လက်ဆင့်ကမ်းသည် ဆိုရာဝယ်
ဆီနီယာနဲ့ ဂျူနီယာ လက်ဆင့်ကမ်း သင်ပေးကြတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ အဲဒီလို လက်ဆင့်ကမ်း ကြမှသာလျှင် တိုးတက်မှု အဆင့်ဆင့်ကို ရောက်နိုင်မှာ ဖြစ်တယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်။ ဘယ် ပညာရပ်မဆို အဲဒီလို လက်ဆင့်ကမ်း သယ်လာကြတဲ့အတွက် အဆင့်ဆင့် တိုးတက် လာခဲ့ကြသလို၊ မပျောက်ပျက်အောင်လည်း ထိန်းသိမ်း နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို လက်ဆင့်ကမ်းပြီး သယ်ဆောင်လာတဲ့ ပညာရပ်တွေကို သေသေချာချာ လေ့လာကြည့်ပါ။ တကယ် လက်ဆင့် ကမ်းမယ့်သူတွေ အဆင်ပြေ လွယ်ကူအောင်၊ အလွယ်တကူ သင်ယူနိုင်အောင် စီစဉ်ထားတတ်ကြတာ တွေ့ရပါလိမ့်မယ်။ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း၊ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်၊ သင်ကြားပေးရမယ့် ပုံစံ၊ စည်းကမ်း စသည်ဖြင့် ပြည့်စုံအောင် စီစဉ်ထားတတ် ကြပါတယ်။ ဒီ ပညာရပ်တစ်ခုက နဂိုမူရင်းအတိုင်း တည်ရှိနေအောင် လက်ဆင့်ကမ်းရမှာလား။ ဒါမှမဟုတ် ထပ်တိုးတန်ဖိုးတွေ ပေါင်းထည့်ပြီး ဒီထက်ပိုပြီး တိုးတက်အောင် ဆောင်ရွက် သွားကြရမှာလား ဆိုတဲ့ အချက်တွေကိုလည်း တစ်ခါတည်း စီစဉ်သွားတတ်ကြပါတယ်။ ဒီလိုပညာရပ်တွေပဲ ရေရှည်မှာ တည်တဲ့ခိုင်မြဲပြီး ကျန်ခဲ့တာပါ။ အဲဒီလို မဟုတ်တဲ့ ပညာရပ်တွေကတော့ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကွယ်ပျောက်သွားတတ် ကြပါတယ်။
ကျွန်တော်ကတော့ နည်းပညာသမားဆိုတော့ နည်းပညာနဲ့ ဆိုင်တဲ့ ဥပမာပဲ ပေးတတ်ပါတယ်။ Open Source နည်းပညာတွေ ဖြစ်တဲ့ PHP, MySQL စတာတွေကို လေ့လာကြည့်ပါ။ တကယ့်ကို အသေးစိတ် မှတ်တမ်းတွေ တွေ့နိုင်ပါတယ်။ WordPress ဆိုတဲ့ Blog Engine ကို လေ့လာကြည့်ပါ။ တကယ့်ကို ပြည့်စုံတဲ့ Documentation တွေ ရှိတာတွေ့ရမှာ ဖြစ်သလို Developer တွေအတွက်လည်း ဆရာစား တစ်ခုမှ မချန်ပဲ စီစဉ်ထားတတ် ကြပါတယ်။ ဒါက Open Source ဖက်၊ Commercial ကျကျ လုပ်နေတဲ့ ပညာရပ်တွေမှာလည်း Documentation စုံစုံလင်လင် စီစဉ်ထားတတ် ကြပြီး သူတို့ လက်ဆင့်ကမ်းမယ့် ပညာရှင်တွေ အတွက် အသေးစိတ် လေ့လာနိုင်အောင် ဒီထက်ပိုပြီး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားခဲ့ ကြတာပါပဲ။
ကျွန်တော်တို့ မြန်မာတွေမှာကော အဲဒီလို အလေ့အထမျိုး ရှိရဲ့လားဆိုတာ ပြန်စမ်းစစ်ကြည့်တော့ ကျွန်တော်ပဲ မမြင်လို့လား၊ သတိမထားမိလို့လား မသိ။ အဲဒီလို မှတ်တမ်းတွေဆိုတာ လွန်ခဲ့တဲ့ ကျွန်တော်တို့ အဖိုးအဖွားတွေ ခေတ်က ပညာရပ်တွေမှာပဲ တွေ့ရပါတယ်။ ခုလက်ရှိ Public နဲ့ ဆိုင်တဲ့ ပညာရပ်တွေမှာရော Private ကျတဲ့ ပညာရပ်တွေမှာပါ အဲဒီလို စနစ်တကျ စီစဉ်ထားတာ မတွေ့ရပါဘူး။ ဆရာက မည်သို့လုပ်လိုက်သည် မသိ၊ တပည့်ကလည်း မည်သို့ လိုက်လုပ်ရမည် မသိတွေ များနေတယ်လို့ ကျွန်တော် ရိုးသားစွာပဲ မြင်မိပါတယ်။ ကျွန်တော့် အမြင်မှား နေတယ် ဆိုရင်လည်း ဝေဖန်နိုင်ပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့ စကား အခြေအတင် ပြောဖူးပါတယ်။ သူ့အပြောအရ သူတို့ လုပ်ငန်းမှာလည်း ဒီအတိုင်းပဲတဲ့ ရှေ့က လူတစ်ယောက် ပြောင်းသွားတာနဲ့ နောက်ကလူတစ်ယောက် ဝင်လာတယ်ဆိုရင် နောက်ဝင်တဲ့ လူအနေနဲ့ ရှေ့က လူဆီက လုပ်ငန်း လုပ်ပုံအဆင့်ဆင့် စသည်ဖြင့် မွေခံထိုက်စေတွေ မရပဲ ရှေ့ကလူ ရှုပ်သွားတဲ့ ပြဿနာတွေ အကုန်ရှင်း၊ အစအဆုံး Overhaul လုပ်ရတာ များတယ်တဲ့။ ရှေ့ကလူအနေနဲ့လည်း သူ့ဂွင်နဲ့သူ နောက်လူကလည်း သူ့ဂွင်နဲ့သူပဲတဲ့။ သူပြောတာလဲ ဟုတ်နေတာပဲ၊ ရှေ့ကလူ ဆောက်သွားသမျှ အကုန်ဖြိုချပြီး နောက်လူက ပြန်ဆောက်မှ နောက်လူ ဂွင်တည့်မှာပေါ့တဲ့။ လန်ထွက်နေတာပဲလို့ ဆိုရမှာပါပဲ။
နောက် ကျွန်တော့် အဖွားပြောတာ မှတ်သားဖူးပါတယ်။ မြန်မာတွေ ဟင်းချက် အရမ်းကောင်းတယ်တဲ့ ဒါပေမယ့် သူပဲ ချက်တတ်တယ် နောက်လူ မချက်တတ်ဘူးတဲ့။ အဲဒါ ဘာဖြစ်လို့လည်းဆိုတော့ နည်းစနစ်နဲ့ ချက်တာ မဟုတ်ပဲ လျှာနဲ့ ချက်လို့တဲ့။ သူသေသွားတဲ့အခါ သူလျှာကို ဖြတ်ပြီး နောက်လူက ဆက်လိုက်မှ အဆင်ပြေမယ့် ပုံရှိပါတယ်။ ဒါကတော့ ဟင်းချက်တဲ့ ကိစ္စမို့ထားပါတော့ တကယ့် ပညာရပ် နယ်ပယ်တွေ မှာလည်း အတူတူပါပဲ။ ဆရာ မည်သို့လုပ်လိုက်သည် မသိ တပည့်တွေ ဝိုင်းကြည့်၊ ဆရာကတော့ လူစွမ်းကောင်းကြီး ဖြစ်နေပြီး တပည့်တွေက လက်ဆင့်ကမ်း သယ်ဆောင်မယ့် သူတွေထက် ပံ့ပိုးသူတွေသာ ဖြစ်နေတတ်ပါတယ်။
နောက် ကျွန်တော်တို့ မြန်မာတွေမှာ ဆရာစားမချန်သင့်တဲ့ နေရာမှာ ဆရာစားတွေ ချန်တတ်တဲ့ အလေ့အထတွေလည်း ရှိပါသေးတယ်။ စီးပွားရေးနဲ့ ဆိုင်တဲ့ ဆရာစားချန်သင့်တဲ့ ဟာတွေမှာတောင် တကယ်တန်းတော့ သူတို့ လက်ဆင့်ကမ်း လွဲပြောင်းပေးရမယ့် နောက်မျိုးဆက်အတွက် သေသေချာချာ စီစဉ်ထားသင့်တာပါပဲ။ ဆရာစားချန်ရခြင်း အကြောင်းအရင်းတွေကို လေ့လာကြည့်မယ် ဆိုရင် သူတို့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင် နေတတ်တာတွေ ရှိသလို လူတကာက ဆရာကြီး၊ ဆရာကြီးဆိုပြီး ခေါ်ပြီး ဒီနေရာမှာ သူတစ်ယောက်တည်း သိတယ်၊ တတ်တယ်ဆိုပြီး အားကိုး နေအောင် စီစဉ်ထားကြတာလည်း တွေ့ရပါတယ်။
တကယ်တော့ ကျွန်တော်တို့ မြန်မာတွေကလည်း တစ်ခါတစ်လေမှာ မအ သင့်ပဲ အနေတတ်တာလည်း ပါပါတယ်။ တစ်ချို့ကိစ္စတွေမှာ လေ့လာ လိုက်ရင် ခဏလေးသိနိုင်တာကို မလေ့လာပဲ ဆရာကြီး လုပ်နေသူကို အားကိုးနေတတ်တာလဲ ရှိပါတယ်။ ဒါကလည်း ကြိုးနီစနစ်တွေရဲ့ ဒါဏ်တွေ ကြောင့်လည်း ပါမယ်ထင်ပါတယ်။ အသုဘကိစ္စမှာက အစ ဆရာကြီးဆိုတာ ရှိနေပါတယ်။ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းထဲကလို ပေါ့။ အသုဘ ဆရာ၊ ကလေး အီးအီးတည်ဆရာ၊ ရူးရူးပေါက် ဆရာ စသည်ဖြင့် နေရာတကာ ဆရာကြီးတွေ များနေပါတယ်။
အဲဒီလို လက်ဆင့်ကမ်းပေးမယ့်သူနဲ့ လက်ဆင့်ကမ်းခံရမယ်သူ ကြားမှာ လစ်ဟာမှုတွေ နေရာတကာမှာ ရှိနေတာဟာ မြေအုပ်များ ပြိုလေသော် ကျောက်အုပ်များနှင့် အစားထိုးလတံ့ဆိုတဲ့ ဆောင်ပုဒ်နေရာမှာ မြေအုပ်များ ပြိုလေသော် မြေအုပ်များနှင့် အစားထိုးလတံ့ ဆိုသလို ဖြစ်နေပြီး မြေကြီးထဲကကို မတက်တော့ပါဘူး။ တိုးတက်ဖို့အတွက် အများကြီး နှောင့်နှေးမှုတွေ ဖြစ်စေတယ်လို့ ကျွန်တော် မြင်ပါတယ်။
ဒါပေမယ့် ပြောသာပြောရတယ်။ အဲဒီလို ကိစ္စတွေ အားလုံးက မုန့်လုံး စက္ကူကပ်၊ ဂျာအေး သူ့အမေရိုက် ဆိုသလိုတွေပါပဲ။ မြန်မာတွေမှာ အသိအမှတ် ပြုဖို့ အင်မတန် ဝန်လေးတတ်တဲ့ အကျင့်ကလည်း ရှိသေးတယ်။ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုဖို့ အင်မတန် ဝန်လေးတတ်ကြတယ်။ သာမာန်လူတွေမှာ သိပ်မသိသာပေမယ့် သူ့နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့သူတွေက ပိုဆိုးပါတယ်။ တစ်ယောက်က တစ်ခုခုကို တီထွင်ဖန်တီးလိုက်ရင် အသိအမှတ်ပြုပြီး ချီးမွန်းဂုဏ်ပြုတာ၊ အသိအမှတ်ပြုပြီး ဝေဖန်အကြံပြုတာမျိုး လုပ်ဖို့ မကြိုးစားကြပဲ အသိအမှတ် မပြုစေချင်တဲ့ ဆန္ဒတွေနဲ့ မသိချင်ရောင် ဆောင်နေတာတွေ အသိအမှတ်မပြုအောင် ဝေဖန်တာတွေပဲ များနေပါတယ်။ ဒီတော့ တီထွင် ဖန်တီးသူ အနေနဲ့လည်း ဘယ်လိုမှ ပြည့်ပြည့်စုံစုံ စီစဉ်ချင်မှာ မဟုတ်တော့ပါဘူး။ သူက ပြည့်ပြည့်စုံစုံ မစီစဉ်တော့ လက်ဆင့်ကမ်းတဲ့ နေရာမှာလည်း အခက်အခဲက ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မုန့်လုံးစက္ကူကပ် ဂျာအေး သူ့အမေရိုက် နေပါတော့တယ်။
လက်ဆင့်ကမ်းသည် ဆိုရာဝယ် လက်ဆင့်ကမ်းမည့် သူမှလည်း စနစ်တကျ ပြင်ဆင်ပြီး၊ အသေးစိတ် အချက်အလက်များ၊ တိုးတက်သင့်သည်များ၊ ထိန်းသိမ်းသင့်သည်များ၊ သင်ကြားသင့်သည်များ စသည်ဖြင့် အသေးစိတ် ပြင်ဆင်ပြီး လက်ဆင့်ကမ်းဖို့ လိုသလို၊ လက်ဆင့်ကမ်း သယ်ဆောင်မည့် သူများ အနေနှင့်လည်း မွေခံထိုက်စေဖြစ်အောင် ကြိုးစားသင့်ကြောင်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်း လိုက်ရပေသည်။
Facebook comments:



လက်ဆင့်ကမ်းတယ်ဆိုရာမှာ ကျွန်တော်ကတော့ ကိုယ်သိတဲ့အကြောင်းအရာကို လက်ဆင့်ကမ်းတာထက် ကိုယ်လေ့လာခဲ့တဲ့ Way of Learning ကို လက်ဆင့်ကမ်းတာကို ပိုအားပေးပါတယ်။ ကိုယ်သိတာကိုလက်ဆင့်ကမ်းရင် လွန်ရောကျွံရော ကိုယ်သိတာရဲ့တစ်ဝက်လောက်ပဲ သိသွားမှာပေါ့။ ကိုယ်လေ့လာခဲ့တဲ့ နည်းလမ်းကိုပြောပြမှ သူလည်းလေ့လာရင် ကိုယ့်အချိန်ရောက်ရင် ကိုယ်လိုတတ်ရင်တတ် ဒါမှမဟုတ် ကိုယ့်ထက်ပိုတတ်မှာပေါ့။ ကြားထဲမှာ အခက်အခဲရှိလို့ မေးချင်တယ်ဆိုရင်တော့ လိုအပ်သလိုဖြေပေးရမှာပေါ့လေ စီနီယာကအဲဒါမျိုးကို ကူညီပေးသင့်တာပေါ့။ လိုက်မလုပ်လို့ မတတ်တာတော့ ကြိုးစားမှု့မရှိလို့ပဲမြင်တယ်။
ကျွန်တော့်ကို တစ်ခုခုလေ့လာချင်တယ် အကူအညီတောင်းတယ်ဆိုရင် လုပ်နေကျအလုပ်က သူ့ရဲ့အခြေအနေ ဘယ်လောက်ရှိသလဲ တစ်ချက်တီးခေါက်ကြည့်တယ် ကျွန်တော်တုံးကတော့ ဒီလိုလေ့လာခဲ့တယ်ပြောပြတယ် သင့်လျော်တဲ့ စာအုပ်တစ်အုပ်ရှာပေးတယ် စာဖတ်ဖို့အတွက် အချိန်ဇယားတစ်ခုပေးလိုက်တယ် ကြားထဲမှာနားမလည်ရင် မေးပါလို့ပြောလိုက်တယ် ပေးလိုက်တဲ့စာကိုဖတ်တယ် မေးချင်သလောက်မေးပါ နောက်ဆုံးရေးထားတာရဲ့ ဘောင်ကိုကျော်မေးပါ စိတ်ရှည်လက်ရှည်ဖြေပါတယ်။ စာဖတ်တာအားနည်းလို့ဖြစ်ဖြစ် အခြားအကြောင်းကြောင့်ဖြစ်ဖြစ် အချိန်ဇယားနဲ့မကိုက်ဘူး ကိစ္စမရှိဘူး ကြိုးစားနေတာမြင်နေရရင် လိုအပ်တာကိုကူညီပါတယ်။ ဒါပေမယ့်လို့ စာမဖတ်ပဲ ဒီအခန်းတစ်ခုလုံး နားမလည်ဘူးဆိုပြီး လာမေးရင်တော့ လုံးဝဖြေလေ့မရှိပါ။
ဘယ်လောက် အောင်မြင်သလဲဆိုရင် လူဆယ်ယောက်မှာ ကိုးယောက်ဟာ ၂ ပါတ်လောက်အတွင်း ဘယ်ရောက်မှန်းမသိ ပျောက်သွားတတ်ပါတယ်။ လက်ကျန်တစ်ယောက်လောက်ကတော့ အစကတော့ ကိုယ်ရှင်းပြသမျှနားထောင်တယ် ခေါင်းညိမ့်တယ် နောက်တော့ နည်းနည်းအတွန့်တက်လာတယ် ဟိုလိုကမကောင်းဘူးလား ဒီလိုကမကောင်းဘူးလား နောက်ဆုံးကျ တစ်ချို့နေရာတွေမှာ သူသေကိုယ်သေငြင်းယူရတဲ့ အခြေအနေရောက်တေယ် နောက်ပြီးအချိန်တန်တော့ ကိုယ့်အကူအညီလည်း မလိုတော့ပါဘူး သူ့ဟာသူကိုယ့်လမ်းကိုယ် လျောက်သွားပါတယ်။ အဲဒါမျိုးလူပဲဖြစ်စေချင်ပါတယ် တစ်ချိန်လုံးဆရာဆရာဆိုပြီး ခိုင်းကောင်းအောင်ဆရာခေါ်ပြီး လာလာခိုင်းတဲ့လူမျိုး အကူအညီပေးရတာ အချိန်ကုန်လူပန်းလွန်းတယ်လို့ ကျွန်တော်ကမြင်တယ်။
ခိုင်းကောင်းအောင် ဆရာခေါ်ပြီး လာလာခိုင်းတဲ့လူမျိုး … မိုက်တယ်ဗျာ … အရေးအသားကတော့
အဲ.. နည်းပညာမှာက အကုန် English လိုကြီးပဲလေ.. Documentation လုပ်ရမယ့် ကိုယ်ပိုင် technology တောင် မရှိသေးဘူး.. =( ကျွန်တော့် ကိုယ်ပိုင် API Framework နဲ့ Ornagai API တော့ documentation ရှိတယ်…
ခတ်တော့ခတ်တယ်ဗျ တစ်ခုခုကို မသင်ခင် မိမိဘာသာလေ့တာတက်ဖို့ ကိုအရင်သင်ရမလို့ဖြစ်နေပြီ ဒီတော့လဲ သင်တန်းသာအများစုက ဆင်းရဲတဲ့သူ ငွေမတက်နိုင်တဲ့သူ တွေ ဆိုတော့ အချိန်တွေ ငွေတွေ ပေါပေါ့များများ မရှိတက်ကြဘူးဗျ။ နောက်တစ်ခုက မိမိဘာသာလေ့လာခိုင်းဖို့ ဟိုဟာဖတ်ဒီဟာဖတ်ဆိုရင်လဲ english အခြေခံက မကောင်းတော့ လိုသလိုမပေါက်ပြန်ဘူး။ ဒီတော့ ကိုသီဟရေ့ ကျွန်တော်တို့ ဒီ myanmar tutorials ကနေ တက်နိုင်သလောက် မြန်မာတွေ မြန်မာလို နာလည်တဲ့ ပုံစံလေးနဲ့ လက်ဆင့်ကမ်းကြရအောင်ဗျာ။ ဒီလို လက်ဆင့်ကမ်းတယ်ဆိုရင်တောင် တချို့သူတွေက internet ဆိုင်ကိုသွားဖို့တောင် ငွေပိုမရှိဘူးဖြစ်နေတယ်။ ;(
ဒါကတော ့ မစိုးရိမ်ပါနဲ ့ကို zms ရေ။ အင်တာနက်က နေလေ့လာ တဲ ့သူတွေများလာရင် သူတို ့လည်း
အင်တာနက်ပြင်ပမှာတဆင့်ဖြန် ့ဝေတဲ ့သူတွေလည်း ပါလာ မှာပါ။ ဒီလိုပဲပေါ့ဗျာ ကိုယ်တတ်နိုင်တဲ ့ဘောင်
ထဲက ကိုယ်လုပ်နိုင်တာလေး လုပ်ကြတာပေါ့ဗျာ။ အင်တာနက် က ပို ့စ်ကောင်းနိုးရာရာတွေကို စာအုပ်အနေနဲ ့
ဖြန် ့ဝေချင်တဲ ့သူတွေလည်းရှိပါတယ်။အဲလိုလူတွေလည်းများများပေါ်ပေါက်လာ ရင် ကောင်းမယ်။
အဲဒီတော ့ဗျာ ကျွန်တော ့တို ့ ဒီအသိုင်းအဝိုင်းလေး မှာဖြန် ့ဝေကြရင်းကျယ်ပြန် ့လာပါစေဗျား.။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ အနေနဲ့ ကိုယ့်ဘာသာနဲ့ ရေးတဲ့ ပညာရပ်တွေ များများရှိဖို့ လိုအပ်ပါတယ်ဗျာ။
အင်္ဂလိပ်လို ဆိုတာလည်း လေ့လာရမှာပါပဲ…ဒါက ဘာသာစကားအနေနဲ ့ သက်ဆိုင်ရာ နယ်ပယ်မှာ တိုးတက်ဖို့ လေ့လာရမှာပါ။
အဓိကက တော့ ကိုယ်တွေက စပြီး ရသမျှ မြန်မာလို စနစ်တစ်ကျ ရေးဖို့ပါပဲ..
ကို zms ပြောတဲ့ အင်တာနက်ဆိုင်သွားဖို့ ငွေပိုမရှိဘူးဆိုတဲ့သူတွေအနေနဲ့ ဒီခေတ်မှာ အဲလောက် ဈေးမကြီးတော့ပါဘူး။
အင်တာနက်ဖိုးတော့ ရအောင် ရှာတဲ့ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်မှ မရှိရင် selfstudy ဆိုတာ မလွယ်ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ရအောင်လျှောက် ကြရမှာက ပေးမယ့်လူကော..ယူမယ့်သူတွေပါ..စိတ်ဓာတ် အပြည့်ရှိမှ
ဖြစ်မှာပါ။
တကယ်တော့ အင်တာနက်ဖိုး မရှိတာမဟုတ်ဘူး ရှိတယ်၊ ဒါပေမယ့် ချက်တင်ပဲ ထိုင်နေကြတာကိုးဗျ
ချက်တင်လုပ်ရတာက လောလောဆယ် လွယ်တာကိုး….
တကယ်သိချင်တယ်ချင်တဲ့ သူတွေအတွက် Free Learning Platform တစ်ခု ဖြစ်လာအောင် လုပ်ပေးထားကြတာပေါ့ဗျာ…
ရွာနေတဲ့ မိုးလိုပေါ့ ခံတဲ့သူ ရမှာပေါ့… တစ်ခုခြားနားတာကတော့ Internet မိုးကတော့ 24 နာရီ ရွာနေတာမို့ လိုချင်တဲ့သူ လိုချင်တဲ့အချိန် လာယူလို့ရတာပေါ့…..
ကောင်းတယ်ဗျာ။ ကို Aung Aung Oo ကိုယ့်လူပြောသလိုပဲဗျ။ တကယ်ကို အဲလိုဖြစ်နေတာ။
ဒါပေမယ့် ကို everlearner ပြောသလိုအင်တာနက်မိုး က 24 နာရီတော့ရွာတယ်ခင်ဗျ။ ဒါပေမယ့်လို ့
တစ်ပါက်နှစ်ပေါက်ကျလာလိုက်။ စဲသွားလိုက်နဲ ့ မိုးကရွာတယ်ဆိုရုံလေးဖြစ်နေတော့အခက်သား ( ကော်ကော် )
ဘာပဲပြောပြောဗျာ။ အားလုံးဝိုင်းပြီးအကြံပေးသွားတာကို သေချာဖတ်သွားပါတယ်။ အားရတယ်ဗျာ။
Pro တွေနဲ ့Begineer တွေအရမ်းကွာနေတာလည်းအဲဒါပဲဗျ။ Begineer တွေကလည်းဘာလုပ်လို ့လုပ်ရမယ်မှန်းမသိ။
Pro တွေကလည်း ကိုယ့်အိပ်ကပ်ကိုပဲ ငုံ ့ကြည့်နေရတဲ့ဘဝဆိုတော့လဲ ။ ။ ။ အဲဒီလိုတွေများလာတော့တကယ့်ကိုမကောင်းပါဘူးဗျာ။