Facebook ၏ Feature အသစ်များ

လွန်ခဲ့တဲ့ ရက်တွေတုန်းက Facebook Event ရှိတယ်ဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ပြောခဲ့ဆိုခဲ့ ကြပါတယ်။ အဲဒီလို ပြောခဲ့ဆိုခဲ့ကြတဲ့ အထဲမှာ Facebook က Phone Services ထည့်တော့မယ် ဆိုတာရော Video Chat ထည့်မယ် ဆိုတာတွေရော စုံနေအောင် ကြားခဲ့ရပါတယ်။

ခုတော့ အဲဒီလို ကောလဟာလမျိုးစုံ အဆုံးသတ်သွားစေမယ့် Facebook ရဲ့ Feature အသစ်တွေကို တွေ့နိုင်ပြီ ဖြစ်ပါတယ်။ Facebook ရဲ့ အပြောင်းအလဲတွေ ထဲမှာ နတ်လူသာဓုခေါ်စရာ ကောင်းတဲ့ အပြောင်းအလဲဆိုလို့ ဒီအပြောင်းအလဲပဲလို့ ဆိုရမယ် ထင်ပါတယ်။ အဓိက အားဖြင့် အသုံးပြုသူများနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အချက်အလက် လုံခြုံမှုဆိုင်ရာတွေ ထိန်ချုပ်နိုင်ခွင့်တွေ ထည့်သွင်းခဲ့တဲ့ အချက်ပါပဲ။

Facebook ရဲ့ News Feed အပြောင်းအလဲ၊ Friend Lists ထုတ်ဖေါ်ပြသမှု အပြောင်းအလဲ၊ နောက်ဆုံး တစ်ခုဖြစ်တဲ့ Public လို့ တင်လိုက်သမျှ Facebook က ပိုင်သွားတဲ့ အပြောင်းအလဲ စတာတွေတုန်းကတော့ Privacy Issues နဲ့ ပတ်သက်ပြီး အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ခုနောက်ဆုံး အပြောင်းအလဲကတော့ အရင် အပြောင်းအလဲတွေ အားလုံးနဲ့ ပြောင်းပြန်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲ သွားလဲ လေ့လာကြည့်ရအောင်၊ Facebook က ထုတ်ပြန်လိုက်တဲ့ သတင်းအရ သူတို့ အနေနဲ့ အပြောင်းအလဲ သုံးခု ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ပြန်လည် ပြင်ဆင် ဆန်းသစ်ထားသော Group Feature၊ Third Party Applications တွေကို ထိန်းချုပ်နိုင်မယ့် Control Center အသစ်၊ Download Feature အသစ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook အနေနဲ့ အဲဒီ သုံးခုမတိုင်ခင်မှာ တစ်ချို့သော အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အပြောင်းအလဲတွေ ကတော့ High Resolution ဓာတ်ပုံတွေ တင်ခွင့်ပြုတာနဲ့ Geolocation Feature(တည်နေရာပြ) ထည့်သွင်းလိုက်တာ Game Notification တွေ ပြုပြင်လိုက်တာ စတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

Facebook Event အပြီးမှာ ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေရဲ့ အနှစ်ချုပ်ကို သုံးသပ်ရမယ် ဆိုရင်တော့ Groups တွေကို Feature အသစ်တွေနဲ့ ဖန်တီးနိုင်မယ်၊ ကိုယ်နဲ့ ပတ်သက်သမျှ အားလုံးကို ဘယ်သူတွေကို မြင်စေ၊ ဘယ်သူတွေတော့ မမြင်စေနဲ့ စသည်ဖြင့် ကန့်သတ်နိုင်မယ်၊ နောက်ဆုံး တစ်ခုကတော့ ကိုယ်နဲ့ ပတ်သက်တဲ့ Message တွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ Wall Posts တွေကို Zip ချုံ့ပြီး Download ချနိုင်မယ် စတာတွေ ဖြစ်ပါတယ်။

သန်း ၅၀၀ ရှိပြီ ဖြစ်တဲ့ Facebook အသုံးပြုသူတွေ အနေနဲ့ အဲဒီအပြောင်းအလဲတွေကို ဗုဒ္ဓဟူးနေ့ နောက်ပိုင်းက စပြီး တစ်ဖြည်းဖြည်းချင်း မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။

Application Dashboard

Third Party Facebook Apps တွေကို စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်ပြီး အရင်က တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ Screen နှစ်ခုကို တစ်နေရာတည်းမှာ ပေါင်းစပ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီ Control Center ကနေပြီး ဘယ် app တွေကိုတော့ ဘာတွေ ခွင့်ပြုထားတယ် စသည်ဖြင့် အသေးစိတ် ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် အဲဒီ App အနေနဲ့ ဘယ်အချိန်တုန်းက Access လုပ်ခဲ့တယ် ဆိုတဲ့ Log တွေကိုပါ ကြည့်နိုင်ပါလိမ့်မယ်။

အဲဒီလို Control Center တစ်ခု ဖန်တီးလိုက်တဲ့အတွက် ကိုယ်အနေနဲ့ Default Setting နဲ့ ပတ်သက်တာတွေကို ပိုပြီး နားလည်လာနိုင်မှာ ဖြစ်သလို App တစ်ခုနဲ့ တစ်ခုမတူတဲ့ Access လုပ်ပုံတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ Access လုပ်ပုံတွေကို သေသေချာချာ လေ့လာပြီး ဘယ်ဟာကတော့ ကိုယ့်အတွက် စိတ်မချရဘူး၊ ဘယ်ဟာကေတော့ စိတ်ချရတယ် စသည်ဖြင့် ခွဲခြားနိုင်ပါလိမ့်မယ်။ ဥပမာ – App တစ်ခုက ကိုယ့်ရဲ့ Friend တွေရဲ့ အချက်အလက်တွေကို ကြည့်ဖို့ လိုတယ် (မွေးနေ့စသည်ဖြင့်ပေါ့) စသည်ဖြင့် Control Center က ပြသပေးပါလိမ့်မယ်။

Facebook ရဲ့ ဒီအပြောင်းအလဲဟာ အသုံးပြုသူတွေအတွက် သူတို့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုမို ထင်သာမြင်သာ ရှိလာအောင် ခွင့်ပြုပေးသလို၊ ပိုမိုပြီး ထိန်းချုပ်နိုင်ခွင့်ကိုလည်း ပေးခဲ့ပါတယ်။ အဲဒီလိုပဲ အခြားတစ်ဖက်မှာ ရှိတဲ့ App Developers တွေအနေနဲ့လည်း အသုံးပြုသူတွေကို ဘယ်လို ပညာသားပါပါ ဆွဲဆောင်ရမလဲ၊ အသုံးပြုသူတွေကို ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲဆိုတဲ့ အချက်တွေကို ဖော်ထုတ်နိုင်အောင် တွန်းပို့လိုက်သလို ဖြစ်သွားစေပါတယ်။

အော် ကျွန်တော် ပြောဖို့ မေ့ခဲ့တာ တစ်ခုက အဲဒီ Control Center ကို Privacy Setting နေရာမှာ အစားထိုး မြင်တွေ့ရမယ်ဆိုတဲ့ အချက်ပါ။

Downloads

နောက်ထပ် Feature တစ်ခုကလည်း တော်တော်မိုက်တယ်လို့ ဆိုရမှာပါ။ ကိုယ့်အနေနဲ့ Facebook မှာ တင်လိုက်သမျှ အားလုံးဟာ History ထဲကိုရောက်ရောက်သွားပြီး ပျောက်ပျောက်သွားတတ်ပါတယ်။ ဘယ်သူမှလည်း နောက်ပြန် လှည့်ကြည့် မနေကြပါဘူး။ ဒါပေမယ့် ဒီတစ်ခါ ပေါင်းထည့်လိုက်တဲ့ Download Feature အရ ကိုယ့်ရဲ့ Facebook ပေါ်က သမိုင်းတွေကို ကိုယ့် HDD ထဲ သိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ ကိုယ်တင်လိုက်သမျှ Wall Posts ပဲ ဖြစ်ဖြစ်၊ Video ပဲ ဖြစ်ဖြစ်၊ Mobile Upload ပဲ ဖြစ်ဖြစ် အကုန် Zip ချုံ့ပြီး ကိုယ်စက်ထဲမှာ သိမ်းထားနိုင်တော့မှာ ဖြစ်ပါတယ်။

Mark Zuckerberg ရဲ့ အပြောလေးကလည်း သင်းပါတယ်။ “ကျွန်တော်တို့ ပင်မ ယုံကြည်ချက်က လူတွေအနေနဲ့ Facebook ပေါ်မှာ သူတို့နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ပိုင်ခွင့်ရှိရမယ်၊ ထိန်းချုပ်နိုင်ခွင့် ရှိရပါမယ်။ ဒါဟာ လူ့အခွင့်အရေးပါပဲ။” လို့ ဆိုပါတယ်။

အဲဒီလို Privacy ဆိုင်ရာ အပြောင်းအလဲ အနေနဲ့ Facebook နဲ့ ပတ်သက်ပြီး ဟိုးလေးတကျော် ဖြစ်နေတဲ့ Privacy issue တွေကို အတိုင်းအတာတစ်ခုအထိ ချွေးသိပ် ဖြေရှင်းနိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီလို Activity တွေကို Download ချတဲ့အခါမှာလည်း မလိုလားအပ်တာတွေ ဖြစ်မလာအောင် Email Verification နဲ့ Password တွေ လိုမှာ ဖြစ်ပြီး Location နဲ့ ပတ်သက်တဲ့ သံသယ ဖြစ်စရာတွေ ရှိလာရင် ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Social Captcha ဆိုတဲ့ စစ်ဆေးတဲ့ နည်းစနစ်တစ်ခုကို ဖန်တီး ထည့်သွင်းထားတယ်လို့ သိရပြီး သံသယရှိတဲ့ အသုံးပြုသူတွေကို သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေပြြ့ပီး စစ်ဆေးတာမျိုး တွေလည်း ပါမယ်လို့ သိရပါတယ်။

Groups

အရင်ကတည်းက Facebook မှာ Group ဆိုတာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု Group Features မှာ အရင်နဲ့ မတူတာတွေ ပါလာပါတယ်။ ဘာမှ တန်ဆာပလာတွေ မပါတဲ့ Text Document တွေ ဝေမျှလို့ရမယ်၊ Events နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနိုင်မယ်၊ Group ထဲမှာ ရှိတဲ့ လူ ၂၅၀ လောက် တစ်ပြိုင်တည်း ချက်တင်ပြောလို့ ရမယ် စတာတွေ ပါဝင်ပါတယ်။ Group မှာ Text Editor တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ Docs ပေါ့။ (သူကတော့ တကယ့်ကို အခြေခံအကျဆုံးတွေပဲ ပါပါသေးတယ်။ ဒါကြောင့် Google Docs တို့ Microsoft တို့နဲ့ ယှဉ်ဖိုက်ဖို့ မရှိသေးပါဘူး။ တစ်ချိန်ကျရင်တော့ အပြည့်အစုံထည့်မယ့် သဘောမှာ ရှိပါတယ်)

ကိုယ့်အနေနဲ့ Family Member တွေသာ ပါဝင်တဲ့ Group တစ်ခု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Group တစ်ခု၊ သူငယ်ချင်းတွေနဲ့ Group တစ်ခု စသည်ဖြင့် Group တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို Facebook အနေနဲ့ Group ပိုင်းမှာ အဆင့်မြှင်တင်လိုက်တာ Facebook ရဲ့ ဗွီ-ကမ႓ာကို ပိုပြီး ပြည့်စုံသွားစေသလို၊ ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာစေပါတယ်။ Group တွေမှာ သူငယ်ချင်းတွေ များများဖိတ်လေ၊ လွတ်လွတ်လပ်လပ် ပြောရဆိုရတာ ဘောင်ကျဉ်းလေ ဆိုတာတော့ သတိထားရတော့မယ် ထင်ပါတယ်။ အသေချာဆုံး အချက်ကတော့ Facebook အနေနဲ့ ရှိရင်းစွဲ သန်း ၅၀၀ ကို Facebook က မဆင်းအောင် ထိန်းထားမယ့်အပြင် Facebook Member မဖြစ်သေးသူတွေကိုပါ ဆွဲဆောင်မှု အားကောင်းလာတော့မယ် ဆိုတဲ့ အချက်ပါပဲ။

Facebook အပြောင်းအလဲ အပေါ် သုံးသပ်ခြင်း

Facebook ရဲ့ အပေါ်ယံမှာတော့ နတ်လူသာဓုခေါ်စရာတွေ ဖြစ်တဲ့ တစ်ဦးခြင်း တစ်ယောက်ခြင်းစီနဲ့ ဆိုင်တဲ့ ကိုယ်ရေး အချက်အလက် ဆိုင်ရာ တွေကို လွပ်လွပ်လပ်လပ် ထိန်းချုပ်နိုင်စေဖို့ ဖွင့်ပေးခဲ့ပေမယ့် အလုံးစုံသဘောမှာတော့ ဝိဝါဒကွဲပြားစရာတွေ ရှိနေပါသေးတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အရင် Group အဟောင်းတွေက ဘယ်လိုပုံစံနဲ့ ဆက်သွားမှာလဲ၊ နာမည်တူ Feature အသစ်တွေနဲ့ ဆက်သွားမှာလား၊ ဒါမှမဟုတ် အသစ်ဆောက်ရမှာလား၊ အသစ် ဆောက်ရမယ်ဆိုရင်လဲ ဘာကြောင့် ဆောက်ရတာလဲ၊ အဖွဲ့တစ်ခုအနေနဲ့ ဘယ်လောက် ကြာကြာခံမှာလဲ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် Facebook Page တွေအပေါ်မှာ အမှီပြုနေတဲ့ Business တွေရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိလာမှာလဲ စသည်ဖြင့် ဝိဝါဒကွဲပြားစရာတွေ ရှိနေပါတယ်။

Group တွေ အများကြီးဖွဲ့တာတော့ ဟုတ်ပါပြီ၊ ကိုယ်ကလည်း သူများတွေ ဖွဲ့ထားတဲ့ Group တွေမှာ နေရာစုံ လျှောက်ပါထားတာတော့ ဟုတ်ပါပြီ။ Wall Post မှာ Group Message တွေပဲ တစ်ပုံကြီး ပြနေပြန်ရင် မနိပ်သေးပါဘူး။ အဲဒီအတွက်လည်း ထိန်းချုပ်လို့ရနိုင်မယ့် အခြေအနေတွေ ရှိနေပါသေးတယ်။ လူတစ်ဦးချင်းစီ နောက်တော့ အဖွဲ့အစည်း၊ အဲဒီလိုကနေ Facebook က ကမ႓ာ့နိုင်ငံတော်ကြီး ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဖို့ ရှိပါတယ်။ အပြင်က လူနေမှု ဘဝပုံစံတွေကို Facebook က ပညာသားပါပါ မိုးပေါ် ဆွဲတင်နေပါတယ်။ ကျွန်တော်တို့လည်း မိုးပေါ်မှာ နေသား ကြနေကြပြီ မဟုတ်ပါလားဗျာ။

တစ်ဖက်မှာလည်း Ning Site တွေလို Group တွေ မှိုလို ပေါက်လာမယ့် အနေအထားလည်း မြင်ယောင်နေပါတယ်။ အဖိုးကြီးလည်း Group၊ အဖွားကြီးလည်း Group၊ မွေးကင်းစ အာဗြဲလေးလည်း Group ပေါ့ဗျာ။

ကျွန်တော်တို့ရဲ့ ဟိုးဟိုးကျော်် မစ္စတာ Zuckerberg ရဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကလည်း ထွက်တာ မကြာသေးဘူး၊ အသက်ကလည်း ငယ်ငယ်လေး၊ မကြာသေးခင်ကကဲ ဒေါ်လာ သန်းနဲ့ ချီပြီး အလှူလုပ်တယ်၊ လူမှုတော်လှန်ရေး သမား၊ သန်းကြွယ်သူဌေး၊ Color Blind တစ်ယောက်၊ စသည်ဖြင့် ဂုဏ်ဓာတ်တွေ ပြည့်စုံနေတဲ့ မင်းသားလေးကတော့ ကျွန်တော်တို့ကို နောက်ထပ် ဖမ်းစားမယ့် ခွင်တွေ ချလိုက်ပြန်ပြီခင်ဗျ။ မထူးပါဘူးဗျာ Facebook မှာ အိမ်ဆောက်၊ Facebook မှာ မြို့တည်၊ Facebook မှာပဲ နေကြပါစို့ဗျာ။

Reference: PC World, FoxNews

Facebook comments:

Leave a comment


*