတာကြောင့်ပါ။ မဟုတ်ရင် အဲဒီလောက် ဘယ်လိုမှ ရှိစရာ အကြောင်း မရှိပါဘူး။ အဲဒီအပြင် Bandwidth အနေနဲ့လည်း အမြင့်ဆုံးလမှာ 30G လောက်သာ ရှိပါတယ်။ ဒီတော့ Unlimited Hosting တွေမှာ ကျွန်တော်တို့လို လူမျိုးတွေ ဘယ်လောက်တောင် ရှိနေမလဲ။ အများကြီးပေါ့။ ဒီတော့ Unlimited ပေးတာ မထူးဆန်းတော့ပါဘူးနော်။
အဲဒီလို Shared Hosting ဆိုတဲ့ သဘောက ရှိသမျှ Resources တွေကို အကုန်လုံးကို အခြား Website တွေနဲ့ အတူ ဝေမျှပြီး သုံးစွဲရတဲ့ သဘောရှိပါတယ်။ ဒီတော့ CPU တစ်လုံးမှာ Memory တစ်ခုမှာ Website ဘယ်နှစ်ခု ဝေမျှပြီး သုံးစွဲနေတယ်ဆိုတာ ကိုယ့်အနေနဲ့ မသိနိုင်ပါဘူး။ အဲဒီလို ဆာဗာတစ်လုံးမှာ Shared Hosting ဘယ်လောက် သတ်မှတ်ပြီး ပေးမယ်ဆိုတာလဲ Hosting တစ်ခုနဲ့ တစ်ခု မတူပြန်ပါဘူး။ တစ်ချို့ Hosting တွေက စျေးတွေ အရမ်းချပစ်ပြီး များများ Shared Hosting ပေးသလို၊ တစ်ချို့တွေကတော့ စျေးကို ထိန်းထားပြီး Shared Hosting ကို အကန့်အသတ်နဲ့ ပေးပါတယ်။ အဲဒီလို Hosting တွေကတော့ နာမည်ကြီး Hosting တွေ ဖြစ်နေတတ်ပါတယ်။ ကျွန်တော် သုံးခဲ့တဲ့ Lunarpages နဲ့ DreamHost ကတော့ အဲဒီ အမျိုးအစားတွေမှာ ပါပါတယ်။ ဒီတော့ စျေးသက်သာတိုင်း မကောင်းဘူးဆိုတာ သတိထားမိပါလိမ့်မယ်။ စျေးတွေ သက်သာလာတာနဲ့အမျှ Shared Hosting တွေများလာမယ်၊ ဝေစားမျှစားတွေ များလာပါလိမ့်မယ်။
Shared Hosting များ၏ မာယာ
Shared Hosting တွေမှာ အဓိကအကျဆုံး မြှတ်ကွက် တစ်ခုရှိပါတယ်။ အဲဒါကတော့ CPU Usage ပါ။ Unlimited CPU Usage လို့ ဘယ် Hosting မှ ပေးမထားပါဘူး။ နောက်ထပ် အရေးကြီးတဲ့ မြှတ်ကွက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Unlimited Memory ဆိုတာ မပါတာပါ။ ဘယ် Shared Hosting မှ Unlimied CPU နဲ့ Unlimited Memory ပေးမထားတာ သတိထားကြည့်နိုင်ပါတယ်။ တကယ်တန်း Traffic တွေများလာတဲ့ အခါ တစ်ပြိုင်တည်း ဝိုင်းပြီး Website ကို အသုံးပြုကြတဲ့အခါမှာ အဓိကအကျဆုံး မင်းသားနဲ့ မင်းသမီးက CPU နဲ့ Memory ပါ။ အဲဒီမှာ စပြီး Shared Hosting တွေ ပြဿနာ ရှာပါတော့တယ်။ CPU Over Usage ဖြစ်လို့ ရပ်ထားတယ်။ Memory Over Usage ဖြစ်လို့ ရပ်ထားတယ် ဆိုတာတွေ ဖြစ်လာပါတော့တယ်။ ကိုယ်က ဆိုက်ကို လူဝင်များလာလို့ ပျော်နေချိန်မှာ Hosting က ခဏခဏ ပိတ်ပစ်တာတွေ ကြံုလာရပါတော့တယ်။ တစ်ချို့ Hosting Provider တွေဆိုရင် CPU Over Usage ဆိုတာနဲ့ Website ကို လုံးဝ ပြန်ဖွင့်မပေးတော့ပဲ ရပ်ထားလိုက်တတ်ပါတယ်။
ကျွန်တော် နောက်ပိုင်း VPS သုံးတဲ့အချိန်မှာ သူတို့ရဲ့ Memory အကန့်အသတ်ကို သတိထားမိလာပါတယ်။ တကယ်တန်း ကျွန်တော့်ဆိုက်ကို ရပ်ပစ်တဲ့ Memory Out of Range ဟာ 256MB မှာပါ။ အဲဒီလို ရပ်ပစ်တယ်ဆိုတဲ့ Memory Range က Burstable RAM လို့ ခေါ်ပဲ ခေတ္တခဏ ယူသုံးနိုင်တဲ့ ပမာဏကို ကျော်သွားလို့ပါ။ ဒီနေရာမှာ Hosting တွေ ပေးတဲ့ Memory တွေ အကြောင်း အနည်းငယ် ပြောလိုပါတယ်။ Virtual Priavate Server လို့ခေါ်တဲ့ Hosting တွေမှာ Guaranteed RAM (အာမခံတဲ့ Memory ပမာဏ၊ တစ်နည်း အချိန်ပြည့်ယူထားလို့ရတဲ့ ပမာဏ) နဲ့ Burstable RAM (အာမခံထားတဲ့ ပမာဏကို ကျော်သွားတဲ့အခါမှာ ခေတ္တခဏ ယူသုံးလို့ရတဲ့ ပမာဏ) ဆိုပြီး နှစ်မျိုး ပေးလေ့ရှိပါတယ်။ အဲဒီလိုပါပဲ Shared Hosting တွေမှာလည်း ရှိပါတယ်။ ကျွန်တော့်ဆိုက်ကို ရပ်ပစ်တဲ့ ပမာဏက 256MB ဆိုတော့ 256 ဆိုတဲ့ ပမာဏဟာ Burstable RAM ကန့်သတ်ချက် ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျွန်တော့်ကို ပေးထားတာ Memory ဘယ်လောက်မှ မရှိပါဘူး။ ကဲ ဒီလောက်ဆို Shared Hosting ရဲ့ Memory ဆိုတာကို သိလောက်ရောပေါ့။
CPU Over Usage နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ အဲဒီ ပြဿနာက ဖြစ်တောင့် ဖြစ်ခဲလို့ ဆိုရမှာပါ။ CPU Over Usage ဘယ်အချိန်တွေမှာ ဖြစ်မလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီအပိုင်းတော့ ကျွန်တော် သေသေချာချာ မသိပါဘူး။ ကျွန်တော့်အတွေ့အကြံုအရ တစ်ခါတစ်လေ Managed VPS မှာ CPU Usage ဆောင့်တက် သွားတာမျိုးကြံုဖူးပါတယ်။ အဲဒီလို အခြေအနေဖြစ်ရင် Server Down သွားတာမျိုးလည်း ရှိသလို၊ တစ်ခါတစ်လေ ခဏလောက် ရပ်သွားပြီး ပြန်ကောင်းလာတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို CPU Over Usage ဖြစ်တာကို Shared Hosting တွေက လက်ခံလေ့ မရှိပါဘူ။ Server Restart တစ်ချက် ချလိုက်တာနဲ့ ချက်ချင်း ပြန်တက်လာနိုင်တဲ့ အခြေအနေ ရှိပါရက်နဲ့ တစ်မင်သက်သက်ကို ဖွင့်မပေးတော့တာတွေ ကြံုဖူးပါတယ်။ ဒါတွေကတော့ Shared Hosting နဲ့ ပတ်သက်ပြီး ကျွန်တော် ကြံုဖူးတဲ့ အတွေ့အကြံုတွေပါပဲ။
Shared Hosting ကို ဘယ်သူတွေ သုံးသင့်လဲ
ဒါကတော့ Shared Hosting တွေနဲ့ ပတ်သက်ပြီး အညွှန်းတွေတိုင်းမှာ ပါပါတယ်။ Beginner တွေ အနေနဲ့ သုံးသင့်ပါတယ်။ ခုမှ Website တစ်ခုကို စတင်ပြီး လည်ပတ်မယ့်သူတွေ အနေနဲ့ သုံးသင့်ပါတယ်။ တကယ်တန်း Website ကို Traffic များများနဲ့ သုံးမယ်ဆိုရင်တော့ သုံးလို့ အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် သုံးခဲ့တဲ့ Hosting ဖြစ်တဲ့ Lunarpages ကိုတော့ အမှတ်ပေးချင်ပါတယ်။ Hosting ထားခဲ့တဲ့ သက်တမ်းတစ်လျှောက် ကျွန်တော့်ကို တစ်ခါမှ ပြဿနာ မရှာဖူးပါဘူး။ Traffic မများခဲ့တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သုံးချင်တဲ့ Django Framework လိုမျိုး သုံးမရတဲ့အတွက် တစ်ခြား Shared Hosting ဖြစ်တဲ့ DreamHost ကို ပြောင်းခဲ့ရတာပါ။ Shared Hosting တွေက ခုမှ စမယ့်သူတွေအတွက် ကောင်းပါတယ်ခင်ဗျ။
VPS
VPS (Virtual Private Server) လို့ဆိုလိုက်တာနဲ့ Dedicated Server အကြောင်းပါ ပြောဖို့ လိုလာပါတယ်။ VPS နဲ့ Dedicated Server ဘာတွေကွာလဲပေါ့။ အဓိက ကွာခြားတဲ့ အချက်ကတော့ CPU ပါပဲ။ VPS မှာ CPU ကို မျှဝေသုံးစွဲ ရပါတယ်။ Memory ကို Guranteed RAM နဲ့ Burstable RAM ဆိုပြီး နှစ်မျိုးပေးလေ့ရှိပါတယ်။ ကိုယ်ပိုင်သုံးခွင့်ရှိတဲ့ RAM ပေါ့။ တစ်ချို့ VPS တွေမှာ Burstable RAM ကို ပေးမထားတာလဲ ရှိပါတယ်။ CPU ကို ဝေမျှ သုံးစွဲရတယ် ဆိုပေမယ့် Shared Hosting လောက် ဝေစားမျှစား မများပါဘူး။ Dedicated Server ဆိုတာကတော့ Server တစ်ခုလုံး ကိုယ့်အတွက် ထိုင်ပေးထားတာပါ။ စျေးကတော့ VPS နဲ့ Dedicated Server ယှဉ်လိုက်ရင် အတော်ကွာပါတယ်။ VPS နဲ့ Shared Hosting စျေးနှုန်းလည််း ကွာသလိုပေါ့။ ဒါပေမယ့် ကျွန်တော်က Dedicated Server အကြောင်း ပြောမှာ မဟုတ်ပါဘူး။ VPS အကြောင်းပါ။
VPS မှာ Managed VPS နဲ့ Unmanaged VPS ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Managed VPS ဆိုတာက Hosting Provider က အကုန် တာဝန်ယူထားပါတယ်။ တကယ်တန်း သုံးရတဲ့ ပုံစံက Shard Hosting နဲ့ ဘာမှ မကွာပါဘူး။ cPanel သို့မဟုတ် DirectAdmin အဲဒီလိုမှမဟုတ် Plesk၊ တစ်ချို့တွေကတော့ Hosting က ဖန်တီးပေးထားတဲ့ Contol Panel တစ်ခု ပါတတ်ပါတယ်။ Support လည်း အပြည့်ပေးထားတတ်ပါတယ်။ Unmanaged VPS ကတော့ ဘာမှ မဆိုင်ဘူးလို့ ဆိုရမှာပါ။ ကိုယ့်ကို IP တစ်ခု၊ ဒါမှမဟုတ် နှစ်ခုနဲ့ User Name, Password ပဲ ပေးပါတယ်။ နောက် OS တစ်ခု တင်ပေးထားပါတယ်။ Linux ဖက်ကဆိုရင် CentOS, Fedora, Free BSD, Ubuntu တစ်ခုခုပေါ့၊ Windows ဖက်တော့ မသုံးဖူးလို့ မပြောတော့ပါဘူး။ Apache Webserver တစ်ခု မဖြစ်စလောက် တင်ပေးထားပါတယ်။ ကျန်တာအားလုံး Command Line Interface နဲ့ ကိုယ့်ဘာသာ တင်ပေတော့။ သူတို့ တာဝန်ယူထားတာက Server ကို ၉၉.၉% UpTime Guaranteed ဆိုတာပါပဲ။ အမြဲတမ်းဖွင့်ပေးထားမယ်ပေါ့။ နောက် Server Memory ပျက်လား၊ လဲပေးမယ်၊ Hardware နဲ့ ပတ်သက်သမျှ တာဝန်ယူထားတာပဲ ရှိပါတယ်။ Managed VPS နဲ့ Unmanaged VPS စျေးအင်မတန် ကွာပါတယ်။ နောက်ပိုင်း Managed VPS မှာ Memory 512 လောက်ရှိတဲ့ စျေးနဲ့ Unmanaged VPS မှာ Memory 2G လောက်အထိ ဝယ်လို့ရနိုင်ပါတယ်။ နောက်ပိုင်း Unmanaged VPS ကို လေ့လာတော့မှ Managed VPS မှာ စျေးဘာကြောင့် ကြီးရတယ် ဆိုတာ နားလည်ပါတော့တယ်။ ဒီအပိုင်းကို နောက်ပိုင်းမှ ဆက်ရေးပါ့မယ်။
Managed VPS Vs Unmanaged VPS
Managed VPS
Managed VPS ကို သုံးတာ ဘာတွေထူးလဲ။ ဘာမှမထူးဘူးလို့ ဆိုရမှာပါပဲ။ ဟုတ်တယ်လေ။ အကုန်လုံး Shared Hosting မှာသုံးတဲ့ အတိုင်းပဲကို။ ဒါပေမယ့် ပိုပြီး သုံးလို့ရလာတာတွေ ရှိပါတယ်။ Caching Feature လို့ခေါ်တဲ့ Cache လုပ်နိုင်တဲ့ စနစ်တွေ သုံးလို့ရလာပါတယ်။ APC, XCache, Memcached, eAccelerator စတဲ့ Website ကို ပိုမြန်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Caching တွေ သုံးလို့ရလာပါတယ်။ အဲဒီအပြင် တစ်ခြား Apache အပြင်ရွေးချယ်စရာတွေ ဖြစ်တဲ့ Lighttpd, Nginx စတာတွေ သုံးလို့ရလာပါတယ်။ Database နဲ့ပတ်သက်ရင်လည်း MySQL အပြင် အခြား Document Oriented Database တွေ ဖြစ်တဲ့ MongoDB လိုတွေ သုံးလို့ရလာပါတယ်။ Memory ကို သီးသန့်ရတယ် ဆိုတာတော့ အဓိက အကျဆုံး Feature ပါပဲ။
ဒါပေမယ့် Managed VPS တွေမှာ Database ကို သီးသန့်ခွဲထုတ်ထားတာလဲ ရှိတတ်ပါတယ်။ MediaTample မှာလည်း အဲဒီသဘောဖြစ်သလို၊ DreamHost မှာလည်း အဲဒီသဘောပါပဲ။ MySQL အတွက် သီးသန့် Private Server တွေ ဝယ်ရလေ့ရှိပါတယ်။ Managed VPS ကို သီးသန့်သုံး MySQL ကိုတော့ Shared နဲ့ သုံးဆိုပြီး ခွဲထုတ်ထားလေ့ ရှိပါတယ်။ အဲဒီမှာ ပြဿနာက စပါတယ်။ Database Size 100M နားကပ်လာရင် MySQL Server Account ခေတ္တပိတ်ထားပါတယ်။ CPU Usage ကျော်လို့၊ Memory Usage ကျော်လို့ ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် Database Size100MB ကျော်ကျော်ဆိုတာ Blog တွေမှာ ဖြစ်လေ့ မရှိပဲ High Volume, High Traffic Forum လိုမျိုးတွေမှာသာ တွေ့ရလေ့ရှိပါတယ်။ တကယ်တန်း MySQL ကို Unmanaged VPS မှာ သုံးကြည့်တော့ Cache ခံလိုက်ရင် Memory သုံးတာ အင်မတန်နည်းသလို CPU လည်း အသုံးအင်မတန် နည်းသွားတာ တွေ့ရပါတယ်။ ဒါကြောင့် Shared MySQL ဆိုတာ သိပ်တော့ ပူစရာ မရှိပါဘူး။
Managed VPS ကို ဘယ်သူတွေ သုံးသင့်လဲဆိုရင် Shared Hosting အနေအထားနဲ့ မလုံလောက်တော့တဲ့ Website တွေအတွက် သုံးသင့်တယ်လို့ ညွှန်းရမှာပါပဲ။ Server ကို ကိုင်တွယ်တတ်တဲ့ အတွေ့အကြံုကလည်း မရှိဘူး။ Shared Hosting နဲ့လည်း မလုံလောက်တော့တဲ့သူတွေ သုံးသင့်ပါတယ်။
Unamaged VPS
ကဲလာပါပြီဗျာ။ Unmanaged VPS။ ကိုယ့်ဆီရောက်လာတော့ IPs, User Name, Password။ ဒါပဲ ပါလာပါတယ်။ Server ထဲ Login ဝင်ပြီး php -v ဆိုရင်လည်း မရှိ၊ mysql ဆိုရင်လည်း ဘာမှမရှိ နတ္တိ၊ Server OS တစ်ခုနဲ့ Apache Web Server လောက်သာ တင်ထားပါတယ်။ အကုန် Command Line သွားပေတော့။ နဂိုကတည်းက Server ပိုင်းဆိုရင် Windows 2008 Server လောက်သာ သုံးတတ်တဲ့သူ၊ Windows 2008 Server ဆိုတာလဲ Graphical User Interface ဆိုတော့ အေးဆေး၊ ခုတော့ သေပြီဆရာပဲ။ Linux Command တွေနဲ့ကလည်း မရင်းနှီး။ ဒုက္ခ လှလှတွေ့ပါတော့တယ်။ Domain တစ်ခုကို Main Sever မှာ Bind ဖို့တောင် ဖတ်လိုက်ရတဲ့ စာတွေ၊ ဟိုဟာလေး သွင်းချင်၊ Online တက်၊ စာတွေဖတ် ကလိ၊ မရလိုက် ဖတ်လိုက်၊ ကလိလိုက်နဲ့ သံသရာ လည်နေပါတော့တယ်။ အဲဒီကြားထဲ့ ဘာမှလုပ်မရတော့လို့ OS အသစ် ပြန်တင်ရတာလဲ ခဏခဏပါပဲ။ ဒါတောင် OS တင်ရတာ စက္ကန့်ပိုင်းပဲ ကြာလို့တော်သေးတယ်။
နောက်ဆုံး php တွေတင်၊ လိုအပ်တာတွေ တင်ပြီးပြီဆိုရင်တော့ Domain Bind ဖြစ်ဖို့အတွက် တော်တော့်ကို အချိန်ပေး လေ့လာ လိုက်ရပါတယ်။ အဲဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Security Feature တွေအတွက် လေ့လာပြီး တင်ရပါသေးတယ်။ Cache Feature တွေအတွက် တင်ရပါတယ်။ အကုန် ကိုယ့်အားကိုယ်ကိုး Command Line Interface မှာ ကစ်ရပါတယ်။ အဲဒီကြမှ Managed VPS နဲ့ Unmanaged VPS စျေးဘာကြောင့် အဲဒီလောက် ကွာရသလဲ ဆိုတာ သိလာရပါတော့တယ်။ Managed VPS မှာ ကိုယ့်အတွက် အများကြီး သူတို့ လုပ်ပေးထားတာပဲ။ လိုတဲ့အချိန်မှာ Live Chat Support ကလည်း ရှိသေးတယ်။ Support Ticket ဆိုတာလည်း ချက်ချင်း အကြောင်းပြန်မှ ကျေနပ်တာလေ။ မဟုတ်ရင် ခဏခဏ သွားအော်နေတာ။ Unmanaged VPS မှာတော့ Hardware Failure နဲ့ တစ်ခြား Hardware Related Feature တွေအတွက်သာ Support Ticket ပေးထားပါတယ်။ ဒါတောင် အနည်းဆုံး တစ်ရက် စောင့်ရပါတယ်။
ဒါပေမယ့် သုံးရင်းသုံးရင် Unmanaged VPS ကို ကြိုက်ကြိုက်လာပါတယ်။ Server တစ်ခုလုံး ကိုယ်သာ အရှင်သခင်၊ Root အထိလည်း ဆင်းလို့ရသလို၊ ကြိုက်တာသွင်းပေတော့ အရင်ကဆို https သုံးချင် ပိုက်ဆံ ထပ်ပေး၊ ဟိုသာ သုံးချင် ပိုက်ဆံ ထပ်ပေး၊ ဒီဟာသုံးချင် ပိုက်ဆံ ထပ်ပေးဆိုတာတွေ မရှိတော့ပါဘူး။ Java လား၊ လာထား၊ ထည့်ချင်တာထည့် အကုန် သုံးလို့ရနေပါတော့တယ်။ Server ကိုသုံးတာ အသားကျလာတာနဲ့ အမျှ သုံးရတာ အင်မတန် ပျော်ဖို့ ကောင်းလာပါတယ်။ Server အကြောင်း နားလည်လာတာနဲ့အမျှ အသုံးပြုရတာ ဘယ်လောက်တန်တယ်ဆိုတာ သိလာပါတော့တယ်။ ဒါပေမယ့် တစ်ခုတော စိုးရိမ်စိတ် ရှိနေပါတယ်။ သူများက ကိုင်တွယ်ဖြေရှင်း ပေးနေတုန်းက Security ပိုင်းနဲ့ ပတ်သက်ပြီး ဘာမှ မပူခဲ့ရပေမယ့် ကိုယ်ကိုယ်တိုင် စီမံခန့်ခွဲရတဲ့ခါမှာတော့ စိုးရိမ်မှုတွေ ပူပန်မှုတွေ ရှိနေပါတယ်။
Unmanage VPS ကို ဘယ်သူတွေ သုံးသင့်လဲဆိုတော့ Server အကြောင်းလည်း သိမယ်၊ စျေးလည်း သက်သာချင်တယ်၊ သုံးချင်တဲ့ Feature တွေကလည်း များမယ်၊ Memory များများလည်း လိုချင်တဲ့သူတွေ သုံးသင့်ပါတယ်။ ဒါပေမယ့် Shared Hosting က ဖြစ်ဖြစ် Managed VPS က ဖြစ်ဖြစ် တန်းပြောင်းမယ် ဆိုရင်တော့ မလုပ်သင့်ဘူးလို့ အကြံုပြုလိုပါတယ်။ ကိုယ်တိုင်က Server အကြောင်းသိထားသူ ဆိုရင် ပြဿနာ မရှိပါဘူး။ ခုမှ စလေ့လာမှာဆိုရင်တော့ Site က တော်တော်နဲ့ တက်လာမှာမဟုတ်တော့ပါဘူး။ ဒါတောင် ကျွန်တော်က Server တွေရဲ့ သဘောတရားတွေ အကြောင်း အတိုင်းအတာ တစ်ခုအထိ သိထားလို့ပါ။ Hosting အကြောင်း အတိုင်းအတာ တစ်ခုအထိ သိထားလို့ပါ။ မဟုတ်ရင် တိုင်ပတ်လို့ကို ဆုံးမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် စိတ်တော့ မပျက်ပါနဲ့။ Server နဲ့ ပတ်သက်ရင် Resources တွေ အင်မတန်များပါတယ်။ Serverfault လိုနေရာမျိုးမှာ ကိုယ်သိချင်တာ သွားမေး။ ဖြေမယ့်သူက ပုံနေပါတယ်။ အဲဒီအပြင် ကိုယ်ဖြစ်လာမယ့် တွေ့ကြံုလာမယ့် အခက်အခဲတိုင်း အွန်းလိုင်းမှာ ဖြေရှင်းပြီးသား အခန့်သင့် တွေ့ရတာ များပါတယ်။ တစ်ခုတော့ရှိပါတယ်။ ကိုယ့် Server၊ ကိုယ့် OS နဲ့ ကိုက်ဖို့တော့ လိုတာပေါ့နော်။
အခုရေးခဲ့တာတွေ အားလုံးကတော့ Hosting တွေနဲ့ ပတ်သက်ပြီး ကျွန်တော် တွေ့ကြံုလာရတဲ့ အတွေ့အကြံုတွေပါပဲ။ ဒီတော့ နောက်ပိုင်း ကျွန်တော် ရေးတဲ့ ပို့စ်တွေမှာ Server နဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပါလာတော့မယ်ဆိုတာ ကြိုတင် ကြော်ငြာ မောင်းခတ်လိုက်ပါတယ်။ Server အကြောင်း မရေးဘူးလား။ Myanmar Tutorials မှာ Server အကြောင်း ရေးလည်း မရေးဘူးဆိုသူတွေ အတွက်လည်း ရည်ရွယ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။
Facebook comments:







ကျွန်တော့်အတွေ့အကြုံအရ shared hosting နဲ့ ပက်သတ်ပြီး မှတ်မိသလောက် ပြောရရင်
Powweb မှာ ပြီးခဲ့တဲ့ ၅ နှစ်လောက်ကတော့ MySQL database ကို 5 requests per user (maximum 3 users per database) လို့ သတ်မှတ်ပေးထားတယ်။ Page request တွေကိုလဲ သတ်မှတ်ထားတယ်။ Limit ရောက်ရင် ပိတ်ပြစ်တယ်။
SiteGround မှာတော့ CPU limit ကို ၁၅ ရာခိုင်နှုန်းကျော်ရင် hosting account ကို ခဏလောက် မိနစ်ပိုင်း ပိတ်ပြစ်တယ်။
DreamHost ကတော့ တိတိကျကျ limit ကို မပြောပင်မယ့် အသုံးများ (server request များရင်) warning message ပေးတယ်။ DreamHost Private Server (VPS) စရောင်းပြီး နောက်ပိုင်းကြတော့ အဲဒီကို upgrade လုပ်ဖို့ အကြံပြုတယ်။
Shared Hosting တော်တော်များများမှာ Chat Script တွေကို လက်မခံဘူး။
ပြောရရင်တော့ Shared Hosting တွေဟာ မရိုးသားစွာ တစ်ကယ်မပေးနိုင် မဖြစ်နိုင်တဲ့ feature တွေနဲ့ လိမ်ပြီးတော့ စီးပွားရှာတယ်။ အဲဒီလို ကန့်သတ်ချက်တွေကို မမြင်လွယ်တဲ့ စာမျက်နှာတွေမှာ ရေးထားတယ်။ တချို့ကြတော့ လုံးဝမရေးထားဘူး။ သေချာမေးရင် ပြောပြတယ်။ တချို့ကြတော့ သေချာတောင် မပြောနိုင်ကြဘူး။
ကိုမင်းသူက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဆိုတော့ Hosting တွေ အကြောင်း ကောင်းကောင်း သိနေပြီပေါ့။
Shared Hosting တွေနဲ့ ရင်းနီးနေတာ ၅ နှစ်မက ကြာပါပြီ။ နောက်ပိုင်းမှာတော့ Dedicated Hosting တွေ CDN တွေနဲ့ လည်း ရင်းနီးနေပြီ။
သုံးဘူးသမျှ host တွေထဲမှာတော့ Amazone EC2 ကို သဘောအကျဆုံးပဲ.. အကုန်လုံးက Elastic ပဲ… လိုအပ်သလို ချုံ့ချဲ့လို့ရတယ်.. IP တွေအစ Elastic ပဲ…
Un-managed server အကြောင်း ပိုပြီးသိချင်ပါတယ်။ ကိုသီဟ အနေနဲ့ လက်တွေ့လုပ်ခဲ့တဲ့ဟာလေးတွေကိုလည်း ပြန်ပြောပြစေချင်ပါတယ်။ Tutorials တစ်ခုအနေနဲ့ လိုက်လုပ်ကြည့်ချင်လို့ပါ။ rackspace မှာ ဈေး မဆိုးဘူးဆိုပြီး ယူထားတာ install လုပ်လိုက် delete လုပ်လိုက်နဲ့ ဘာမှကို မတက်သေးဘူး။
သူက သုံးတဲ့ အချိန်နဲ့ပေးရတာဆိုတော့ အခု လောလောဆယ် blank ဘဲထားတာ ဘာမှတော့ မပေးရပါဘူး(ပြန်ပြန်ဖျက်နေတာနဲ့ တစ်လကိုး မပြည့်တာ . . ဟီး )။ Apache, MySQL, PHP, FTP, စတာတွေ install လုပ်ကြည့်တာ အဆင်ပြေပါတယ်။ ပြသနာက domain ထည့်တဲ့ အချိန်ပဲ။ Manual ကိုဖတ်ပြီး လုပ်ပေမယ့် domain က တက်မလာပါဘူး။ GUI အတွက် Webadmin ထည့်ကြည့်တယ်။ သိပ်အဆင်မပြေဘူးဗျ။ domain ကို ထည့်ဖို့က CLI နဲ့ပဲ လုပ်ရမယ့် သဘောမှာရှိတယ်။
Traffic များလာမလား၊ နည်းသွားမလား ဆိုတာထက် Server Management အတွေ့အကြုံ ယူချင်တာကြောင့် စမ်းကြည့်နေတာပါ။ ပြီးတော့ Traffic များလာလို့ နောက်မှ ရွေ့မယ်ဆိုလည်း ပိုခက်ခဲမယ်လို့ ထင်လို့ပါ။ rackspace မှာတော့ လိုရင် လိုသလို တိုးလို့ရတာလေးကို သဘောကျပါတယ်။ တခြား cloud hosting ထက်လည်း ဈေး ပိုသက်သာတယ်လို့ ထင်ပါတယ်။
Server Management အကြောင်းကို စောင့်ပြီး ဖတ်ပါ့မယ်ဗျား . . .
apache သုံးတယ်ဆိုရင်တော့ VirtualHost မှာ domain ထည့်ပေးရတယ်။ Domain ရဲ့ A-Record ကို server IP ပေးရတယ်။ share hosting တွေက NS record နဲ့ သွားပေမယ့် ummanaged server ဆိုရင်တော့ A-record မှာ IP ထည့်ပေးမှ ရတယ်။
Bind9 နဲ့ဆိုရင် NS တွေ သုံးလို့ရပါတယ်။ အဓိက domain provider မှာ Lock လုပ်ထားတာကို ဖြုတ်ပြီး NS Record Registering လုပ်ပေးဖို့ လိုပါတယ်။ အဲဒီ ဒိုမိန်းကိုပါ ပြန်သုံးချင်တယ်ဆိုရင်တော့ အဲဒီ domain ရဲ့ NS Record မှာ ကိုယ်ပြင်ထားတဲ့ NS Record ကို ထပ်ထည့်ပေးဖို့ လိုပါတယ်။ ကျွန်တော်အဲဒီအကြောင်းတွေ တစ်ဖြည်းဖြည်းချင်း ရေးသွားပါ့မယ်။
ကျွန်တော့် reply comments တွေ ရှာမတွေ့တော့ဘူးဗျ။
ကိုသီဟနဲ့ ကို Saturngod လည်း Anonymous တွေဖြစ်လို့ . . . :S
ဟုတ် တောင်းပန်ပါတယ်၊ ကျွန်တော် သုံးထားတဲ့ Disque ဆိုတဲ့ Comment System က သိပ်အဆင်မပြေလို့ ဖြုတ်လိုက်တာ အဲဒီလို ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်ခင်ဗျ
အာ . . . တောင်းပန်ဖို့ မလိုပါဘူးဗျာ
reply လုပ်လို့ ကျေးဇူးတင်ပါတယ်
Sharing Hosting တွေရဲ့ လျှို့ဝှက်ချက် နောက်တစ်ခုက PHP Memory Limit ခင်ဗျ။ အများအားဖြင့် php memory Limit ကို Default 32M မှာ ထားကြတာများတယ်။ Plugin တွေ Module တွေများလာရင်၊ Backend မှာ ဆိုက်ကို Configure လုပ်နေရင်း၊ 32M ကြောင့် Memory Limit exceed (“Allowed memory size of xxxxxx bytes exhausted”) ဆိုတဲ့ ပြဿနာတွေ ကြုံလာရတတ်ပါတယ်။
အဲလို မဖြစ်အောင် PHP Memory Limit ကို WordPress ဆိုရင် wp-config.php, Drupal ဆိုရင် settings.php နဲ့ ကျန်တဲ့ Joomla အပါအဝင် ဘယ် LAMP Hosting အတွက်မဆို .htaccess မှာ PHP Memory Limit ကိုမြှင့်ပေးလို့ ရပါတယ်။ ဒါဆိုရင် Shared Hosting မှာလည်း အထိုက်အလျောက် အဆင်ပြေနိုင်ပါလိမ့်မယ်။
PHP Memory Limit ကို မြှင့်တာကလည်း လောဘကြီးပြီး တစ်ခါတည်း အများကြီးမတင်သင့်ပါဘူး။ 32M ကနေ 64M အရင်တင်ပြီး စမ်းကြည့်လိုက် ပြဿနာ မရှိရင် 96M ထပ်တင်လိုက် လုပ်သင့်ပါတယ်။ ဒီလိုမြှင့်လိုက်တဲ့အတွက် Memory များများသုံးဖို့ လိုအပ်တဲ့ Script တွေမှာ အဆင်ပြေသွားပါလိမ့်မယ်။ အသေးစိတ်ရေးရင်တော့ Article တစ်ခု ဖြစ်သွားလိမ့်မယ် ထင်တယ်…
For more info
Wordpress – http://codex.wordpress.org/Editing_wp-config.php
Drupal – http://drupal.org/node/207036
ွGoogle Search – “increase php memory limit” wordpress|drupal|.htaccess
တော်တော်လေး ဗဟုသုတရလိုက်ပါတယ်ဗျာ၊ အစကတော့ shared hosting ဆိုတာ ဘာလားညာလားမှန်းကို သေချာမသိခဲ့ဘူး၊ ခုတော့ အထိုက်အလျောက်နားလည်သွားပြီ၊ ကျေးဇူးတင်ပါတယ်၊ ကိုသီဟရေ။