Facebook ပုံပြင်
ရုပ်ရှင်ကားတွေတိုင်း Website တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Website တိုင်းတော့ ရုပ်ရှင်ကား တစ်ကား မပိုင်ဆိုင်နိုင်ပါဘူး။ ဒါပေမယ့် Facebook ဆိုတာတော့ တစ်ခြား Website တွေနဲ့ မတူပါဘူး။ လွန်ခဲ့တဲ့ ၆နှစ်ခွဲကျော် ကာလက Mark Zuckerberg ဆိုတဲ့ ဟားဗတ် တက္ကသိုလ်ကျောင်းသား တစ်ယောက်ဟာ သူ့အတန်းဖော်တွေ သုံးဖို့ လူမှုကွန်ယက် ဝန်ဆောင်မှုတစ်ခုကနေ စတင်ခဲ့ပြီး ယခုဆိုရင် သန်း ၅၀၀ မျှသော အသင်းဝင်များကို အချင်းချင်း အပြန်အလှန် ချိတ်ဆက် အသုံးပြုနိုင်စေရန် စွမ်းဆောင်ပေးနိုင် နေပြီ ဖြစ်ပါတယ်။ အဲဒီလို ၆ နှစ်ခွဲကျော် ကာလအတွင်း အံ့သြစရာ ကောင်းလှတဲ့ အသင်းဝင် အရေအတွက်ကို စုဆောင်း နိုင်တယ်ဆိုတာ လူ့သမိုင်း တစ်လျှောက်မှာ မကြုံစဖူး ထူးကဲတဲ့ အဖြစ်အပျက် တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Facebook အကြောင်း ရုပ်ရှင်ရိုက်မယ် ဆိုရင် ရိုက်လို့ရနေပါပြီ။ ဒီတော့ Facebook အကြောင်း ရုပ်ရှင်ရိုက်မယ် ဆိုရင် ရိုက်လို့ရနိုင်စရာ အကြောင်းတွေ လေ့လာကြည့်ရအောင်
(၁) Facebook ဆိုတာ ကောလိပ်ကျောင်းသား/သူတွေ အများအားဖြင့် အသုံးပြုကြတယ်
ဒီလို အယူအဆ သဘောတရားဟာ ၂၀၀၄ ခုနှစ် ဆောင်းတွင်းကာလမှာ အစပြုခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Mark Zuckerberg အနေနဲ့ သူ့အတန်းဖော်တွေ အတွက် လူမှုကွန်ယက် ဝန်ဆောင်မှု တစ်ခုကို စတင်ခဲ့တာ ၂၀၀၄ ခုနှစ် ဆောင်းတွင်း ကာလမှာပါ။ ဒါပေမယ့် အဲဒီလို အတန်းဖော်တွေအတွက် ဆိုတဲ့ ကိစ္စဟာ လအနည်းငယ်သာ ကြာခဲ့ပါတယ်။ နောက်ပိုင်းမှာ အီးမေးလ် လိပ်စာကို အသုံးပြုပြီး ဝင်ရောက်နိုင်တဲ့ ဝန်ဆောင်မှု အဖြစ် အခြား ကောလိပ်က ကျောင်းသား၊ ကျောင်းသူတွေပါ ဝင်ရောက်နိုင်အောင် ဖွင့်ပေးခဲ့ပါတယ်။ အထက်တန်း ကျောင်းများကို ၂၀၀၅ ခုနှစ်နဲ့ အရွယ်ရောက်သူ အားလုံးအတွက် ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီတော့ တက္ကသိုလ် ပရဝုန်ဆိုတဲ့ ကန့်သတ်ချက်ကို ၂၀၀၆ ခုနှစ်ကတည်းက ချိုးဖျက်ခဲ့ပြီး ဖြစ်ပေမယ့် လူတိုင်းရဲ့ ရင်မှာ Facebook ဆို တက္ကသိုလ် ကျောင်းသားတွေ သုံးတာလို့ စွဲကျန် နေရစ်ခဲ့ပါတယ်။ အဲဒီအချိန်က လူငယ်အများစုကို အခြေခံပြီး Facebook ဖြစ်ပေါ်လာတယ် ဆိုပေမယ့် ၁၃၄ သန်းရှိတဲ့ အသင်းဝင်တွေထဲမှာ သုံးပုံနှစ်ပုံက ၂၆ နှစ်ကျော်လွန်ပြီးသူတွေ ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ပြင်ပမှာ Facebook အသင်းဝင်မှု၊ သုံးစွဲမှု အရေအတွက် တွေဟာ အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ တိုးတက်လာခဲ့ပြီး သက်လတ်ပိုင်း အမျိုးသမီးတွေက အချိုးအစား အများဆုံး ပါဝင်ပါတယ်။
တစ်နိုင်ငံပြီး တစ်နိုင်ငံ တောမီးပမာ ကူးစက်လာခဲ့ပြီး Facebook ဆိုတာ လူတွေရဲ့ ဒုတိယဘဝ (Second Life) ဖြစ်လာ ခဲ့ပါတယ်။ အသက်အရွယ်မရွေး အသင်းဝင်လာကြပြီး Facebook မရှိရင် ခေတ်မမှီတော့ဘူးဆိုတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ Facebook လေးမှ မရှိရင် ကိုယ်မိတ်ဆွေ အပေါင်းအသင်း၊ မိသားစု၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရနိုင်တော့တဲ့ အနေအထား ရောက်လာပါတော့တယ်။ ကိုယ်ပိုင် သုတေသန ပြုချက်အရ Facebook ဟာ အီတလီလူမျိုး ပညာတတ်အလွှာတွေ ကြားထဲမှာ အီးမေးလ်နေရာကို အစားထိုး ဝင်ရောက်လာခဲ့ပြီး အခြား ကိုလံဘီယာလို နိုင်ငံက စီးပွားရေး သမားတွေမှာလည်း အတူတူပါပဲ။ အင်ဒိုနီးရှားမှာ ဆိုရင်လည်း Facebook Member အများဆုံး တတိယနိုင်ငံ ဖြစ်လာပြီး အွန်လိုင်း အသုံးပြုသူ သန်း ၃၀ ရှိရာမှာ ၂၇.၈ သန်းက Facebook အသုံးပြုသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။
(၂) Facebook ဆိုတာ ကြော်ငြာသမားတွေကို ကူညီဖို့ အမြဲ ပြုပြင် ပြောင်းလဲနေတယ်
Zuckerberg အနေနဲ့ Facebook ရဲ့ ဝန်ဆောင်မှုတွေ သွင်ပြင်တွေကို အမြဲတမ်း ပြုပြင်ပြောင်းလဲ နေခဲ့ပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲ မှုတွေကြောင့် အသုံးပြုသူများကို သူတို့ကိုယ်ပိုင် အချက်အလက်များကို ပြင်ပ ကမ႓ာကြီးကို ဘယ်လိုပြရမှန်း မသိတဲ့ ပြဿနာတွေ ကြံုတွေ့ကြရပါတယ်။ ဥပမာတစ်ခုကို ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ နှစ် နှစ်ကုန်ပိုင်း လောက်က Facebook အနေနဲ့ User တစ်ယောက်ချင်းစီရဲ့ သူငယ်ချင်းစာရင်းကို လှို့ဝှက်ထားရာကနေ မည်သူမဆို ကြည့်လို့ရတဲ့ အနေအထားကို ပြောင်းလဲပစ်ခဲ့ပါတယ်။ အဆိုပါ ပြောင်းလဲမှုအပေါ်မှာ ဝေဖန်သံတွေ ဆူညံလာခဲ့ပြီး တစ်ကိုယ်ရည် ပိုင်ဆိုင်တဲ့ အချက်အလက်ဆိုင်ရာ လုံခြံုမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ အပြောင်းအလဲကို ပြင်ဆင်ဖို့ ရပ်တန့်ဖို့ တောင်းဆိုတဲ့ Facebook User Group တွေပါ ထွက်ပေါ်လာတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်သူတွေရဲ့ အကဲဖြတ်ချက်တွေအရ အဆိုပါ အပြောင်းအလဲလေး တစ်ခုဟာ ကုမ္ပဏီကို အမြတ်ရရှိနိုင်တဲ့ လမ်းကြောင်းပေါ် စတင်ပြီး ခြေချနိုင်အောင် စွမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထိုကဲ့သို အသုံးပြုသူများရဲ့ အချက်အလက်တွေကို အများမြင်သာအောင် ပြလိုက်တယ် ဆိုတာနဲ့ ကြော်ငြာလိုသူများ အတွက် တံခါးတွေ ဖွင့်ပြီးသား ဖြစ်သွားစေပါတယ်။ အဲဒီ အချိန်တုုန်းက Zuckerberg နဲ့ အင်တာဗျူးတိုင်း အဆိုပါ ကိစ္စကို နောက်တန်းမှာ ထားပြီး အခြား အကြောင်းအရာများကို မေးတတ်ကြပါတယ်။ သေချာတာ တစ်ခုက အဲဒီအချိန်တုန်းက Zuckerberg ကိုယ်တိုင် ကြော်ငြာက ဝင်ငွေနဲ့ ပတ်သက်ပြီး ဝေခွဲမရ ဖြစ်နေတဲ့ သဘောရှိပါတယ်။ သူကိုယ်တိုင် ကြော်ငြာကို ဖွင့်ပေးလိုက်တယ် ဆိုတာ သူဝန်ဆောင်မှုတွေအတွက် ကုန်ကျစရိတ်တွေ ပေးချေဖို့၊ ဝန်ဆောင်မှု တိုးချဲ့ဖို့ ဒီလောက်ပဲ အာရုံကျခဲ့ဟန် ရှိပါတယ်။ (ဒါပေမယ့် အဲဒီအချိန်ကတည်းက Mark Zuckerberg ဆိုတာ ရေတိုငွေဝင်လမ်းကို မလိုက်တတ်တဲ့ သူတစ်ယောက် အဖြစ် သိနိုင်တဲ့ အချက်တွေ ရှိခဲ့ပါတယ်။ သူဟာ ရေတိုသဘော ပိုက်ဆံရတဲ့ လမ်းကို လိုက်မယ်ဆိုရင် အသက် ၂၃ နှစ်ကတည်းက Microsoft ရဲ့ ဒေါ်လာ ၄ ဘီလီယံလောက် ရှယ်ရာတွေ ပေးပြီး ကမ်းလှမ်းခဲ့တာကို လက်ခံခဲ့မှာ ဖြစ်ပါတယ်။)
Mark Zuckerberg ဟာ သူ့ကိုယ်သူ စွန့်ဦးသမားတစ်ယောက်ထက် လူမှုရေးတော်လှန် ပြောင်းလဲသူ တစ်ယောက် အဖြစ် ပိုပြီး လက်ခံ ယုံကြည်ထားသူ ဖြစ်ပါတယ်။ သူ့ ကုမ္ပဏီကိုလည်း ကမ႓ာကြီးကို ပြောင်းလဲနိုင်ဖို့အတွက် တွန်းအားတစ်ခု အဖြစ် ရှုမြင်ထားသူ ဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ ဆောင်ပုဒ်ကို ကြည့်မယ် ဆိုရင်လည်း “ကမ႓ာကြီးကို ပိုမို လွတ်လပ် ပွင့်လင်းအောင်၊ ပိုမိုချိတ်ဆက်နိုင်အောင် လုပ်ကြပါစို့” ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဆောင်ပုဒ်ဟာ Zukerberg အတွက် ပုတီးစိတ်တဲ့ အခါရေရွတ်သလို တစ်ဖွဖွ ရွတ်စရာ ဂါထာတစ်ပုဒ်လို ဖြစ်စေခဲ့ပါတယ်။ Facebook ဆိုတာ တကမ႓ာလုံးမှာ ရှိတဲ့ လူတွေအနေနဲ့ သူတို့ ကိုင်ပိုင်အရည်အချင်း၊ ကိုယ်ပိုင် ဘဝတွေကို ကပြ အသုံးတော်ခံစရာ ဇာတ်စင် အဖြစ် Mark Zuckerberg အနေနဲ့ ယုံကြည် ထားပါတယ်။ အဆိုပါ ဇာတ်စင်ကြီးမှာ ကပြအသုံးတော်ခံရင်း ပိုပြီး ထိရောက် အသုံးဝင်တဲ့ ကမ႓ာ့နိုင်ငံသားတွေ ဖြစ်လာစေဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ အဲဒီလို ရည်ရွယ်ချက် ကြီးကြီးမားမားတွေ ထားခဲ့တာကြောင့်လည်း ငွေရမယ့်လမ်းအပေါ် စောစောစီးစီး မလိုက်ခဲ့တာလို့ ဆိုနိုင်မှာ ဖြစ်ပြီး တစ်ခြား Social Network တွေလို အသင်းဝင်တွေ ရရင်ပြီးရော သဘောမျိုးတွေ မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Facebook က Staff တွေ မရှက်တန်း မကြောက်တန်း သုံးနေတဲ့ စကားလုံးတစ်လုံးဖြစ်တဲ့ ubiquity ဆိုတဲ့ စကားလုံးလိုပဲ လူတိုင်း Facebook သုံးနိုင်ရမယ် ဆိုတာ သူတို့ ကုမ္ပဏီရဲ့ အဓိက ရည်မှန်းချက်အဖြစ် ရှိနေပါတယ်။
Zuckerberg ရဲ့ အချိန်နဲ့အမျှ ပြုပြင် ပြောင်းလဲမှုတွေဟာ အရူးတွေကို ဆေးကောင်း ဝါးကောင်းလေးတွေ မစပေးပြီး ကျမ်းမာ စေသလို၊ စိတ်ဓာတ် တက်ကြွစေမှု တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သူနဲ့ အင်တာဗျူးတွေ တော်တော်များများ လုပ်ခဲ့ပြီး သိခဲ့ရတာကတော့ Facebook ကို ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ပဲ ရပ်တန့်လိုက်မယ်၊ သေးငယ်တယ်၊ ဘာမှမဟုတ်ပါဘူးဆိုပြီး တစ်ခြားကုမ္ပဏီလေးတွေကို အထင်သေး လိုက်မယ်ဆိုရင် သူတစ်ချိန်က ဘာမှ မဖြစ်စလောက် အရွယ်လေးနဲ့ စတင်ပြီး ကျော်ဖြတ်ခဲ့သလို တစ်ခြား ကုမ္ပဏီတွေကလည်း ကျော်ဖြတ် သွားလိမ့်မယ် ဆိုတဲ့ သဘောကို Mark Zuckerberg ကောင်းကောင်း သိနေခဲ့တယ် ဆိုတာပါပဲ။
(၃) Facebook အသုံးပြုသူတွေ အနေနဲ့ Privacy(တစ်ကိုယ်ရည် အချက်အလက် လုံခြံုမှု) ပိုင်းနဲ့ ပတ်သက်ရင် ပြောသလောက် ဂရုမစိုက်ကြပါဘူး။
လူတွေ အတော်တော်များများဟာ Facebook နဲ့ ပတ်သက်တဲ့ Privacy Issue (တစ်ကိုယ််ရည် အချက်အလက် လုံခြံုမှု ဆိုင်ရာ ပြဿနာ) ကို အသံ ကျယ်ကျယ် လောင်လောင်နဲ့ ပြောဆို ဝေဖန်နေကြပါတယ်။ ဝေဖန်မှုတွေ သောသော ညံအောင် ထွက်ပေါ်လာစေတဲ့ အဓိက အကြောင်းတစ်ခုကို ပြောရမယ် ဆိုရင် စက်တင်ဘာ ၂၀၀၆ ခုနှစ်က Facebook အနေနဲ့ News Feed ဝန်ဆောင်မှု (ကိုယ် လက်ရှိ ဖြစ်ပျက်နေတာတွေ၊ လက်ရှိ ခံစားချက်တွေ စသည်ဖြင့် ကိုယ်ရေးလိုက်တဲ့ ဖြန့်ဝေလိုက်တဲ့ အချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီ သူငယ်ချင်းတွေပါ သိနိုင်တဲ့ ယခုလက်ရှိမှာလည်း အဓိက အကျဆုံး Facebook ရဲ့ ဝန်ဆောင်မှု ဖြစ်နေတဲ့ ဝန်ဆောင်မှု) ကို စတင်မိတ်ဆက် ထည့်သွင်းခဲ့ပါတယ်။ အဲဒီလို ထည့်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဝေဖန်သံတွေ ပလူပျံလာပါတယ်။ ၁၀ ရာခိုင်နှုန်းခန့်သော Facebook အသုံးပြုသူများ အနေနဲ့ အဆိုပါကိစ္စကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ အဖွဲ့မှာ အများယောင်လို့ လိုက်ယောင်ခဲ့ကြပေမယ့် New Feed ဝန်ဆောင်မှုရဲ့ ပေါ်ပြူလာ ဖြစ်မှုကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါဘူး။ တစ်ဖြည်းဖြည်းနဲ့ ဝေဖန်သံတွေ တိတ်ဆိပ်သွားခဲ့ပြီး Facebook ရဲ့ အဓိက အကျဆုံး၊ ပေါ်ပြူလာ အဖြစ်ဆုံး ဝန်ဆောင်မှု ဖြစ်လာခဲ့ပါတယ်။ Facebook ကို ဘာသာပြန်မယ်ဆိုရင် အဲဒီ ဝန်ဆောင်မှုကို အဓိကထား ဘာသာပြန်ရမယ့် သဘော ဖြစ်လာခဲ့ပါတယ်။
အခြား သိသာထင်ရှားတဲ့ အချက်တစ်ခုအရ Facebook အသုံးပြုသူများ အနေနဲ့ Privacy ကိစ္စကို အသံတွေ ထွက်နေသလောက် မလိုက်နာကြဘူးဆိုတာ သိရပါတယ်။ သူတို့နဲ့ မသိတဲ့ သူတွေကို အလွယ်တကူပဲ လက်ခံ တတ်ကြပါတယ်။ အဲဒီလို မသိတဲ့သူတွေကို အလွယ်တကူ လက်ခံတဲ့ ကိစ္စကို လေ့လာကြည့်မယ် ဆိုရင်လည်း ဂိမ်းတွေကြောင့်၊ အဲဒီအပြင် တစ်ခြားအကြောင်းအရာ တစ်ခုဖြစ်တဲ့ “ငါကတော့ Facebook မှာ သူငယ်ချင်း ၅၀၀၀ လောက်ရှိတယ်” ဆိုပြီး အပြင်မှာ မရှိနိုင်တဲ့ လူမှု အဝန်းအဝိုင်းကို ပိုင်ဆိုင်လိုမှု စတဲ့ အနေအထားတွေ အများကြီး တွေ့ရပါတယ်။ ထင်ပေါ်ကြော်ကြား လူသိများတဲ့ Celebrity တွေရဲ့ ကြော်ငြာ ပုံစံတစ်ခု ဖြစ်တဲ့ Facebook Friends ဘယ်နှစ်ယောက် Twitter Follower ဘယ်နှစ်ယောက် စတဲ့ ကိန်းဂဏ္ဍန်းတွေကို အားကျတဲ့ အချက်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ တစ်ချို့တွေကတော့ လာပြီး Request တာကို ငြင်းရမှာ အားနာပါတယ်လေ ဆိုပြီး မငြင်းပဲ လက်ခံမိခြင်းမျိုးတွေ ဖြစ်နေတတ်ပါတယ်။ တကယ်တော့ အဲဒီလို သူငယ်ချင်း တစ်ယောက်ကို လက်ခံ လိုက်တယ်ဆိုတာ အပြင်မှာဆိုရင် အလွယ်တကူသိဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိုယ်ရေး အချက်အလက်တွေကို တစ်ခြားသူတွေကို အလွယ်တကူ ပေးသိလိုက်တာနဲ့ အတူတူပါပဲ။ လုံခြံုရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ စမ်းသပ်ချက်တစ်ခု လေ့လာ ကြည့်ရအောင် အဆိုပါ လုံခြံုရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုက Freddi Staur ဆိုတဲ့အမည်နဲ့ Facebook အကောင့်တစ်ခု ဆောက်ပါတယ်။ အဆိုပါ အကောင့်ရဲ့ Profile မှာ တစ်ခြား အချက်အလက်တစ်ခုမှ မပါပဲ ပလစ်စတစ် ဖားအစိမ်းရောင် လေးရဲ့ ဓာတ်ပုံတစ်ခုသာ ပါဝင်ပါတယ်။ အဲဒီ အကောင့်ကို အသုံးချပြီး Facebook အသုံးပြုသူတွေကို Friend Request လိုက်လုပ်ရာမှာ ၄၁ ရာခိုင်နှုန်းသော သူများက လက်ခံကြတယ်လို့ သိရပါတယ်။
(၄) Zuckerberg အနေနဲ့ Facebook ရဲ့ အိုင်ဒီယာကို ဟားဗတ် ကျောင်းမှာ စခဲ့တုန်းက အခြား အတန်းကြီး ကျောင်းသားတွေရဲ့ အိုင်ဒီယာကို ခိုးခဲ့တယ်။
Mark Zuckerberg ရဲ့ လုပ်ဆောင်ချက်တွေဟာ လူမှုကွန်ယက်နဲ့ ပတ်သက်ပြီး ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင် ချက်တွေဖြစ်ပြီး လူမှုကွန်ယက်တွေရဲ့ အသည်းနှလုံး ဗဟိုချက်နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို လူမှုကွန်ယက် အိုင်ဒီယာနဲ့ ပတ်သက်ပြီး မြစ်ဖျားခံရာကို လေ့လာကြည့်မယ်ဆိုရင် Mezrich ရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ The Accidental Billionaire ကို အခြေခံခဲ့တာ တွေ့ရပါလိမ့်မယ်။ အဲဒီ စာအုပ်အပေါ်မှာ အခြေခံပြီး အိုင်ဒီယာ ရခဲ့တာ Mark Zuckerberg တစ်ဦးတည်း မဟုတ်ပါဘူး။ ဟားဗတ်ကျောင်းက အခြား အတန်းကြီး ကျောင်းသားတွေလည်း ရခဲ့ပါတယ်။ Mark Zuckerberg ကိုယ်တိုင် အဆိုပါ အတန်းကြီး ကျောင်းသားတွေနဲ့ ပေါင်းပြီး Harvard Connect ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက် ခဲ့ပါသေးတယ်။ (နောက်ပိုင်းမှာ Harvard Connect ကနေ ConnectU လို့ နာမည် ပြောင်းလဲ ခဲ့ပါတယ်။) ဒါပေမယ့် အချိန် အနည်းငယ်သာ ပူးပေါင်းခဲ့ပြီး တကယ်တန်း လွင့်တင်တဲ့ အခါမှာတော့ TheFacebook ဆိုတဲ့ အမည်နဲ့ ကိုယ်ပိုင် လွင့်တင် ခဲ့ပါတယ်။ အဲဒီအပြင် အတန်းကြီးသမားတွေ တီထွင်နေတဲ့ Harvard Connect ကို မစတင်ခင်မှာ လွင့်တင်ခဲ့တာ ဖြစ်ပြီး အတန်းကြီးတွေရဲ့ Harvard Connect ကို နောက်ကောက် ချခဲ့ပါတယ်။ အတန်းကြီး သမားတွေက Mark Zuckerberg ကို သစ္စာဖောက်၊ သူတို့ အိုင်ဒီယာတွေကို မြောင်းထဲပို့တဲ့သူ အဖြစ် တရားစွဲဆိုခဲ့ပြီး တရားရုံးမှာ တရား ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာ Mark Zuckerberg အနေနဲ့ တရားရင်ဆိုင်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး လျှော်ကြေးငွေ ဆယ်သန်းထက်မနည်း တန်ဖိုးရှိတဲ့ စတော့ရှယ်ရာတွေ ခွဲပေးပြီး နှစ်သိမ့်ခဲ့တယ်လို့ သိရပါတယ်။
အပေါ်မှာ ပြောခဲ့သလို စာအုပ်တစ်အုပ်တည်းက အိုင်ဒီယာတွေ မြစ်ဖျားခံခဲ့တာ မဟုတ်ပါဘူး။ တကယ်တန်းတော့ အဲဒီအချိန်မှာ Friendster လို လူမှုကွန်ယက်တွေ ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ Friendster ကို ၂၀၀၃ ခုနှစ် မတ်လမှာ လွင့်တင်ခဲ့တာပါ။ Mark Zuckerberg ရော အခြားအတန်းကြီး ကျောင်းသားများပါ Friendster ရဲ့ လွမ်းမိုးမှုနဲ့ အိုင်ဒီယာတွေကို ရယူခဲ့ကြတာပါပဲ။ အဲဒီ အပြင် အဲဒီအချိန်က Yale, Columvia နဲ့ Baylor ကောလိပ်တွေနဲ့ တစ်နိုင်ငံလုံးမှာပါ ရေပန်းစားနေခဲ့တဲ့ Clud Nexus လို့ အမည်ရတဲ့ လူမှုကွန်ယက်က ရှိနေခဲ့ပြီး ဖြစ်ပါတယ်။
Mark Zuckerberg ကို Harvard Connect က အိုင်ဒီယာတွေ ခိုးလို့ တရားစွဲတယ်ဆိုပေမယ့် တကယ်တန်းတော့ Friendster လို Club Nexus လို Social Network တွေရဲ့ အိုင်ဒီယာတွေကို Mark Zuckerberg ရော အတန်းကြီး ကျောင်းသားတွေပါ ခိုးယူခဲ့တဲ့ ကိစ္စကိုတော့ ဘယ်သူမှ ရေးကြီးခွင်ကျယ်လုပ်ပြီး မပြောကြတာ တွေ့ရပါတယ်။
(၅) Facebook အနေနဲ့လည်း နောက်ပိုင်းမှာ Friendster တို့လို MySpace တို့လိုပုံစံမျိုး ဆက်သွားကောင်း သွားနိုင်တယ်။
Friendster ကို တည်ထောင်သူရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ အဓိက အသင်းဝင်တွေ Dates ရှာဖို့အတွက်ပါပဲ။ ၂၀၀၃ သြဂုတ်မှာ စတင်ခဲ့တဲ့ MySpace ကလည်း ထိုနည်းလည်းကောင်း တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့တာပါပဲ။ ဒါပေမယ့် Facebook ကတော့ ဒီထက်ပိုတဲ့ ပေါင်းသင်းဆက်ဆံရေး ပုံစံတွေ၊ ရည်ရွယ်ချက်တွေ ပါဝင်လာခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားများ အသုံးပြုတယ် ဆိုတဲ့ သဘောနဲ့ စတင်နိုင်ခဲ့တဲ့အတွက် သားသမီးတွေ Friendster လိုဆိုက်မှာ မှတ်ပုံတင်တာကို ကန့်သတ်ကောင်း ကန့်သတ်မှာ ဖြစ်ပေမယ့် Facebook မှာ မှတ်ပုံတင်တာကိုတော့ ကောင်းမွန်တဲ့ အလေ့အထကောင်း အဖြစ် အလိုလို မြင်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တကယ်တန်း အသုံးပြုသူတွေ အနေနဲ့လည်း Social Network မှာ အသင်းဝင်တိုင်း Dating အတွက်ပဲ ဆိုတဲ့ အမြင်မျိုး အမြင်မခံရတာ Facebook တစ်ခုပဲ ရှိပါတယ်။ အဲဒီအပြင် တစ်ခြား Friendster နဲ့ MySpace အစရှိတဲ့ Social Network တွေဟာ Facebook ကို နည်းပညာအရာမှာ ဘယ်လိုမှ မယှဉ်နိုင်တဲ့ အနေအထား ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ Friendster နဲ့ MySpace တို့ရဲ့ ပိုင်ရှင်တွေ အနေနဲ့ Facebook ကို သူတို့နဲ့ လမ်းကြောင်းမတူဘူးဆိုပြိး လစ်လျူရှုထားမိတာလား၊ သတိမထားမိတာလား မသိ၊ တကယ်တန်းတော့ Social Network ဆိုတဲ့သဘောမှာ သမီးရည်းစား ချိန်းတွေ့တဲ့ ကိစ္စကနေ စီးပွားရေး လုပ်ငန်းတွေ အချိန်းအချက် လုပ်တဲ့အထိ နယ်ပယ်စုံ ပါဝင်နေပါတယ်။ Facebook အနေနဲ့ ပြိုင်ဖက်တွေရဲ့ ရည်ရွယ်ချက်တွေ အပြင် တစ်ခြား လူမှုကွန်ယက် ပိုဆန်တဲ့ ရည်ရွယ်ချက်တွေ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့တဲ့ အတွက် အဆမတန် အောင်မြင်လာတယ်လို့ ဆိုနိုင်ပါတယ်။
တစ်ခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အဆိုပါ Friendster နဲ့ MySpace တို့ အနေနဲ့ Facebook လို အရွယ်အစားမျိုး ဘယ်လိုမှ မဖြစ်လာနိုင်ဘူးဆိုရင် Facebook မှာပဲ အချက်အလက်တွေ ပိုပိုပြီး စုပုံလာပါတော့မယ်။ ဓာတ်ပုံတွေကို အလွယ်တကူ တင်ကြတယ်။ အလွယ်တကူ ဝေမျှကြတယ်။ Video ဖိုင်တွေကို အလွယ်တကူ ဝေမျှ ကြတယ်။ အလွယ်တကူ တင်ကြတယ်။ အဲဒီလို တင်လာတာနဲ့ အမျှ Facebook ဆိုတာ ဓာတ်ပုံဘဏ်တိုက်ကြီး ဖြစ်လာပါလိမ့်မယ်။ Video ဘဏ်တိုက်ကြီး ဖြစ်လာပါလိမ့်မယ်။ အသုံးပြုသူများ အမှုမဲ့ တင်လိုက်သမျှ အကုန်ဟာ Facebook အတွက် ကောင်းဖို့ပဲ ဖြစ်လာနေပြီး နောက်တစ်ချိန် ပေါ်လစီ အချိန်းအပြောင်းတစ်ခုဟာ ဒေါ်လာသန်းပေါင်းများစွာ ရရှိအောင် စွမ်းဆောင်သထက် စွမ်းဆောင်လာနိုင်မယ့် သဘောတွေ ရှိနေပါတယ်။
ရောမအင်ပါယာကြီးတောင် တစ်ချိန်မှာ ပျက်သေးတာပဲ ဆိုတဲ့ နိယာမအရ ဘယ်လောက်ကြီးမားတဲ့ အရာတွေ ဖြစ်ပါစေ ပျက်စီးနိုင်တယ်လို့ ဆိုပေမယ့် ယခုအချိန်မှာတော့ Facebook အနေနဲ့ ပျက်စရာ အကြောင်း မမြင်သေးသလို အလွယ်တကူ အစားထိုးနိုင်မယ့် အရာလည်း ထွက်ပေါ် မလာသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
Reference : ဝါရှင်တန်ပို့စ်၏ ဆောင်းပါးရှင် ဒေးဗစ် ကတ်ပက်ထရစ် ရေးသားသော Facebook ဒဏ္ဍာရီ ငါးခုကို ဆီလျှော် သလို ဘာသာပြန်ဆို ဖော်ပြပါသည်။
Facebook comments:





ကျွန်တော်ကတော့ အင်တာနက်စသုံးသုံးချင်း Facebook အကောင့်မရှိရင် ခေတ်မမှီဘူးဆိုလို့ဝင်ထားတာ .. နောက်ပိုင်းမှ Social Networking ကိုသဘောပေါက်ပြီး တော်တော်သုံးဖြစ်ပါတယ်။ အခုလို Facebook အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Facebook တို့၊ Google တို့က ငွေသာရမယ်ဆို သုံးတဲ့သူရဲ့ privacy ကို သူများရောင်းစားဖို့ ဝန်မလေးကြဘူး။ ဒါပေမယ့် ကိုယ်က မပြတ်နိုင်တာ ခက်တယ်။
ဟုတ်ပါ့ ကိုသီဟရေ…ဘာသာပြန်သင့်တဲ့ ဆောင်းပါးကောင်းလေးပါ..
ကျေးဇူးပါဗျာ း)
I am facebooking –
Facebook gives me more choices, more features and more transparent. I was with friendster before. Friendster was good – but i felt at that time – very less interactive. With the facebook, I can now play games together with my friends all the times. It allows me to share photos and tagged them. Facebook gives me the flexibility and high frequency of updates by new feeds. Basically, facebook serves me and my friends to join on virtual grounds. Facebook has many developers with array of ideas and skills – it is not like some social networking where all ideas only come from their own people. Applications are millions!
What is next in social networking? I don’t know.. but i would love for sure if facebook allow me to modify my own theme, rich text editor, voice call, conference chatting.. many many wants!
ရုပ်ရှင်က ရိုက်ပီးသွားပါကော… “The Social Network” ဆိုတဲ့ နာမည်နဲ့ပါ..
http://en.wikipedia.org/wiki/The_Social_Network
ွှTrailer
http://www.youtube.com/watch?v=mWoUgftTj3Y
10q 4 the post!!!
ကျေးဇူးတင်ပါတယ်.. ပြောထားမယ်နော်.. ကျွန်တော်က ကူးယူဖြန့်ဖြူး (အခမဲ့) အလုပ်တွေ လုပ်ပါတယ်.. ကူးတော့မယ်.. မူလ ပိုင်ရှင် နာမည် ဖေါ်ပြမယ်.. ဖြစ်လား..
MyanmarTutorials ကို Link Back ပြန်လုပ်ပေးပါခင်ဗျ
[...] Credit to = http://www.myanmartutorials.com/ [...]